အခန်း (၁၀)
(က)
“ခင်ဗျားရုံးမှာ ကော်ဖီလေးဘာလေး မရှိဘူးလားဗျ”.. မင်းခန့်ထူးက ဆုံလည်ထိုင်ခုံကို ဟိုလှည့်ဒီလှည့် လုပ်ရင်း မေးတယ်။
ဇာတ်လမ်းကို စိတ်ဝင်စားစရာနေရာ ရောက်လာရင် ဖြတ်ဖြတ်ချနေတာ။ ဘယ်လိုဟာလဲမသိ။ သူနဲ့ မျက်နှာချင်းဆိုင် မှာ ထိုင်နေတဲ့ မင်းခန့်ထူးကို သူဇာလွင် တော်တော့်ကို အမြင်ကတ်နေပြီ။ အခုလည်း သူဇာလွင့် ရုံးခန်းထဲမှာသာ ရောက်နေတာ သူ့အချိုးက သူ့ရုံးခန်းထဲမှာတုန်းက ပုံစံအတိုင်း မပြောင်းဘူး။ အပေါ်စီးကပဲ။
“ရှင့်ဆီမှာလို နိုင်ငံခြားကော်ဖီတော့ မရှိဘူး။ ကော်ဖီမစ်သောက်ချင်ရင်တော့ ရတယ်”.. သူဇာလွင် ပြန်ဖြေလိုက်တယ်။
“ရတယ် ဘာပဲဖြစ်ဖြစ်”..မင်းခန့်ထူးက ပခုံးတွန့်ရင်း ပြောတယ်။
“ဒါဆို ခဏ”..မင်းခန့်ထူးကို ရုံးခန်းထဲမှာ ထားခဲ့ပြီး သူဇာလွင် ရုံးခန်း အပြင်ကို ထွက်၊ ကော်ဖီမစ်ထုပ်တွေနဲ့ ရေနွေးအိုးတင်ထားတဲ့ စားပွဲလေးဆီကို လျှောက်သွားလိုက်တယ်။
ညဉ့်နက်နေပြီဆိုပေမယ့် သတင်းစာရုံးပီပီ မီးတွေထိန်လင်း၊ လူတွေစုဝေး၊ အလုပ်တွေ ရှုပ်နေတုန်းပဲ။ ရုံးကိုရောက်တော့မှ သူဇာလွင့် စိတ်ထဲမှာ တော်တော်လေး သက်သာရာ ရသွားတာ။ ဒီနေရာက သူဇာလွင့်ရဲ့ နေရာ.. သူနှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့တဲ့ နေရာ..။ သူ့ရဲ့ အိမ်ထက်တောင် ပိုပြီး ရင်းနှီးနေတဲ့ နေရာ..။ ဒီနေရာမျိုးမှာ ဘာမှ ဆိုးဆိုးရွားရွား ဖြစ်စရာမရှိဘူးလေ။ ဟုတ်တယ်မဟုတ်လား..။
တစ်ရုံးလုံးက လူတွေ.. ဒီတီပီ ဝန်ထမ်းတွေ၊ ဂရပ်ဖစ် ဒီဇိုင်နာတွေ၊ စာပြင်ဆရာတွေရဲ့ အကြည့်တွေက သူဇာလွင့်ရုံးခန်းထဲမှာ စိမ်ပြေနပြေထိုင်နေတဲ့ မင်းခန့်ထူးဆီမှာ ပုံကျနေတယ်။ မင်းခန့်ထူးကတော့ အပြင်ကလူတွေကို ရှိတယ်လို့တောင် သဘောမထားဘူးထင်တယ်။ မျက်နှာကြက်ကို ငေးရင်း ပါးစပ်က တလှုပ်လှုပ်နဲ့ ဘာတွေလဲမသိ ရွတ်နေတယ်။ သူဇာလွင်ကတော့ ရုံးကလူတွေနဲ့ ဘယ်သူနဲ့မှ မျက်လုံးခြင်း မဆိုင်မိအောင် မနည်း တင်းထားရတယ်။ မေးလာမယ့် မေးခွန်းတွေကို မဖြေချင်သေးဘူး။
ဆုတောင်းမပြည့်ပါဘူး။ စီနီယာ သတင်းထောက် ကေသီမောင်က သူ့ရုံးခန်းထဲကနေ ထွက်လာပြီး သူဇာလွင် ကော်ဖီဖျော်နေတဲ့နေရာကို အပြေးကလေး ရောက်လာတယ်။
“ဟဲ့.. နင်ငါတို့ကို လျှိုထားတာပဲ ကြည့်စမ်း။ အဲဒါ စကားဝါမင်းခန့်ထူး မဟုတ်လား။ နင်သူ့ကို ဘယ်ကနေဘယ်လို ဆွဲခေါ်လာတာလဲ ပြောစမ်း”.. ကေသီမောင်က သူဇာလွင့်လက်မောင်းကို ဖတ်ခနဲ လှမ်းရိုက်ရင်း ပြောတယ်။
“မဟုတ်ပါဘူး အစ်မရယ်။ ကျွန်မလည်း ဘာမှန်း ညာမှန်း သေချာမသိသေးလို့ ဘယ်သူ့ကိုမှ ပြောပြမထားတာ”.. သူဇာလွင် ဗြောင်ပဲ ညာလိုက်တယ်။ စကားဝါမင်းခန့်ထူး ဆိုပဲ။ နားဝင်ဆိုးလိုက်တာ။
စိတ်ထဲမှာ ကေသီမောင်ဆိုတဲ့ မိန်းမကို နုတ်နုတ်စင်းပြီး သုပ်စားချင်နေတယ်။ ဘယ်လို ဆွဲခေါ်လာသလဲတဲ့.. ဟားဟား။ မင်းခန့်ထူးကိုယ်တိုင်က အင်တာဗျူးခံချင်လွန်းလို့ အတင်းလိုက်လာတာပါလို့ ပြောချပစ်လိုက်ရမှာ။ ဒါပေမယ့် မဖြစ်သေးဘူး။ တကယ်ကတော့ မင်းခန့်ထူးရဲ့ ရုံးခန်းထဲအထိ တစ်ယောက်တည်း လိုက်သွားခဲ့တာ သူဇာလွင်လေ..။ ပြီးတော့ မင်းခန့်ထူးပါးစပ်က ထွက်လာတဲ့ ဇာတ်လမ်းက သုံးလို့ ရမရ မသေချာသေးဘဲ သူဇာလွင့်ဘက်က ထုတ်ကြွားသလို ဖြစ်နေရင် မကောင်းဘူး။
“နင်သူ့ကို ဘာတွေမေးပြီးပြီလဲ။ သူက ဝန်ခံပြီလား”.. ကေသီမောင်က ရုံးခန်းထဲမှာ ထိုင်နေတဲ့ မင်းခန့်ထူးကို ကွက်ကြည့်ကွက်ကြည့် အကဲခတ်ရင်း မေးတယ်။
“ဟင့်အင်း။ ဘာမှ မထူးသေးပါဘူး။ သေချာတောင် စကားမပြောရသေးဘူး”..သူဇာလွင် နောက်တစ်ကြိမ် ထပ်ညာလိုက်တယ်။ ကော်ဖီခွက်ကို ယူပြီး အခန်းထဲ ပြန်သွားဖို့ ခြေလှမ်းပြင်တယ်။
“အဲဒီလောက်လည်း လျှို့ဝှက်နေစရာ မလိုပါဘူး ဒေါ်သူဇာရယ်။ ဒီတိုင်း မေးကြည့်တာပါ”..ကေသီမောင်က နှုတ်ခမ်းကို ခပ်ထော်ထော်စူရင်း ပြောတယ်။ “ဒါနဲ့ နင်သူ့ကို အင်တာဗျူးလို့ အဆင်မပြေရင် ပြောနော်။ ငါ့ဆီကို လွှဲလိုက်.. သိလား”
“အစ်မရယ် သူများသတင်းကို အတင်းလုနေတာ မရှက်ဘူးလား”.. သူဇာလွင် ပါးစပ်က လွှတ်ခနဲ ထွက်သွားတယ်။ ရုံးခန်းထဲက စားပွဲအသီးသီးကနေ.. ကိုယ်စီကိုယ်စီ ခိုးနားထောင်နေကြတဲ့ ဝန်ထမ်းတွေရဲ့ အာမေဋိတ်သံ တိုးတိုးတွေ ထွက်လာကြတယ်။
လုံးခြေလိုက်တဲ့ စက္ကူစုတ်တစ်ခုလို ကေသီမောင့် မျက်နှာက ကြေတွန့်သွားတယ်။ ရုပ်ရှင်ထဲက မိန်းမဆိုးတွေလို နှုတ်ခမ်းတွေ ရွဲ့၊ မျက်ခုံးတွေ ချီပြီး ..
