အခန်း (၁၃)
(က)
“ဒါဆို ဦးသိန်းက လူဆိုးဖြစ်နေတာပေါ့”..
သူဇာလွင် မေးရင်း လက်က နာရီကို ငုံ့ကြည့်လိုက်တယ်။ ပုံမှန်ဆိုရင်တော့ အင်တာဗျူးလုပ်နေစဉ်အတွင်းမှာ နာရီကို ဘယ်တော့မှ မကြည့်ဘူး။ ဒါက သူ့စည်းကမ်းတွေထဲက တစ်ခု။ အခုကတော့ ပုံမှန်မဟုတ်တဲ့ အခြေအနေ၊ ပုံမှန်မဟုတ်တဲ့ လူတစ်ယောက်ဆီကနေ ပုံမှန်မဟုတ်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို နားထောင်နေရတာ မဟုတ်လား။ ည ဆယ့်တစ်နာရီကျော်ပြီ..။
အခန်းထဲက မီးရောင် ဖြူလဲ့လဲ့အောက်မှာ မင်းခန့်ထူးရဲ့ မျက်နှာက နှစ်ပေါင်းများစွာ မနားမနေ ပင်ပန်းနေတဲ့ လူတစ်ယောက်လို နွမ်းနယ်နေတယ်။ ၄၅ နှစ်ပြည့်ပြီးသား လူတစ်ယောက်လို့ မထင်ရအောင် နုပေမယ့် သူ့မျက်လုံးတွေကတော့ ရာစုနှစ်တစ်ခုလောက် ရှင်သန်ပြီးတဲ့လူလို အိုစာနေတယ်။
“ခင်ဗျား ဗိုက်မဆာဘူးလား”.. မင်းခန့်ထူးက လက်တွေကို အပေါ်ကိုမြှောက်၊ အကြောဆန့်ရင်း မေးတယ်။
မဆာဘူးလို့ ပြန်ပြောမလို့ ပြင်ပြီးမှ ဗိုက်ထဲမှာ ဟာလာဟင်းလင်းဖြစ်နေတာ ဘယ်နှနာရီ ကြာသွားပြီလဲ..ဆိုပြီး သူဇာလွင် တွေးမိသွားတယ်။ ကိုယ့်ဆီကိုလာတဲ့သူကို ဧည့်ခံရမှာပေါ့ သူဇာလွင်..။
“ကျွန်မ တစ်ခုခု သွားလုပ်လိုက်မယ်။ ခဏစောင့်”
ပင်မရုံးခန်းထဲမှာ လူတွေ တော်တော်နည်းသွားပြီ။ အလုပ်မပြီးသေးလို့ တက်သုတ်ရိုက် လုပ်နေကြတဲ့ ဝန်ထမ်း သုံးလေးယောက်ကလွဲရင် ကျန်တဲ့သူတွေ ပြန်ကုန်ပြီ။ ဟိုမိန်းမ ကေသီကတော့ ဘယ်အချိန်ကတည်းက လစ်သွားသလဲ သူဇာလွင် မသိလိုက်။
ခေါက်ဆွဲထုပ် နှစ်ထုပ်ကို ပန်းကန်ထဲထည့်၊ ရေနွေးနဲ့ ဖျောနေရင်း သူဇာလွင် တစ်ယောက်တည်း ပြုံးမိသွားတယ်။ မင်းခန့်ထူးရဲ့ ဇာတ်လမ်းက ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဒီလူ ပုံပြောတော့ တော်တော်ကောင်းတာ အမှန်ပဲ။ သူ့ရဲ့ စကားပြောပုံက သူများနဲ့ မတူ၊ ခပ်ဖြေးဖြေး ခပ်အေးအေး.. လေသံအတက်အကျတွေကို လိုတဲ့နေရာမှာ လိုသလို ပြင်းလိုက် ဖျော့လိုက်နဲ့ တော်တော် နားထောင်ကောင်းတယ်။ သူပြောတဲ့ ယမင်းမျက်နှာနဲ့ သတ္တဝါ.. ဖြူမော့်မျက်နှာနဲ့ မကောင်းဆိုးဝါး..ဆိုတာတွေကို သူဇာလွင် မယုံပါဘူး။ ဒါပေမယ့် ဦးသိန်းတို့နဲ့ ဒီပြဿနာနဲ့ ဘယ်လိုပတ်သက်နေတာလဲဆိုတာကိုတော့ စိတ်ဝင်စားမိတယ်။ မမမေ ဆိုတဲ့ အမျိုးသမီးကရော.. အခုထိ ဇာတ်လမ်းထဲကို ဝင်မလာသေးဘဲ ဘယ်ရောက်နေသလဲ။ ဒီနာမည်ကို သူဇာလွင့် စိတ်ထဲမှာ သိနေသလိုလို.. ဟင့်အင်း.. မဖြစ်နိုင်ပါဘူး..။ သူဇာလွင်က တော်ရုံနဲ့ နာမည်တွေကို မေ့တတ်တဲ့ မိန်းမ မဟုတ်ဘူး။ အရမ်းရိုးရှင်းလွန်းတဲ့ နာမည်မျိုးမို့လို့ မှတ်မိသလိုလို ဖြစ်နေတာပါ..။
(ခ)
“ကျေးဇူးပဲဗျာ။ ဗိုက်ဆာနေတာ။ ခင်ဗျား လက်ရာ တော်တော်ကောင်းတယ်ဗျ။ ကော်ဖီရော ခေါက်ဆွဲရော အကုန်ကောင်းတယ်”.. မင်းခန့်ထူးက ခေါက်ဆွဲပြုတ်ပန်းကန်ကို ပါးစပ်နဲ့တေ့၊ တူနဲ့ ယက်စားရင်း ပလုပ်ပလောင်းနဲ့ ချီးကျူးတယ်။
“ရှင်ရွဲ့ပြောနေတာလားဟင်။ ခေါက်ဆွဲပြုတ်နဲ့ ကော်ဖီမစ်ပါဆိုမှ လက်ရာကောင်းတယ်လို့ ရှိပါ့မလား”..စားလက်စ ဇွန်းကို ပန်းကန်ထဲ ပြန်ပစ်ချရင်း သူဇာလွင် မေးလိုက်တယ်။
“ဟားဟား.. ရွဲ့ပြောတာ မဟုတ်ပါဘူး။ နောက်တာပါ။ ဒါနဲ့ ခင်ဗျား အိမ်မှာရော ကိုယ့်ဘာသာကိုယ် ချက်စားတာလား”..မင်းခန့်ထူးက ပြောင်ရှင်းသွားတဲ့ ပန်းကန်ကို စားပွဲပေါ်မှာ ချရင်းမေးတယ်။
“ဟင့်အင်း။ ကျွန်မလုပ်တတ်တာ ဒါ အကုန်ပဲ”..သူဇာလွင် ပြန်ဖြေလိုက်တယ်။
“နေတော့ရော မိဘတွေနဲ့ပဲ နေတာလား”
“ဟင့်အင်း ကျွန်မ တစ်ယောက်တည်း”.. သူဇာလွင် လွှတ်ခနဲ ပြန်ဖြေလိုက်ပြီးမှ နောင်တရသွားတယ်။ ဘာလို့ ဒီလူ့ကို ကိုယ်ရေးကိုယ်တာတွေ ပြောပြနေမိပါလိမ့်။
“အင်း။ ကျွန်တော် ထင်ပါတယ်။ ခင်ဗျားက တစ်ယောက်တည်းပဲ နေတတ်မယ့် မိန်းကလေးမျိုးဆိုတာ”..မင်းခန့်ထူးက ခေါင်းကို တဆတ်ဆတ်ညိတ်ရင်း ကောက်ချက်ချတယ်။
“ဘာလို့ အဲဒီလို ထင်တာလဲ”
“ဒီလိုပဲ ခန့်မှန်းကြည့်တာပါ။ ခင်ဗျားပုံစံက အဖော်သဟဲနဲ့ တူတူနေဖို့ဆိုရင် ထက်မြက်လွန်းနေတယ်။ စိတ်ရှည်မယ့်ပုံလည်း မပေါ်ဘူး။ အပေါင်းအသင်းလည်း သိပ်မရှိဘူးမဟုတ်လား။ ကျွန်တော် မှန်းတာ မှန်သလား”
“အပေါင်းအသင်းမရှိတာတော့ မှန်တယ်။ ဒါပေမယ့် စိတ်မရှည်ဘူးလို့တော့ မပြောပါနဲ့။ ကျွန်မသာ စိတ်မရှည်ရင် အခုလို ညကြီး အချိန်မတော်အထိ ရှင့်စကားတွေကို ဆက်နားထောင်မနေဘူး”..ပန်းကန်ထဲက ခေါက်ဆွဲတွေကို အပြတ်ဖြတ်လိုက်ရင်း သူဇာလွင် ပြန်ဖြေလိုက်တယ်။
“ခင်ဗျား ရည်းစားနဲ့စကားပြောရင်လည်း ဒီလိုပဲ ခပ်ပြတ်ပြတ် ပြောနေကျလား”
“အာ..ဘာတွေ ပြောနေတာလဲ။ ကိုယ်ရေးကိုယ်တာတွေပဲ လိုက်မေးနေတယ်။ ရှင်ဘာဖြစ်နေတာလဲ”
“ဒီနေ့ တစ်ရက်လုံး ကျွန်တော့်စကားတွေပဲ နားထောင်နေရတော့ ငြီးငွေ့နေမှာစိုးလို့ပါ။ ခင်ဗျား အကြောင်းလည်း နည်းနည်းပါးပါး ပြောပြလေ။ အပြန်အလှန်ပေါ့။ မကောင်းဘူးလား”.. မင်းခန့်ထူးက ပြောတယ်။
“ကျွန်မအကြောင်းက ရှင့်ဇာတ်လမ်းလို စိတ်ဝင်စားဖို့ မကောင်းပါဘူး”..သူဇာလွင် ပြန်ဖြေလိုက်တယ်။ “ပျင်းဖို့ကောင်းတယ်။ ဘာမှ အတက်အကျ မရှိဘူး။ ပြီးတော့ ကျွန်မက ဒီအလုပ်တစ်ခုတည်းကိုပဲ စွဲစွဲမြဲမြဲ လုပ်လာတာ ကြာလှပြီ။ ရည်းစားလည်း မရှိဘူး။ ဟုတ်ပြီလား။ ရှင့်အတွက် စိတ်ဝင်စားစရာ ဇာတ်ကြောင်းတွေ ကျွန်မမှာ မရှိဘူး ကိုမင်းခန့်”
မင်းခန့်ထူးက သူ့ထုံးစံအတိုင်း ခေါင်းကို တဆတ်ဆတ်ညိတ်တယ်။ စားပွဲကို လက်သွယ်သွယ်တွေနဲ့ တဒေါက်ဒေါက် ခေါက်တယ်။
“မိဘတွေကရော ရန်ကုန်မှာပဲလား”..မင်းခန့်ထူးက သူဇာလွင့်ကို စိုက်ကြည့်ရင်း မေးတယ်။
“ဟင့်အင်း။ နယ်မှာ”.. သူဇာလွင် ပြန်ဖြေလိုက်တယ်။ ခေါက်ဆွဲ ပန်းကန်နှစ်ခုကို ဆင့်ပြီး မတ်တပ်ထရပ်တယ်။
(ဂ)
“အစ်မတို့ အင်တာဗျူးက မပြီးသေးဘူးလားဗျ”.. စာပြင်သမားလေး လွင်သူဟိန်းက သူဇာလွင် ပန်းကန်ဆေးနေတဲ့နားကို ရောက်လာပြီး မေးတယ်။
“မပြီးသေးပါဘူးဟယ်။ နင်ရော တစ်ညလုံးပဲလား”.. သူဇာလွင် ပြန်မေးလိုက်တယ်။
