အခန်း (၁၁)
(က)
“ကမ္ဘာ့ အဆိုးဆုံး သေတမ်းစာဆိုပြီး ဆုတွေ ဘာတွေပေးရင် မင်းအဖေရဲ့စာက ပထမရလောက်တယ် ဟေ့ကောင်ရေ”.. မျိုးမြတ်အောင် ပြောတယ်။ သူ့လက်ထဲက စာရွက်တွေကို ကျွန်တော့်ဆီ ပြန်ကမ်းပေးတယ်။ သူ့လေသံက စနောက်သံ တစ်ဝက်ပါနေပေမယ့် မျိုးမြတ်ရဲ့ မျက်နှာကို လွှမ်းခြုံသွားတဲ့ ကြောက်စိတ်ကို ကျွန်တော် မြင်လိုက်ရတယ်။
ကျွန်တော် စာရွက်တွေကို ပြန်ခေါက်ပြီး ဂျင်းဘောင်းဘီအိတ်ထဲ ထိုးထည့်လိုက်တယ်။ ခေါင်းထဲက မေးခွန်းပေါင်းများစွာကို ခဏဘေးဖယ်ထားပြီး အခန်းပတ်ပတ်လည်ကို ကြည့်လိုက်တယ်။ နေ့အလင်းရောင်ရှိနေပေမယ့် ဒီအိမ်ရဲ့ အငွေ့အသက်တွေက လန်းဆန်းမလာသေးဘူး။ သွေးညှီနံ့ ခပ်သဲ့သဲ့ ကျန်နေသေးတယ်။ ကျွန်တော်တို့ ကိုယ်ထဲမှာ အရှိန်ရလာတဲ့ မသေချာခြင်းတွေ၊ စိုးရိမ်စိတ်တွေ၊ တစ်စထက်တစ်စ ပိုခိုင်မာလာတဲ့ အကြောက်တရားတွေ စုပေါင်းပြီး ဧည့်ခန်းတစ်ခုလုံး အုံ့မှိုင်းနေတယ်။ ဖြူမော်နဲ့ နယ်လီက အထုပ်ကိုယ်စီဆွဲပြီး အိမ်ရှေ့တံခါး၀နားမှာ မတ်တပ်ရပ်နေတယ်။ မိနှင်းက ကြမ်းပြင်မှာ ကွက်နေတဲ့ သွေးတွေကို အဝတ်စိုတစ်ခုနဲ့ ဖိပြီး ပွတ်နေတယ်။ ကျော်ဇောကိုတော့ မတွေ့ဘူး။ အိမ်ရှေ့ထွက်သွားတယ်ထင်တယ်။
“နင်တို့က ဘယ်သွားမလို့လဲ”..ဖြူမော်တို့ နှစ်ယောက်ကို ကျွန်တော် မေးလိုက်တယ်။
“ကျွန်မတို့ ပြန်တော့မယ်။ ကိုကျော်ဇော လိုက်မပို့ရင်လည်း ကိုယ့်ဘာသာကိုယ် လိုင်းကားနဲ့ ပြန်မယ်”.. နယ်လီက ငိုမဲ့မဲ့နဲ့ ပြန်ဖြေတယ်။
“ဒီရွာထဲကို ဘယ်လိုင်းကားက လာမှာလဲ။ ကြောင်တောင်တောင်နဲ့။ နေစမ်းပါ။ ငါ ကျော်ဇောကို ကြည့်ပြောပါ့မယ်”.. မျိုးမြတ်အောင်က ပြောတယ်။
“ယမင်းကို လိုက်မရှာတော့ဘူးလားဟင်”.. မိနှင်းက မော့ကြည့်ပြီး မေးတယ်။ သူ့မေးခွန်းက ဘယ်သူ့ကို ဦးတည်မှန်းမသေချာပေမယ့် အကုန်လုံးက ယမင်း ဆိုတဲ့ နာမည် ကြားလိုက်တာနဲ့ တွန့်ခနဲ ဖြစ်သွားကြပြန်တယ်။
“ဘယ်ကို လိုက်ရှာမလို့လဲ။ ကိုမင်းခန့်ပြောတော့ ယမင်းက သေပြီဆို။ ခေါင်းပြတ်သွားပြီဆို။ ဘယ်လို ပြန်လာမှာလဲ.. ပြန်လာရင်လည်း ကျွန်မတို့ ဒီမှာ စောင့်မနေရဲဘူး”..ဖြူမော်က ပြောတယ်။
“ဟာ..အဲဒါ တကယ် မဟုတ်လောက်ပါဘူး။ မင်းခန့်.. နင် အိပ်မက်မက်ပြီး ကယောင်ခြောက်ခြားတွေ ပြောနေတာပါ။ ဟုတ်တယ်မဟုတ်လားဟင်။ ဟုတ်တယ်မဟုတ်လား”..မိနှင်းက ပြောရင်းနဲ့ ကြမ်းပြင်မှာ ထိုင်ချလိုက်တယ်။ စီးကရက်တစ်လိပ်ကို မီးညှိပြီး အားရပါးရဖွာတယ်။ ငိုတော့မလို ဖြစ်နေတဲ့ မျက်နှာကို တင်းထားတယ်။
“ငါမပြောတတ်ဘူး မိနှင်း။ ငါကတော့ တကယ်ဖြစ်ခဲ့တာလို့ ထင်တာပဲ။ ငါ့လည်ပင်းက ဒဏ်ရာကိုကြည့်လေ။ ဒီဒဏ်ရာက ဘယ်က ရောက်လာသလဲ။ အိပ်မက်မက်နေတာဆိုရင်တော့ ကောင်းတာပေါ့”..ကျွန်တော် ပြန်ဖြေလိုက်တယ်။
မိနှင်းက ခေါင်းခါ်တယ်။ ဝဲကျလာတဲ့ မျက်ရည်တွေကို လက်နဲ့ သုတ်တယ်။
“စာထဲမှာ ဘာတွေ ရေးထားလို့လဲ”..မိနှင်းက မေးတယ်။
ကျွန်တော် မျိုးမြတ်အောင်ကို တစ်ချက်ကြည့်လိုက်တယ်။ မျိုးမြတ်အောင်က ခေါင်းခါပြတယ်။ မပြောနဲ့..ဆိုတဲ့သဘော။
“စာထဲမှာ ဘာတွေပါလို့လဲဟင်။ နင်တို့ မျက်နှာတွေက ဘာဖြစ်နေကြတာလဲ။ ဘာတွေရေးထားတာလဲ”..မိနှင်းက မတ်တပ်ထရပ်ပြီး ထပ်မေးတယ်။ မျိုးမြတ်အောင်က ပခုံးတွန့်ပြီး ကျွန်တော့်ဘက်ကို မေးငေါ့ပြတယ်။ မိနှင်းက ကျွန်တော့်လက်မောင်းကို ကိုင်လှုပ်ရင်း မေးပြန်တယ်။ “မင်းခန့်။ အဲဒီစာက ဘာလဲ”
“ငါ ပြန်လာခဲ့မယ်”.. ကျွန်တော် ပြောပြီးတာနဲ့ အိမ်ထဲကနေ ထွက်လာလိုက်တယ်။
(ခ)
အချိန်က မနက် ဆယ့်တစ်နာရီကျော်ကျော်ပဲ ရှိသေးပေမယ့် အပြင်မှာ နေက ချစ်ချစ်တောက် ပူနေပြီ။ မျက်လုံးထဲကို ဆောင့်ဝင်လာတဲ့ အလင်းရောင်တွေကြောင့် ကျွန်တော် ပျာခနဲ ဖြစ်သွားတယ်။ နှစ်ရက်လုံးလုံး အိမ်တွင်းအောင်းနေတဲ့ ကျွန်တော့်ရဲ့ ဦးနှောက်က ပြင်ပအလင်းကို ကျင့်သားမရသေးဘူး။ မျက်လုံးကို လက်နဲ့ ကာရင်း အိမ်အောက်ကို ကျွန်တော် ဆင်းတယ်။ အိမ်ရဲ့ ယိုယွင်းချိနဲ့နေတဲ့ လှေကားထစ်တွေက ကျွန်တော့်ခြေထောက်အောက်မှာ တဂျစ်ဂျစ်မြည်ပြီး ဆူညံသွားတယ်။
ခြံဝင်းထဲမှာ ပွထနေတဲ့ သစ်ကိုင်းခြောက်တွေ၊ သစ်ရွက်စုတ်တွေ၊ အမှိုက်သရိုက်တွေကို ရှောင်ရင်း ရှားရင်းနဲ့ ခြံ၀ဘက်ကို လျှောက်အသွားမှာ နောက်ကနေ လှမ်းခေါ်တဲ့ အသံကို ကြားလိုက်ရတယ်။
“ဒါက ဘယ်သွားမလို့လဲ”
နောက်ကိုလှည့်ကြည့်လိုက်တော့ ကျော်ဇော။ ခြံထဲက သစ်ငုတ်တိုတစ်ခုပေါ်မှာ ဆောင့်ကြောင့်ထိုင်ရင်း ဆေးလိပ်ဖွာနေတယ်။ မျက်နှာက စောစောကအတိုင်း ခပ်တင်းတင်းပဲ။
“ဦးသိန်းဆီသွားမလို့”.. ကျွန်တော်ပြန်ဖြေလိုက်တယ်။
“ဘာသွားလုပ်မလို့လဲ။ ယမင်းကို လိုက်မရှာဘူးလား”.. ကျော်ဇောကပြောရင်းနဲ့ ထိုင်နေရာကနေ ထလာတယ်။
“ယမင်း ဘာဖြစ်သွားတယ်ဆိုတာ မင်းကိုငါ ပြောပြီးပြီပဲ”..ကျွန်တော်ပြန်ပြောလိုက်တယ်။ “မင်းဘာသာမင်း ယုံတာမယုံတာ မင်းအပိုင်း။ ငါနဲ့ မဆိုင်ဘူး”
ကျော်ဇောက ကျွန်တော်နဲ့ မျက်နှာခြင်းဆိုင်မှာ ရပ်တယ်။ ကျွန်တော့် အင်္ကျီစကို လှမ်းဆွဲမလို့ ပြင်တယ်။ ကျွန်တော် သူ့လက်ကို ပုတ်ထုတ်လိုက်တယ်။
“ကျော်ဇော။ မင်းနဲ့ငါ ပေါင်းလာတာ မကြာသေးပေမယ့် မင်း ငါ့အကြောင်း သိတယ်နော်။ ငါ လိမ်ပြောတတ်တဲ့ကောင် မဟုတ်ဘူး”..ကျွန်တော် အသံကို တတ်နိုင်သလောက် ထိန်းပြီး ပြောလိုက်တယ်။
ကျော်ဇောက ဟက်ခနဲ ရယ်တယ်။ ကျွန်တော့် ဂျင်းဘောင်းဘီကို လက်ညှိုးထိုးပြတယ်
“လိမ်မပြောတတ်ဘူးဆိုရင် မင်းဘောင်းဘီအိတ်ထဲက စာရွက်ကို ငါ့ကိုပေးဖတ်လေ”..ကျော်ဇောက ပြောတယ်။ “မင်းအဲဒီစာကို ဖတ်ပြီး ဖြစ်ပျက်နေတာကို ငါ အိမ်တံခါး၀ကနေ လှမ်းမြင်နေရတယ်။ မျိုးမြတ်အောင်လည်း မျက်နှာပျက်သွားတယ်။ စာထဲမှာ ဘာရေးထားတာလဲ။ မင်း ငါတို့ မသိအောင် ဘာတွေ ဖုံးထားတာလဲ။ ယမင်း သွေးအန်တာလည်း မင်းလက်ချက်ပဲလား”