“ဒီမှာ ငါက နင့်လို မှုခင်း အစုတ်အပဲ့တွေကို အမှိုက်ပုံထဲဆင်းရှာပြီး လျှောက်ရေးနေတဲ့ မိန်းမ မဟုတ်ဘူး။ နားလည်လား။ ငါက နာမည်ကြီး မင်းသား..မင်း..”
သူဇာလွင် သူ့စကားကို ဆုံးအောင် နားမထောင်တော့ဘဲ လှည့်ထွက်လာလိုက်တယ်။ ကေသီမောင်က နောက်ကနေ ရှူးရှဲ ရှူးရှဲ အသံတွေနဲ့ မာန်ဖီနေတယ်။ တော်ပြီ..။ ဒီနေ့အတွက် သူဇာလွင့်ဆီမှာရှိတဲ့ သည်းခံနိုင်တဲ့ အတိုင်းအတာ တော်တော်လေး ပါးလှပ်နေပြီ။ ဒီမိန်းမ ရှေ့မှာ ဆက်နေနေရင် ကော်ဖီနဲ့ ကောက်ပက်တာပဲဖြစ်ဖြစ်၊ ခေါင်းကို ခွက်နဲ့ ထုလိုက်တာပဲဖြစ်ဖြစ် တစ်ခုခုတော့ လုပ်မိတော့မယ်။
(ခ)
“ရော့။ သောက်”.. မင်းခန့်ထူးရှေ့မှာ ကော်ဖီခွက်ကို ပစ်ချပေးလိုက်တယ်။ ကော်ဖီခွက်က စားပွဲပေါ်မှာ ဘယ်ညာယိမ်းပြီး လဲကျမလို ဖြစ်သွားတယ်။ မင်းခန့်ထူးက ကော်ဖီခွက်ကို လက်နဲ့ လှမ်းထိမ်းတယ်။
“ဘာဖြစ်တာလဲဗျ”..မင်းခန့်ထူးက လက်မှာစင်သွားတဲ့ ကော်ဖီတွေကို သုတ်ရင်း မေးတယ်။ “ကျွန်တော့်ကို ခေါ်လာလို့ ပြဿနာရှာခံနေရတာလား။ ဆောရီးပါ”
“ဘာမှမဖြစ်ဘူး။ ရှင်ပြောစရာ ရှိတာ ဆက်ပြော”..သူဇာလွင် ပြန်ပြောလိုက်တယ်။ ဒီလူက မျက်နှာကြက်ကို ငေးနေသလိုလိုနဲ့ ငါတို့ကို အထဲကနေ ချောင်းကြည့်နေတာကိုး။
“စောစောက အမျိုးသမီးက ဘယ်သူလဲ။ ခင်ဗျားရဲ့ အထက်ကလား”
“ဟုတ်တယ်။ ကျွန်မရဲ့ စီနီယာ”..သူဇာလွင် ပြောရင်းနဲ့ ဟိုဘက် ရုံးခန်းကို လှမ်းကြည့်တယ်။ ကေသီမောင်ရဲ့ ရုံးခန်းနဲ့ သူဇာလွင့်ရုံးခန်းက ကပ်လျက်သား။ ကေသီမောင်က သူဇာလွင့်ကို ကျောပေးပြီး ကွန်ပြူတာရှေ့မှာထိုင်၊ ကီးဘုတ်ကို တဂျောင်းဂျောင်းရိုက်နေတယ်။ သူရေးနေကျ ကောလာဟလ သတင်းတွေကို အချောသတ်နေတာနေမှာပေါ့.. သူဇာလွင် စိတ်တိုတိုနဲ့ တွေးမိတယ်။
“ဪ..”
“အို.. ရှည်လိုက်တာ။ ရှင်ပြောစရာရှိတာ ဆက်ပြောစမ်းပါ။ ရှင့်အဖေရဲ့ စာကို ဖတ်တော့မလို့ ဟုတ်တယ်မဟုတ်လား။ အဲဒါ ဘာဆက်ဖြစ်သလဲ”
“အင်း..အဲဒီစာထဲမှာ ဘာတွေရေးထားသလဲ ကျွန်တော် ခင်ဗျားကို မပြောပြတော့ဘူး”
“ဘာ.. လဲသေလိုက်လေ”..သူဇာလွင် စားပွဲကို လက်နဲ့ထုရင်း အော်မိသွားတယ်။
“နေပါဦး နေပါဦး.. စိတ်ထိန်းပါဗျ”..မင်းခန့်ထူးက ရယ်ရင်းနဲ့ လက်ကာပြတယ်။ “ခင်ဗျားကို ပေးထားတဲ့ မှတ်စုစာအုပ်လေ။ ကားပေါ်ကနေ ယူလာတယ်မဟုတ်လား”
“ယူလာတယ်။ အဲဒီတော့ ဘာဖြစ်သလဲ။ ကိုမင်းခန့် ရှင်ဝေ့လည်ကြောင်ပတ်တွေ အရမ်းများနေပြီနော်”
“ဟားဟား.. ခင်ဗျား အခုတော့ စိတ်ဝင်စားနေပြီမဟုတ်လား”..မင်းခန့်ထူးက အရယ်မရပ်သေးဘဲ သူဇာလွင့်ကို ဆွနေတယ်။
သူဇာလွင် အိတ်ထဲမှာ ထည့်ယူလာတဲ့ မှတ်စုစာအုပ်ကို ထုတ်ပြီး စားပွဲပေါ်ကို ပစ်တင်လိုက်တယ်။
“ရော့ဒီမှာ..ပြန်ယူချင်လည်း ယူသွားတော့။ ရှင်ပြောတာတွေကို စိတ်ဝင်စားတာတွေ စိတ်မဝင်စားတာတွေ လာပြောမနေနဲ့။ ကျွန်မ ဒီနေ့မနက်ကတည်းက အခုအထိ ဘာမှ မစားရသေးဘူး။ နားလည်း မနားရသေးဘူး။ ရှင့်ဇာတ်လမ်းကို နားထောင်နေရတာနဲ့ အချိန်ကုန်နေတာ။ ရှင့်ကိုယ်ရှင် ဘာထင်နေသလဲ။ ကျွန်မ ဝန်ခံတယ်။ စစခြင်းတော့ ရှင့်ဆီကနေ သတင်းတစ်ပုဒ်လောက် ရလိုက်ရင် ကျွန်မအလုပ်အတွက်၊ တက်လမ်းအတွက် အဆင်ပြေမယ်လို့ ထင်ခဲ့တာ။ အခု ကျွန်မ တော်တော် စိတ်ကုန်နေပြီ။ ရှင့်ဇာတ်လမ်းထဲက မကောင်းဆိုးဝါးတွေ တကယ်ရှိနေလည်း ကျွန်မ အတွက် ဘာမှ မထူးဘူး။ တကယ်မရှိလည်း ဘာမှမထူးဘူး။ နားလည်လား။ ကိုယ်လုပ်မိတဲ့ အလုပ်တစ်ခုကို အပြီးအထိ ဆက်လုပ်ချင်လို့သာ ရှင့်ကို ဒီနေရာကို ခေါ်လာတာ။ ရှင် ဒီဇာတ်လမ်းကို