“သဘက်ခါ ထွက်မယ့် ဟာတွေပါ ကြိုပြင်နေတာ အစ်မ။ မကေသီမောင်က သူ့ဆောင်းပါးကို အပြီးချောပေးပါလို့ မှာသွားလို့”.. လွင်သူဟိန်းက တဝါးဝါးသမ်းနေရင်းနဲ့ ပြောတယ်။
“ဪ.. ဘာဆောင်းပါးလဲ”
“နာမည်ကြီး ထမင်းငတ် ဆိုလား ဘာလား မသိပါဘူး အစ်မရယ်။ ထုံးစံအတိုင်းပေါ့။ နာမည်ကြီးတွေ အကြောင်းပေါ့”… လွင်သူဟိန်းက ပြန်ဖြေတယ်။ “ဒါနဲ့ ဦးမင်းခန့်ထူးက တော်တော် နုတယ်နော်။ ၄၀ ကျော်လို့ကို မထင်ရဘူးပဲ။ သူက အစ်မကို အကုန်ပြောပြနေပြီလား။ အစ်မတော့ ထောပြီ”
“ပေါက်ကရတွေ ပြောနေတာ ပိုများပါတယ်ဟယ်။ ရူးကြောင်ကြောင်နဲ့”.. သူဇာလွင် ပြောလိုက်တယ်။ လွင်သူဟိန်းကိုတော့ သူဇာလွင် ချစ်ပါတယ်။ သူက ရိုးတယ်။ သဘောကောင်းတယ်။ ဟိုမိန်းမ ကေသီမောင်လို မဟုတ်။ “ဟဲ့..ဒါနဲ့ နင် ဘယ်အချိန်လောက် ပြန်မှာလဲ”
“မသိသေးဘူးအစ်မ။ နောက် တစ်နာရီ နှစ်နာရီလောက်တော့ ကြာဦးမယ်ထင်တယ်”..လွင်သူဟိန်းက နာရီကို ကြည့်ရင်းပြောတယ်။
“အေး… နင်တို့ ပြန်မယ်ဆိုရင် ငါ့ကို လာပြောနော်”..သူဇာလွင် ပြောလိုက်တယ်။ ..”နင်တို့ပြန်ပြီဆိုရင် ငါလည်း ပြန်မယ်လေ”
“ဟုတ်အစ်မ”
(ဃ)
“ဆက်မပြောခင် ကျွန်တော်တို့ သိထားတာတွေကို အကြမ်းဖြင်း ပြန်ခြုံငုံကြည့်ရအောင်”.. မင်းခန့်ထူးက ထိုင်ခုံမှာ နေရာတကျ ပြင်ထိုင်ရင်းပြောတယ်။ သူ့ရဲ့ ကြေမွစပြုနေပြီဖြစ်တဲ့ ရှပ်အင်္ကျီကို ဆွဲဆန့်တယ်။ နှဖူးပေါ်ဝဲကျလာတဲ့ ဆံပင်တွေကို သပ်တင်တယ်။ ရုံးခန်းအပြင်က လူသံသူသံတွေ နည်းနည်းလျော့သွားတဲ့အတွက် အခန်းက ပိုလို့ တိတ်ဆိတ်လာတယ်။
“ကျွန်မ အကုန် မှတ်မိပါတယ်။ ပြန်ပြောစရာ မလိုပါဘူး”.. သူဇာလွင် ပြောလိုက်တယ်။
“ဟုတ်လား။ ဒါဆို ခင်ဗျား သိလိုက်တာတွေကို အကျဉ်းချုံးပြီး ပြန်ပြောပြလေ။ ခင်ဗျားရဲ့ ထင်မြင်ချက်ကို ကျွန်တော် သိချင်တယ်။ ခင်ဗျား ယုံတာမယုံတာကို မပြောနဲ့ဗျာ။ အကုန်လုံးကို ယုံတယ်လို့ပဲ သဘောထားပြီး မှတ်ချက်ချကြည့်”
“ရှင်ပြောတဲ့ ဇာတ်လမ်း၊ ရှင့်အဖေရဲ့ စာနဲ့ အဲဒီရွာရဲ့ အခြေအနေကို ကြည့်လိုက်ရင် ကောက်ချက်ချရတာ လွယ်ပါတယ်။ အမြန်လမ်းဖောက်ရင်း နားနေစခန်း ဆောက်တယ်။ အဲဒီ မြေမသန့်တဲ့ ပြဿနာကို ရှင့်အဖေက သိသွားတော့ စီမံကိန်းကို ဖျက်လိုက်တယ်။ စကားဝါ ခြံ..ဆိုပြီး ဆောက်တယ်။ ဘေးပတ်ပတ်လည်မှာလည်း တခြားခြံတွေ အိမ်တွေ တည်ပေးတယ်။ သူ့စာထဲမှာ ရေးထားတာ.. ဘာလဲ… လူယုံတွေ ထားခဲ့တယ်ဆိုလား။ ထားပါတော့။ ဦးသိန်းက ရှင့်အဖေရဲ့ လက်စွဲတော် ဖြစ်ဖို့များတယ်။ တစ်ရွာလုံးက လူငယ်တွေ တော်တော်များများ သူ့ဆီမှာ အလုပ်လုပ်နေကြတယ် ဟုတ်လား။ ပြီးတော့ အဲဒီ နေရာက ကျွန်မတို့ မြန်မာအယူနဲ့ ပြောရရင် လူစားတယ်လို့ ပြောရမလား..။ ဒါပေမယ့် ကျွန်မ နားမလည်တာက.. အဲဒီမြေကို ယဇ်ပူဇော်ရတယ်ဆိုရင်တောင် ဘယ်ကလူတွေကို ဖမ်းပြီး အသုံးချနေတာလဲ။ ဘယ်သူက အဲဒီ စကားဝါခြံအတွက် လိုလိုလားလားနဲ့ အသက်ပေးမှာလဲ။ အဲဒါက တစ်ချက်။ နောက်တစ်ချက်က ပထမညမှာ အဲဒီ မကောင်းဆိုးဝါးက ယမင်းကိုယ်ထဲကို ဝင်တယ်။ ဒုတိယညမှာ ယမင်းတစ်ကိုယ်လုံးကို သိမ်းပိုက်လိုက်တယ်။ ပြီးတာနဲ့ ရှင့်လည်ပင်းကို ကိုက်တယ်။ တတိယညမှာ ယမင်းကိုယ်ထဲကနေ ဖြူမော့်ဆီကို ဝင်သွားတယ်။ ဒါပေမယ့် ရှင့်ကို ရန်မမူဘဲ ဘာလို့ ပြတင်းပေါက်ကနေ ထွက်သွားသလဲ။ အဲဒီအဖြေတွေကို တတိယညဇာတ်လမ်းကို ဆက်ပြောရင် သိရမယ်ထင်တယ်။ ဟုတ်တယ်မဟုတ်လား”
“အဲဒါကြောင့် ကျွန်တော် ခင်ဗျားကို သဘောကျတာဗျ သိလား”.. မင်းခန့်ထူးက သူဇာလွင့် မျက်နှာကို စေ့စေ့ကြည့်ရင်း၊ အသာအယာပြုံးရင်း ပြောတယ်။ “ဘယ်လောက်ပဲ မယုံသည်ဖြစ်စေ၊ ခင်ဗျားရဲ့ အရာရာကို မေးခွန်းထုတ်၊ ပိုင်းခြမ်းစိတ်ဖြာတတ်တဲ့ စိတ်ဓာတ်ကို အားကျတယ်ဗျာ။ ကျွန်တော့်မှာသာ အဲဒီလို စိတ်ဓာတ်မျိုးရှိခဲ့ရင်.. အဲဒီတုန်းက စကားဝါမှာသာ ကျွန်တော် ဒီလို စဉ်းစားတတ်ခဲ့ရင်..”.. မင်းခန့်ထူးက ပြောရင်းနဲ့ မျက်လုံးတွေ အဝေးတစ်နေရာကို ရွေ့သွားတယ်။ အတိတ်ထဲ ပြန်ဝင်သွားတဲ့ မျက်ဝန်းတွေ..။
အခန်း (၁၄)
(က)
ဦးသိန်းက ကျွန်တော့်မျက်နှာကို အဝတ်အမည်းနဲ့ စွပ်ချလိုက်တယ်။
ရုတ်တရက်ဆိုတော့ ကျွန်တော် ဘာမှ မလုပ်နိုင်ဘဲ ကြောင်ပြီး ရပ်နေမိတယ်။ ပါးစပ်က တစ်ခုခု ပြန်ပြောမယ်အလုပ်မှာ လက်သီးတစ်လုံး မျက်နှာတည့်တည့်ကို အရှိန်နဲ့ ဝင်လာတယ်။ ကျွန်တော် နောက်ကို ယိုင်ပြီး လဲကျသွားတယ်။ မျက်နှာက အဝတ်ကို ဆွဲဖယ်မလို့ အလုပ်မှာ ကျွန်တော့်ကိုယ်ပေါ်ကို တစ်ယောက်ယောက်က တက်ခွတယ်။ ကျွန်တော့်လက်တွေကို ချုပ်ထားတယ်။ လူကို မှောက်လျက်သားဖြစ်အောင် လှန်တယ်။ လက်တွေကို နောက်ပြန်ကြိုးတုတ်တယ်။ ကျွန်တော် ပါးစပ်ကနေ ဝူးဝူးဝါးဝါးတွေ အော်တယ်။ ကြမ်းပြင်နဲ့ မျက်နှာနဲ့ ဖိထားသလိုဖြစ်နေတော့ အသံက ကောင်းကောင်း မထွက်လာဘူး။ အဲဒီအချိန်မှာ ကျွန်တော့် လည်ပင်းနေရာကို ချွန်ထက်နေတဲ့ အရာတစ်ခု လာထောက်တယ်။
“မောင်လေး။ အသံတွေ အရမ်းမထွက်နဲ့”.. မလှရဲ့ အသံ။
“ခင်ဗျားတို့ ဘာလုပ်တာလဲ.. ဘာလဲ..ဘာ”
“အသံတွေ အရမ်းမထွက်နဲ့လို့ ပြောနေတယ်လေ။ လျှာဖြတ်လိုက်ရမလား”.. လည်ပင်းမှာ ထောက်နေတဲ့အရာက အသားထဲကို တစ်စင်တီမီတာလောက် နစ်ဝင်သွားတယ်။ ကျွန်တော် အားခနဲ အော်လိုက်တယ်။
ကျွန်တော့်ရဲ့ လည်ကုပ်ပေါ်ကို ကျလာတဲ့ လက်ကြီးတစ်ခု။ ဦးသိန်းတော့ မဖြစ်နိုင်ဘူး။ စောစောက သူ့ဘေးမှာ ရပ်နေတဲ့ ခပ်ထွားထွား ယောကျ်ားကြီးပဲ ဖြစ်ရမယ်။ သူက ကျွန်တော့်ကို အရုပ်ကလေးတစ်ရုပ် ကောက်မသလို စွေ့ခနဲ မတင်လိုက်တယ်။ ကျွန်တော် သူ့လက်ထဲမှာ ကားယားကားယားနဲ့ ပါသွားတယ်။
(ခ)
နားထဲမှာ တအိအိ အော်သံတွေကြားတယ်။ ငိုသံလိုလို ရှိုက်သံလိုလို မိန်းကလေး အသံတွေ။ စိတ်ဆိုးတကြီးနဲ့ တဟူးဟူး ဖြစ်နေတဲ့ ယောကျ်ားလေး အသံတွေ..။
မျက်နှာမှာ စွပ်ထားတဲ့ အစွပ်ကို တစ်ယောက်ယောက်က ချွတ်ပေးလိုက်တယ်။
ကျွန်တော့်ရှေ့မှာ ဒူးတစ်ဖက် ထောက်ထိုင်နေတဲ့ ဦးသိန်း။
“မောင်မင်းခန့်။ ငါမင်းပါးစပ်ကို ပိတ်မထားချင်ဘူး။ စကားပြောချင်လို့။ မင်း မအော်ဘူးလို့ ကတိပေးစမ်း”
ကျွန်တော် သူ့ကို ဘာမှ ပြန်မပြောသေးဘဲ ပတ်ပတ်လည်ကို အရင်ကြည့်လိုက်တယ်။