ကျွန်တော် စိတ်ထဲမှာ ထောင်းခနဲ ဖြစ်သွားတယ်။ မနေ့ညက ဘာဖြစ်ခဲ့သလဲ ကျွန်တော် တစ်ယောက်ပဲ သိတယ်။ ဒီသတ္တဝါနဲ့ ထိပ်တိုက်တိုးခဲ့တာလည်း ကျွန်တော် တစ်ယောက်တည်း။ ကံကောင်းလို့ မသေဘဲ ကျန်ခဲ့တာ။ ည်ပင်းက အနာကလည်း တဆစ်ဆစ်ကိုက်နေသေးတယ်။ အခု အသက်တောင် ၀အောင် မရှူရသေးဘူး လူတကာရဲ့ စွပ်စွဲချက်တွေကို လိုက်ရှင်းနေရပြီ။ ပြီးတော့ ကျွန်တော်က နဂိုကတည်းကမှ သည်းခံနိုင်စွမ်းအားကောင်းတဲ့ကောင် မဟုတ်။ ဘယ်သူမှားတယ် မှန်တယ်တွေ လာမပြောနဲ့ ကျွန်တော် စိတ်မဝင်စားဘူး။
“အဲဒါ မင်း စောက်လုပ် မဟုတ်ဘူး”.. ကျွန်တော် ပြောပြီးတာနဲ့ လှည့်ထွက်လာလိုက်တယ်။ ကျော်ဇောရဲ့ လှမ်းဆဲတဲ့ အသံကို မကြားချင်ယောင်ဆောင်ပြီး လမ်းမပေါ်ကို တက်လိုက်တယ်။
(ဂ)
အမြန်လမ်းဟောင်းက ကျွန်တော်တို့ရဲ့ ခြံထိပ်တည့်တည့်မှာ အဆုံးသတ်သွားတယ်။ ကွန်ကရစ်လမ်းနဲ့ ခြံကို ဆက်ထားတဲ့ မြေလမ်းခပ်သေးသေးတစ်ခုရှိတယ်။ အဲဒီလမ်းက ကျွန်တော်တို့ခြံရှေ့မှာ ဘယ်ညာ နှစ်ဘက်ကို ခွဲထွက်သွားတယ်။ တခြား အိမ်တွေက အဲဒီမြေနီလမ်းပေါ်မှာ။
ဦးသိန်းက ကျွန်တော်တို့ရဲ့ နှစ်ခြံကျော်မှာ နေတယ်လို့ ပြောသွားတယ်။ သိပ်မဝေးလောက်ဘူးထင်ပြီး ကျွန်တော် ထွက်လာလိုက်တာ ၁၀ မိနစ်လောက် လမ်းလျှောက်တာတောင် ဘေးခြံကို မရောက်သေးဘူး။ ကားမယူလာမိတာ မှားတာပဲ။ ဒါပေမယ့် ကားကလည်း ကျော်ဇောရဲ့ အသိတစ်ယောက်ဆီက ငှားလာတာဆိုတော့ ဒီကောင်နဲ့ ကျွန်တော်နဲ့ စကားတွေ မပြောချင်ဘူး။ ထားလိုက်တော့။
ခြံတစ်ခုနဲ့ တစ်ခုကြားမှာ ဟာလာဟင်းလင်း မြေကွက်တွေ ခြားထားတယ်။ စျေးဆိုင်တွေဘာတွေ ဘာမှ မရှိဘူး။ ကွမ်းယာဆိုင်လိုလို အရက်ဆိုင်လိုလို ဆိုင်သေးသေးလေးတွေတော့ တွေ့တယ်။ ဒါပေမယ့် ဆိုင်တွေက မဖွင့်ဘဲ ပိတ်ထားတယ်။ တာလပတ်တွေ ဖုံးထားတယ်။ လူသွားလူလာ မတွေ့ရ။
နေက ခြစ်ခြစ်တောက် ပူနေပြီ။ သစ်ပင်ဆိုလို့ တစ်ပင်မှ မရှိတဲ့ မြေနီလမ်းက အပူရှိန်ကြောင့် အငွေ့တထောင်းထောင်း ထနေတယ်။ နေရောင်စူးစူးအောက်မှာ ညကဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေက အိပ်မက်လိုလို ဘာလိုလို အငွေ့ပျံချင်လာတယ်။ ကျွန်တော် ခေါင်းကို ခါလိုက်တယ်။ ငါမရူးဘူး. ငါမရူးသေးဘူး။ ငါမြင်လိုက်တာတွေ.. အကုန်လုံး တကယ်ဖြစ်ခဲ့တာ…။
ခြံဝင်းနဲ့တူတဲ့ ဝင်းတစ်ဝင်းရှေ့ကိုရောက်တော့ ကျွန်တော် တော်တော်မောနေပြီ။ လည်ပင်းမှာ စည်းထားတဲ့ အဝတ်က ချွေးတွေရော သွေးတွေရော စုပြီး စိုရွှဲနေပြီ။ နာလည်း နာတယ်။
ခြံ၀မှာ ခွေးခြေခုံတစ်ခုံ ချပြီး ထိုင်နေတဲ့ အသက် ၆၀ ကျော်လောက်ရှိမယ့် အဒေါ်ကြီးတစ်ယောက်။ မျက်နှာက ချွေးတွေကို အင်္ကျီနဲ့ သုတ်လိုက်ပြီး အဒေါ်ကြီးဆီကို ကျွန်တော် လျှောက်သွားလိုက်တယ်။
“အန်တီ။ ဦးသိန်းရဲ့ ခြံက တော်တော်ဝေးသေးလားဗျ”..ကျွန်တော် မေးလိုက်တယ်။
အဒေါ်ကြီးက နေပူရှိန်ကြောင့် ကျုံ့ဝင်နေတဲ့ မျက်လုံးတွေကို လက်နဲ့ မိုးကာပြီး ကျွန်တော့်ကို မော့ကြည့်တယ်။
“ဟေ။ မင်းက ဘယ်သူတုန်း”
“ကျွန်တော်က ဟိုဘက် ခြံကပါ။ ဦးမြသိန်း အိမ်ကို သွားမလို့”..ကျွန်တော် ပြန်ပြောလိုက်တယ်။ ရေတစ်ခွက်လောက် တောင်းသောက်ရင် ကောင်းမလား စိတ်ထဲမှာ တွေးနေမိတယ်။
“စကားဝါခြံကိုပြောတာလား”.. အဒေါ်ကြီးက ပြန်မေးတယ်။
“စကားဝါခြံ.. ဟုတ်လား.. ဘာလို့ စကားဝါခြံလို့ ခေါ်တာလဲ”.. ကျွန်တော် မေးလိုက်တယ်။ ရွာနာမည်က စကားဝါရွာလို့ ပေးထားတာကို ကျွန်တော်သိတယ်။ ခြံနာမည်ပါ စကားဝါ ဖြစ်နေတာတော့ ကျွန်တော် သတိမထားမိဘူး။
“ဟုတ်တယ်လေ။ အဲဒီခြံနာမည်က စကားဝါလေ။ စကားဝါ ရွာဆိုတာလည်း အဲဒီခြံပိုင်ရှင် သူဌေးက တည်ပေးခဲ့တာမို့ စကားဝါ..ဆိုပြီး နာမည်ဖြစ်သွားတာလေ။ မင်းက ဘယ်သူတုန်း”..အဒေါ်ကြီးက မေးရင်း သူ့လက်ထဲက ကွမ်းဘူးကိုဖွင့်တယ်။ တစ်ယာထုတ်စားတယ်။ နေရောင်အောက်မှာ ကွမ်းရွက်စိမ်းတွေက ရေစိုပြီး တလက်လက်တောက်နေတယ်။
“ကျွန်တော်က ပိုင်ရှင်ရဲ့ သားပါ။ ဦးသိန်းက အဲဒီခြံစောင့်ဆိုလို့ သူ့ကို လိုက်ရှာနေတာ။ မနေ့ညကလည်း ကျွန်တော့် သူငယ်ချင်းတွေ သူ့အိမ်သွားသေးတယ်လေ”
“ဪ..အေး.. ညကတော့ အိမ်ရှေ့မှာ ကားဖြတ်သွားတာ သတိထားမိတယ်။ ဒီဘက်မှာ ကားအသွားအလာ မရှိသလောက်ပဲမို့လို့ မှတ်မိနေတာ။ ဦးသိန်းက ဟိုဘက် တစ်ခြံကျော်မှာ။ နည်းနည်းတော့ လှမ်းသေးတယ်။ နေပူလိုက်တာကွယ် ဘာလို့ ဒီအချိန်ကြီး ထွက်လာတာတုန်း။ ထီးမပါ ဘာမပါနဲ့။ လာလေ ဒီမှာ ခဏ ထိုင်ပြီးနား”
သူပြတဲ့နေရာကို ကျွန်တော်ကြည့်လိုက်တော့ ခြံအဝင်၀မှာ ထိုးထားတဲ့ ကွပ်ပျစ်တစ်ခု။ ခဏနားလို့သာပြောတယ် အဒေါ်ကြီး ထိုင်နေတာကလည်း နေပူထဲမှာ။ ကွပ်ပျစ်ကလည်း နေပူထဲမှာ။ ကျွန်တော် ခေါင်းခါလိုက်တယ်။
“မနားတော့ပါဘူး။ ဒါနဲ့ အဒေါ်က ဘာအလုပ်လုပ်တာလဲ”..ကျွန်တော် မေးလိုက်တယ်။ အဖေ့စာထဲက စကားလုံးတချို့ ကျွန်တော့်ခေါင်းထဲ ပြန်ဝင်လာတယ်။ တစ်ရွာလုံးက သူ့ရဲ့ လူယုံတွေတဲ့..။ ဒါပေမယ့် ဒီအဒေါ်ကြီးက ကျွန်တော့်အဖေရဲ့ လူယုံ ဟုတ်ပါ့မလား။
“နင့်မေးခွန်းကလည်း အဆန်းဟဲ့။ အေး .. အဒေါ်ကကတော့ မလုပ်တော့ပါဘူး။ နားထားတာ ကြာပြီ။ အဒေါ့်သားကတော့ ဦးသိန်းဆီမှာ အလုပ်လုပ်တယ်လေ”
“ဦးသိန်းက ခြံစောင့်မဟုတ်ဘူးလား။ သူ့ဆီမှာ အလုပ်လုပ်တာဆိုတော့..ဘယ်လိုကြီးလဲဗျ”..နှဖူးကနေ စီးကျလာတဲ့ ချွေးတွေကို သုတ်ရင်း ကျွန်တော် မေးလိုက်တယ်။
“မသိပါဘူး။ ပွဲစားဆိုလား အဝယ်တော်ဆိုလား အဒေါ်လည်း သေသေချာချာ မသိဘူး။ တစ်ရွာလုံးက လူငယ်တော်တော်များများ သူ့ဆီမှာပဲ အလုပ်လုပ်ကြတာပဲ။ သူပဲ လခပေးနေတာလေ”..အဒေါ်ကြီးက ပြန်ဖြေရင်း ကွမ်းတံတွေးကို ပျစ်ခနဲ ထွေးချလိုက်တယ်။ ဖုန်အလူးလူးနဲ့ ထူပူနေတဲ့ မြေကြီးထဲကို ကွမ်းတံတွေးရည်တွေ စိမ့်ဝင်သွားတယ်။
(ဂ)