ပြီးအောင် ဆက်ပြောရင်ပြော၊ မပြောရင် ကျွန်မ ဒီစားပွဲကို ခုန်ကျော်လာပြီး ရှင့်ကို တစ်ခုခု လုပ်မိတော့မယ်”.. သူဇာလွင် မရပ်မနား ဆက်တိုက်တွေ ပြောမိသွားတယ်။ ဒေါသကြောင့် အသက်ရှူဖို့ပါ မေ့နေတယ်။ အဲဒီ ကေသီမောင်ဆိုတဲ့ ကောင်မသာ အခု မင်းခန့်ထူးဆီက အရူးဇာတ်လမ်းကို သိရင် သူဇာလွင့်ကို ဘယ်လောက်များ လှောင်လိမ့်မလဲ။ မှုခင်းသတင်းထောက်ကြီး ဒေါ်သူဇာလွင် တစ်ယောက် အရူးဇာတ်ထဲ ဝင်သွားတာကို သိသွားရင် ဘယ်လောက် ဝမ်းသာနေမလဲ။
“မဟုတ်ပါဘူးဗျာ.. ကျွန်တော်က သဘောရိုးနဲ့ နောက်လိုက်တာပါ”.. မင်းခန့်ထူးက လေသံကို ဖျော့ပြီး ဖြောင်းဖျတယ်။ သူ့ထုံးစံအတိုင်း လက်ဝါးနှစ်ဘက်ကို အရှေ့မှာကာ.. ကျွန်တော်မလုပ်တော့ပါဘူး ဆိုတဲ့ ပုံစံ လုပ်ပြတယ်။
“ဒီတစ်ခါ နောက်ဆုံးပဲ။ ကျွန်မ တကယ်ပြောနေတာ”..သူဇာလွင် သက်ပြင်းအရှည်ကြီးချရင်း ပြောလိုက်တယ်။ စိတ်လျှော့.. စိတ်လျှော့..။
“အဲဒီစာအုပ်ထဲမှာ အဖေ့ရဲ့စာလည်း ပါတယ်..လို့ ပြောမလို့။ ခင်ဗျားက စကားကို ဆုံးအောင်မှ နားမထောင်ဘဲ”.. မင်းခန့်ထူးက မှတ်စု စာအုပ်ကို မေးငေါ့ပြရင်းပြောတယ်။
“ရှင်အပိုတွေ ပြောမနေနဲ့။ ကျွန်မကို မရိုးမရွဖြစ်အောင် တမင်လုပ်နေတာ အသိသာကြီး”..သူဇာလွင် ပြန်ပြောရင်းနဲ့ မှတ်စုစာအုပ်ကို ဖွင့်လိုက်တယ်။ စာအုပ်အလယ်လောက်မှာ ညှပ်ထားတဲ့ စာရွက်ခေါက်တစ်ထပ်..။ စာရွက်အသားက အကောင်းစားပါပဲ။ ရေးထားတဲ့ လက်ရေးတွေကလည်း ညီညီညာညာ သပ်ရပ်လိုက်တာ။ ကွန်ပြူတာအားကိုးနဲ့ လက်ရေးမလှတော့တဲ့ သူဇာလွင့်အတွက်တော့ ဒီလို သပ်သပ်ရပ်ရပ် ရေးထားတဲ့ စာမျိုး မမြင်ဖူးတာ ကြာပြီ။ စာရွက်တွေက နှစ်တွေကြာလို့ နည်းနည်းတော့ ဝါချင်နေပြီ..။
“ဟင်.. စာကလည်း အများကြီးပဲ။ သုံးလေးမျက်နှာလောက်တောင် ရှိမယ်။ ရှင့်ဘာသာရှင် ပြောပြလိုက်လို့ မရဘူးလား”..စာရွက်ခေါက်ကို လက်ထဲမှာ ကိုင်ကြည့်ရင်း သူဇာလွင် ညည်းလိုက်တယ်။ ဒီညတော့ အိမ်ပြန်ရောက်ပါ့မလား..။
“ဖတ်ကြည့်ပါဗျ။ ခင်ဗျားကိုယ်တိုင် ဖတ်တော့ ပိုတိကျတာပေါ့။ ကျွန်တော်ပြောလိုက်ရင် မပြည့်မစုံ ဖြစ်နေမယ်”..မင်းခန့်ထူးက ပြောရင်းနဲ့ ကော်ဖီကို တစ်ငုံယူသောက်တယ်။
“ကောင်းတယ်ဗျ။ ကျေးဇူးပါ။ ခင်ဗျားလက်ရာ တော်တော်ကောင်းတာပဲ”
ကော်ဖီမစ် ဖျော်တိုက်လို့ ရွဲ့ပြောနေတာလားမသိ..။ သူဇာလွင် ဘာမှ ပြန်မပြောတော့ဘဲ စာရွက်တွေကို ဖြန့်ပြီး ဖတ်လိုက်တယ်။ ပထမဆုံး စာရွက်က ကျန်တဲ့ စာရွက်တွေထက် အရွယ်အစားသေးတယ်။ စာလည်းတိုတယ်။
…..
“သား။ မင်းခန့်..
အခု ဒီစာကိုဖတ်နေတဲ့အချိန်မှာ အဖေစီစဉ်ခဲ့တဲ့အတိုင်း ငါ့သား စကားဝါ အိမ်မှာ ရောက်နေပါစေလို့ အဖေ ဆုတောင်းတယ်။
ငါ့ရဲ့သား မင်းခန့်ထူးဟာ အလွယ်တကူနဲ့ လက်လျှော့ အရှုံးပေးတတ်တဲ့ ယောကျ်ားတစ်ယောက် မဖြစ်ပါစေနဲ့လို့ အဖေ ဆုတောင်းတယ်။
ဒီဆုတောင်းတွေ မပြည့်ဘူးဆိုရင် အဖေ့စာကို ဆက်မဖတ်နဲ့တော့ မင်းခန့်။ ဒီစာတွေကို မီးရှို့ဖျက်ဆီးလိုက်ပါ။ ပြီးရင် စကားဝါရွာနဲ့ အဝေးဆုံးတစ်နေရာကို ထွက်ပြေး။ လှည့်မကြည့်နဲ့..။
တကယ်လို့များ အဖေ့ဆုတောင်းတွေ ပြည့်ခဲ့တယ်ဆိုရင် ငါ့သား ဒီစာကို ဆက်ဖတ်ပါ”
….
ပထမ တစ်ရွက်ကို ဖတ်ပြီးတော့ သူဇာလွင် မင်းခန့်ထူးကို တစ်ချက် မျက်လုံးလှန်ကြည့်လိုက်တယ်။ မင်းခန့်ထူးက ကော်ဖီမစ်ကို အရမ်းအရသာရှိတဲ့ ပုံစံမျိုးနဲ့ မျှဉ်းပြီးသောက်နေတယ်။ သူဇာလွင် ပထမစာရွက်ကို ခေါက်သိမ်းလိုက်တယ်။ ကျန်တဲ့စာတွေကို ဆက်ဖတ်တယ်။
(ခ)
………….