ကျွန်တော်တို့ အခု အိပ်ခန်းထဲမှာ။ အခန်းထောင့်မှာ ခွေခွေကလေး လဲနေတဲ့ မိန်းကလေး တစ်ယောက်။ နယ်လီ..။ သူ့လက်တွေကို နောက်ပြန် ကြိုးတုပ်ထားတယ်။ ပါးစပ်ကို ဟပြီး အုန်းဆံကြိုးနဲ့ ပိတ်စည်းထားတယ်။
မျိုးမြတ်အောင်က ဒီဘက်ထောင့်မှာ လက်နှစ်ဘက်ကို နောက်ပစ်၊ နံရံကိုကပ်ပြီး ထိုင်နေတယ်။ မျက်နှာတစ်ခုလုံး ဖူးယောင်နေတယ်။ ပါးစပ်ထဲက အုန်းဆံကြိုးကို စိတ်ဆိုးတကြီးနဲ့ ကိုက်ထားတာ သွားရည်တွေပါ ထွက်ကျနေတယ်။ သူ့မျက်လုံးတွေက သူ့ဘေးမှာရပ်နေတဲ့ ခပ်ထွားထွားလူကို စားတော့ဝါးတော့မလို ဒေါသမျိုးနဲ့ စိုက်ကြည့်နေတယ်။
“ကျော်ဇောနဲ့ မိနှင်း ဘယ်မှာလဲ”.. ကျွန်တော် ဦးသိန်းကို မေးလိုက်တယ်။ ကြောက်စိတ်ကြောင့် အသံက တုန်နေပေမယ့် ဒေါသစိတ်ကြောင့် မာဆတ်နေတယ်။
ဦးသိန်းက အိပ်ခန်းတံခါး၀ကို လှမ်းကြည့်တယ်။
ခြေသံတရှပ်ရှပ် ကြားရတယ်။
အခန်းထဲကို ကျော်ဇော ဒယိမ်းဒယိုင်နဲ့ ဝင်လာတယ်။ သူ့ဗိုက်နေရာကို လက်နဲ့ ဖိထားတယ်။ လက်ကြားကနေ သွေးတွေ တရဟော စိမ့်ထွက်နေတယ်။ ကျော်ဇော ခြေလှမ်း သုံးလေးလှမ်းလှမ်းပြီး ကြမ်းပြင်ပေါ်ကို မှောက်လျက် လဲကျသွားတယ်။
“ကျော်ဇော. ကျော်ဇော..” ကျွန်တော် အော်လိုက်တယ်။
ဦးသိန်းက ကျွန်တော့် မျက်နှာကို လက်သီးနဲ့ တည့်တည့်ကြီး ပိတ်ထိုးလိုက်တယ်။ ပါးစပ်နေရာမှာ ပူခနဲ ဖြစ်သွားတယ်။
“မအော်နဲ့လို့ ငါပြောနေတယ်လေ။ မင်းလည်း သူ့နောက်ကို လိုက်သွားချင်သလား”.. ဦးသိန်းက အံကိုကြိတ်ပြီး ပြောတယ်။
ကျော်ဇောက ကြမ်းပြင်ပေါ်မှာ လူးလိမ့်နေတယ်။ ဗိုက်ထဲကနေ ထွက်ကျနေတဲ့ ကလီစာတွေကို လက်နဲ့ မနိုင်မနင်း ပိတ်ဖို့ ကြိုးစားတယ်။ ပါးစပ်ထဲက သွေးတွေ တပွက်ပွက်ထွက်နေတယ်။ အော်ပေမယ့် အသံမထွက်လာဘူး။ တဟွတ်ဟွတ် အသံတွေနဲ့ ချောင်းတွေပဲ ဆက်တိုက်ဆိုးနေတယ်။
အခန်းထဲကို နောက်ထပ် လူနှစ်ယောက် ထပ်ဝင်လာတယ်။
အရှေ့ကနေ တစ်လှမ်းခြင်း လျှောက်လာတာက မိနှင်း။ မျက်နှာတစ်ခုလုံး ဖြူဖျော့နေပြီ။ မအော်မိအောင် ပါးစပ်ကို လက်နဲ့ အတင်းပိတ်ထားတယ်။
မိနှင်းရဲ့ ဆံပင်တွေကို လက်နဲ့ ဆုပ်ကိုင်ထားပြီး နောက်ကနေ ထပ်ခြပ်မကွာလိုက်လာတဲ့ မလှ။ သူ့လက်ထဲက ဓားရှည်က သွေးတစက်စက်ယိုနေတယ်။
“မလှ.. ဒီတစ်ယောက်က ဘယ်လိုဖြစ်တာလဲ”.. ဦးသိန်းက ကြမ်းပြင်မှာ အသက်ငင်နေတဲ့ ကျော်ဇောကို မေးငေါ့ပြရင်း မေးတယ်။
“သတ္တိခဲကြီးလေ။ ငါ့လက်ထဲက ဓားကိုမြင်တာနဲ့ တန်းပြေးတာပဲ။ ကောင်မလေးကို ထားခဲ့ပြီး တစ်ယောက်တည်း ထွက်ပြေးမလို့ ကြံတာ”.. မလှက ဓားပေါ်ကသွေးတွေကို ထမီနဲ့ သုတ်ရင်း ပြောတယ်။ မိနှင်းက ကျော်ဇော လက်ထဲက ပြူထွက်နေတဲ့ ကလီစာအစအနတွေကို ကြည့်ပြီး မေ့လဲတော့မလိုလို ဖြစ်နေတယ်။
“မလှ။ ကောင်မလေးကို ပါးစပ်စည်းထားလိုက်”.. ဦးသိန်းက မလှကို ပြောပြီး ကျွန်တော့်ဘက်ကို ပြန်လှည့်တယ်။
“မင်းမှာ မေးစရာတွေ အများကြီး ရှိနေတယ်။ နေဦး။ ငါပြောတာကို အရင်နားထောင်”
နောက်ပြန်ကြိုးတုတ်ထားတဲ့ လက်ကို ကျွန်တော် ဆောင့်ရုန်းတယ်။ အုန်းဆံကြိုးတွေကြောင့် လက်ကောက်ဝတ်ကို အပ်တွေနဲ့ ထိုးသလို ထူပူသွားတယ်။ မတ်တပ်ထရပ်ဖို့ ကြိုးစားတယ်။ မအောင်မြင်ဘူး။ ဖင်ထိုင်လျက်သား ပြန်လဲကျသွားတယ်။
“မောင်မင်းခန့်။ မင်း စိတ်ကို ငြိမ်ငြိမ်ထားစမ်း။ ဘာတွေ ရုန်းမလို့ ကြိုးစားနေတာလဲ။ မင်းလက်က ကြိုးပြေသွားရင် ဘာလုပ်မလို့လဲ။ မလှ လက်ထဲမှာ ဓားကိုင်ထားတာ တွေ့လား။ ပြီးတော့ ဟိုမှာ ငအောင့် ကိုယ်လုံးကို ကြည့်လိုက်။ မင်းကို ဂျွတ်ခနဲ ချိုးလိုက်လို့ရတယ်။ နားလည်လား”.. ဦးသိန်းက ကျွန်တော့်ကို ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်သလို သနားတဲ့ မျက်လုံးနဲ့ ကြည့်ရင်း ပြောတယ်။
“ပြော။ ဘာပြောမှာလဲ။ ခင်ဗျားနဲ့ အဲဒီ မကောင်းဆိုးဝါးနဲ့ ဘယ်လိုပတ်သက်သလဲ”.. ကျွန်တော် မေးလိုက်တယ်။
“မကောင်းဆိုးဝါး..ဆိုပဲ။ ဟားဟား.. မကောင်းဆိုးဝါးတဲ့.. မလှရေ။ ဒီ ခေတ် လူငယ်တွေ တော်တော် ဆိုးတာပဲကွ နော့”..ဦးသိန်းက တဟားဟား ရယ်ရင်း သူ့မိန်းမကို လှမ်းပြောတယ်။ မလှက ဟွန့်ခနဲ နှာခေါင်းရှုံ့တယ်။
“ကျွန်တော့်သူငယ်ချင်းတွေကို သတ်သွားတဲ့ကောင်။ မကောင်းဆိုးဝါး မဟုတ်လို့ ဘာဖြစ်ရမှာလဲ”.. ကျွန်တော် ပြောရင်းနဲ့ ကျော်ဇောကို ကြည့်လိုက်တယ်။ ကျော်ဇောက ထွက်ကာနီး အသက်ကို အတင်းဆွဲထားရတဲ့ပုံစံနဲ့ ဆန့်ငင်ဆန့်ငင် ဖြစ်နေပြီ။ သွေးတွေ လည်ချောင်းမှာတစ်ပြီး အသက်ရှူလို့ မရသလို ဂတ်ခနဲ ဂတ်ခနဲ အသံတွေ ထွက်နေတယ်။
“ခင်ဗျားတို့လည်း လူမဟုတ်ဘူး။ လူမဆန်တဲ့ကောင်တွေ။ မကောင်းဆိုးဝါးတွေ”.. ကျွန်တော် ပြောရင်းနဲ့ ဦးသိန်းရဲ့ မျက်နှာကို တံတွေးနဲ့ ထွေးလိုက်တယ်။ ဦးသိန်းက ကြိုသိထားသလို ဘေးကို စောင်းပြီး ရှောင်တယ်။ ကျွန်တော့် တံတွေးတွေ ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားတယ်။ ဦးသိန်းက စိတ်ပျက်သွားသလို ခေါင်းခါတယ်။
“မင်းအဖေ တော်သလောက် မင်းကတော့ တော်တော် အသုံးမကျပါလား မောင်မင်းခန့်။ မင်းအဖေ ပေးခဲ့တဲ့စာကို မဖတ်ဘဲ လွှင့်ပစ်လိုက်ကတည်းက ငါ သိလိုက်တယ်။ ဒီကောင့်ကို အားကိုးလို့ မရဘူး။ ဆန်ကုန်မြေလေးပဲ..လို့”
“အဲဒီစာကို ဖတ်ပြီးပြီ။ ခင်ဗျားနဲ့ အဖေနဲ့ တစ်ကျင့်တည်း တစ်ဉာဏ်တည်းတွေချည်းပဲ။ လူယုတ်မာတွေ”
ဦးသိန်းက နားမလည်သလို မျက်လုံးနဲ့ ကျွန်တော့်ကို ကြည့်တယ်။
“စာကို ဖတ်ပြီးပြီးဆိုရင် မင်းဘာလို့ ကလန်ကဆန်တွေ လုပ်နေတာလဲ။ မင်းအဖေ စီစဉ်ခဲ့တာကို သဘောမပေါက်ဘူးလား”
ကျွန်တော် ဘာမှ မပြောဘဲကြမ်းပြင်ကိုပဲ စိုက်ကြည့်နေလိုက်တယ်။ တရိပ်ရိပ်တက်နေတဲ့ အဖျားက အထွတ်အထိပ်ရောက်နေပြီ။ မျက်လုံးတွေ ပြာပြီး ခေါင်းတွေ ထူပူနေတယ်။
“မလှ ဒီကောင့်ကို ပြလိုက်စမ်း”.. ဦးသိန်းက အခန်းထောင့်မှာ လက်ပိုက်ပြီး မတ်တပ်ရပ်နေတဲ့ မလှကို လှမ်းပြောတယ်။
မလှက သူဝတ်ထားတဲ့ ဘလောက်စ်အင်္ကျီကို လှန်ပြတယ်။ သူ့ဗိုက်နေရာမှာ အတန်းလိုက်ကြီး ထင်နေတဲ့ အမာရွတ်တစ်ခု။
“မင်းအဲဒီ အမာရွတ်ကို ကြည့်စမ်း ဘာနဲ့ တူသလဲ”.. ဦးသိန်းက မေးတယ်။