ဦးသိန်းရဲ့ ခြံရှေ့ကိုရောက်တော့ ကျွန်တော် လမ်းတောင် ဆက်မလျှောက်နိုင်လောက်အောင် မောနေပြီ။ သိချင်စိတ်ကြောင့်သာ ထွက်လာခဲ့တာ ကျွန်တော့်ဘ၀မှာ တစ်ခါမှ ဒီလောက် အဝေးကြီးလမ်းမလျှောက်ဖူးဘူးလေ။ ကားတစ်စီးနဲ့ တဝီဝီသွားခဲ့တဲ့ကောင်မဟုတ်လား။
ဦးသိန်းရဲ့ ခြံက စကားဝါခြံထက် အများကြီး ပိုပြီး သန့်ပြန့်တယ်။ သစ်သားနဲ့ လုပ်ထားတဲ့ ခြံတံခါးကို ဆေးဖြူသုတ်ထားတယ်။ ခြံစည်းရိုးတွေ သေချာခတ်ထားတယ်။ ခြံပတ်ပတ်လည်မှာရော အတွင်းမှာပါ အပင်တွေ စိုက်ထားတယ်။ အပင်စိမ်းစိမ်းတွေက ဖုန်ထူထူတွေကို အံတုပြီး ရှင်သန်ဖို့ ကြိုးစားနေကြတယ်။ ခြံထဲမှာ ဆောက်ထားတဲ့ အိမ်က အုတ်သားနဲ့ ဘာနဲ့ သပ်သပ်ရပ်ရပ်။ ခြံစောင့်ရဲ့ အိမ်က ငါအမွေရလိုက်တဲ့ အိမ်ထက်တောင် သာနေပါလား..ဆိုပြီး ကျွန်တော် ရယ်ချင်သလိုလိုတောင် ဖြစ်သွားတယ်။
“ဦးသိန်း။ ဦးသိန်း”.. ကျွန်တော် ခြံ၀ကနေ အော်ခေါ်လိုက်တယ်။
ခြံထဲကနေ အမျိုးသမီးတစ်ယောက် ထွက်လာတယ်။ အသက် ၄၀ ကျော် ၄၅ နှစ် လောက်ရှိမယ်။ ရုပ်ရည်သန့်သန့်ပြန့်ပြန့်ပါပဲ။
“ဘယ်သူလဲ”..အမျိုးသမီးက တံခါးကို မဖွင့်ပေးသေးဘဲ မေးတယ်။
“မင်းခန့်ထူးပါ။ စကားဝါခြံက”..ကျွန်တော် ပြန်ဖြေလိုက်တယ်။
“ဪ.. မောင်မင်းခန့်လား။ လာလေ မောင်လေး.. လာအထဲဝင်။ အပြင်မှာ ပူလိုက်တာ”.. အမျိုးသမီးက တံခါးကို ဖွင့်ပေးတယ်။ ကျွန်တော် အထဲကို မဝင်သေးဘဲ ခြံ၀မှာ ရပ်နေရင်း-
“ဦးသိန်း မရှိဘူးလားဗျ”
“ညကတည်းက ပြန်မလာသေးတာပဲ။ မင်းတို့သူငယ်ချင်းတွေ လာခေါ်သွားတာလေ။ အစ်မက ဦးသိန်းရဲ့ အမျိုးသမီးပါ။ အစ်မနာမည်က မလှနွယ်တဲ့။ မလှ လို့ပဲ ခေါ်ကြတယ်”
“ညကတည်းက ပြန်မလာသေးဘူးဆိုတော့.. ဘယ်သွားနေတာလဲဗျ”..ကျွန်တော် မေးလိုက်တယ်။ မလှဆိုတဲ့ အမျိုးသမီးက ဦးသိန်းထက် ဆယ်နှစ်လောက်များ ငယ်မလား။ တစ်ထပ်တိုက်အိမ်ထဲကနေ ခပ်ငယ်ငယ် လူနှစ်ယောက် ထွက်လာတယ်။ ကျွန်တော်တို့ကို ကွက်ကြည့်ကွက်ကြည့်လုပ်ပြီး အထဲပြန်ဝင်သွားကြတယ်။ ဦးသိန်းရဲ့ အလုပ်သမားတွေဆိုတာလား။
“မသိပါဘူး။ သူက တစ်ခါတစ်လေ အဲဒီလိုပဲ အလုပ်များရင် ညဘက် ပြန်မလာဘူးလေ”..မလှက ပြောတယ်။
“အန်တီ.. ဆောရီး.. အစ်မကရော ကျွန်တော့်အဖေနဲ့ သိသလား”
“ဟင့်အင်း။ နာမည်တော့ ကြားဖူးတာပေါ့။ သူ့ကို မသိတဲ့သူတော့ မရှိဘူးလေ။ ဒါပေမယ့် အစ်မနဲ့တော့ လူခြင်း မသိပါဘူး”..မလှက ခြံတံခါးကို လက်နဲ့ ကိုင်ထားရင်း ပြောတယ်။ ကျွန်တော် အထဲမဝင်သေးတဲ့အတွက် ဘာဖြစ်တာလဲ ဆိုတဲ့ ပုံစံနဲ့ အကဲခတ်နေတယ်။
“ကျွန်တော် ဦးသိန်းနဲ့ စကားပြောရမှဖြစ်မယ်။ သူဘယ်အချိန်လောက် ပြန်ရောက်မယ်ထင်သလဲ”
“အဲဒါတော့ အစ်မ မပြောတတ်ဘူး။ ဘာအရေးကြီးလို့လဲ”..မလှက မေးတယ်။
“သူနဲ့တွေ့မှ ပြောလို့ရမှာ”
“အဲဒါဆို အထဲဝင်ပြီး ထိုင်စောင့်လေ။ ဘယ်အချိန်ပြန်လာမလဲတော့ အစ်မ မသိဘူးနော်”
“နေပါစေတော့။ မစောင့်တော့ဘူး”..ကျွန်တော် စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်တယ်။ “ဦးသိန်းပြန်လာရင်သာ ကျွန်တော့်ဆီ အမြန်လာခဲ့ပါလို့။ အရေးကြီးတာ..မေးစရာလေးတွေရှိလို့ အဲဒါ ပြောပေးပါ အစ်မ”
“မောင်လေး လည်ပင်းက ဘာဖြစ်တာလဲ”..မလှက ကျွန်တော့် လည်ပင်းမှာ စည်းထားတဲ့ အဝတ်ကို လက်ညှိုးထိုးပြရင်း မေးတယ်။
“ဘာမှမဖြစ်ပါဘူး။ ခိုက်မိတာ။ ကျွန်တော် သွားတော့မယ်။ ဦးသိန်းပြန်လာရင် ကျွန်တော့်ဆီ လာခဲ့ဖို့ ပြောပေးပါ”
(ဃ)
အပြန်လမ်းက အသွားတုန်းကထက် ပိုကြာသွားတယ်။ လည်ပင်းက အနာရင်းလာလို့လားမသိ ခေါင်းတွေ မူးလာတယ်။ နေကလည်း ပြင်းသထက်ပြင်းလာလိုက်တာ မျက်လုံးထဲကို အခိုးတွေပါ ဟပ်နေပြီ။ ဘာမသိညာမသိနဲ့ တစ်ယောက်တည်း ခြေလျှင်ထွက်လာမိတာကိုက အသုံးမကျတာပဲ။ စကားဝါရွာကို ရောက်တာ နှစ်ရက်ပဲ ရှိသေးတယ်၊ ကျွန်တော် ဒီနေရာကို တော်တော် မုန်းနေပြီ။ အပူရှိန်ကိုလည်း မုန်းတယ်။ အတောမသတ်နိုင်တဲ့ ဖုန်တွေကိုလည်း မုန်းတယ်။ ခေါင်းထဲမှာ တဒုတ်ဒုတ် လာထိုးနေတဲ့ မေးခွန်းတွေကိုလည်း မုန်းတယ်။
စကားဝါ ခြံ၀ကို ပြန်ရောက်တော့ ကျွန်တော် ချောင်းတွေပါ ဆိုးလာတယ်။ မျက်လုံးတွေကလည်း အဖျားတက်သလို တရိပ်ရိပ် ဖြစ်လာတယ်။ လူက မူးမေ့လဲချင်နေပြီ။
ခြံဝင်းထဲကို ဝင်လိုက်တာနဲ့ ပွက်လောရိုက်နေတဲ့ အသံတွေကို ကြားလိုက်ရတယ်။
ကျော်ဇောက ကျွန်တော့်ကို မျက်ထောင့်နီနဲ့ ကြည့်ပြီး လက်သီးတွေဆုပ်ထားတယ်။ ပါးစပ်က ဆဲနည်းမျိုးစုံနဲ့ ပိုးစိုးပက်စက်တွေ အော်နေတယ်။ မျိုးမြတ်အောင်က ကျော်ဇောကို နောက်ကနေ ချုပ်ထားတယ်။ မိနှင်းက ကားဘေးမှာ လက်ပိုက်ပြီး ရပ်နေတယ်။ ဖြူမော်နဲ့ နယ်လီက အိမ်လှေကားရင်းမှာ အထုပ်တွေချပြီး မျက်နှာငယ်တွေနဲ့။
“ဟေ့ကောင်။ မင်းဘာလုပ်တာလဲ။ ဘာသဘောလဲ”..ကျော်ဇောက လက်သီးတရွယ်ရွယ်နဲ့ ကျွန်တော့်ကို လှမ်းအော်တယ်။ ကျွန်တော် ဘာမှ ပြန်မပြောနိုင်သေးဘူး။ နားထင်ကို လက်ချောင်းတွေနဲ့ ထောက်ပြီး အာရုံကို မနည်းပြန်စုနေရတယ်။
“ဘာဖြစ်ပြန်ပြီလဲ”..ကျွန်တော်မေးလိုက်တယ်။
“အာ..ဒီကောင်။ မျိုးမြတ် ငါ့ကို လွှတ်စမ်း။ ငါဒီကောင့်ကို လုပ်တော့မယ်”..ကျော်ဇောက မျိုးမြတ်အောင်ရဲ့ လက်ထဲကနေ အတင်း ရုန်းထွက်ဖို့ ကြိုးစားနေတယ်။ လွှတ်ပေးလိုက်ပါစေလို့ ကျွန်တော် ကြိတ်ဆုတောင်းနေမိတယ်။ အခုနေ တစ်ယောက်ယောက်ကို အားရပါးရ ပိတ်ထိုးလိုက်ရရင် စိတ်ထဲမှာ ဝေဝါးနေတာတွေ ပျောက်သွားမလား။ တအုံနွေးနွေး ဖြစ်နေတဲ့ အပူရှိန်တွေ လျော့သွားမလား။
“မင်းခန့်။ ကားထဲက ဓာတ်ဆီတွေ နင်ထုတ်လိုက်တာလား”..မိနှင်းက ကျွန်တော့်ကို ကြည့်ရင်းမေးတယ်။
ကျွန်တော် ဘာမှ ပြန်မဖြေနိုင်ဘူး။ မျက်လုံးအကြောင်သားနဲ့ပဲ ပြန်ကြည့်နေမိတယ်။
“ဘာမှ မေးမနေနဲ့။ ဒီကောင်ပဲ သေချာတယ်။ အိမ်ကို မီးရှို့မယ်ဆိုပြီး တစ်ချိန်လုံးပြောနေတာ။ ဒီကောင်ပဲ လုပ်တာ။ ဓာတ်ဆီတွေ ဘယ်မှာလဲဟေ့ကောင်”..ကျော်ဇောက အော်တယ်။