“စာကို ဆက်ဖတ်ဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် သားကို အဖေ ကျေးဇူးတင်တယ်။ စာဖတ်ပြီးတဲ့အခါ အဖေ့ကို ခွင့်လွှတ်နိုင်မယ်လို့လည်း မျှော်လင့်တယ်။
အဖေဟာ ဖခင်ကောင်းတစ်ဦး မဟုတ်ခဲ့ဘူး။ ဒါကို အဖေကိုယ်တိုင် ဝန်ခံတယ်။ ငါ့သားကို လူလားမြောက်အောင် မပျိုးထောင်နိုင်ခဲ့ဘူး။ မင်းရဲ့လက်ထဲကို ပိုက်ဆံတွေကလွဲရင် ဘာအတတ်ပညာမှ မထည့်ပေးနိုင်ခဲ့ဘူး။ ဒီအတွက် အဖေ စိတ်မကောင်းဘူး။
စကားဝါ ပြဿနာ ပေါ်လာပြီးကတည်းက အဖေ့ဘ၀တစ်လျှောက်လုံးဟာ အဲဒီ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားရင်း အချိန်ကုန်သွားခဲ့တယ်။ ဘယ်သူ့ကိုမှ ပြောပြလို့ မရတဲ့ အခက်အခဲ တစ်ခုဖြစ်နေတော့ ဒီဝန်ကို အဖေ တစ်ယောက်တည်း ထမ်းရင်း ကိုယ်စိတ်နှလုံး ပင်ပန်းလှပြီ။
အခု ဒီစာကို ရေးနေတဲ့အချိန်မှာ အဖေ့ရဲ့ စားပွဲပေါ်မှာ ဆေးရုံပေါင်းများစွာမှာ အထပ်ထပ် အခါခါ စစ်ထားခဲ့တဲ့ ဆေးအဖြေစာရွက်တွေ ပုံထပ်နေတယ်။ အဖြေတွေအားလုံးက တညီတညွတ်တည်း ထောက်ခံထားတာကတော့ အဖေ့ရဲ့ နှလုံးဟာ မူမမှန်ဘူး။ အချိန်မရွေး နှလုံးဖောက်ပြီး ရပ်သွားနိုင်တယ်တဲ့။
အဖေ သေရမှာကို မကြောက်ပါဘူး။ ဒါပေမယ့် မိခင်မဲ့နေတဲ့ ငါ့သားကို ဒီလောကမှာ တစ်ယောက်တည်း ထားခဲ့ရမှာကိုတော့ စိုးရိမ်တယ်။ အထူးသဖြင့် ဒီ စကားဝါပြဿနာနဲ့ မင်းနဲ့ ထိပ်တိုက်တိုးတော့မှာကို အဖေ အရမ်းကြောက်ခဲ့တယ်။ သို့သော်လည်း မင်းဟာ ငါ့ရဲ့ သားအရင်းဖြစ်တယ်။ ငါ့သားကို အဖေ ဘယ်လောက်ပဲ ချစ်ချစ် ဒီပြဿနာဟာ အဖေတို့ မိသားစုရဲ့ ပြဿနာဖြစ်တယ်။ တပါးသူတွေဆီ လွှဲချလိုက်လို့ မရဘူး။ ဒီတော့ အဖေ့ရဲ့ ဝန်ကို ငါ့သား ဆက်ထမ်းဖို့ လိုတယ်။
အဖေဆက်ပြောမယ့် စကားတွေကို ငါ့သား သံသယစိတ်တွေ၊ မယုံမကြည်စိတ်တွေ ခဏ ဘေးဖယ်ပြီး နားထောင်ပါ။ အဖေကိုယ်တိုင်လည်း ဒီလို ကိစ္စတွေကို အယုံအကြည်ရှိသူ မဟုတ်ခဲ့တာ မင်းသိမှာပါ။ ဒါပေမယ့် ငါ့သား စိတ်ကို ဖွင့်ပြီး နားထောင်။ ခေါင်းကို ရှင်းပြီး နားထောင်..။ အဖေ့တုန်းက အဲဒီလို မယုံကြည်ခဲ့လို့ နောင်တတွေ တစ်ပုံကြီးနဲ့ အခု သေကာနီးအထိ ယူကြုံးမရဖြစ်နေရပြီ။
ငါ့သား..။ မင်းခန့်..။
စကားဝါရဲ့ မြေဟာ မသန့်ဘူး။ အဲဒီနေရာဟာ ကျိန်စာသင့်နေတဲ့ နေရာ။ အိပ်မက်ဆိုးတွေ စုပေါင်း ဖြစ်တည်လာတဲ့ ဖုန်းဆိုးမြေတစ်ခု။
စကားဝါကိုရောက်တဲ့အခါ ငါ့သား တွေ့မှာပါ။ တစ်ဝက်တစ်ပျက်နဲ့ ရပ်တန့်သွားတဲ့ လမ်းမကြီးကို တွေ့လိမ့်မယ်။ ယိုယွင်းပျက်စီးနေတဲ့၊ လူသူမရှိတဲ့ ခြံအလွတ်တွေကို တွေ့လိမ့်မယ်။ ဟိုနားဒီနား တစ်အိမ်စ နှစ်အိမ်စ ပြန့်ကျဲနေတဲ့ လူဦးရေ အနည်းငယ်ကိုလည်း တွေ့လိမ့်မယ်။ ပြီးရင် တစ်ဖက်ပိတ် လမ်းရဲ့ ထိပ်တည့်တည့်မှာ ဆောက်ထားတဲ့ အဖေ့ရဲ့အိမ်။ ဒီအိပ်မက်ဆိုးတွေရဲ့ ဗဟိုချက်နေရာ..။
၁၉၇၀ နှောင်းပိုင်းလောက်မှာ အမြန်လမ်း နားနေစခန်းဆောက်ဖို့ အဲဒီနေရာကို အဖေ ရွေးခဲ့တယ်။ သို့သော် အခက်အခဲ အမျိုးမျိုး တွေ့ရတဲ့အတွက် ပရောဂျက်က တစ်ဝက်တစ်ပျက်နဲ့ ရပ်တန့်သွားတယ်.. ဒါကို သား ကြားမိမှာပါ။ ဘာကြောင့် တစ်ဝက်တစ်ပျက်နဲ့ ရပ်သွားသလဲဆိုတာလဲ ငါ့သား ရိပ်မိလောက်ပြီ။
စကားဝါမြေဟာ လူတွေကို ပြုစား ဖျက်ဆီးချင်တဲ့ နေရာ။ လူတွေရဲ့ အကြောက်တရားကို ဝါးမျို စားသောက်ချင်တဲ့ နေရာ။ အဲဒါကို အဖေသိလိုက်ရတဲ့ အချိန်မှာ တော်တော်လေး နောက်ကျသွားခဲ့ပြီ။ အဲဒီမြေထဲမှာ ခိုအောင်းနေတဲ့ မကောင်းဆိုးဝါးက လွတ်ထွက်သွားခဲ့ပြီ။