ကျွန်တော် ကိုယ့်လည်ပင်းကိုယ် ပြန်စမ်းလိုက်တယ်။ သွေးပြစ်ပြစ်တွေ စိမ့်ထွက်နေသေးတဲ့ ဒဏ်ရာ..။
“အဲဒါ ဘာဖြစ်သလဲ။ ခင်ဗျား မိန်းမလည်း အကိုက်ခံထားရတယ်။ ဒီတော့ ဘာဖြစ်လဲ”..ကျွန်တော် မေးလိုက်တယ်။ ခေါင်းထဲမှာတော့ မေးခွန်းတွေ ဆင့်ကဲဆင့်ကဲ ပုံထပ်ပြီး လေးလံမူးဝေနေပြီ။
“ဒီနေ့ မင်း ငါ့အိမ်ကိုလာတော့ မလှက မင်းလည်ပင်းက ဒဏ်ရာကို သတိထားမိသွားတယ်တဲ့ ငါ့ကို ပြန်ပြောပြတယ်။ ငါ အဲဒါကို ကြားလိုက်ကတည်းက ငါ့ဆုတောင်း မပြည့်တော့ဘူးဆိုတာကို သိသွားတာ။ ဘာလို့များ သခင်ကြီးက မင်းကို ရွေးရတာလဲ။ မင်းလို ပေါက်လွတ်ပဲစား သုံးစားမရတဲ့ကောင်ကို ရွေးပြီး ဘာလုပ်မလို့လဲ။ မင်းအဖေက မင်းကို အမွေပေးခဲ့တာ မှန်ပါတယ်။ ဒါပေမယ့်.. သခင်ကြီးအနေနဲ့ မင်းလို ကောင်ကို ရွေးမယ့်အစား ငါ့လို သစ္စာစောင့်သိတဲ့ နောက်လိုက်ကို မရွေးသင့်ဘူးလား”.. ဦးသိန်းက ဒေါသသံနဲ့ ပြောတယ်။
“ခင်ဗျား ဘာတွေ ပြောနေတာလဲ”.. ကျွန်တော် မေးလိုက်တယ်။
မျိုးမြတ်အောင်က ကျွန်တော့်ကို စိုက်ကြည့်နေတယ်။ သူ့မျက်လုံးတွေက တစ်ခုခုကို သဘောပေါက်သွားသလို အရောင်လက်လာတယ်။ ကျွန်တော့်ကို မေးဆတ်ပြတယ်။ ငအောင် ဆိုတဲ့ လူကြီးက မျိုးမြတ်ရဲ့ နားထင်ကို လက်ဝါးနဲ့ ဖုန်းခနဲ ရိုက်ချလိုက်တယ်။ မျိုးမြတ် ခွေခွေလေး လဲကျသွားတယ်။ အိနှင်းက အုန်းဆံကြိုးကို ကိုက်ပြီး အော်ငိုဖို့ ကြိုးစားတယ်။ အသံထွက်မလာဘူး။
“မလှက ငါ့ထက် အသက်ကြီးတယ်။ မင်းနားလည်ပြီလား”
(ခ)
စီးဆင်းနေတဲ့ အချိန်.. တုံ့ခနဲ ရပ်သွားသလို အရာအားလုံး နှေးကျသွားတယ်။ ကျွန်တော်သာ ခင်ဗျားလို စဉ်းစားဉာဏ်ကောင်းတဲ့သူ ဖြစ်ခဲ့မယ်ဆိုရင် အဲဒီကတည်းက အကုန်လုံးကို သဘောပေါက်သွားမှာပဲ။ ဒါပေမယ့် ကျွန်တော့်ခေါင်းထဲမှာ လုံးထွေးနေတဲ့ ဒေါသစိတ်၊ မုန်းတီးစိတ်တွေက ကျွန်တော့်ရဲ့ တွေးခေါ်နိုင်စွမ်းရည်ကို ပိတ်ဆို့ထားတယ်လေ။
“ခင်ဗျား ဘာတွေပြောနေတာလဲ”.. ဦးသိန်းကိုကြည့်လိုက်.. သူ့ထက် ဆယ်နှစ်လောက် သိသိသာသာကြီး ငယ်နေတဲ့ မလှကို ကြည့်လိုက်နဲ့ ကျွန်တော် မေးလိုက်တယ်။
“မလှနဲ့ ငါနဲ့ ယူတုန်းက ငါ့ထက်သူက တစ်နှစ်ပိုကြီးတယ်။ အခု ငါတို့ နှစ်ယောက်ကို ကြည့်လိုက်စမ်း။ ငါက သူ့အဖေအရွယ်လောက် ဖြစ်နေပြီ..။ အဲဒါ ဘာဖြစ်လို့လဲ မင်းစဉ်းစား”
“ဘာကို ပြောချင်တာလဲ”
ဦးသိန်းက စိတ်မရှည်တော့သလို တောက်ခေါက်တယ်။
“သခင်ကြီးက ငါ့တို့နှစ်ယောက်ထဲမှာ ငါ့မိန်းမကိုပဲ ရွေးပြီး ငါ့ကို ပစ်ထားခဲ့တယ်။ မျက်စိရှေ့မှာတင် ငါ့မိန်းမနဲ့ငါ အသက်တွေ တဖြည်းဖြည်း ကွာလာတယ်။ အခု ငါက အဖိုးကြီးဖြစ်နေပြီ။ မလှကတော့ သန်တုန်းမြန်တုန်း”.. ဦးသိန်းက မလှကို ဝမ်းနည်းတဲ့အကြည့်နဲ့ ကြည့်ရင်း ပြောတယ်။
“စိတ်မညစ်ပါနဲ့ မြသိန်းရယ်။ ငါနင့်ကို ချစ်ပါတယ်။ အသက်ဘယ်လောက်ကွာကွာ.. ချစ်တယ်”.. မလှက ဦးသိန်းနားကို လျှောက်လာရင်း ပြောတယ်။ ဦးသိန်းရဲ့ ပခုံးပေါ်ကို ဓားကိုင်ထားတဲ့လက်ကို တင်တယ်။ ကျန်တဲ့လက်တစ်ဘက်နဲ့ ဦးသိန်းရဲ့ ဆံပင်တွေကို သပ်ပေးတယ်။ “အခု.. ဒီညပြီးရင် သခင်ကြီးက နင့်ကို ရွေးမှာပါ။ ဒီလောက် အများကြီး ကျွေးလိုက်တယ်ဆိုရင် သူက နင့်ကို ဆုချမှာပါ..။ ငအောင့်ကိုတောင် ဆုချရင် ချဦးမှာ.. ဟုတ်တယ်မဟုတ်လား”..မလှက ငအောင့်ဘက်ကို မေးငေါ့ပြရင်း ပြောတယ်။ ငအောင်ဆိုတဲ့ လူကြီးက အင်း..ဆိုပြီး တစ်ချက်ပဲ ပြောတယ်။ ကြမ်းပြင်ကနေ ပြန်ထဖို့ ကြိုးစားနေတဲ့ မျိုးမြတ်ရဲ့ ကိုယ်လုံးကို ခြေထောက်နဲ့ ဖိတယ်။
“မင်းနားလည်ပြီလား”.. ဦးသိန်းက ကျွန်တော့်ကို မေးတယ်။
ကျွန်တော် ဘာမှ ပြန်မပြောနိုင်ဘူး။ ဘာတွေလဲ..။
“မင်းကို သခင်ကြီးက ရွေးလိုက်တဲ့အတွက် ငါတို့ ဘာမှ လုပ်လို့ မရဘူး။ ဒါပေမယ့် မင်း သူငယ်ချင်းတွေ အတွက်တော့ စိတ်မကောင်းပါဘူး”.. ဦးသိန်းက ပြောတယ်။
အဖေ့စာထဲက အဖေ့စကားနဲ့ တစ်သွေမတိမ်းပါလား။
“ဒါဆို.. ဒါဆို အဖေ.. အဖေကရော..” ကျွန်တော် မေးလိုက်တယ်။
“မင်းအဖေလည်း သူ့အလှည့်ကို စောင့်ရင်းနဲ့ သေသွားရှာတယ်။ ငါ တကယ် စိတ်မကောင်းဘူး။ တကယ်က မလှကို မရွေးဘဲ သူ့ကို အရင်ရွေးခဲ့ရမှာ.. မလှ.. ငါဒီလိုပြောရတာကို ခွင့်လွှတ်ပါ”.. ဦးသိန်းက သူ့မိန်းမကို တောင်းပန်သလို လှမ်းပြောတယ်။ “မင်းအဖေလို လူတော်တစ်ယောက် သေသွားပြီး မင်းလို လူဖျင်းတစ်ယောက်က အရွေးခံရတာ ရင်နာဖို့ ကောင်းသကွာ”
“အဲဒီ မကောင်းဆိုးဝါးက ဘာကိစ္စ ကျွန်တော့်ကို ရွေးရတာလဲ။ ကျွန်တော်က ဘာလုပ်မိလို့လဲ”.. ကျွန်တော် မေးလိုက်တယ်။
“သခင်ကြီးကို မကောင်းဆိုးဝါးလို့ မခေါ်နဲ့”.. မလှက စိတ်ဆိုးဆိုးနဲ့ အော်တယ်။ သူ့လက်ထဲက ဓားနဲ့ ကျွန်တော့်ကို ခုတ်တော့မလို ရွယ်တယ်။
“မင်းအဖေက သေကာနီးမှာ ဆုံးဖြတ်ချက် အမှားတွေ ချသွားခဲ့တယ်လေ။ ဒီစကားဝါခြံကို ငါ့ကို ပေးခဲ့ပါ..လို့ ငါ ဒီလောက် တတွတ်တွတ် ပြောနေတာကို နားမထောင်ဘဲ မင်းလက်ထဲကို ထည့်ခဲ့တယ်”..ဦးသိန်းက သက်ပြင်းချရင်း ပြောတယ်။ “ဒါပေမယ့် ကိစ္စမရှိပါဘူး။ ဒီည ပြီးသွားတဲ့အခါ.. သခင်ကြီး အစာ၀လို့ စိတ်ကျေနပ်သွားတဲ့အခါမှ မင်းနဲ့ ငါ ဒီဇာတ်လမ်းကို ဆက်ရှင်းမယ်”
“ခင်ဗျား ဘာလုပ်မလို့လဲ။ ကျွန်တော့် သူငယ်ချင်းတွေကို လွှတ်ပေးပါ။ ကျွန်တော် တောင်းပန်ပါတယ်”.. ကျွန်တော်ပြောရင်းနဲ့ ငိုသံတွေ ပါလာတယ်။ ဇာတ်ရည်လည်လာတာနဲ့ အမျှ.. နောင်တစိတ်က တစ်ကိုယ်လုံးကို လွှမ်းခြုံလာတယ်။ ကျွန်တော့်ကြောင့်.. ကျွန်တော့်ကြောင့်..။
“မြသိန်း။ ငါတို့ အချိန်မရှိတော့ဘူး။ ဟိုမှာ ဟိုတစ်ယောက်က အသက်ထွက်တော့မယ်။ သခင်ကြီးက အသေကောင်ဆိုရင် သိပ်မကြိုက်ဘူး။ နင်သိတယ်မဟုတ်လား”.. မလှက ကြမ်းပြင်မှာ ငြိမ်နေတဲ့ ကျော်ဇောရဲ့ ကိုယ်လုံးကို ခြေထောက်နဲ့ တို့ရင်း ပြောတယ်။ အိနှင်းက တအိအိနဲ့ ကျော်ဇောရဲ့ နာမည်ကို မပီမသတွေ ခေါ်ဖို့ ကြိုးစားနေတယ်။
“ခင်ဗျားတို့ ဘာလုပ်မလို့လဲ.. မလုပ်ပါနဲ့..မလုပ်ပါနဲ့”.. ကျွန်တော် ကမူးရှူးထိုးတွေ တောင်းပန်နေမိတယ်။
ငအောင်ဆိုတဲ့ လူကြီးက ကျွန်တော့်နားကို ရောက်လာတယ်။ ပါးစပ်ကို လက်နဲ့ ဆွဲဖြဲတယ်။
“မလုပ်နဲ့..မလုပ်..”
