ကျွန်တော်တို့ဟာ ကိုယ့်ကို တွန်းပို့ပေးမယ့် အရာမရှိရင် အာကာသထဲမျောနေတဲ့ ဥက္ကာခဲတွေလိုဖြစ်နေမယ်။ ကမ်းမမြင် လမ်းမမြင် ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း မသိနဲ့။ ဒီတော့ ကိုယ်သွားချင်တဲ့ နေရာကိုရောက်ဖို့ တွန်းအားဆိုတာလိုအပ်လာတယ်။ အနည်းငယ်သော တွန်းပို့မှုမျိုးပဲ ဖြစ်ဖြစ်၊ အရှိန်အဟုန်ပြင်းတဲ့၊ ခွန်အားကြီးတဲ့ အင်အားတွေပဲဖြစ်ဖြစ်.. ဒါတွေဟာာ ကျွန်တော်တို့ ဘ၀ကို မောင်းနှင်ပေးတဲ့ လောင်စာတွေပဲ။
တွန်းအားသီအိုရီကို Clark L. Hull ဆိုတဲ့ အမေရိကန်စိတ်ပညာဗေဒပညာရှင်က အကြံပြုခဲ့တာ။ သူ့တပည့်တွေက သုတေသနတစ်ခု လုပ်ဖူးတယ်။ ကြွက်တွေနဲ့ စမ်းသပ်တာ။ ကြွက်တွေကို အုပ်စု နှစ်စု ခွဲလိုက်တယ်။ ပထမအုပ်စုကို ၃ နာရီ အစာအငတ်ခံထားတယ်။ ဒုတိယ အုပ်စုကိုတော့ ၂၂ နာရီကြာအောင် အငတ်ထားတယ်။ အုပ်စုနှစ်စုကို ၀င်္ကပါထဲကိုထည့်ပြီး အစာရှိတဲ့ဆီကို ရှာခိုင်းတော့ ပိုငတ်နေတဲ့ အုပ်စုက အရင်ရှာတွေ့သွားသတဲ့။
ဒီစမ်းသပ်ချက်ကို ကြည့်ရင် ကျွန်တော်တို့သည်လည်း ငတ်မွတ်ခုံမင်ခြင်း တစ်စုံတစ်ရာ ရှိနေမှ အားစိုက်ထုတ်မှုလည်း ပိုပြင်းထန်လာတယ်။ အစစအရာရာ အဆင်ပြေနေတဲ့ သူတစ်ယောက်မှာ တွန်းအားဆိုတာရှိမှာမဟုတ်ဘူး။ ဒါကြောင့်လည်း ဘယ်လောက်ပဲ ချမ်းသာကြွယ်၀တဲ့ မိဘကမွေးလာသည်ဖြစ်စေ၊ ဒီလူတစ်ယောက်ဟာ သူ့ဘ၀မှာ တစ်ခုခုကိုတော့ ဆာလောင်နေမှဖြစ်မယ်။ မဟုတ်ရင် အင်ဂျင်မပါတဲ့ ကားလိုပဲ ကုန်းဆင်းလောက်ပဲ လိမ့်နိုင်ပြီး အတက်ကျရင် အားပြတ်သွားမယ်။
ငွေကြေး၊ မိသားစု၊ ချစ်ခြင်းတရား၊ နိုင်ငံ၊ လူမျိုး၊ အနုပညာ.. စသဖြင့် တွန်းအားပေးနိုင်မယ့် အရာတွေ အများကြီးပါ။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်လည်း သေချာနားလည်ဖို့ လိုသေးတယ်။ ခဏတာ သာယာမှုကို ရာသက်ပန်တွန်းအားအဖြစ် အမြင်မှားသွားရင်လည်း အဆင်မပြေဘူး။ ကောက်ရိုးမီးဆိုတာ ဒါပေါ့။
နောက်ထပ် စိတ်ဝင်စားစရာ တစ်ခုက ကျွန်တော်တို့ရဲ့ အရည်အချင်းတွေ၊ စွမ်းဆောင်မှုတွေဟာ လူပုံအလယ်ရောက်ရင် အသွင်ပြောင်းသွားတတ်တယ်။ Drive Theory အရဆိုရင် လူဆိုတာ ဆိုရှယ်သတ္တဝါဖြစ်တဲ့အတွက် လူရှေ့သူရှေ့ရောက်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ စွမ်းဆောင်နိုင်စွမ်းဟာ အတက်အကျ ဖြစ်လာတယ်။ ရိုးရှင်းတဲ့အရာတွေကို လူရှေ့သူရှေ့မှာဆိုရင် ပိုပြီး ကောင်းမွန်အောင် လုပ်နိုင်ပေမယ့် ရှုပ်ထွေးတဲ့အရာတွေကျရင်တော့ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်းလုပ်မှ ပိုအဆင်ပြေတယ်လို့ စမ်းသပ်ချက်တွေအရ သိရတယ်။ ဒါပေမယ့် အထပ်ထပ်အခါခါ လေ့ကျင့်သင်ယူထားတဲ့ သူအတွက်ကတော့ လူပုံအလယ်မှာ စွမ်းဆောင်ရည်က ပိုပြီးတောင် တိုးတက်သွားနိုင်တယ်တဲ့။ ဆိုရှယ်တွန်းအားလို့ ပြောရမှာပေါ့။ အားကစားသမားတွေ၊ စင်ပေါ်မှာ ဖျော်ဖြေရတဲ့ အနုပညာရှင်တွေ စသဖြင့်.. ဒီလူတွေရဲ့ တကယ့်တွန်းအားဟာ ပရိသတ်တွေဆီကနေ ရတာ။
တွန်းအားပေးမယ့် ပတ်ဝန်းကျင် မရှိခဲ့ရင်၊ ဒါမှမဟုတ် ကိုယ်ကျင်လည်နေတဲ့ အသိုင်းအဝိုင်းက နောက်ကို ပြန်ဆွဲတဲ့ အသိုင်းအဝိုင်းဖြစ်နေရင် ဒီလူသားဟာ အားနည်းလာမှာပဲ။ ဒီတော့ ကိုယ့်ဘ၀ကို ဆောင့်တွန်းပေးမယ့် တွန်းအားမျိုး ကြုံလာခဲ့ရင် ထွက်မပြေးဘဲ ခုံမင် ဖက်တွယ်ထားဖို့ အရေးကြီးတယ်လို့ ကျွန်တော်ထင်တယ်။ တွန်းအားမှန်သမျှကတော့ လိုချင်တပ်မက်ဖွယ်ရာ ဖြစ်နေမှာ မဟုတ်ဘူး။ ဒေါသတွေ၊ ဝမ်းနည်းမှုတွေ၊ နာကျည်းခြင်းတွေလည်း ဖြစ်နိုင်တယ်လေ။ ကောက်ရိုးမီးလို ရုတ်ကနဲ တောက်ပြီး ပြန်ငြိမ်းသွားလို့လည်း မဖြစ်ပြန်ဘူး။ ရေရှည်တည်တံ့တဲ့ တွန်းအားဖြစ်ဖို့လည်း လိုသေးတယ်။
ခြုံပြောရရင်တော့ ကိုယ့်ကို အားမနာဘဲ ဆောင့်တွန်းပေးမယ့် အရာတွေကို လိုက်ရှာ၊ တွေ့ရင် လက်မလွှတ်ဘဲ ဖက်တွယ်ထားဖို့ပါပဲ။
Ref: https://psychology.iresearchnet.com/social-psychology/social-psychology-theories/drive-theory/