ကျွန်တော် ထိတ်ခနဲ ဖြစ်သွားတယ်။ ဓာတ်ဆီတွေ.. မရှိတော့ဘူးတဲ့။ ဘာလို့လဲ။ ဘယ်လို မကောင်းဆိုးဝါးမျိုးက ကားထဲက ဓာတ်ဆီကို ခိုးထုတ်မှာလဲ။ မဟုတ်ဘူး။ တစ်ခုခုတော့ မှားနေပြီ။
“ယမင်းကို လိုက်ရှာမလို့ ကားစက်နှိုးတာ.. စက်နှိုးလို့ မရတော့မှ သေချာကြည့်လိုက်တာ ဆီတစ်စက်မှ မရှိတော့ဘူးတဲ့..။ အဲဒါ.. နင် လုပ်လိုက်တာလားဟင်”.. မိနှင်းက ကျွန်တော့်မျက်နှာကို အားကိုးတကြီးကြည့်ရင်း မေးတယ်။ ကျွန်တော် လုပ်လိုက်တာ ဖြစ်ပါစေလို့ ဆုတောင်းနေပုံပဲ။
“ငါဘာမှ မလုပ်ဘူး.. ငါနဲ့ဘာဆိုင်လဲ”.. နေအပူရှိန်ကြောင့် ကျွန်တော့် မျက်လုံးတွေပါ ပြာနေပြီ။ အသက်ရှူကြပ်လာတယ်။
“မင်းလက်ချက်ပဲ။ မင်းပဲ။ ရတယ်ဟေ့ကောင်။ ကားမရှိလည်း ငါ့ဘာသာငါ့ လမ်းလျှောက်ပြီး လိုက်ရှာမယ်။ နင်တို့လည်း ဒီလောက်ပြန်ချင်နေရင် ပြန်ကြ။ မင်းခန့်..။ ယမင်း.. ယမင်း တစ်ခုခုဖြစ်လို့ကတော့ မင်းနဲ့ငါ”..ကျော်ဇောက ပြောရင်းနဲ့ မျိုးမြတ်အောင်လက်ထဲကနေ ဆောင့်ရုန်းလိုက်တယ်။
“နင်ဘာဖြစ်နေတာလဲ ကျော်ဇော။ ဘာတွေ ဒီလောက် ဖြစ်နေတာလဲ”.. ရုတ်တရက်ကြီး မိနှင်းက ထအော်တယ်။
“ဘာဖြစ်ရမှာလဲ။ ယမင်းကို ဒီကောင်..”
“နင့်ပါးစပ်က ဘာလို့ ဒီ ယမင်းကိုပဲ တ,နေတာလဲ။ နင့်ရည်းစားလား။ နင့်မိန်းမလား။ ဘာတွေ စောက်သည်းစောက်သန် ဖြစ်နေတာလဲ”..မိနှင်းက လက်တွေကို လေထဲမှာ ယမ်းခါရင်း အော်ပြောလိုက်တယ်။
ကျော်ဇော ခဏ ငြိမ်သွားတယ်။ မိနှင်းကိုကြည့်လိုက် ကျွန်တော့်ကို ကြည့်လိုက်နဲ့ ဒေါသကို ထိန်းထားရမလား၊ လွှတ်ပေးလိုက်ရမလား.. ဘာလုပ်ရမှန်းမသိဖြစ်နေတယ်။
“မိနှင်း နင်ဘာတွေပြောနေတာလဲ။ ယမင်းက ငါတို့ သူငယ်ချင်းလေ”..ကျော်ဇောက ယမင်းကို ဖြောင်းဖြတဲ့ လေသံနဲ့ ပြောတယ်။
“ဘာကို သူငယ်ချင်းရမှာလဲ။ ငါနဲ့ အဲဒီကောင်မနဲ့ ဘာသူငယ်ချင်းမှ မဟုတ်ဘူး။ အေး နင်နဲ့ ကြိတ်ပြီး ဖြစ်နေရင်တော့ မပြောတတ်ဘူး”
ဖြူမော်နဲ့ နယ်လီက ပွဲကြည့်စင်ပေါ်က ပရိသတ်တွေလို ပါးစပ်မှာ လက်တွေကိုယ်စီအုပ်လို့ မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ မိနှင်းနဲ့ ကျော်ဇောတို့ရဲ့ ရှောင်တခင်ရန်ပွဲကို ကြည့်နေကြတယ်။ မျိုးမြတ်အောင်က စိတ်ကုန်သလို သက်ပြင်းချပြီး အိမ်ပေါ်ကို ပြန်တက်သွားတယ်။ ကျွန်တော်ကတော့ ဘာမှ မပြောနိုင်ဘဲ ခေါင်းထဲမှာ တဒုတ်ဒုတ်ထိုးနေတဲ့ နှလုံးခုန်သံတွေကို ငြိမ်သွားအောင် အသက်ကို ပြင်းပြင်းရှူသွင်းနေရတယ်။
“ဟာ.. မိနှင်းကလည်း မဟုတ်ပါဘူး။ အဲဒီလို မဟုတ်ဘူး။ ငါက သူငယ်ချင်းမို့လို့ စိတ်ပူလို့”..ကျော်ဇောရဲ့ ဒေါသသံတွေက ပျော့သထက်ပျော့လာတယ်။
“သေလိုက်လေ။ အဲဒီမှာ လဲသေလိုက်။ ဒီက လူတွေထဲမှာ နင်တစ်ယောက်ပဲ အသည်းအသန်တွေ ဖြစ်နေတာ။ သူ့ဘာသာသူ သေသေ ရှင်ရှင်၊ သေရွာကပြန်လာတာ မကလို့၊ သရဲ မကလို့ ဘာကြီးပဲ ဖြစ်နေဖြစ်နေ နင်ဒီလောက် စောက်ပိုတွေ လုပ်နေစရာ မလိုဘူး။ သူ့နေရာမှာ ငါဆိုရင်ရော နင် အဲဒီလောက် စိတ်ပူမှာလား။ ဝေးသေးတယ်။ ငါကိုကမှားတာ။ နင်နဲ့ အိပ်လိုက်မိတာ ငါမှားတာ။ လိုချင်တာ ရသွားတော့ နင့်စောက်ချိုးက ချက်ခြင်းပြောင်းသွားတာပဲ”
ဖြူမော်နဲ့ နယ်လီ့ဆီက အိခနဲ အသံထွက်လာတယ်။ အခုမှ ဇာတ်ရည်လည်သွားပုံပဲ။ ကျွန်တော်ကတော့ မျက်စိရှေ့က ရန်ပွဲကို အာရုံမစိုက်အားဘူး။ အသက်ရှူလို့ မရတော့အောင် မွန်းလာတာနဲ့ လည်ပင်းက အဝတ်ကို ဆွဲဖြည်လိုက်တယ်။ လည်ပင်းကနေ စိမ့်ထွက်လာတဲ့ အရည်နွေးနွေးတွေ ရင်ဘတ်ထဲအထိ စီးကျသွားတယ်။
“မိနှင်း နင်အဲဒီလောက် အော်စရာမလိုဘူး။ ငါပြောနေတာက”
“ဘာမှ ပြောမနေနဲ့။ လိုက်သွား။ လိုက်သွား။ ပြန်မလာနဲ့။ အဲဒီကောင်မနောက်ကို လိုက်သွား။ နှစ်ယောက်စလုံး သေကြ”.. မိနှင်းက ကားကို ခြေထောက်နဲ့ သုံးလေးချက် ဆောင့်ကန်တယ်။ ကျော်ဇောကို ဆောင့်တွန်းတယ်။ အိမ်ပေါ်ကို ပြေးတက်သွားတယ်။
“ဟယ်.. ကိုမင်းခန့်.. သွေးတွေပြန်ထွက်လာပြီ။ လုပ်ပါဦး”.. ဖြူမော့်ရဲ့ အသံ။
အသံတွေက ဝါးသထက် ဝါးလာတယ်။ မျက်လုံးထဲမှာ အနီ အမည်းတွေ အစက်တွေ..။ ကျွန်တော် မျက်လုံးကို စုံမှိတ်ချလိုက်တယ်။ မျက်နှာကြက်ကနေ ကျွန်တော့်ကို ကြည့်နေတဲ့ ဗလာသက်သက် အကြည့်တွေ..။ ကျွန်တော် နောက်ကို ခြေတစ်လှမ်း ဆုတ်တယ်။ လဲကျသွားတယ်။
စကားဝါကိုရောက်ပြီး ဒုတိယအကြိမ်အဖြစ် ကျွန်တော် သတိလစ်သွားပြန်တယ်။
+++++++
အခန်း (၁၂)
(က)
ကျွန်တော် သတိရလာတော့ အပြင်မှာ အလင်းရောင် မရှိတော့ဘူး။
“မင်းခန့်။ အဆင်ပြေလား။ အသက်ရှူလို့ရလား”.. မျိုးမြတ်အောင်ရဲ့ အသံ။
ကျွန်တော် အားယူပြီး ထလိုက်တယ်။ တစ်ကိုယ်လုံးက ကိုင်ရိုက်ထားသလို နာနေတယ်။ နှဖူးကို ပြန်စမ်းကြည့်တော့ ခြစ်ခြစ်တောက် ပူနေပြီ။ လည်ပင်းမှာ အဝတ်အသစ်တစ်ခု ထပ်စည်းထားပေးတယ်။
“မင်းတော်တော် ဖျားနေတာ။ ငါတို့လည်း ဘာလုပ်ပေးရမှန်း မသိတာနဲ့ ရေပတ်တိုက်ပြီး နှဖူး ရေစိုအဝတ်နဲ့ အုပ်ထားပေးရတယ်။ ဆေးသွားဝယ်မလို့ ငါ အပြင်ထွက်သွားသေးတယ်။ ဘာဆိုဘာမှ မတွေ့တာ ဟေ့ကောင်ရေ။ ကွမ်းယာဆိုင်စုတ်လေး တစ်ဆိုင်နှစ်ဆိုင်ပဲ ရှိတယ်။ ဒီရွာကလူတွေ ဘယ်လို နေနေကြသလဲ မသိဘူး။ အခုဘယ်လိုလဲ ဟေ့ကောင် ခေါင်းကိုက်နေသေးလား။ လည်ပင်းရော နာနေသေးလား။ အဖျားတော့ ရှိသေးတယ်ကွ”..မျိုးမြတ်က ကျွန်တော် နှဖူးကို စမ်းတယ်။
“မီးပျက်သွားတာလား။ မှောင်မည်းနေတာပဲ”..အိပ်ခန်းပတ်ပတ်လည်ကို ကြည့်ရင်း ကျွန်တော် မေးလိုက်တယ်။ အိပ်ခန်း တစ်ခုလုံး မှောင်မည်းနေတယ်။ နေဝင်ရီတရောအချိန် အလင်းပြပြက အိမ်ရဲ့ ပြတင်းပျဉ်ပြားတွေကို တိုးမဝင်နိုင်ဘူးဖြစ်နေတယ်။
“အေး ဘယ်ကတည်းက ပျက်သွားတာလဲ မသိပါဘူး။ ညနေစောင်းလို့ မီးဖွင့်ကြည့်တော့မှ မလာမှန်း သိတာ”
“ကျော်ဇောတို့ရော”
“ဟိုဘက် အခန်းထဲမှာ နှစ်ယောက်သား ငြိမ်းချမ်းရေးယူနေကြတယ်”
“ဪ..”