အဖေပိုင်ဆိုင်သမျှ စည်းစိမ် တစ်ဝက်လောက်ဟာ အဲဒီ စကားဝါ ပြဿနာကို ဖုံးရင်းဖိရင်းနဲ့ ကုန်သွားတယ်။ စကားဝါကို ရွာတစ်ရွာဖြစ်လာအောင် အဖေ ကြိုးစားခဲ့တယ်။ အဖေ့ရဲ့ လူယုံတွေကို ရွာတစ်ဝိုက်မှာ အခြေချ နေထိုင်ခိုင်းပြီး ဒီပြဿနာကို စောင့်ကြည့်ဖို့ တာဝန်ပေးခဲ့တယ်။ ဒီအိပ်မက်ဆိုးဟာ စကားဝါထဲမှာပဲ ဆက်ရှိနေဖို့၊ ကျန်တဲ့နေရာတွေကို ပြန့်မသွားဖို့ အဖေ နည်းမျိုးစုံ သုံးပြီး တားခဲ့တယ်။ ဘယ်လိုနည်းလမ်းတွေ သုံးခဲ့သလဲဆိုတာ ငါ့သားကို အဖေ ပြောမပြရက်ဘူး။ ပြောမထွက်ဘူး။ ငါ့သား တဖြည်းဖြည်းနဲ့ သိလာပါလိမ့်မယ်။
အခု အဖေ့မှာ အချိန် မရှိတော့ဘူး။ အဖေ နှစ်ပေါင်း ၂၀ နီးပါး ထမ်းခဲ့ရတဲ့ ဝန်ထုပ်ဝန်ပိုးကို ငါ့သားရဲ့ ပခုံးပေါ်ကို စိတ်မကောင်းစွာနဲ့ပဲ လွှဲပေးပါရစေ။
စကားဝါရဲ့ အတိတ်ဆိုးကို အမှန်အတိုင်း သိလာရတဲ့အခါ အဖေ့ကို မင်း မုန်းသွားလိမ့်မယ်။ ဒါပေမယ့် အဖေ့မှာ ရွေးစရာလမ်း မရှိဘူး။ စကားဝါမြေရဲ့ မကောင်းဆိုးဝါးဟာ ဘယ်ဒဏ္ဍာရီထဲကလာသလဲ၊ ဘယ်ကမ္ဘာကလဲ၊ ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ..ဒါတွေကို အဖေ မသိဘူး။ အဖေသိတာ တစ်ခုပဲ ရှိတယ်။ အဲဒီအရာဟာ အမြဲဆာလောင်နေတဲ့ သတ္တဝါ။ ဘယ်လောက်ကျွေးကျွေး အာသာမပြေတဲ့ သတ္တဝါ။
ဒီမကောင်းဆိုးဝါး စကားဝါမြေကနေ လွတ်ထွက်မသွားဖို့ အဖေတို့မှာ တာဝန်ရှိတယ်။ မင်းမှာ တာဝန်ရှိတယ်။ ဘာပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ ရင်းရ ရင်းရ.. အဲဒီမကောင်းဆိုးဝါးကို စကားဝါမှာပဲ ချုပ်ထားဖို့လိုတယ်။
အဖေပြောတာကို ငါ့သား နားလည်မှာပါ။ မင်းကို ပိုက်ဆံတွေ မပေးခဲ့ဘူး၊ အမွေတွေ မပေးခဲ့ဘူးဆိုတာကိုလည်း နားလည်ပေးပါ။ ဒါတွေဟာ အာရုံလွှဲစရာတွေဖြစ်တယ်။ ဒီစည်းစိမ်တွေပေါ်မှာ သာယာနေရင် စကားဝါမြေကို မင်းလျစ်လျှူရှုသွားမှာကို အဖေစိုးရိမ်တယ်။ မင်း အသက် ၄၅ နှစ်ပြည့်ရင် အဖေ့စည်းစိမ်တွေကို အကုန် ရစေရမယ်။ အဲဒီမတိုင်ခင်အထိတော့ စကားဝါဇာတ်လမ်းကို အဖေ့နေရာမှာ ကိုယ်စားဝင် “က”ဖို့ တောင်းဆိုရမှာပဲ။
စကားဝါရွာကို မင်း ရောက်လာမှ ဒီစာကိုပေးပါလို့ ဦးသိန်းကို အဖေမှာထားခဲ့တယ်။ ငါ့သား မင်းခန့်ထူးဟာ ဘယ်ကိုသွားသွား တစ်ယောက်တည်း မသွားဘဲ အဖော်သဟဲနဲ့မှ သွားတတ်တယ်ဆိုတာကို အဖေသိတယ်။ အခုလည်း မင်းတစ်ယောက်တည်း မဟုတ်ဘဲ သူငယ်ချင်းတွေ ခေါ်လာပါစေလို့.. အဖေ ဆုတောင်းတယ်။
စကားဝါရဲ့ မကောင်းဆိုးဝါးဟာ ငါတို့ သားအဖကိုတော့ ရန်မမူဘူး။ အစာကျွေးတဲ့လက်ကို ပြန်မကိုက်တဲ့ ခွေးလိုပဲပေါ့။
မင်းရဲ့ သူငယ်ချင်းတွေအတွက်တော့ အဖေ စိတ်မကောင်းဘူး။ သူတို့လည်း အဖေ့ကို ခွင့်လွှတ်နိုင်ပါစေ။
အဖေပြောတာကို မမေ့နဲ့ မင်းခန့်..။ ဘာတွေပဲ ရင်းရ ရင်းရ.. ဘယ်လောက်ပဲ ဆုံးရှုံးပါစေ..။ စကားဝါပြဿနာဟာ စကားဝါထဲမှာပဲ ရှိနေဖို့ အရေးကြီးတယ်။
အဖေ့ကို နားလည်ပါ”
………………………
(ဂ)
စာရွက်တွေကို ပြန်ခေါက်၊ မှတ်စုစာအုပ်ထဲ ပြန်ညှပ်ရင်း သူဇာလွင် သက်ပြင်းချလိုက်တယ်။
“ဇာတ်လမ်းက ရှင်းမသွားဘဲ ပိုလို့တောင် ရှုပ်လာပါလား ကိုမင်းခန့်”..သူဇာလွင် ပြောလိုက်တယ်။
မင်းခန့်ထူးက သူဇာလွင့်မျက်နှာရိပ် မျက်နှာကဲကို သေချာ စိုက်ကြည့်နေတယ်။ သူ့လက်ချောင်း သွယ်သွယ်တွေနဲ့ စားပွဲကို တဒေါက်ဒေါက် ခေါက်တယ်။ နှဖူးရှေ့မှာ ဝဲကျနေတဲ့ ဆံပင်နက်နက်တွေကို လက်နဲ့ သပ်တင်တယ်။
“အဲဒီစာကို ဖတ်ပြီးတော့ ခင်ဗျား ဘယ်လို သဘောပေါက်သွားသလဲ”..မင်းခန့်ထူးက မေးတယ်။
“အားမနာဘဲ ပြောရရင်တော့ ရှင့်အဖေလည်း ရှင့်လိုပဲ ဂေါက်တောက်တောက်ရယ်”
“ဟားဟား.. ကျွန်တော်လေ ခင်ဗျားလိုမျိုး စိတ်ဓာတ်ရှိချင်တယ်။ တကယ်ပြောတာ။ ဘယ်အရာကိုမှ မယုံကြည်ဘဲ အာ..ဒါတွေက အရူးစကားတွေပါ ဆိုပြီး ဥပေက္ခာပြုနိုင်တဲ့ စိတ်ဓာတ်မျိုး”
“အို..ကျွန်မ မယုံဘူးဆိုတာ ရှင့်ဇာတ်လမ်းထဲက ဘာမှန်းမသိတဲ့ မကောင်းဆိုးဝါးကိုပဲ မယုံတာ။ ကျွန်မလည်း ဘုရားတရား ယုံတဲ့သူပါ။ ရှင့်ရဲ့ စကားဝါ သတ္တဝါ ဆိုတာကြီးကိုတော့ ဆောရီးပဲ”