အုန်းဆံကြိုးအလုံးလိုက်ကြီး ကျွန်တော့် ပါးစပ်ထဲကို ဝင်လာတယ်။ ငအောင်က ကျွန်တော့် နောက်စေ့ကို ပတ်ပြီး ကြိုးကို တင်းနေအောင် ချည်တယ်။ ကျွန်တော့်စကားသံတွေ ဗလုံးဗထွေးနဲ့ တိမ်ဝင်သွားတယ်။
“စိတ်မပူပါနဲ့ မင်းကို ဘာမှမလုပ်ပါဘူး။ ငါတို့ မနက်ကျမှ ပြန်လာခဲ့မယ်။ အဲဒီတော့မှ ဒီအိမ်ကို ငါ့လက်ထဲကို လွှဲဖို့ မင်းကို ချော့တစ်ခါ ခြောက်တစ်လှည့် ဖြောင်းဖျရတော့မှာပဲ။ ဟဲဟဲ.. ချော့မှာတော့ မဟုတ်ဘူး။ မလှရဲ့ ဓားနဲ့ မင်းအသားတွေကို တစ်လွှာခြင်း လှီးပြီး ဖြောင်းဖျမှာ.. ဟားဟား”.. ဦးသိန်းက သဘောကျသလို ရယ်တယ်။ ကျွန်တော့်ပါးကို လက်နဲ့ တစ်ချက်ပုတ်တယ်။ မတ်တပ်ထရပ်တယ်။
“ကဲ မလှရေ သွားမယ်ဟေ့။ ငအောင် တံခါးကို အပြင်ကနေ သော့ခတ်ခဲ့။ ပြတင်းပေါက်တွေကိုလည်း သေချာစစ်ဦး။ ဒီပြတင်းပေါက်က သိပ်မခိုင်ဘူးကွ။ အပြင်က ကောင်မလေး အလောင်းကိုလည်း ရှင်းရဦးမယ်။ သခင်ကြီး ယူသုံးဦးမှာလားတော့ မသိဘူး။ မလှ မင်းဘယ်လိုလုပ်ချင်သလဲ”
“နောက်ဖေးအုတ်ကန်နားမှာပဲ ခဏ ချထားလိုက်လေ။ မနက်ကျလို့မှ အရာမယွင်းသေးဘူးဆိုရင် မြေမြှုပ်တာပေါ့”
ကျွန်တော် ပါးစပ်ထဲက အုန်းဆံကြိုးကို ထွေးထုတ်ဖို့ ကြိုးစားတယ်။ မရဘူး။ လက်မှာချည်ထားတဲ့ ကြိုးကလည်း ရုန်းလိုက်တိုင်း ပိုပြီး တင်းတင်းလာတယ်။
ငအောင်ဆိုတဲ့ လူကြီးက ပြတင်းပေါက်ကို ဆွဲစေ့တယ်။ ချက်ချတယ်။ အခန်းပတ်ပတ်လည်ကို တစ်ချက်ကြည့်တယ်။ ကြမ်းပြင်မှာ လဲနေတဲ့ ကျော်ဇောရဲ့ နှာခေါင်း၀ကို လက်ညှိုးနဲ့ တေ့ပြီး စမ်းတယ်။
“အသက်တော့ ရှူနေသေးတယ်မဟုတ်လား”.. မလှက မေးတယ်။
ငအောင်က ခေါင်းညိတ်ပြတယ်။
“ကဲ သွားစို့”.. ဦးသိန်းကပြောတယ်။
သုံးယောက်စလုံး အခန်းထဲကနေ ထွက်သွားကြတယ်။ တံခါးကို အပြင်ကနေ ဆောင့်ပိတ်သွားတယ်။
(ဂ)
ဆယ်မိနစ်လောက် ကြာသွားသလား.. တစ်မိနစ်လောက်ပဲ ကြာသေးသလား.. ကျွန်တော် မမှတ်မိတော့ဘူး။ အိပ်ခန်းရဲ့ မီးရောင် ဝါဝါမှိန်မှိန်အောက်မှာ ကျွန်တော်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ရင်း ငြိမ်နေမိတယ်။ အိနှင်းရဲ့ မျက်လုံးတွေက ငိုရလွန်းလို့ နီရဲနေပြီ။ နယ်လီကတော့ သူ့ထုံးစံအတိုင်း တဝေါ့ဝေါ့အံထားတာ အန်ဖတ်တွေက ပါးစပ်ဘေးပတ်ပတ်လည်မှာ။ ပါးစပ်တစ်ခုလုံး ကြိုးနဲ့စည်းထားတာတောင် ဘယ်လိုများ ရအောင် အန်သလဲ..မသိ။
မျိုးမြတ်အောင်က ပါးစပ်ထဲက ကြိုးကို တွန်းထုတ်ဖို့ ကြိုးစားနေရင်း လက်လျှော့လိုက်တဲ့ ပုံစံနဲ့ နံရံကို မှီပြီး ထိုင်နေတယ်။ ကျော်ဇောက ပက်လက်။ ဗိုက်က အကွဲရာကို လက်နဲ့ဖိထားရင်း ပါးစပ်က ဟစိဟစိ။ အသက်ရှူဖို့ ကြိုးစားလိုက်တိုင်း သွေးတွေ ပွက်ခနဲ ပွက်ခနဲ။
နောက်ကျောက နံရံကို ကျောနဲ့မှီ၊ ကြမ်းပြင်ကို ခြေကန်ရင်း ကျွန်တော် မတ်တပ်ထရပ်ဖို့ ကြိုးစားတယ်။ ချိနဲ့နေတဲ့ ကိုယ်ခန္ဓာကို မနည်း သယ်ရတယ်။ တော်တော်လေးကြာမှ ကျွန်တော် မတ်တပ်ရပ်လို့ ရသွားတယ်။ မျိုးမြတ်အောင်ကလည်း ထိုင်နေရာကနေ ကုန်းရုံးထလာတယ်။ လက်တွေ နောက်ပြန်ကြိုးတုပ်ထားတဲ့အတွက် ကျွန်တော်တို့ နှစ်ယောက်စလုံး ဒယိမ်းဒယိုင်နဲ့။
ပိတ်ထားတဲ့ ပြတင်းပေါက်နားကို ကျွန်တော် လျှောက်သွားလိုက်တယ်။ ပြတင်းပေါက်ကို ကိုယ်နဲ့ တွန်းဖို့ ကြိုးစားတယ်။ ပြတင်းတံခါးက တုတ်တုတ်တောင် မလှုပ်ဘူး။ ခေါင်းနဲ့ ဆောင့်ကြည့်တယ်။ ဒုန်းခနဲ မြည်သံနဲ့အတူ ပြတင်းတံခါးက ခါသွားတယ်။ ကျွန်တော် အားတက်သွားတယ်။ မျိုးမြတ်အောင်ကို လှမ်းကြည့်တော့ သူကလည်း အားတက်သရောနဲ့ ခေါင်းညိတ်ပြတယ်။
နှစ်ယောက်သား မျက်နှာခြင်းဆိုင်ပြီး စိတ်ထဲကနေ တစ်..နှစ်..သုံး..ဆိုပြီး ရေတယ်။ ပြတင်းပေါက်ကို ခေါင်းနဲ့ ပြိုင်တူဆောင့်တယ်။
ဒီတစ်ခါတော့ ပြတင်းတံခါးရဲ့ ချက်က ကျွန်တော်တို့ ဆောင့်အားကြောင့် တော်တော်လေး ယိုင်နဲ့သွားတယ်။ ပွင့်ချင်လာတယ်။
အဲဒီအချိန်မှာ.. နောက်ကနေ ဂွီ..ဆိုတဲ့ အသံကြီး ထွက်လာတယ်။
မျိုးမြတ်အောင်က ကြောင်တောင်တောင် မျက်နှာနဲ့ ကျွန်တော့်ကို ကြည့်တယ်။ ပျက်ယွင်းနေတဲ့ ကျွန်တော့်ရဲ့ မျက်နှာနဲ့ ပြူးကျယ်သွားတဲ့ ကျွန်တော့်ရဲ့ မျက်လုံးတွေကို ကြည့်ရင်း ဘာဖြစ်တာလဲ..ဆိုတဲ့ ပုံစံနဲ့ မေးငေါ့ပြတယ်။
ကျွန်တော် နောက်ကို လှည့်ကြည့်လိုက်တယ်။ ဘာမှ မတွေ့ဘူး။ အပေါ်ကို မော့ကြည့်တယ်။ မျက်နှာကြက်မှာ.. ဘာမှ မရှိဘူး။ အသံက ဘယ်က ထွက်လာတာလဲ။
အိနှင်းက ထိုင်နေရာကနေ ထဖို့ကြိုးစားတယ်။ ကျွန်တော်တို့ ထသလို နံရံကို ခြေကန်ပြီး ကုန်းရုန်းထတယ်။ ဒါပေမယ့် ခြေချော်ပြီး ပြန်လဲသွားတယ်။ နယ်လီက အခန်းထောင့်မှာ နံရံကို မျက်နှာနဲ့ အပ်ရင်း တစ်ကိုယ်လုံး တုန်နေတယ်။
ကျွန်တော် အခန်းပတ်ပတ်လည်ကို ထောင့်စေ့အောင် လိုက်ရှာတယ်။ ဘယ်မှာလဲ.. ဘယ်မှာလဲ..။
အိနှင်းက ကြမ်းပြင်မှာ လဲနေရာကနေ ကျော်ဇောဆီကို တီကောင်တစ်ကောင်လို တွန့်လိမ်ပြီး သွားဖို့ ကြိုးစားနေတယ်။ ကျော်ဇောရဲ့ ပါးစပ်ထဲကနေ သွေးတွေ ထပ်ထွက်လာပြန်တယ်။ ဗိုက်ကိုဖိထားတဲ့ သူ့လက်တွေ ဘေးကို ပြုတ်ကျသွားတယ်။ ဟက်တက်ကွဲနေတဲ့ ဗိုက်သားထဲကနေ ကလီစာတွေ အပြင်ကို လျှံထွက်လာတယ်။ အူတွေ အထွေးလိုက် ကြမ်းပြင်ပေါ်ကို လိမ့်ကျကုန်တယ်။
အဲဒီအချိန်မှာ..