“မင်း မနက်က ဘယ်ထွက်သွားတာလဲ”
“ဦးသိန်းကို သွားတွေ့တာ”
“ဟုတ်လား။ တွေ့ခဲ့လား။ ဘာပြောလဲ”
ကျွန်တော် ကုတင်ပေါ်ကနေ ကုန်းရုန်းထလိုက်တယ်။
“ဟင့်အင်း။ မရှိဘူး။ ညကတည်းက ပြန်မလာဘူးတဲ့။ သူ့မိန်းမနဲ့ပဲ တွေ့ခဲ့တယ်”
“သူ့မိန်းမဆိုတာ ဟို ခပ်ငယ်ငယ်အမျိုးသမီးကို ပြောတာမဟုတ်လား။ အဘိုးကြီးက မယားငယ်ငယ်လေး ယူထားတာပဲကွ..နော်”..
“မင်းတို့ မနေ့ညက ဦးသိန်းကို သွားခေါ်တော့ ဘာတွေ့ခဲ့သေးလဲ”.. ကျွန်တော် မေးလိုက်တယ်။
“ဘာတွေ့ရမှာလဲ။ ညကြီးမင်းကြီး သူ့အိမ်ကို မနည်း ရှာရတာ။ အိမ်ရှေ့ရောက်တော့ ဟွန်းတစ်ချက်ပဲ တီးရသေးတယ် ဦးသိန်းနဲ့ သူ့မိန်းမနဲ့ ထွက်လိုက်လာတာပဲလေ”
“ပြီးတော့ ဘာဆက်ဖြစ်သလဲ”..စိုရွှဲနေတဲ့ ချွေးတွေကို အဝတ်နဲ့ သုတ်ရင်း ကျွန်တော် မေးလိုက်တယ်။ ခေါင်းထဲက တဒုတ်ဒုတ် အသံတွေ နည်းနည်းတော့ ငြိမ်သွားပြီ။ ဗိုက်ထဲမှာတော့ အစာမရှိတဲ့အတွက် တလှပ်လှပ်ဖြစ်နေတယ်။
“ပြီးတော့ ဒီအိမ်ကို ခေါ်လာတယ်လေ။ အိမ်ပေါ်တော့ မခေါ်လာခဲ့ဘူး။ တော်သေးတယ်လို့ ပြောရမယ်။ မဟုတ်ရင် ဘယ်လိုမှ ရှင်းလို့ရမှာမဟုတ်ဘူး။ ယမင်းကို ရှာမတွေ့တော့ ငါနဲ့ ကျော်ဇောနဲ့ ပေါင်းပြီး လိမ်ပြောလိုက်ရတာပေါ့။ နေကောင်းသွားပါပြီ ဘာမှမဖြစ်တော့ပါဘူးလို့”
“ဟမ်.. အဲဒီလိုပြောလိုက်တာနဲ့ ဦးသိန်းတို့ လင်မယားက ယုံသွားသလား”
“ယုံမယုံတော့ မသိဘူး။ သူတို့ ဘာမှ ဆက်မမေးခင် ကားပေါ်တင်ပြီး အိမ်အမြန်ပြန်ပို့လိုက်တာပဲ”..မျိုးမြတ်အောင်က ပြောတယ်။
“ဧည့်ခန်းထဲသွားမယ်ကွာ။ ဒီမှာ ဘာမှ မမြင်ရဘူး မှောင်မည်းနေတာပဲ”..ကျွန်တော်ပြောပြီး အိပ်ခန်းထဲကနေ ထွက်လာလိုက်တယ်။
(ခ)
ဧည့်ခန်းစားပွဲပေါ်မှာ ထွန်းထားတဲ့ ဖယောင်းတိုင်မီးက လေတိုးလိုက်တိုင်း တလှုပ်လှုပ်နဲ့ ငြိမ်းတော့မလို ဖြစ်နေတယ်။ စားပွဲဘေးက ထိုင်ခုံပေးမှာ ငုတ်တုတ်လေးတွေ ထိုင်နေကြတဲ့ ဖြူမော်တို့ နှစ်ယောက်။
ကျွန်တော် သူတို့ကိုကြည့်ပြီး သနားသလိုလိုတောင် ဖြစ်သွားတယ်။ လွန်ခဲ့တဲ့ သုံးလေးရက်ကမှ ကလပ်ထဲမှာ၊ မီးရောင်စုံအောက်မှာ လန်းဆန်း တက်ကြွနေခဲ့တဲ့ ကောင်မလေးနှစ်ယောက်၊ အခုတော့ ကျွန်တော့် လက်ချက်နဲ့ ဘယ်နေရာ ဘယ်ကမ္ဘာမှာမှန်း မသိတဲ့ ရွာစုတ်တစ်ခုမှာ သောင်တင်နေပြီ။
“ဟယ် မင်းခန့် သက်သာသွားပြီလား”.. အခန်းထဲကထွက်လာတဲ့ ကျွန်တော့်ကိုတွေ့တော့ နယ်လီက မေးတယ်။
“အင်း။ ကျေးဇူးပါ။ အနာစည်းထားပေးတာ”.. ကျွန်တော်ပြောရင်းနဲ့ သူတို့နဲ့ မျက်နှာခြင်းဆိုင် ထိုင်ခုံမှာ ဝင်ထိုင်လိုက်တယ်။
“ကျွန်မတို့ ဘာမှ မလုပ်ပါဘူး။ ကိုမျိုးမြတ်ပဲ အကုန်လုပ်ပေးတာ”.. ဖြူမော်က ပြောတယ်။
“ဪ..”