“အင်း.. ထားပါတော့။ အဖေ့စာထဲမှာ နောက်ဆုံးမှာသွားတာကို ခင်ဗျား ဖတ်လိုက်ရတယ် မဟုတ်လား”
“ရှင့်သူငယ်ချင်းတွေအတွက် စိတ်မကောင်းပါဘူးလို့ ရေးထားတယ်လေ။ ကျွန်မ ရှင့်ဇာတ်လမ်းကို ယုံလို့ ပြောတာမဟုတ်ဘူးနော်။ ဇာတ်လမ်းအရဆိုရင် ရှင့်အဖေက သိသိကြီးနဲ့ တမင်လုပ်လိုက်တာပေါ့။ အဲဒီ မကောင်း.. အဲဒီ သတ္တဝါ..အာ.. ဘယ်လိုမှ ပါးစပ်ထဲက ပြောမထွက်ဘူး”..သူဇာလွင် စိတ်တိုတိုနဲ့ လက်နှစ်ဖက်ကို ပိုက်လိုက်တယ်။ ဒီ…မကောင်းဆိုးဝါး..ဆိုတဲ့ စကားလုံးကိုတောင် ပါးစပ်က ပြောထွက်ဖို့ အဆင်မပြေဘူး။ အဓိပ္ပာယ်မရှိတာတွေ။ ယုံတမ်းပုံပြင်တွေ။
မင်းခန့်ထူးက သူ့ထုံးစံအတိုင်း အသံလွင်လွင်နဲ့ ရယ်တယ်။
“အင်း ဟုတ်တယ်။ တမင်လုပ်လိုက်တာ။ ကျွန်တော့် အထင်တော့ အဖေက အဲဒီသတ္တဝါနဲ့ ထိပ်တိုက်တိုးဖူးလိမ့်မယ်။ ပြီးမှ ဘယ်ကနေ ဘယ်လို သဘောတူညီချက်တွေ ရသွားသလဲ ကျွန်တော် မသိဘူး။ ဒါပေမယ့် အဖေ့အကြောင်းကို ကျွန်တော် သိတယ်။ အဖေက စီးပွားရေးသမားစစ်စစ်။ ငရဲမင်းနဲ့တွေ့ရင်တောင်မှ မရရအောင် ညှိနှိုင်းဖြားယောင်းမယ့်သူမျိုး။ အဖေ သူ့တပည့်တွေကို ပြောပြောနေကျ စကားတစ်ခုရှိတယ်။ “ညှိလို့မရတာ ဘာမှ မရှိဘူး”..တဲ့”
“အာ.. စီးပွားရေးလုပ်နေတာမှ မဟုတ်တာ။ အိမ်ရောင်း ကားဝယ်လုပ်နေတာလဲ မဟုတ်ဘူး။ ဘယ်လို ညှိမှာလဲ”..သူဇာလွင် မေးလိုက်တယ်။
“ရှင်းနေတာပဲ”..မင်းခန့်ထူးက ပခုံးတွန့်ရင်း ပြန်ဖြေတယ်။ “လူဖြစ်ဖြစ် တိရိစ္ဆာန်ဖြစ်ဖြစ်၊ ဘာသတ္တဝါပဲဖြစ်ဖြစ် လိုအပ်ချက်တစ်ခုခုတော့ ရှိတာပဲ။ အဲဒါကို ပေးနိုင်မယ်ဆိုရင် ညှိလို့ ရတာပဲ မဟုတ်လား။ ဒီတော့ စကားဝါရဲ့ မကောင်းဆိုးဝါးက ဘာကိုလိုချင်သလဲ။ အဖေက ဘာလုပ်ပေးနိုင်သလဲ”
“ရှင်ဘာပြောချင်သလဲ ကျွန်မသိတယ်။ ဒါပေမယ့် လုံး၀ အဓိပ္ပာယ်မရှိဘူးနော်”
“အဖေဟာ စီးပွားရေးသမား တစ်ယောက်။ လုပ်ငန်းတွေ အများကြီး ပိုင်တဲ့ သူဌေးတစ်ယောက်။ တပည့်တွေက အင်မတန် လေးစားရတဲ့ ဆရာသမားတစ်ယောက်။ ဒါတွေကို ကျွန်တော် သိတယ်။ ဒါပေမယ့်.. အဖေဟာ ယဇ်ပူဇော်တတ်တဲ့ သူတစ်ယောက်လည်း ဖြစ်နေခဲ့မှန်း ကျွန်တော် အဲဒီစာကို ဖတ်ပြီးမှ နားလည်သွားတယ်”
“အို.. မဖြစ်နိုင်..”
“အဲဒီစာထဲမှာ ခင်ဗျား မမြင်ဘူးလား။ ဘာပဲ ရင်းရ ရင်းရ..တဲ့။ ဘယ်သူတွေပဲ သေသေ.. သူမသေရင် ပြီးရော။ အဲဒီ မကောင်းဆိုးဝါး သူ့နောက် လိုက်မလာရင်ပြီးရောဆိုပြီး လုပ်နေတာပဲ”
“ဒါပေမယ့် ရှင့်အဖေ ရေးထားတာက သူကိုယ်တိုင်တော့ သေရမှာကို မကြောက်ဘူးဆို..”
“အလကား စောက်ပိုတွေ”..
မင်းခန့်ထူးပါးစပ်က ဆဲသံထွက်လာတော့ သူဇာလွင် အံ့ဩသွားတယ်။ မင်းခန့်ထူးပုံစံက အဲဒီလို မိုက်မိုက်ရိုင်းရိုင်းပြောတတ်တဲ့ ပုံစံမဟုတ်။
“ဆောရီး။ ကျွန်တော် စိတ်တိုသွားတယ်။ စာထဲမှာ ရေးထားတိုင်း အဟုတ်မှတ်မနေနဲ့။ သေတမ်းစာ ဆိုတာနဲ့ လူတွေက သနားပြီး ဖြည့်တွေးပေး ၊ ဖြည့်ဖတ်ပေးချင်ကြတယ်။ အောင်မယ်.. ငါ့သားမင်းခန့်ထူးဟာ အလွယ်တကူနဲ့ လက်လျှော့အရှုံးပေးတတ်တဲ့ ယောက်ျားတစ်ယောက် မဟုတ်ပါစေနဲ့ ဆိုပြီး ဆုတောင်းတယ်ဆိုပဲ။ သူကိုယ်တိုင်တောင် ရင်မဆိုင်ရဲလို့ ပတ်ပြေးနေခဲ့တာ မဟုတ်ဘူးလား။ တကယ်က အဲဒီစာက ကျွန်တော့်ကို ခွင်ဆင်လိုက်တဲ့စာ။ ကျွန်တော့် သူငယ်ချင်းတွေကို တောနက်ထဲ တွန်းပို့တဲ့စာ။ ဘာကို သေမှာ မကြောက်တာလဲ။ သေမှာ မကြောက်ရင် အဲဒီ မကောင်းဆိုးဝါးကို သူ့အသက်သူ ပူဇော်လိုက်ပါလား။ ဘာလို့ .. ဘာလို့”..မင်းခန့်ထူးက ပြောနေရင်း စိတ်မထိန်းနိုင်တော့သလို စကားကို ဖြတ်ချလိုက်တယ်။ မျက်နှာကို လက်ဝါးနှစ်ဖက်နဲ့ အုပ်ရင်း ထိုင်ခုံမှာ ပက်လန်လှန်မှီတယ်။
“အဖေက တော်တော်ကို ဉာဏ်ကောင်းတယ်လို့ ပြောရမယ်။ ကျွန်တော် ဘာလုပ်မယ်ဆိုတာကို တပ်အပ်သိပြီး စီစဉ်သွားတယ်။ သူမရှိတော့ရင်တောင် စကားဝါမြေကို အစာမငတ်စေဖို့ ကျွန်တော့်ကို တာဝန်ဆက်ယူခိုင်းမယ်။ ကျွန်တော်ဆိုတဲ့ ကောင်ကလည်း ဘယ်သွားသွား သူငယ်ချင်းတစ်သိုက်နဲ့ဆိုတော့ ပို အဆင်ပြေတယ်လေ။ သူငယ်ချင်း ခြောက်ယောက်တောင် ဆိုတော့ အလှူကြီးပေါ့”