ဝုန်းခနဲ..အသံနဲ့အတူ ကြမ်းပြင်က ပျဉ်ပြားတွေ လွင့်စင်ထွက်ကုန်တယ်။ ပျဉ်ပြားကြားကနေ ထွက်လာတဲ့ လက်နှစ်ဖက်..။ ဖုန်တွေသဲတွေလူးပြီး လက်သည်းတွေ ဖွာလန်ကြဲလို့။ ကြမ်းအောက်ကနေ တွယ်တက်လာတဲ့ အရာတစ်ခု..။
ကျွန်တော်နဲ့ မျိုးမြတ်အောင် တိုင်ပင်မထားဘဲ ပြတင်းပေါက်ကို ခေါင်းနဲ့ ပြိုင်တူ ထပ်ဆောင့်လိုက်တယ်။ ပြတင်းတံခါး ပွင့်ထွက်သွားတယ်။ ညလေပူတွေ အခန်းထဲကို ဝင်ချလာတယ်။ လေကောင်းလေသန့် မဟုတ်ဘူး။ အပုပ်နံ့တထောင်းထောင်းနဲ့ ညှီစို့နေတယ်။
ပြတင်းတံခါး ပွင့်သွားတာနဲ့ မျိုးမြတ်အောင်က အိနှင်းဘက်ကို လှည့်ပြီး ဝူးဝူးဝါးဝါးနဲ့.. လှမ်းခေါ်တယ်။
အိနှင်းက မကြားဘူး။ ကျွန်တော်တို့ကို ကြည့်လည်း ကြည့်မနေဘူး။
ကြမ်းပြင် အပေါက်ထဲကနေ တွယ်တက်လာတဲ့ ဖြူမော့်မျက်နှာနဲ့ သတ္တဝါကို ကြက်သေသေပြီး ကြည့်နေတယ်။
ဖြူမော့်ပါးစပ်ထဲကနေ ပန်းထွက်လာတဲ့ အမျှင်တွေ ကျော်ဇောရဲ့ ကလီစာတွေပေါ်ကို စုပြုံကျသွားတယ်။ ဖြူမော့်ရဲ့ ဖုန်အလူးလူးနဲ့ လက်ချောင်းတွေက ကျော်ဇောရဲ့ ဗိုက်အကွဲထဲကို ဝင်သွားတယ်။ ဖြူမော်က ကျန်တဲ့ လက်တစ်ဘက်နဲ့ ကြမ်းပြင်ကို အားယူပြီး တွယ်တက်လိုက်တယ်။
အိနှင်းက ပိတ်ထားတဲ့ပါးစပ်ကို ဖွင့်ပြီး အော်ဖို့ ကြိုးစားတယ်။ တအူးအူးအသံတွေပဲ ထွက်လာတယ်။ အိနှင်းရဲ့ မျက်လုံးတွေက ပြူးကျယ်ပြီး အပြင်ကိုတောင် ခုန်ထွက်တော့မယ်။ ကျော်ဇောရဲ့ တစ်ကိုယ်လုံး တဆတ်ဆတ်ခါလာတယ်။ အသားတွေ ချက်ခြင်းပဲ မည်းနက် ခြောက်ကပ်သွားတယ်။
မျိုးမြတ်အောင်က အခန်းအလယ်ကို ဝုန်းခနဲ ပြန်ပြေးသွားတယ်။ ဆောင့်ကြောင့်ကြီးထိုင်နေတဲ့ ဖြူမော့်မျက်နှာနဲ့ သတ္တဝါကို ဆောင့်ကန်ဖို့ ကြိုးစားတယ်။ ဖြူမော်က မျိုးမြတ်အောင်ရဲ့ ခြေထောက်တစ်ဘက်ကို လက်နဲ့ လှမ်းဖမ်းလိုက်တယ်။ မျိုးမြတ်အောင် ဘိုင်းခနဲ လဲကျသွားတယ်။ နောက်စေ့နဲ့ ကြမ်းပြင်နဲ့ တည့်တည့်ကြီး ထိသွားတယ်။
ဖြူမော်က ဆောင့်ကြောင့် ထိုင်နေရာကနေ မတ်တပ်ထရပ်လိုက်တယ်။ မီးရောင်ဝါဝါအောက်မှာ သူ့ရဲ့ ပုံသဏ္ဍာန်က ဆိုးရွားလွန်းတယ်။ ဖုန်တွေသဲတွေ ကပ်နေတဲ့ မျက်နှာမှာ ညိုညစ်ညစ်အရည်တွေ ပေပွနေတယ်။ ဆံပင်တွေက ပခုံးဘေးတစ်ဘက်တစ်ချက်စီမှာ ဖားလျားကျလျက်သား။ ပါးစပ်နေရာမှာ ပါးဟက်လို ဟက်တက်ကွဲနေတဲ့ အကွဲကြောင်းနှစ်ခု။
ဖြူမော့်လက်တွေက မျက်နှာကြက်မှာ တွဲလောင်းကျနေတဲ့ မီးသီးဆီကို ရောက်သွားတယ်။
မီးလုံးကို ညှစ်ပြီး ခွပ်ခနဲ ခွဲချလိုက်တယ်။
(ဃ)
အဲဒီမှာ ကျွန်တော့် နှလုံး ခဏ ရပ်သွားတယ်ထင်တယ်။ ဘာလို့လဲဆိုတော့ နားထဲမှာ ကြားနေတဲ့ တဂွီဂွီ အသံတွေ အုံ့မှိုင်းသွားတယ်။ အပုပ်နံ့တွေဆက်တိုက်ရနေတဲ့ နှာခေါင်း ဆက်အလုပ်မလုပ်တော့ဘူး။ လုံး၀ ပျောက်ကွယ်သွားတဲ့ အလင်းရောင်နဲ့ အတူ ကျွန်တော့်ရဲ့ သိစိတ်တချို့လည်း ထွက်ပြေးသွားတယ်ထင်တယ်။
အုန်းဆံကြိုးကို တိုးပြီး ထွက်လာတဲ့ အော်သံတွေကို ဆက်တိုက်ကြားရတယ်။ မျိုးမြတ်ရဲ့ အော်သံ.. အိနှင်းရဲ့ အော်သံ..။ ကျွန်တော့် ဘေးပတ်ပတ်လည်ကို လာစင်တဲ့ သွေးစက်တွေ။ ကျွန်တော့် မျက်နှာကို လာမှန်တဲ့ အသားစတွေ။
မျက်လုံးထဲမှာ ဘာမှ သေသေချာချာ မမြင်ရသေးဘူး။ အရိပ်တွေ ဖြတ်သွားတယ်။ မျက်နှာကြက်မှာ.. ကြမ်းပြင်မှာ..။ အခန်းထဲမှာ ကမ္ဘာပျက်နေမှန်း ကျွန်တော် သိနေတယ်။ ဒါပေမယ့် အဲဒီကမ္ဘာနဲ့ ကျွန်တော်နဲ့ မဆိုင်တော့သလို ကျွန်တော့် စိတ်ဝိဉာဉ်က အဝေးတစ်နေရာမှာ..။ လိပ်ပြာလွင့်သွားသလို.. ။
အခန်းတံခါး ဖြောင်းခနဲ ကျိုးသွားတဲ့ အသံကို ကြားတော့မှ ကျွန်တော် သတိပြန်ဝင်လာတယ်။ ဓာတ်မီးအလင်းရောင်စူးစူး အခန်းရဲ့ အမှောင်ထုထဲကို ထိုးခွဲပြီး ဝင်လာတယ်။
ဓာတ်မီး အလင်းရောင်တန်းရဲ့ အောက်မှာ.. မြင်လိုက်ရတဲ့ မြင်ကွင်း။ မီးရောင်ကို ကျောပေးထားတဲ့ သတ္တဝါ၊ မျက်နှာကြက်မှာ တွဲလောင်းခိုနေတယ်။ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ဘောလုံးလောက်နီးနီး ကြီးတဲ့ အရာနှစ်ခု..။ မျိုးမြတ်အောင်ရဲ့ ဆံပင်တိုတိုညှပ်ထားတဲ့ ခေါင်း..။ မိနှင်းရဲ့ ဆံပင်ကုတ်ဝဲနဲ့ မျက်နှာ..။
ဖြူမော်က လက်ထဲက ခေါင်းပြတ်နှစ်ခုကို ကြမ်းပြင်ပေါ်ကို ဒုန်းခနဲ ပစ်ချလိုက်တယ်။ တံခါး၀ဘက်ကို လှည့်ပြီး ဟီးခနဲ မာန်ဖီတယ်။
တံခါး၀မှာ ဓာတ်မီးကို ကိုင်ပြီး ရပ်နေတဲ့ လူရိပ်တစ်ခု။
ဖြူမော့်မျက်နှာနဲ့ သတ္တဝါ မျက်နှာကြက်ကနေ အောက်ကို ခုန်ချလိုက်တယ်။ ကြမ်းပြင်ပေါ်ကို လေးဘက်ထောက်ကျတယ်။
လူရိပ်က ဓာတ်မီးကို ကိုင်ထားရင်း မလှုပ်မယှက်ရပ်နေတယ်။
ဖြူမော်.. အဲဒီ လူရိပ်ကို ခုန်အုပ်လိုက်တယ်။
ဖျတ်ခနဲ လင်းသွားတဲ့ သတ္တုရောင်တစ်ခု..။
ဖြူမော့်ရဲ့ ကိုယ်ခန္ဓာ နှစ်ပိုင်း ပြတ်ထွက်သွားတယ်။ အေး…ဆိုပြီး အော်လိုက်တဲ့ အသံကြီးနဲ့အတူ ဖြူမော့် ရဲ့ အောက်ပိုင်းက တံခါး၀မှာ ဒူးထောက်လျက်သား ပြုတ်ကျသွားတယ်။ အပေါ်ပိုင်းက အခန်းထောင့်ကို လွင့်ထွက်သွားတယ်။
ကိုယ်အပိုင်းပြတ်နှစ်ခုထဲကနေ တဝီးဝီး ခုန်ထွက်လာတဲ့ မည်းမည်းအမျှင်တွေ..။
အမျှင်တွေက တီကောင်တွေလို တတွန့်တွန့်တွားသွားရင်း အခန်းထောင့်မှာ မျက်နှာအပ်ပြီး တုန်နေတဲ့ နယ်လီ့ကိုယ်ခန္ဓာဆီကို ဦးတည်သွားနေတယ်။
လူရိပ်က အခန်းထဲကို ဝင်လာတယ်။ နယ်လီ့ကို ဆွဲထူတယ်။ စွေ့ခနဲ ပါလာတဲ့ နယ်လီ့ကိုယ်လုံးကို အခန်းအပြင်ကို တွန်းထုတ်လိုက်တယ်။ နယ်လီ အခန်း၀မှာ ခွေခွေကလေး လဲကျသွားတယ်။
မည်းမည်း အမျှင်တွေက နေစရာနေရာ ပျောက်သွားသလို ကြမ်းပြင်မှာ တလွန့်လွန့်လူးတယ်။ တော်တော်လေးကြာမှ ကြမ်းပေါက်တွေထဲကို စိမ့်ဝင်ပျောက်ကွယ်သွားတယ်။
ကျွန်တော် မလှုပ်နိုင်သေးဘဲ ပြတင်းပေါက်ကို ကျောပေးရင်း ကြက်သေသေနေမိတယ်။ ဓာတ်မီးရောင်က ကျွန်တော့် မျက်နှာတည့်တည့်ကို ရောက်လာတယ်။ မျက်လုံးတွေ စူးသွားပြီး ကျွန်တော် ခေါင်းကို ငုံ့ချလိုက်တယ်။
အခန်း၀က လူရိပ် ကျွန်တော့်ရှေ့ကို လျှောက်လာတယ်။ ကျွန်တော့်မျက်နှာကို လက်နဲ့ ကိုင်ပြီး ဆွဲမော့တယ်။
မီးရောင်စူးစူးကို ကျော်ပြီး သူ့ကို ကျွန်တော်ကြည့်လိုက်တယ်။
“မင်းခန့်ထူးဆိုတာ နင်လား”.. သူက မေးတယ်။
အခန်း (၁၄)
(က)
ကျွန်တော် တစ်ကိုယ်လုံး တုန်နေတယ်။ လက်ကောက်ဝတ်မှာ ထင်နေတဲ့ အုန်းဆံကြိုးအရာတွေကို လက်နဲ့ ပွတ်နေမိတယ်။ ပါးစပ်ထဲက အုန်းဆံအစအနတွေကို ထွေးထုတ်ဖို့ ကြိုးစားတာ အကြိမ်ကြိမ်ရှိပြီ.. ဒါပေမယ့် အာခေါင်ထဲမှာ ကပ်နေတုန်းပဲ။
ကျွန်တော်တို့ အခု ဧည့်ခန်းထဲမှာ။ နယ်လီက ဆက်တီခုံပေါ်မှာ ဘေးတစောင်းလှဲပြီး အိပ်ပျော်နေတယ်။ အိပ်ပျော်နေတာလား.. သတိလစ်နေတာလားတော့ မသေချာ။
“ရော့.. ဒါသောက်လိုက်”.. ကျွန်တော့်ရှေ့မှာ ထိုင်နေတဲ့ အမျိုးသမီးက သူ့လက်ထဲက ဖန်ပုလင်းသေးသေးလေးကို ကျွန်တော့်ကို လှမ်းပေးတယ်။
ပုလင်းကို လှမ်းယူရင်း သူ့ကို ကျွန်တော် သေချာကြည့်လိုက်တယ်။ ဧည့်ခန်း စားပွဲပေါ်မှာ ဘေးတစ်စောင်းထိုင်နေတဲ့ အမျိုးသမီး။ အသက်က ၃၀ မကျော်သေးဘူးထင်တယ်။ ခပ်ငယ်ငယ်ပဲ။ ဂျင်းဘောင်းဘီ အနက်၊ ဂျင်းဂျက်ကတ်အနက်နဲ့။ ဆံပင်တွေကို နောက်လှန်ပြီး စည်းထားတယ်။ မေးရိုးပြတ်ပြတ် မျက်နှာ။ စူးရှနေတဲ့ မျက်လုံးတွေ။ လက်ထဲမှာကိုင်ထားတဲ့ ဓားရှည်တစ်လက်။ ပန်းနွယ် ပန်းခက်တွေ စီထားတဲ့ ဓားအိမ်က ကြေးနီရောင် တဖိတ်ဖိတ်တောက်နေတယ်။ ဓားရဲ့ လက်ကိုင်မှာလည်း အကွက်အခက်တွေ ရှုပ်ပွနေအောင် ထွင်းထားတယ်။
“ခင်ဗျားက ဘယ်သူလဲ။ ဒါက ဘာလဲ”.. လက်ထဲက ပုလင်းကို ကြည့်ရင်း ကျွန်တော်မေးလိုက်တယ်။
“စုစုပေါင်း ဘယ်နှယောက်လဲ”.. သူက ကျွန်တော့်ကို မကြည့်ဘဲ အခန်းကို လေ့လာသလို ဝေ့ဝဲကြည့်နေရင်း မေးတယ်။
“ဗျာ”
“ဘယ်နှယောက်လဲ။ နင်နဲ့ ပါလာတာ.. ငါးယောက်လား။ ခြောက်ယောက်လား”
“ကျွန်တော့်သူငယ်ချင်းတွေကို မေးတာလား။ ဟုတ်တယ် ခြောက်ယောက်”.. ကျွန်တော် ပြန်ဖြေလိုက်ရင်း မျက်လုံးတွေက အိပ်ခန်းဘက်ကို ရောက်သွားတယ်။ အခန်းထဲမှာ .. အတုံးအရုံးသေနေကြတဲ့ ကျွန်တော့် သူငယ်ချင်းတွေ..။ ကျွန်တော့်လက်ချက်ကြောင့်.. ကျွန်တော့်အပြစ်..။
“အဲဒီပုလင်းကို အရင်မော့သောက်လိုက်”.. သူကပြောတယ်။
ကျွန်တော် နားထင်နှစ်ဘက်ကို လက်နဲ့ ဖိလိုက်တယ်။ ဆို့တက်လာတဲ့ ငိုချင်စိတ်ကို ထိန်းလိုက်တယ်။
“နေဦး..ခင်ဗျားက ဘယ်သူလဲ.. ခင်ဗျား..”