“ဟုတ်ပါ့။ ကိုမျိုးမြတ်တစ်ယောက်တည်း နင့်ကို ပြုစုနေတာလေ။ အိမ်ရှင်မကြီးကျနေတာပဲ။ သူပဲ ဖယောင်းတိုင်တွေဘာတွေ ယူလာဖို့ သတိရတယ်။ ငါတို့ဘာသာငါတို့ဆို အမှောင်ထဲ ထိုင်နေရမှာ”.. နယ်လီက ရယ်ကျဲကျဲနဲ့ နောက်တယ်။
“ဟားဟား။ ငါက လူတကာအိမ်မှာ ကပ်နေခဲ့ရတော့ သူများကို ပြုစုရတာ တော်တော်ကျွမ်းနေပြီကွ။ ပြီးတော့ ငါ့အပေါင်းအသင်းတွေက အပေအတေတွေချည်းပဲ တစ်ချိန်လုံး ရန်ဖြစ်နေတဲ့ကောင်တွေ။ သူတို့ဖြစ်လာတိုင်း ငါပဲချုပ်ပေးနေရတာလေ”.. မျိုးမြတ်အောင်က ပြောရင်းနဲ့ ကြမ်းပြင်မှာ ထိုင်ချလိုက်တယ်။
မိနှင်း သန့်ရှင်းရေးလုပ်ထားလို့ ယမင်းရဲ့ သွေးကွက်တွေက အစအနလောက်ပဲ ကျန်တော့တယ်။ ယမင်းအကြောင်း စဉ်းစားမိတော့ ကျွန်တော် အဖျားပြန်တက်ချင်လာတယ်။ အားလုံးက ဒီကိစ္စကြီးကို မသိချင်ယောင် ဆောင်နေကြတာပဲ။ လူတစ်ယောက်လုံး ကိုယ့်ရှေ့မှာတင် သေသွားတယ်။ ပြီးတော့ အစအန ပျောက်သွားတယ်။ ဒါကိုလည်း ဘာမှ မဖြစ်သလို ဆက်နေနေရတာကိုက လူ့ဘ၀ရဲ့ ဒုက္ခတစ်ခုပဲ ဖြစ်လိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်တယ်လေ.. ကျွန်တော်တို့ ကြောက်ရင်လည်း ၊ သွေးပျက်ရင်လည်း ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မှာလဲ။ အချိန်တန်ရင် စားစရာရှိတာစား၊ အိပ်စရာရှိတာ အိပ်ရတာပဲ..။
“စားစရာလေး ဘာလေး မကျန်တော့ဘူးလားဟာ”.. ကျွန်တော် နယ်လီတို့ကို မေးလိုက်တယ်။
“ဒီမှာ ပဲပေါင်မုန့်တွေတော့ ရှိသေးတယ်။ စားမလား”.. ဖြူမော်က သူ့ရဲ့ လိုတရ ဘေးလွယ်အိတ်ကြီးထဲကနေ မုန့်တစ်ခု ထုတ်ပေးတယ်။
ပဲပေါင်မုန့်ကို အားရပါးရ ကိုက်ဝါး၊ ရေနဲ့ မျှောချရင်း ကျွန်တော် ထိုင်ခုံမှာ နောက်မီပြီး လှန်ချလိုက်တယ်။ ဖယောင်းတိုင်မီးရောင်ကြောင့် အိမ်ရဲ့ မျက်နှာကြက်တွေက ဝါကျင့်ကျင့်ဖြစ်နေတယ်။ ဧည့်ခန်းမျက်နှာကြက်မှာတော့ ဟို အမျှင်တွေ မတွေ့ရဘူးပဲ..။
“နင့်အဖေက ဘာလို့ ဒီအိမ်ကြီးကိုမှ အမွေပေးသွားတာလဲ မသိဘူးနော်”.. နယ်လီက ကျွန်တော့်ကို စကားနှိုက်တဲ့ လေသံနဲ့ မေးတယ်။
“စာထဲကဟာတွေကို နင်တို့ မသိချင်စမ်းပါနဲ့ဟာ”.. ကျွန်တော် ပြန်ပြောလိုက်တယ်။
“ဘာလို့လဲဟင်”
“ငါ့ဘာသာငါတောင် ရူးမသွားအောင် မနည်းထိန်းထားရတာ။ နင်တို့ပါ ရူးကြောင်ကြောင်တွေ ဖြစ်ကုန်မယ်”..ကျွန်တော် စကားကို ပိတ်ပြောလိုက်တယ်။
“ဘာပဲပြောပြော ကိုမင်းခန့်ကမှ အမွေရလိုက်သေးတယ်။ ကျွန်မ အဖေဆိုရင် ကျွန်မကို ဘာမှကို မပေးခဲ့တာ”..ဖြူမော်က ဝင်ပြောတယ်။
ကျွန်တော် ဖြူမော့်ကို ကြည့်လိုက်တယ်။ ဖြူမော်က နာမည်နဲ့လိုက်အောင် အသားဖြူဖြူ။ ကိုယ်လုံးက ပြည့်ပြည့်။ လေလွင့်နေတဲ့ မိန်းကလေးတစ်ယောက်လို့ မထင်ရအောင် သူ့မျက်နှာက ရိုးရှင်းလွန်းတယ်။ စကားပြောရင် တိုးတိုးတိုးတိုး၊ မျက်နှာအမူအရာတွေက နူညံ့တော့ သူနာပြုဆရာမတစ်ယောက်နဲ့ ပိုတူနေတယ်။ နယ်လီနဲ့တော့ ဆန့်ကျင်ဘက် နီးပါးပဲ။ နယ်လီက မြန်တယ်၊ သွက်တယ်၊ ရမ်းတယ်။ နှစ်ယောက်စလုံးကတော့ ပင်ကိုယ်စိတ် အရိုးခံတွေပါပဲ။ သူတို့နဲ့ စကားပြောကြည့်ရင် ပိုသိသာတယ်။
“အဖေ ဆုံးသွားတာလား”..ကျွန်တော် မေးလိုက်တယ်။
“အင်း။ သူ့ကိုယ်သူ သတ်သေသွားတာလေ။ အကြွေးတွေ မဆပ်နိုင်လို့လို့ ပြောတာပဲ။ မသိပါဘူး။ ကျွန်မက အဲဒီတုန်းက ငယ်သေးတယ်။ အဖေက အမေ့ကိုပါ တူတူခေါ်သွားမလို့ လုပ်တာ။ တော်သေးတာပေါ့ အမေက အဆိပ်တွေကို ဆေးရုံမှာ ပြန်အန်ထုတ်တာ အချိန်မီသွားတယ်”
“ဆိုးလိုက်တာ”.. မျိုးမြတ်အောင်က ဖြူမော့်ကို စိတ်မကောင်းတဲ့အကြည့်နဲ့ကြည့်ရင်း ပြောတယ်။ လက်ထဲက ဆေးခြောက်လိပ်ကို ဖြူမော့်ကို ကမ်းပေးတယ်။ ဖြူမော်က လက်ကာပြတယ်။ နယ်လီက လှမ်းယူပြီး တစ်ဖွာဖွာတယ်။ ကျွန်တော့်ကို လှမ်းပေးတယ်။ ကျွန်တော် ခေါင်းခါလိုက်တယ်။
“နယ်လီနဲ့က ဘယ်လိုသိတာလဲ”..ကျွန်တော် မေးလိုက်တယ်။ အခုလို စကားစမြည် ပြောနေရတော့ ခေါင်းထဲမှာ အုံနွေးနေတဲ့ မေးခွန်းတွေ ခဏ အသံတိတ်သွားတယ်။
“ငါက သူ့ရဲ့ အလုပ်သင်ဆရာမလေ ဟားဟား”.. နယ်လီက ဆေးခြောက်ငွေ့တွေကို ဟူးခနဲ မှုတ်ထုတ်လိုက်ရင်း ပြောတယ်။ “မင်းခန့်ရယ် ငါတို့ ဘာတွေလဲဆိုတာ နင်သိပါတယ်။ မသိချင်ယောင် ဆောင်မနေစမ်းပါနဲ့”
“ဘာကို သိရမှာလဲ။ နင်တို့နဲ့ ကလပ်မှာတွေ့ပြီး ဒီအတိုင်း ခင်သွားတာလေ။ အခု မျိုးမြတ်တို့ ခေါ်လာလို့ နင်တို့ ပါလာတာမဟုတ်ဘူးလား”.. ကျွန်တော်မေးလိုက်တယ်။
“အေးလေ။ နင်တို့နဲ့ သိတာ ဘယ်နှရက်ရှိသေးလို့လဲ။ အခုလို ခရီးအဝေးကြီးကို ဒီအတိုင်း လိုက်လာတာ ငါတို့က အကြောင်းမရှိဘဲ ဘာလို့ လိုက်လာရမှာလဲ။ အားအားယားယားဟယ်”.. နယ်လီက ကျွန်တော့်ကို ရယ်ကြဲကြဲ အကြည့်နဲ့ ကြည့်ရင်း ပြောတယ်။
“အာ.. အစ်မကလည်း သူမသိဘူးဆိုရင်လည်း အတင်းပြောမနေနဲ့တော့လေ။ အခုမှ ဘာမှ မထူးဘူး”.. ဖြူမော်က မျက်နှာခပ်ရဲရဲနဲ့ ပြောတယ်။
ကျွန်တော် နားမလည်သလို အကြည့်နဲ့ မျိုးမြတ်ကို လှမ်းကြည့်လိုက်တယ်။ မျိုးမြတ်က ပခုံးတွန့်ပြတယ်။
“ငါတို့ နှစ်ယောက်ထဲက တစ်ယောက်ယောက်ကို နင်နဲ့ ချိတ်ပေးမယ် ဆိုပြီး ကျော်ဇောတို့က ပြောလို့ လိုက်လာတာ”.. နယ်လီက ပြောပြီးတာနဲ့ ဆေးခြောက်လိပ်ကို မီးသတ်လိုက်တယ်။ မတ်တပ်ထရပ်ပြီး အကြောဆန့်တယ်။ “သူဌေးသားလေး.. အမွေတွေ အများကြီးရပြီး တစ်ယောက်တည်း အထီးကျန်နေမှာ။ ငါတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်နဲ့ ငြိသွားရင် အမြတ်ပဲဆိုပြီး လိုက်လာတာဟာ ရှင်းပြီလား”
“ဪ..”.. ကျွန်တော် ဘာမှ ဆက်မပြောနိုင်ဘဲ ပြုံးစိစိဖြစ်သွားတယ်။ မဟာအကြံကြီး ပျက်သွားပြီပေါ့။
“အင်း။ အခုတော့ သူဌေးသားမရတဲ့ အပြင် အမှုပါပတ်တော့မယ် ထင်တယ်နော်။ စိတ်ညစ်ပါတယ်”.. ဖြူမော်က သက်ပြင်းချရင်း ပြောတယ်။
ကျွန်တော်သူတို့ နှစ်ယောက်ကို ကြည့်ရင်း စိတ်မထိန်းနိုင်တော့ဘဲ ရယ်မိသွားတယ်။ မျိုးမြတ်အောင်ကလည်း သဘောကျသွားသလို တဟားဟား ထရယ်တယ်။ နယ်လီကလည်း ပြုံးစိစိဖြစ်လာတယ်။ ဖြူမော်က ခေါင်းကိုကုတ်ရင်း ခပ်တိုးတိုးရယ်တယ်။ တော်တော်လေးကြာမှ အားလုံး မျက်နှာပိုး ပြန်သပ်မိကြတယ်။
“နောက်ဖေးသွားမလို့ လိုက်ခဲ့မလား ဖြူမော်”.. နယ်လီက ဖြူမော့်ကို လှမ်းခေါ်တယ်။
“အာ ကြောက်တယ် မလိုက်ချင်ဘူး”.. ဖြူမော်က ခေါင်းခါပြီး ငြင်းတယ်။.