“ဒါပေမယ့်.. ရှင့်အဖေ ပြောတော့ အဲဒီသတ္တဝါက ရှင်နဲ့ သူ့ကို ဒုက္ခမပေးဘူးဆို။ အဲဒီ ယမင်း..မျက်နှာနဲ့ သတ္တဝါ ဟုတ်လား.. သူက ဒုတိယညမှာ ရှင့်ကို ရန်လုပ်တာ ဘာလို့လဲ”..သူဇာလွင်က မေးတယ်။
“ဘာလို့လဲဆိုတော့ ကျွန်တော့် အဖေက ကျွန်တော် သူ့ကို ဘယ်လောက် မုန်းနေတယ်ဆိုတာကို လျှော့တွက်မိသွားတာ”
“ဘယ်လို”
“ကျွန်တော့်ကို ပိုက်ဆံလေး မစို့မပို့ပေးထား၊ အိမ်စုတ်လေး တစ်လုံးချန်ထားပေးခဲ့တယ်။ မင်းခန့်ထူးဆိုတဲ့ကောင်က အလုပ်လည်း မလုပ်တတ်၊ လက်ကြောမတင်း ဆန်ကုန်မြေလေး မဟုတ်လား။ ဒီတော့ စားစရာမရှိ နေစရာ မရှိရင် အဲဒီအိမ်ကိုပဲ သွားမယ်ဆိုတာကို အဖေက ကြိုသိနေတယ်။ အိမ်ကို ပြန်ရောင်းလို့ မရအောင်လည်း စီစဉ်ထားတော့ ကျွန်တော် အဲဒီစကား၀ါ အိမ်မှာ သောင်တင်နေမယ်။ အဲဒီ မကောင်းဆိုးဝါးနဲ့ ကျွန်တော်နဲ့ ထိပ်တိုက်တိုးမယ်။ ပြီးရင် ကျွန်တော့်မှာ ရွေးစရာ မရှိတော့ဘဲ အဲဒီ သတ္တဝါရဲ့ လိုအင်ကို ဖြည့်ပေးရတော့မယ်။ ကျွန်တော့် သူငယ်ချင်းတွေကို အဲဒိ သတ္တဝါဆီ တစ်ယောက်စီ ထိုးကျွေးရတော့မယ်။ ဒါတွေကို အဖေက အကွက်ကျကျ စီစဉ်သွားခဲ့တာ။ ဒါပေမယ့် သူထင်မထားတာ တစ်ခု ရှိနေတယ်။ ကျွန်တော် သူ့ကို ဘယ်လောက် မုန်းနေသလဲဆိုတာ သူမသိဘူး။ သူပေးခဲ့တဲ့ အိမ်ကို မီးတင်ရှို့ဖို့ ကြံမယ်ဆိုတာကို သူမသိသွားဘူး..”
“ဒီတော့ ရှင်ပြောချင်တာက”.. သူဇာလွင် ကိုယ်ကို မတ်လိုက်တယ်။ အသံသွင်းစက်ကို ပြန်ဖွင့်တယ်။ အာရုံက ဇာတ်လမ်းထဲကို ပြန်မျောပါသွားပြန်တယ်။
“ကျွန်တော် ပြောချင်တာက.. ကျွန်တော် သူ့နေရာကို ဖျက်ဆီးတော့မယ်ဆိုတာကို အဲဒီ မကောင်းဆိုးဝါးက သိသွားတာ။ ကျွန်တော့် ပါးစပ်က ထွက်လာတဲ့ စကားတွေကို ကြားသွားတာ။ ခိုးနားထောင်နေတာ”
(ဃ)
သူဇာလွင် အချိန်တော်တော်ကြာအောင် တွေသွားတယ်။ ဇာတ်လမ်းကို ပြန်စဉ်းစားတယ်။ ဟုတ်တယ်။ မင်းခန့်ထူးပါးစပ်ကနေ “ငါ ဒီအိမ်ကို မီးတင်ရှို့မယ်” ဆိုပြီး သူ့သူငယ်ချင်းတွေကို ပြောခဲ့တယ်။ အဲဒီ ဧည့်ခန်းထဲမှာပဲ။
“ခင်ဗျား စဉ်းစားနေတာ မှန်တယ်”.. မင်းခန့်ထူးက ပြောတယ်။ “ကျွန်တော့်ပါးစပ်က အဲဒီစကား ထွက်သွားပြီ မကြာခင်မှာ ယမင်း သွေးအန်တော့တာပဲ။ တိုက်ဆိုင်လွန်းမနေဘူးလား။ ဒီတော့ စကားဝါကို ကျွန်တော်တို့ ရောက်လာကတည်းက အဲဒီ မကောင်းဆိုးဝါးက တစ်နေနေရာကနေ စောင့်ကြည့်နေတာပေါ့။ ပထမညတုန်းက ယမင်း မူမမှန်တာလည်း အဲဒီကောင် လက်ချက်ပဲ သေချာတယ်။ ကျွန်တော်က သူ့နေရာကို ဖျက်ဆီးမယ်ဆိုပြီး ပြောလိုက်တော့မှ ဒေါသူပုန်ထပြီး ယမင်း ကိုယ်ထဲကို ဝင်ပူးတော့တာပဲ။ ဒါကြောင့်မို့လို့ သူ့ပါးစပ်ကနေ လူလိမ်တွေ..လူလိမ်တွေဆိုပြီး အော်နေတာ။ သူ့ကို အဖေက ဘာတွေ ကတိပေးခဲ့သလဲမှ မသိဘဲ”
“ဝင်ပူးတယ်ဆိုတာက.. ဘာကိုပြောချင်တာလဲ။ သရဲပူးသလို ပူးတာမျိုးလား”
“အာ..ခင်ဗျားကလည်း ဒီလောက်ပြောနေတာကို သဘောမပေါက်သေးဘူး။ သရဲတစ္ဆေဆိုတာမျိုးက ကျွန်တော် သိရသလောက်က လူက စဖြစ်တာ။ ဒီသတ္တဝါက လူမဟုတ်ဘူး။ ဘယ်တုန်းကမှ လူမဖြစ်ခဲ့ဘူး။ ကမ္ဘာဦး အစကတည်းက၊ ဒီလောကထဲကို ရောက်လာကတည်းက မကောင်းဆိုးဝါးအဖြစ်နဲ့ ရောက်လာတဲ့ သတ္တဝါ”
“ဒါဆို ဘာလဲ”
“မသိဘူးလေ။ ဒီလောကထဲမှာ ကျွန်တော်တို့ မသိတဲ့ အရာတွေ အများကြီးပဲ မဟုတ်လား။ ကိုယ်မသိတဲ့ အရာတစ်ခုကို ကိုယ်သိပြီးသား နာမည်တွေ တပ်ခေါ်နေလို့ ဘယ်လို အဆင်ပြေမလဲ”
“နေပါဦး။ ရှင့်အဖေရဲ့ တပည့် ဦးသိန်းဆိုတဲ့ လူကရော ဒီအကြောင်းတွေ ဘာမှ မသိဘူးလား။ သူပြောတော့ အဲဒီအိမ်ထဲကို ခိုးဝင်ပြီး အရက်သောက်တဲ့သူတွေ၊ အတွဲချိန်းတွေ့တဲ့သူတွေ ရှိတယ်ဆို။ သူတို့ကျတော့ ဘာလို့ ဘာမှ မဖြစ်သလဲ”