ကျွန်တော့်စကားမဆုံးခင်မှာပဲ သူက ကျွန်တော့်လက်ထဲက ပုလင်းကို ဖတ်ခနဲ လှမ်းယူတယ်။ ကျွန်တော့် ပါးစပ်ကို ဆွဲဟတယ်။ အရည်တွေကို လောင်းထည့်လိုက်တယ်။
ပါးစပ်ထဲစီးဝင်လာတဲ့ အရည်အေးအေးတွေကြောင့် ကျွန်တော် တခွပ်ခွပ် သီးသွားတယ်။ လည်ချောင်းထဲကို တစ်ဝက်လောက်ဝင်သွားပြီး ကျန်တဲ့ တစ်ဝက်က အပြင်ကို စင်ထွက်ကုန်တယ်။
“ဘာတွေလဲ..ဘာတွေ…”.. ပြောနေရင်း ကျွန်တော် ငြိမ်ကျသွားတယ်။ စောစောက တဒုတ်ဒုတ် ခုန်နေတဲ့ နှလုံးခုန်သံက နှေးသွားတယ်။ ဟိုဟိုဒီဒီ ရမ်းခါနေတဲ့ အတွေးတွေလည်း တည်ငြိမ်သွားတယ်။ ရင်ဘတ်ထဲအထိ စီးဆင်းသွားတဲ့ အရည်တွေနဲ့အတူ ကျွန်တော့်စိတ်တွေ ရုတ်ခနဲ ငြိမ်သွားတယ်။ အမြင်အာရုံတွေ ကြည်လာတယ်။ နားထဲမှာ အူနေတဲ့ အသံတွေ ပျောက်သွားတယ်။
“ခင်ဗျားကျွန်တော့်ကို တိုက်လိုက်တာ ဘာလဲ”.. ကျွန်တော် မေးလိုက်တယ်။
အမျိုးသမီးက ကျွန်တော်မေးတာကို ပြန်မဖြေဘဲ ကျွန်တော့် လည်ပင်းနေရာကို စိုက်ကြည့်နေတယ်။
“အဲဒီအနာက ဘယ်နှရက်ရှိပြီလဲ”.. သူကမေးတယ်။
“ဒီဒဏ်ရာလား”.. လည်ပင်းက အဝတ်ကို ဆွဲဖြည်ပြီး ကျွန်တော် မေးလိုက်တယ်။ အဝတ်နဲ့ကပ်နေတဲ့ အသားတချို့ ပြဲပါသွားတော့ ကျင်ခနဲ ဖြစ်သွားတယ်။ “နှစ်ရက်လောက်ပဲ ရှိသေးတယ်..။ ဟို..မကောင်းဆိုးဝါး အကောင်.. ကိုက်သွားတာ”
“ဪ..”
“ခင်ဗျားက ဘယ်သူလဲ။ ဘာလို့ ကျွန်တော့်နာမည်ကို သိနေတာလဲ”
သူက ထိုင်နေရာကနေ ထရပ်လိုက်တယ်။ လက်ထဲက ဓားကို စားပွဲပေါ်မှာ တင်တယ်။ ဂျင်းဂျက်ကတ်ရဲ့ အင်္ကျီလက်တွေကို ပင့်တင်တယ်။ သူ့ရဲ့ လက်တစ်ဖက်စီမှာ ပြည့်ကျပ်နေအောင်ထိုးထားတဲ့ ဆေးမင်ကြောင်တွေ အထင်းသားပေါ်လာတယ်။
“ငါ့နာမည် မမမေ။ နင့်ခေါင်းကို မော့ထားလိုက်။ မျက်လုံးတွေ မှိတ်ထား”.. မမမေက ပြောတယ်။
အခန်း (၁၅)
“မမမေ ဆိုတာ သူ့နာမည်အရင်းလား”.. သူဇာလွင် မေးလိုက်တယ်။
“မသိဘူးလေ။ အဲဒါ ဘာအရေးကြီးလို့လဲဗျ။ နာမည် အရင်းဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ.. သူရောက်လာတာနဲ့ အဲဒီ မကောင်းဆိုးဝါးက အမြီးကုပ်ပြီး ထွက်ပြေးသွားတာတော့ အမှန်ပဲ”.. မင်းခန့်ထူးက ပြောတယ်။
“ဒါဆို ဦးသိန်းတို့ကရော”
“ဇာတ်လမ်းက အခုမှ တစ်ဝက်ပဲ ရှိပါသေးတယ်။ အေးဆေးပေါ့။ စတုတ္ထည၊ မေလ ၂ ရက်နေ့ ည.. အဲဒီကျတော့မှ ပွဲကြီးပွဲကောင်းတွေ ဖြစ်တော့တာ”
သူဇာလွင် လက်ကနာရီကို နောက်တစ်ကြိမ် ကြည့်မိပြန်တယ်။ မင်းခန့်ထူးက နာရီတကြည့်ကြည့် လုပ်နေတဲ့ သူဇာလွင့်ကို သတိထားမိသွားတယ်ထင်တယ်။
“ကျွန်တော် ဒီဇာတ်လမ်းကို ခင်ဗျားကို ပြီးအောင် ပြောပြမှ ဖြစ်မယ် မသူဇာ”.. မင်းခန့်ထူးက ပြောတယ်။
သူဇာလွင် သက်ပြင်းချလိုက်တယ်။ ရုံးခန်းမကြီးထဲမှာ ပြန်ဖို့ ပြင်နေကြတဲ့ လွင်သူဟိန်းတို့ အဖွဲ့.. သူဇာလွင့်ဘက်ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေကြတယ်။
“နောက်တစ်နေ့မှ ပြန်ချိန်းလို့ မရဘူးလား ကိုမင်းခန့်”.. သူဇာလွင် မေးလိုက်တယ်။
“ဟင့်အင်း”.. မင်းခန့်ထူးက ခေါင်းခါတယ်။
“ဘာဖြစ်လို့လဲ”
“မသူဇာ ကျွန်တော် ခင်ဗျားကို တစ်ခု မေးချင်တယ်”.. မင်းခန့်ထူးက ပြောတယ်။
“ဟုတ်”
“ခင်ဗျား မိဘတွေ ဘယ်မှာလဲဗျ”
“ရှင်။ အဲဒါနဲ့ ရှင်နဲ့ ဘာဆိုင်လို့လဲ”.. သူဇာလွင် သတိအနေအထား ဖြစ်သွားတယ်။ စောစောကလည်း ဒီမေးခွန်းကို သူမေးပြီးပြီ။ ဘာသဘောလဲ။
“ခင်ဗျားက မိဘမဲ့ မဟုတ်လား”.. မင်းခန့်ထူးက မေးတယ်။
“ဘာ..”.. သူဇာလွင် တစ်ကိုယ်လုံး တောင့်တင်းသွားတယ်။ ရင်ထဲမှာ ခါသွားတယ်။ ပါးနှစ်ဘက်က ချက်ခြင်း ရဲတက်လာတယ်။
“ခင်ဗျား မိဘမဲ့ ဂေဟာမှာ ကြီးလာတာမဟုတ်လား။ အဲဒါကို မေးတာ”.. မင်းခန့်ထူးက သူဇာလွင့်ကို စေ့စေ့ကြည့်ရင်း ပြောတယ်။
“ရှင် အဲဒါကို ဘယ်လိုသိတာလဲ။ ဘယ်ကနေ ဘယ်လို..”
“အဲဒီလောက်လည်း လန့်မသွားပါနဲ့ဗျ။ ဘာမှ မခက်ပါဘူး။ ကျွန်တော့်ဘက်က ခင်ဗျားနဲ့ ပတ်သက်တဲ့ နောက်ကြောင်းတွေကို လေ့လာထားပြီးသားပါ”
“ဒါပေမယ့် ဒီအကြောင်းကို ကျွန်မ ဘယ်သူ့ကိုမှ ပြောပြမထားဘူး။ ဘယ်သူမှ မသိဘူး”.. သူဇာလွင် လေသံကို ထိန်းပြီး ပြောလိုက်တယ်။ ဒီလူက ဒါတွေကို ဘာလို့သိနေတာလဲ။ ဘာအတွက်လဲ။
“ဘယ်သူမှ မသိဘူးဆိုတာ ဖြစ်နိုင်ပါ့မလားဗျ။ ခင်ဗျားကလည်း။ ခင်ဗျား ၁၉ နှစ်လုံးလုံး နေလာခဲ့တဲ့ နေရာတစ်ခုက လူတွေက ခင်ဗျား နာမည်ပြောင်းလိုက်တာနဲ့ ခင်ဗျားကို မေ့သွားမယ်လို့ ထင်နေတာလား။ ပိုက်ဆံ သိန်း သုံးလေးဆယ် ပစ်ပေးလိုက်ရင် လူတစ်ယောက်ရဲ့ နောက်ကြောင်းကို ကကြီးကနေ အ,အထိ လိုက်စုံစမ်းပေးမယ့်သူတွေ တစ်ပုံကြီးပါဗျ”
အတိတ်က ပုံရိပ်တွေ သူဇာလွင့် အာရုံထဲကို လေတိုးသလို တဝေါဝေါနဲ့ ပြေးဝင်လာတယ်။ မနက်အိပ်ရာထ.. တန်းစီ..။ ထမင်းစားဖို့ပြင်.. တန်းစီ..။ ရေချိုးဖို့ပြင်.. တန်းစီ..။ လေးငါးလကိုတစ်ခါ လာလာကြည့်ကြတဲ့ အကဲဖြတ် အကြည့်တွေ..။ အရွေးခံရတဲ့ သူတွေကိုကြည့်ရင်း တဖွားဖွား ပေါ်လာခဲ့တဲ့ မနာလို ဒေါသိစိတ်တွေ..။ မျှော်လင့်ချက် တဖျပ်ဖျပ်နဲ့ မျက်လုံးလေးတွေ နှစ်တွေကြာလာတာနဲ့ အမျှ အရောင်တွေ မှိန်ကျသွားခဲ့တာတွေ..။ မရောက်လာတော့တဲ့ မိဘအသစ်တွေကို အပျိုဖော် အရွယ်ဝင်တဲ့အထိ ထိုင်စောင့်နေခဲ့ရတာတွေ..။
“ရှင်ဘာလို့ ဒီ နောက်ကြောင်းကို ပြန်ဖော်ချင်တာလဲ။ ကျွန်မ ရှင့်ကို ဘာလုပ်မိလို့လဲ။ ရှင်နဲ့ ကျွန်မ ဘာအညှိုးတွေရှိလို့လဲ။ ရှင် ဘယ်သူ့ကို ပြောပြထားပြီးပြီလဲ။ ကျွန်မ.. ကျွန်မ..”.. သူဇာလွင် အသံတွေ တုန်လာတယ်။ တစ်မနက်လုံး၊ တစ်ညလုံး ထိန်းထားခဲ့တဲ့ စိတ်ဓာတ်အင်အားတွေ သူ့မေးခွန်း တစ်ခုရဲ့အောက်မှာ ပြိုလဲကျသွားခဲ့ပြီ။
“ခင်ဗျား ဘာလို့ တခြားလူတွေကို ညာထားတာလဲ။ ကျွန်တော် နားမလည်ဘူး”.. မင်းခန့်ထူးက သူဇာလွင့်ကို ကြည့်ရင်းမေးတယ်။ သူ့မျက်လုံးထဲက အရိပ်အယောင်တွေက ကြင်နာသနားမှုလား၊ လှောင်ပြောင်ကဲ့ရဲ့ခြင်းတွေလား..။
“ရှင် ဆက်မမေးပါနဲ့တော့။ ကျွန်မ မဖြေနိုင်ဘူး။ ဒီအကြောင်းကို ဒီနေရာမှာပဲ ရပ်လိုက်ပါတော့”.. ဝဲကျလာချင်နေတဲ့ မျက်ရည်တွေကို အတင်းထိန်းရင်း သူဇာလွင် ပြောလိုက်တယ်။
“ကျွန်တော် ခင်ဗျားကို အရှက်ခွဲချင်လို့ မေးနေတာမဟုတ်ဘူး မသူဇာ။ အမှန်အတိုင်း သိချင်လို့ မေးတာ။ ခင်ဗျား ကျွန်တော့်ကို ကိုယ်ချင်းစာနိုင်အောင်၊ ကျွန်တော့်စကားတွေကို ပိုပြီး ယုံကြည်လာနိုင်အောင် မေးတာ”
“ဘာ..ဘာဆိုင်လို့လဲ”
“အမှန်တရားကို နှစ်ပေါင်းများစွာ ဖုံးထားရတဲ့ ခံစားချက်ကို ခင်ဗျားကိုယ်တိုင်လဲ နားလည်နေတာပဲ မဟုတ်လား မသူဇာ။ အခု ကျွန်တော့်ဘက်က အမှန်အတိုင်း ခင်ဗျားကို မခြွင်းမချန်တွေ ပြောပြနေပြီ။ ခင်ဗျားဘက်ကလည်း ပြောပြသင့်တယ် မထင်ဘူးလား။ ခင်ဗျား ဟို ဆောင်းပါးထဲမှာ ရေးခဲ့တာလေ.. “အမှန်တရားဟာ အမြဲတမ်း တရားပါတယ်”ဆိုတာ မေ့နေပြီလား..”