“ဟဲ့ နင် ကြောက်တာနဲ့ မပေါက်ဘဲ နေလို့ ရမလား ဘယ်လောက်ကြာကြာ အောင့်ထားမလို့လဲ”
“မသိဘူး။ မပေါက်ဘူး။ ထွက်ကျပါစေ။ အိမ်အောက်တော့ မဆင်းရဲဘူး”.. ဖြူမော်က ခေါင်းကို သွင်သွင်ခါနေတယ်။
“ကဲကဲ.. ငါလိုက်ပို့မယ်။ လာ။ ငါလည်း ပေါက်ချင်နေတာ”.. မျိုးမြတ်အောင်က ထိုင်နေရာကနေထတယ်။
“ပြီးရော။ ကိုမျိိုးမြတ်နော်.. အိမ်သာအပြင်ကနေ စောင့်နေနော် ဘယ်မှ မသွားနဲ့”.. နယ်လီက ပွစိပွစိပြောရင်း ထွက်သွားတယ်။ မျိုးမြတ်က နောက်ကနေ ဖယောင်းတိုင် တစ်တိုင် မီးထပ်ညှိပြီး နယ်လီ့နောက်ကို လိုက်သွားတယ်။
(ဂ)
“ဟင်..ဒါဆို အစ်ကို့အဖေက အစ်ကို့ကို ပိုက်ဆံ တစ်ပြားမှ မပေးခဲ့ဘူးပေါ့”.. ဖြူမော်က မေးတယ်။
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။ အဖေ့ရဲ့ အမွေခွဲဝေမှု ဗြူဟာကြီးကို ရှင်းပြလိုက်တော့ ဖြူမော်က တော်တော် အံ့ဩသွားပုံပဲ။
“ရက်စက်လိုက်တာ။ ဒါဆို အစ်ကို ဘာလုပ်စားမှာလဲ”
“ဘာလုပ်စားရမှာလဲ။ သူပေးခဲ့တဲ့ လစာတွေကို ထိုင်စားနေရုံပေါ့။ ၄၅ နှစ်ပြည့်ရင် ပိုက်ဆံတွေ အကုန်ရမှာပဲလေ”.. ကျွန်တော် ပြန်ဖြေလိုက်တယ်။ ပျဉ်ကျိုပျဉ်ကြားတွေကနေ တိုးဝင်လာတဲ့လေကြောင့် ဖယောင်းတိုင် ငြိမ်းမသွားအောင် လက်နဲ့ ကာထားရတယ်။ အိမ်ရှေ့တံခါးကလည်း ဘယ်လိုပိတ်ပိတ် ပိတ်လို့မရဘဲ တံခါးရွက်တစ်ခုက ဟောင်းလောင်းကြီး။ ဖယောင်းတိုင်မီးအောက်မှာ ဖြူမော်နဲ့ ကျွန်တော့်ရဲ့ အရိပ်တွေက အရှည်ကြီးတွေ ဖြစ်နေတယ်။
“ဟယ်..ပျင်းစရာကြီးနော်။ ဒါဆို အစ်ကို အနှစ် ၂၀ လောက် ဘာမှမလုပ်ဘဲ ထိုင်နေရမှာပေါ့”.. ဖြူမော်က ပြောရင်းနဲ့ သဘောကျသွားသလို ရယ်တယ်။ “အင်း..ကံကောင်းတယ်လို့လည်း ပြောလို့ရပါတယ်။ ကျွန်မတို့ဆို အဲဒီလို ထိုင်စားနေဖို့ တော်တော် ဆုတောင်းယူရမယ်”
“အခုလောလောဆယ် အဲဒီပိုက်ဆံကို ထိုင်စားရမလား။ ထောင်ထမင်း ထောင်ဟင်းပဲ စားရမလား မသေချာသေးဘူး။ ယမင်း ပြဿနာက ဘယ်လောက်အထိ ကြီးမှာလဲ မသိဘူး”.. ကျွန်တော်ပြောလိုက်တယ်။
“အာ.. အဲဒီ အကြောင်းမပြောပါနဲ့ ကျွန်မ ကြောက်တယ်”..ဖြူမော်က ပြောရင်းနဲ့ ကြက်သီးထလာသလို လက်မောင်းနှစ်ဘက်ကို ပွတ်တယ်။ “အစ်ကို ဘယ်လို ထင်လဲဟင်။ သရဲလား တစ္ဆေလား။ အစ်ကိုတွေ့လိုက်တဲ့ အကောင်ကြီးက ဘာကြီးလဲ”
“မသိဘူး။ မကောင်းတဲ့ဟာ တစ်ခုခုဆိုတာတော့ သေချာတယ်။ နင်က ငါပြောတာကို ယုံလို့လား”.. ကျွန်တော်မေးလိုက်တယ်။
“အစ်ကို အမူးလွန်ပြီး မြင်မိမြင်ရာ မြင်တာလားမှ မသိဘဲ။ အစ်ကိုပြောတဲ့ အကောင်ကြီးနဲ့ မယမင်းနဲ့ တစ်ခုတည်းဆိုတာ ဟုတ်လို့လား။ မယမင်းက သေသွားတာ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ ဒီလိုပဲ သတိလစ်.. “.. ဖြူမော် စကားပြောနေရင်း တစ်ဝက်တစ်ပျက်နဲ့ ရပ်သွားတယ်။
သူ့မျက်လုံးတွေက အိမ်ရှေ့ တံခါး၀ဆီမှာ။
ကျွန်တော် နောက်ကို လှည့်ကြည့်လိုက်တယ်။
ဖယောင်းတိုင်မီးရောင်အောက်မှာ မသဲမကွဲ မြင်နေရတဲ့ အရိပ်တစ်ခု။ မှောင်မည်းနေပေမယ့် အဲဒီ သဏ္ဍန်ရဲ့ ဆံပင်ပုံစံနဲ့ အဝတ်အစားကို ကြည့်လိုက်တာနဲ့ ဘယ်သူလဲဆိုတာ ကျွန်တော် တန်းသိတယ်။
“ဟယ်.. မယမင်း ပြန်ရောက်လာပြီ”.. ဖြူမော်က အော်ပြီး ကျွန်တော့်ရှေ့က ဖယောင်းတိုင်ကို လှမ်းယူတယ်။ ပြီးတာနဲ့ ထိုင်ရာကနေ၊ တံခါး၀ဆီကို ပြေးသွားတယ်။
“ဖြူမော် မသွားနဲ့”..
ကျွန်တော် လှမ်းတားလိုက်ပေမယ့် မမီတော့ဘူး။
(ဃ)
ဆက်ဖြစ်တဲ့ အဖြစ်အပျက်တွေက ကျွန်တော့် ဦးနှောက်ထဲမှာ တစ်သက်လုံး စွဲနေတယ်။ ညဘက် အိပ်ရာဝင်တိုင်း အဲဒီ ပုံရိပ်တွေကို မြန်မြင်တယ်။ အိပ်မက်ထဲအထိလည်း အဲဒီ အော်သံတွေက ဆက်တိုက်လိုက်လာတယ်။
တံခါး၀မှာ မတ်တပ်ရပ်နေတဲ့ ယမင်း။ ဖြူမော့်လက်ထဲက ဖယောင်းတိုင်မီး သူနဲ့ နီးလာတာနဲ့ အမျှ သူ့ကိုယ်မှာ ကပ်နေတဲ့ ဖုန်တွေ သဲတွေ သွေးတွေကို တဖြည်းဖြည်း မြင်လာရတယ်။ သူ့ဆံပင်တွေက သွေးအလူးလူးနဲဲ့ ကြပ်ခဲကြီး ဖြစ်နေပြီ။ မျက်သားတွေက အဖြူသက်သက်။ ဖြူမော့်ခြေလှမ်းတွေက ယမင်းနားကို ရောက်တော့ တဖြည်းဖြည်း နှေးသွားတယ်။ တစ်ခုခုမှားနေတာကို သိလိုက်လို့ မသိစိတ်က တားလိုက်သလို.. ဖြူမော် တန့်ခနဲ ရပ်သွားတယ်။ ကျွန်တော် ထိုင်ခုံကနေ ထပြီး ဖြူမော့်အနောက်ကို အမြန်ပြေးလိုက်သွားတယ်။
“အေး..”
ယမင်းပါးစပ်ထဲက ထွက်လာတဲ့ အသံ..။ သေကာနီး သတ္တဝါကြီးတစ်ကောင် သက်ပြင်းချလိုက်တဲ့ အသံမျိုး။
“အစ်မ.. အစ်မ.. ဘာဖြစ်တာလဲ”..ဖြူမော်က အသုံးမကျစွာနဲ့.. လှည့်မပြေးဘဲ ယမင်းနဲ့ မျက်နှာခြင်းဆိုင် ရပ်ပြီး အထစ်ထစ် အငေါ့ငေါ့နဲ့ မေးတယ်။
“ဖြူမော်..ဖြူမော်”.. ကျွန်တော် ဖြူမော့်လက်ကို လှမ်းဆွဲတယ်။ နောက်ကို လှည့်ပြေးမလို့ ပြင်တယ်။ ဒါပေမယ့် ဖြူမော့်ကိုယ်လုံးက တောင့်တင်းပြီး ကျောက်ချထားသလို ဖြစ်နေတယ်။
ဂွီ..ဆိုတဲ့ အသံကြီး ထွက်လာတယ်။ ကျွန်တော့်တစ်ကိုယ်လုံး သတိအနေအထား ဖြစ်သွားတယ်။ ဒီအသံကို ရင်းနှီးနေပြီ။ ဒီအသံရဲ့ နောက်မှာ ဘာတွေလိုက်ပါလာမလဲ ကျွန်တော် ကြိုသိနေပြီ။ ကျွန်တော် ယမင်းဘက်ကို ပြန်လှည့်ကြည့်လိုက်မိတယ်။
ယမင်းရဲ့ ခေါင်း အရှေ့ကို ပြုတ်ကျလာတယ်။ ကြမ်းပြင်ပေါ်မှာ ဒုန်းခနဲ မြည်ပြီး လိမ့်တယ်။ ဖြူမော့်ခြေထောက်နားမှာ ရပ်သွားတယ်။
ယမင်းရဲ့ လည်ပင်းနေရာမှာ ဟောင်းလောင်းပေါက်ကြီး ကျန်ခဲ့တယ်။ လည်ပင်းပေါက်ထဲကနေ တဝီးဝီး ထိုးထွက်လာတဲ့ မည်းမည်းအမျှင်တွေဖြူမော့်တစ်ကိုယ်လုံးကို ပင့်ကူမျှင်တွေလို သိမ်းကြုံးပွေ့ဖက်လိုက်တယ်။
အား…ဆိုတဲ့အသံက ညလယ်ကောင်ကို ဖောက်ထွင်းပြီး ဆူညံသွားတယ်။ ဖြူမော့်လက်ထဲက ဖယောင်းတိုင်က လေဟပ်ပြီး ရုတ်ခနဲ ငြိမ်းသွားတယ်။ အမှောင်ထုက အခန်းထဲကို အင်နဲ့အားနဲ့ လှိမ့်ဝင်လာတယ်။
(င)
မျက်လုံးတွေကို အတင်း ပြူးပြဲထားပေမယ့် ဘာမှ မမြင်ရဘူး။ ဝိုးတဝါး အရိပ်တွေ မျက်စိရှေ့က ဖြတ်သွားတယ်။ တဂွီဂွီ အသံတွေ ပတ်ပတ်လည်မှာ ကြားနေရတယ်။
ကြမ်းပြင်တစ်နေနေရာမှာ ကျနေတဲ့ ဖယောင်းတိုင်နဲ့ မီးခြစ်ကို ကျွန်တော် လိုက်ရှာတယ်။ နှာခေါင်းထဲကို တိုးဝင်လာတဲ့ အပုပ်နံ့ကြောင့် ဝေါ့ခနဲ အန်ချလိုက်မိတယ်။ စောစောက စားထားတဲ့ ပေါင်မုန့်တွေ အလုံးလိုက် ပြန်ထွက်သွားတယ်။ အန်ဖတ်တွေကို ပြန်နင်းမိပြီး ချော်ခနဲ ဖြစ်သွားတယ်။ ကိုယ်ကို ပြန်ထိန်းတယ်။ မီးခြစ်.. မီးခြစ်..ဘယ်မှာလဲ။