မင်းခန့်ထူးမျက်နှာက တင်းသွားတယ်။ မေးရိုးတွေ ထောင်လာတယ်။
“ကျွန်တော် အဲဒီကတည်းက သိခဲ့ရမှာ။ အဲဒီ ဦးသိန်းဆိုတဲ့ လူကြီး ဘာလဲဆိုတာ ကြိုသိခဲ့ရမှာ။ ယမင်းကို ကြည့်နေတဲ့ သူ့မျက်လုံးတွေကို ကျွန်တော် သတိထားမိခဲ့ရမှာ”
“ရှင်ပြောတာ ကျွန်မ နားမလည်ဘူး။ ဦးသိန်းက အလိုတူအလိုပါလား”
“အလိုတူ အလိုပါရုံတင်မကဘူး အဲဒီလူက စကားဝါ တစ်ရွာလုံးကို သေတွင်းထဲ တစ်ယောက်ချင်း တွန်းချပေးနေတဲ့လူ။ စာထဲမှာ ရေးထားတာကို ဖတ်လိုက်ရတယ်မဟုတ်လား။ စကားဝါမြေကို စောင့်ကြည့်ဖို့ လူယုံတွေ ထားခဲ့တယ်တဲ့။ အဲဒါ အပိုစကားတွေ။ လျှောက်ပြောနေတဲ့ အလိမ်အညာတွေ။ ဘာမှ လူယုံတွေ ထားခဲ့တာမဟုတ်ဘူး။ အဲဒီမှာ နေနေကြတဲ့ မိသားစုတွေက ဒီစကားဝါအကြောင်း ဘာမှ မသိဘူး။ ပိုက်ဆံမရှိလို့ လာနေနေကြတဲ့သူတွေ။ ခင်ဗျားမှတ်မိလား.. ကျွန်တော် စကားဝါရွာကို ရောက်ရောက်ခြင်းမှာ သတိထားမိတာက လမ်းတစ်ခုလုံး လူသွားလူလာ ဘယ်လောက် ပြတ်သလဲဆိုတာပဲ။ ဆိုင်သေးသေးလေးတွေ တစ်ဆိုင်နှစ်ဆိုင်ကလွဲရင် ဘာမှ မတွေ့ဘူး။ ပုံမှန် ရွာငယ် မြို့ငယ် တစ်ခုမှာ တွေ့နေကျ စီးပွားရေးလုပ်ငန်းတွေ ဘယ်မှာလဲ။ ကျွန်တော်တို့ အစက ထင်တာကတော့ တခြားမြို့မှာ သွားအလုပ်လုပ်နေကြတယ်၊ ညဘက်ကျမှ ပြန်လာတယ်ပေါ့။ ဒါပေမယ့် ဒါဆိုရင်လည်း လူအသွားအလာတော့ ရှိရမယ်လေ။ နောက်ပိုင်းမှ ကျွန်တော် သိလိုက်ရတယ်။ ရွာကလူတွေထဲက ၉၀ ရာခိုင်နှုန်းလောက်က ဘာအလုပ်မှ မရှိဘူးတဲ့။ ဒီအတိုင်း ထိုင်စားနေကြတာတဲ့..။ ဒါဆို..ဘယ်က ပိုက်ဆံတွေနဲ့ ထိုင်စားနေတာလဲ..။ ရှင်းနေတာပဲ။ ကျွန်တော့်အဖေ ပေးတဲ့ ပိုက်ဆံတွေနဲ့ ထိုင်စားနေကြတာ။ အဖေသေသွားတော့ သူ့ပိုင်ဆိုင်မှုတွေကို သူ့ဝန်ထမ်းတွေကိုခွဲပေးတယ်လို့ ကျွန်တော် ပြောပြပြီးပြီ မဟုတ်လား။ အဲဒီထဲမှာ ဒီရွာက လူတွေလည်းပါတယ်။ အဲဒါကို သိသိရခြင်းမှာ ကျွန်တော် စဉ်းစားလို့ မရဘူး။ ဘာလို့များ သွေးမတော် သားမစပ်လူတွေကို ရှာထားသမျှ အကုန် ခွဲပေးခဲ့သလဲပေါ့။ ခင်ဗျားရော စဉ်းစားနိုင်သလား။ စဉ်းစားကြည့်စမ်း”
သူဇာလွင် ခေါင်းကို ခါလိုက်တယ်။ မစဉ်းစားချင်ပေမယ့် အဖြေတစ်စွန်းတစ်စကိုတော့ မြင်နေရပြီ။ မဖြစ်နိုင်တာ..
“အဖြေက တစ်ခုပဲရှိတယ်။ စကားဝါမှာ ရောက်နေသမျှ လူအားလုံးက သားသတ်ရုံထဲ ရောက်နေတဲ့ ကြက်တွေ ဝက်တွေနဲ့ ဘာမှ မခြားဘူး။ စကားဝါမြေက အစာတောင်းလာတိုင်း ချကျွေးဖို့ မွေးထားတဲ့ သားကောင်တွေချည်းပဲ။ အဖေနဲ့ ဦးသိန်းတို့နဲ့ပေါင်းပြီး ဒီမကောင်းဆိုးဝါး ခံတွင်းပေါက်ထဲကို လူဘယ်နှယောက် ပစ်ထည့်ပြီးပြီလဲ မသိဘူး။ အခု ကျွန်တော့် သူငယ်ချင်း ခြောက်ယောက်ကိုပါ ထိုးထည့်ဖို့ ပြင်ဆင်နေပြီ။ ယမင်းကို အရင်ဆုံး ခေါ်သွားတယ်။ ကျန်တဲ့သူတွေလည်း ဒီဖုန်းဆိုးမြေထဲမှာ တစ်ယောက်ခြင်း အသက်ပါသွားတော့မှာပဲ”..မင်းခန့်ထူးကပြောရင်းနဲ့ မတ်တပ် ထရပ်တယ်။ သူဇာလွင့်နားကို လျှောက်လာတယ်။
သူဇာလွင် ဘာမှ မပြောဘဲ ငြိမ်နေမိတယ်။ အခန်းအပြင်မှာ လူတွေ အများကြီးရှိနေတယ်၊ သူဇာလွင်နဲ့ မင်းခန့်ထူး နှစ်ယောက်တည်း မဟုတ်ဘူး.. ဘာမှ ကြောက်စရာ မလိုဘူး.. ဆိုတာကို သိနေပေမယ့် ကျောထဲက စိမ့်တက်လာတဲ့ ခံစားချက်ကို ထိန်းလို့မရဘူး။
“ရှင်က ဒါတွေကို ဘယ်လိုသိသွားတာလဲ။ ဦးသိန်းကို သွားမေးတာလား။ ဦးသိန်းတို့..ဆိုတော့..သူတစ်ယောက်တည်း မဟုတ်ဘူးလား။ ဘယ်သူတွေပါသေးသလဲ”..သူဇာလွင် မေးလိုက်တယ်။
မင်းခန့်ထူးက ခေါင်းခါတယ်။ သူဇာလွင့်ဘေးမှာ မတ်တပ်ရပ်တယ်။
“မဟုတ်ဘူး။ မမမေပြောပြတာ။ ဒါပေမယ့် နေပါဦး။ မမမေ အကြောင်း ပြောဖို့ စောပါသေးတယ်။ အခု.. တတိယညအကြောင်းကို ဆက်ပြောမယ်”
+++++++++
(ဆက်ရန်)
ချမ်းမြေ့ဝင်း
၅-၉-၂၀၂၀