“ကျွန်မ ဘာကို ပြောပြရမှာလဲ။ ဟုတ်တယ် ကျွန်မက မိဘမဲ့။ မွေးကတည်းက စွန့်ပစ်ခံခဲ့ရတဲ့ သူတစ်ယောက်။ မိဘမဲ့ ဂေဟာမှာ အရွယ်ရောက်လာတာ။ အခုလည်း တစ်ကောင်ကြွက်ပဲ။ ကျွန်မမှာ ဘယ်သူမှ မရှိဘူး။ ကဲ.. ကျေနပ်ပြီလား။ ဘာသိချင်သေးသလဲ”.. တုန်နေတဲ့ အသံကို ထိန်းပြီး သူဇာလွင် တရစပ်ပြောချလိုက်တယ်။ အော်မဆဲမိအောင် ဒေါသကို ထိန်းထားရတယ်။ လေသံကျယ်မသွားအောင် စိတ်ကို တင်းထားရတယ်။ မင်းခန့်ထူးဆိုတဲ့ လူကို ခုန်အုပ်ပြီး တစ်စစီ ဆွဲဆုတ်ပစ်ချင်နေတယ်။
“ဒါဆို ဘာလို့ ဖုံးထားတာလဲ”..မင်းခန့်ထူးက မညှာတာစွာနဲ့ပဲ ဆက်မေးနေတယ်။
သူဇာလွင် အံကိုကြိတ်လိုက်တယ်။
“ကျွန်မ မသိဘူး။ အလုပ် စဝင်ကတည်းက အင်တာဗျူးမှာကတည်းက ညာပြောခဲ့မိတာ။ နောက်ပိုင်းကျတော့ ပြန်မပြင်ချင်တော့ဘူး။ အခုမှတော့ ထုတ်ပြောလည်း မထူးတော့ဘူး။ ပိုဆိုးရုံပဲ ရှိမှာပေါ့”
“ကျွန်တော့် အမြင်ကိုပြောရရင်တော့ ခင်ဗျား ရှက်နေတာ။ ရှက်စရာ ကိစ္စမှ မဟုတ်ဘဲ မသူဇာ..။ ဘာမှ မရှိတဲ့ဘ၀ကနေ အခုလို အခြေအနေရောက်အောင် ကိုယ့်ထူးကိုယ်ချွန် လုပ်လာတာ ဘာရှက်စရာရှိသလဲ။ ကျွန်တော်သာ ခင်ဗျားနေရာမှာဆိုရင် တော်တော် ဂုဏ်ယူမိမှာပဲ။ ကျွန်တော့်ကိုပဲကြည့်လေ.. အကုန်လုံး ပြည့်စုံပြီး မွေးလာခဲ့တာတောင် ဘာမှ အဖြစ်ရှိအောင် မလုပ်နိုင်ဘူးမဟုတ်လား”.. မင်းခန့်ထူးက သူ့ရင်ဘတ်သူ လက်ညှိုး ထိုးပြရင်း ပြောတယ်။
“ကိုမင်းခန့်ထူး။ ရှင်ကျွန်မထက် အသက် ဆယ်နှစ်လောက်ကြီးတာကို ကျွန်မ သိတယ်။ နားလည်တယ်။ ဒါပေမယ့် ကျွန်မ ဘ၀ကို ဘယ်လိုနေပါ ဘယ်လိုလုပ်ပါ ဆိုပြီး ဆရာမလုပ်ပါနဲ့။ ကျွန်မ မကြိုက်ဘူး”..သူဇာလွင် လေသံမာမာနဲ့ ပြောလိုက်တယ်။ မျက်တောင်စွန်းက မျက်ရည်စတွေကို ခါထုတ်လိုက်တယ်။ ..”ရှင် ဒီအကြောင်းတွေကို ဘယ်တုန်းကတည်းက စုံစမ်းထားတာလဲ။ ဘာလုပ်ဖို့လဲ”
“ထားပါတော့။ ခင်ဗျားနဲ့ စတွေ့ကတည်းက ကျွန်တော် သိနေတဲ့အကြောင်း ပြောပြလိုက်ရမှာ။ ဆောရီးပါ။ ကျွန်တော်တို့ နှစ်ယောက်ကြားမှာ ရှိလာနိုင်တဲ့ မရှိမဲ့ ရှိမဲ့ ရင်းနှီးမှုလေး ပျက်သွားမှာစိုးလို့ မပြောခဲ့တာ”
“ရှင်နဲ့ ကျွန်မနဲ့ကြားမှာ ဘာရင်းနှီးမှုမှ မရှိဘူး ကိုမင်းခန့်ထူး။ အလုပ်သဘော သက်သက်ပဲ”..သူဇာလွင် ပြန်ပြောလိုက်တယ်။
“အိုကေလေ။ ခင်ဗျား စိတ်မပူပါနဲ့။ ကျွန်တော် ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောပါဘူး။ ပြောလိုက်လို့လည်း ကျွန်တော့်အတွက် ဘာအကျိုးမှ မရှိဘူး”
“ဒါဆိုရင် ဘာလို့ ကျွန်မ နောက်ကြောင်းကို လိုက်ပြီး စုံစမ်းထားတာလဲ။ ဘာလဲ။ ရှင်ပြောတော့ ကျွန်မ ဆောင်းပါးကို ဖတ်မိပြီး သဘောကျသွားလို့ အင်တာဗျူးလက်ခံမယ်ဆိုပြီး ရွေးလိုက်တာဆို။ ကျွန်မ ရှင့်ကို မယုံတော့ဘူး။ ရှင်ဘာလို့ ကျွန်မကို ရွေးတာလဲ။ ဘာလို့လဲ။ ရှင့်ဇာတ်လမ်းကို ဆုံးအောင် နားမထောင်ပေးရင် သူများတွေကို ဒီအကြောင်း ပြောလိုက်မယ်ဆိုပြီး အကြပ်ကိုင်မလို့လား။ ရှင့်ရဲ့ လုပ်ကြံဇာတ်လမ်းကို အမှန်တွေပါ ဆိုပြီးတော့ ကျွန်မကို လိမ်ညာရေးခိုင်းမလို့လား။ အဲဒါဆိုရင်တော့ ဆောရီးပဲ။ ကျွန်မအကြောင်း လူတကာကို ပြောပြချင်လည်း ပြောပြလိုက်။ ဂရုမစိုက်ဘူး”
“ကျွန်တော် အဲဒီလို အကြပ်မကိုင်ပါဘူး။ မလုပ်ပါဘူး။ စိတ်ချပါ”
“ဒါဆို ဘာလို့ ကျွန်မအတိတ်ကို ပြန်ဖော်တာလဲ။ ဘာအတွက်လဲ”
“ဒါနဲ့ စကားဝါဇာတ်လမ်းပြန်ဆက်ရအောင်။ စောစောက ပြောနေတာ ဘယ်ရောက်သွားသလဲဗျ”.. မင်းခန့်ထူးက စကားလမ်းကြောင်းကို သိသိသာသာကြီး လွှဲချလိုက်တယ်။
သူဇာလွင် လက်လျှော့လိုက်တယ်။ သက်ပြင်း အရှည်ကြီး ချတယ်။ ပျက်ယွင်းနေတဲ့ ကိုယ်နေကိုယ်ဟန်နဲ့ မျက်နှာထားကို ပြန်ပြင်တယ်။ ဒီအရာဟာ ဒီလို ဖုံးဖိထားလို့ မရနိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုဆိုတာ သူဇာလွင် သိပြီးသားပါ။ ဒါပေမယ့် ရေလိုက်ငါးလိုက် နေရင်းနဲ့ အဖြစ်မှန်ကို မေ့ပျောက်သွားခဲ့တာတော့ မတတ်နိုင်ဘူးလေ။ ဟိုး လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်… သူဇာလွင် အသက် ၂၀ မပြည့်ခင်တုန်းက ပါးစပ်က လွှတ်ခနဲ ထွက်သွားခဲ့တဲ့ အလိမ်အညာတစ်ခုဟာ.. မထင်မှတ်ဘဲ အခုအချိန်ထိ အနည်ထိုင် တည်မြဲသွားခဲ့တာ။ မိဘတွေက နယ်မှာ.. ဆိုပြီး ပြောရင်း ပြောရင်းနဲ့ သူဇာလွင့်စိတ်ထဲမှာ ဟိုးအဝေးတစ်နေရာမှာများ သူ့မိဘတွေ ရှိနေသေးလားဆိုပြီး ယုံချင်လာခဲ့တာ..။ အခု.. သူနဲ့ တစ်ရက်တောင်ပြည့်အောင် မသိရသေးတဲ့ လူစိမ်းတစ်ယောက်က သူဇာလွင့်ရဲ့ အထိမခံနိုင်တဲ့ အနာကို တုတ်နဲ့ လာဆွနေတယ်။ အခုနေ ရုံးကလူတွေ ဒီအကြောင်းကို သိသွားရင် သူဇာလွင့်ကို ဘာပြောကြမလဲ။ အမှန်တရားကို ရေဆုံးမြေဆုံး လိုက်တတ်တဲ့ ဒေါ်သူဇာလွင်တစ်ယောက်.. ဒီမုသားကြီးကို နှစ်ပေါင်းများစွာ အသက်ဆက်ထားခဲ့တာကို သိများသိသွားရင်..။ ကေသီမော်လို မိန်းမမျိုးသာ ဒီသတင်းကို သိသွားရင်.. သွားပြီ။
“မမမေက ရှင့်ကို ခေါင်းမော့ခိုင်းတယ်။ ပြီးတော့ ဘာဆက်ဖြစ်သလဲ”.. သူဇာလွင် အာရုံတွေကို ပြန်စုစည်းပြီး ဖြေလိုက်တယ်။ ဒီဇာတ်လမ်း မြန်မြန် ပြီးပါစေတော့လို့ ဆုတောင်းရုံမှ တစ်ပါး အခြားနည်းလမ်း မရှိတော့ဘူး။
(ဆက်ရန်)
ချမ်းမြေ့ဝင်း
၁၃-၅-၂၀၂၀