တော်တော်လေးကြာမှ၊ သုံးလေး ငါးခေါက်လောက် လဲကျပြီးမှ လက်ထဲမှာ မီးခြစ်နဲ့ ဖယောင်းတိုင်ကို စမ်းမိတယ်။ မီးခြစ်ကို အမြန်ခြစ်ပြီး ဖယောင်းတိုင်မီးကို ထွန်းလိုက်တယ်။
“ဖြူမော် ဖြူမော်”.. ကျွန်တော် ပါးစပ်က အော်ခေါ်လိုက်ပေမယ့် စိတ်ထဲမှာတော့ သူမရှိတော့ဘူးဆိုတာ အလိုလို သိနေပြီ။
ကြမ်းပြင်မှာ တုံးလုံးပက်လက် လဲနေတဲ့ ယမင်းရဲ့ ခေါင်း။ မျက်လုံးတွေက အခုတော့ ပုံမှန်အတိုင်း လူသားမျက်ဝန်းတွေ၊ ကျွန်တော့်ဆီကို မော့ကြည့်လို့။ အိမ်ရှေ့တံခါးမှာ ဘေးတစောင်းလဲနေတဲ့ ခေါင်းမရှိတော့တဲ့ ယမင်းရဲ့ ကိုယ်ခန္ဓာ။ လက်တွေခြေတွေက ပုံဆိုးပန်းဆိုး ခွေခေါက်ကျိုးကြေနေတယ်။ လည်ပင်းပေါက်တစ်ခုလုံး ဖွာလန်ကြဲပြီး စုတ်ပြတ်နေတယ်။
“ဖြူမော်”.. ကျွန်တော် ထပ်အော်လိုက်တယ်။ ကျန်တဲ့သူတွေ ဘယ်မှာလဲ။ ဘယ်ရောက်နေတာလဲ။ ဘာလို့ ကျွန်တော် တစ်ယောက်တည်း ဖြစ်နေတာလဲ။
နောက်ဖေးဘက်ကို ပြေးသွားမယ်အလုပ်မှာ ဂွီဆိုတဲ့ အသံကို ထပ်ကြားလိုက်ရတယ်။
ဒီတစ်ခါတော့ ကျွန်တော် ဘေးဘီဝဲယာကို မကြည့်ဘူး။ အောက်ကိုလည်း မကြည့်ဘူး။
လက်ထဲက ဖယောင်းတိုင်ကို ဓားတစ်ချောင်းလို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။
မျက်နှာကြက်ကို မော့ကြည့်လိုက်တယ်။
မျက်နှာကြက်မှာ လေးဘက်ထောက်ရင်း ကျွန်တော့်ကို လည်ပြန်လှည့်ကြည့်နေတဲ့ ဖြူမော့်မျက်နှာနဲ့ သတ္တဝါ။
(စ)
မျက်နှာကြက်မှာ ကပ်နေတဲ့ ဖြူမော်က ကျွန်တော့်ကို မျက်လုံးဖြူတွေနဲ့ စိုက်ကြည့်နေတယ်။ ပါးစပ်ထဲကနေ တတွတ်တွတ် ထွက်ကျနေတဲ့ အမျှင်တွေက ကြမ်းပြင်ပေါ်အထိ ရှည်တန်းနေတယ်။ ပါးစပ်ထဲကနေ တအေ့အေ့ အသံတွေထွက်နေတယ်။ ရင်ခေါင်းထဲကနေ တဂွီဂွီ အသံတွေထွက်နေတယ်။
ကျွန်တော် ဖြူမော့်ကို စေ့စေ့စိုက်ကြည့်နေရင်း တစ်ကိုယ်လုံး အင်္ဂတေကိုင်ထားသလို တောင့်လာတယ်။
လူတွေရဲ့ ကြောက်စိတ်ဟာ အတိုင်းအတာတစ်ခုအထိပဲ ခံနိုင်ရည်ရှိတယ်ဗျ။ အရမ်းကြောက်လာတဲ့အခါ ကြောက်စိတ်နေရာကို တစ်ခုခု အစားထိုးဝင်လာတယ်။ ဝမ်းနည်းစိတ်လည်း ဖြစ်နိုင်တယ်။ ဝေခွဲမရတဲ့ ဇဝေဇဝါ ခံစားမှုမျိုးလည်းဖြစ်နိုင်တယ်။ တချို့ကျတော့ ရယ်ချင်တဲ့ စိတ်။ အရမ်းကြောက်ပြီး တဟားဟား အော်ရယ်ရင်း ရူးသွားတဲ့သူတွေတောင် ရှိတယ်။ တချို့ကျတော့ ကြောက်စိတ်နေရာမှာ ဒေါသစိတ်က အစားဝင်လာတတ်တယ်။
ကျွန်တော့်ကိုယ်ထဲကို အလုံးအရင်းနဲ့ လှိမ့်ဝင်လာတာလည်း ဒေါသစိတ်ပဲ။
“ဆင်းခဲ့လေ။ သတ္တိရှိရင် ဆင်းခဲ့”.. ကျွန်တော် အော်ပြောလိုက်တယ်။ လက်ထဲက ဖယောင်းတိုင်က ကျွန်တော့် ဆုပ်အားကြောင့် ကျိုးတော့မယ်။
မကောင်းဆိုးဝါးက ကျွန်တော့်စကားကို မကြားသလို တွေတွေကြီးပဲ စိုက်ကြည့်နေတယ်။ မျက်ဖြူလန်နေတဲ့ မျက်သားတွေက ကျွန်တော့် စိတ်ဝိဉာဉ်တွေကိုပါ ဖောက်ထွင်းပြီး ကြည့်နေသလို။
“လာလေ။ လာစမ်းပါ။ မိန်းကလေးတွေကိုမှ ရွေးပြီး သတ်ရဲတာ မင်းဘာကောင်လဲ။ ဘာလဲ”
“လူလိမ်တွေ..”.. ဖြူမော့်ပါးစပ်နေရာက ဟပြဲကြီးဖြစ်သွားပြီး စကားသံထွက်လာတယ်။ အိပ်မက်ဆိုးထဲက အသံ..။
“လိမ်တော့ ဘာဖြစ်လဲ။ မင်း သတ္တိရှိရင် ဆင်းခဲ့”.. ကျွန်တော့်ဦးနှောက်က အဲဒီအချိန်မှာ အလုပ်မလုပ်တော့ဘူး။ ယမင်းနဲ့ ဖြူမော့်ကို သိမ်းပိုက်သွားတဲ့ အဲဒီသတ္တဝါကို နပန်းလုံးချင်နေတာတစ်ခုပဲ သိတော့တယ်။ မိုက်ရူးရဲလို့ပဲ ခေါ်ခေါ်။
ဖြူမော်က ဟီး..ခနဲ မာန်ဖီတယ်။ အောက်ကို ဆင်းမလာဘဲ မျက်နှာကြက်မှာ အိမ်မြောင်တစ်ကောင်လို တွားသွားနေတယ်။ ကျွန်တော့်ကို ဗဟိုတည်ပြီး စက်ဝိုင်းပုံစံ ပတ်နေတယ်။
“လာခဲ့လေ လာခဲ့စမ်းပါ”..ကျွန်တော့် အသံက ပြောရင်းနဲ့ ငိုသံတွေပါလာတယ်။ ခံစားချက်တွေ အကုန်ပေါင်းပြီး ကျွန်တော့် တစ်ကိုယ်လုံးက ထူပူနေတယ်။ အဲဒီနေရာမှာတင် ခေါက်ခနဲ သေသွားခဲ့ရင်ကောင်းမယ်။
“လူလိမ်တွေ..”.. ဖြူမော့်မျက်နှာနဲ့ သတ္တဝါက ပြောရင်းနဲ့ မီးရောင်ထဲကနေ မျက်နှာကြက်ထောင့် အမှောင်ထဲကို တိုးဝင်သွားတယ်။
ကျွန်တော် ဖယောင်းတိုင်မီးကို မြင့်မြင့်မြှောက်ကိုင်ရင်း သူ့နောက်ကို လိုက်သွားတယ်။ တရွတ်တိုက်ဆွဲချင်နေတဲ့ ခြေထောက်တွေကို အားတင်းပြီး တစ်လှမ်းခြင်း လှမ်းတယ်။
အခန်းထောင့်စွန်းကိုရောက်တော့ ဖြူမော်က မျက်နှာကြက်ကနေ တရွတ်တိုက်လျှောဆင်းပြီး ပြတင်းပေါက်ဘောင်နားကို ရောက်လာတယ်။ ကျွန်တော်နဲ့ ခြေလှမ်း သုံးလှမ်းလောက်ပဲ ကွာတော့မယ်။
ကျွန်တော် ပါးစပ်ကနေ အားရပါးရ ဆဲရင်း သူ့ဆီကို ပြေးသွားလိုက်တယ်။
ဖြူမော့်မျက်နှာနဲ့ သတ္တဝါက ဟီး..ခနဲ အော်တယ်။ ပြတင်းပေါက်ကို လက်နဲ့ နောက်ပြန်ရိုက်ဖွင့်တယ်။ တစ်ကိုယ်လုံး အပြင်ကိုတိုးထွက်၊ အပြင်ဘက် ညအမှောင်ထဲကို ပျောက်ကွယ်သွားတယ်။
“ဖြူမော်.. ဖြူမော်”.. ကျွန်တော် အော်ခေါ်ရင်း ကျန်ခဲ့တယ်။
(ဆ)
ပြတင်းပေါက်နားမှာ ရပ်နေမိတာ ဘယ်လောက်ကြာသွားသလဲ မသိဘူး။ လက်ထဲမှာ ကိုင်ထားတဲ့ ဖယောင်းတိုင်က ဖယောင်းရည်တွေ ကျွန်တော့်လက်တစ်ခုလုံး ဖွေးနေပြီ။ မီးလည်း ငြိမ်းနေပြီ။
“ဖြူမော်.. ယမင်း.. “.. ကျွန်တော် ပါးစပ်က တတွတ်တွတ် ရွတ်နေမိတယ်။ ဒီသတ္တဝါ ဘာလို့ ဒီတစ်ခါ ကျွန်တော့်ကို မသတ်သွားတာလဲ။ ဘာလို့ ထွက်ပြေးသွားတာလဲ။ ဘာလို့ ဖြူမော့်ကို ထပ်ခေါ်သွားတာလဲ..။
အဲဒီအချိန်မှာ အိမ်ရဲ့ မီးတွေ ပြန်လင်းလာတယ်။
“မင်းခန့်”
ဒီအသံကို ကျွန်တော် ကြားဖူးတယ်။
ကျွန်တော် နောက်ကို လှည့်ကြည့်လိုက်တယ်။
ကျွန်တော့်နောက်မှာ ရပ်နေတဲ့ ဦးသိန်း။ သူ့ဘေးမှာ သူ့မိန်းမ မလှ။ သူတို့ဘေးမှာ ကျွန်တော် မတွေ့ဖူးတဲ့ ယောကျ်ားတစ်ယောက်။
ဦးသိန်းရဲ့ လက်ထဲမှာကိုင်ထားတဲ့ အဝတ်စအမည်းတစ်ခု။ သူ့မိန်းမ လက်ထဲမှာ ကိုင်ထားတဲ့ ဓားရှည်တစ်ချောင်း။ ဘေးကလူရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ အုန်းဆံကြိုးတစ်ခွေ။
“ခင်ဗျား..”
ကျွန်တော့်စကား မဆုံးခင်မှာပဲ ဦးသိန်းက ကျွန်တော့်ခေါင်းကို အဝတ်မည်းနဲ့ စွပ်ချလိုက်တယ်။
(ဆက်ရန်)
ချမ်းမြေ့ဝင်း
၅-၁၁-၂၀၂၀