စကားဝါ – အပိုင်း (၆)
++++++++++++++
(ဂ)
အဲဒီတုန်းက ခံစားချက်က ပြန်ပြောပြဖို့ တော်တော်ခက်တယ်ဗျ။
ထိတ်ခနဲ လန့်သွားတဲ့ ခံစားချက် အရင်ဝင်လာတယ်။ ဇဝေဇဝါ အတွေးတွေက နောက်ကနေ လိုက်လာတယ်။ စိတ်သက်သာရာ ရသွားတဲ့ ခံစားချက်လည်း မသိမသာ ပေါ်လာတယ်။ ဟုတ်တယ်လေ.. ကျွန်တော့် စိတ်ထဲမှာ ဟာ..ယမင်း မသေဘူး.. ဆိုတဲ့ အသိ ဝင်လာတာကိုး။ ဒါပေမယ့် မသေရင် ဘယ်ရောက်သွားတာလဲ၊ ဘာလို့ ဘာအသံမှ မကြားရဘဲ ပျောက်သွားတာလဲ။ သူ့တစ်ကိုယ်လုံး ကော့လန် ကျိုးကြေပြီး ကျွန်တော်တို့ မျက်စိရှေ့မှာတင် အသက်ထွက်သွားတာလေ။ တကယ်လို့ သူ မသေသေးဘူး ဆိုရင်တောင် အခုလို အသံတစ်ချက် မထွက်ဘဲ ပျောက်သွားဖို့ ဘယ်လိုဖြစ်နိုင်မလဲ။
“မိနှင်း။ ဖြူမော်.. နင်တို့ ဘယ်မှာလဲ”.. ကျွန်တော် အော်ခေါ်လိုက်တယ်။
ပြန်ထူးသံ မကြားရဘူး။ လေတိုးသံ တဝီးဝီးရယ်၊ အိမ်နံရံတွေရဲ့ တကျွီကျွီအော်သံရယ်.. ဒါတွေကလွဲရင် တစ်အိမ်လုံး တိတ်ဆိတ်နေတယ်။
ကျွန်တော် လက်ထဲက တီရှပ်ကို ထိုင်ခုံပေါ် ပစ်ချလိုက်တယ်။ ကြမ်းပြင်က သွေးအိုင်ကို ကွေ့ရှောင်ပြီး အိမ်နောက်ဘက်ကို လျှောက်သွားလိုက်တယ်။
“မိနှင်း။ ဖြူမော်။ နယ်လီ.. အာ.. နင်တို့ ဘယ်ရောက်နေတာလဲ။ ဒီမှာ ယမင်း..”
ကျွန်တော့် စကား တစ်ဝက်တစ်ပျက်မှာ ရပ်သွားတယ်။ မီးဖိုချောင်ဘက် သွားတဲ့ ကော်ရစ်ဒါ လမ်းကျဉ်းလေးရဲ့ ဘေးတစ်ဘက် တစ်ချက်စီမှာ အိပ်ခန်းတွေ ရှိတယ်။ ကျွန်တော်နဲ့ အဝေးဆုံး အိပ်ခန်းရဲ့ ရှေ့မှာ အရိပ်တစ်ခု။
လူရိပ်လို့ ထင်ရတာပဲ။ ဒါပေမယ့် ပုံစံက တစ်ခုခုမှားနေတယ်။ ခါးကုန်းထားတဲ့ အဘိုးကြီး တစ်ယောက်လို လူရိပ်က အရှေ့ကို ကိုင်းကျနေတယ်။ ဧည့်ခန်းရဲ့ မီးရောင်က ဒီနားအထိ မရောက်ဘဲ လမ်းတစ်ဝက်မှာတင် မှိန်ပျပျောက်ကွယ်သွားတော့ ကျွန်တော် ရှေ့ကို သေချာ မမြင်ရဘူး။ မီးဖိုချောင်ဘက်က လာတဲ့ အလင်းရောင် ဝါဝါမှုန်မှုန်ကလည်း ဟိုဘက်ခြမ်းမှာတင် အရှိန်ကုန်သွားတယ်။
“ယမင်း.. ယမင်းလား”..ကျွန်တော် လှမ်းအော်လိုက်တယ်။ အသံက အပြင်ကို မထွက်ချင်ဘဲ လည်ချောင်း၀မှာ တစ်ဆို့ဆို့ကြီးဖြစ်နေတယ်။
နံရံမှာ မီးခလုတ်တွေဘာတွေများရှိမလား ကျွန်တော် လက်နဲ့ လိုက်စမ်းကြည့်တယ်။ ကြမ်းရှရှ ပျဉ်ပြားချပ်တွေကလွဲရင် ဘာမှ မရှိဘူး။
အရှေ့ကို တစ်လှမ်းထပ်တိုးရင်း ကြမ်းပြင်က ချောခနဲဖြစ်သွားပြီး ကျွန်တော် ယိုင်ထိုးသွားတယ်။ ဟန်ချက်ကို မနည်း ပြန်ထိန်းလိုက်ရတယ်။ အောက်ကို ငုံ့ကြည့်လိုက်တော့ ကြမ်းပြင်မှာ ပေနေတဲ့ ညိုညစ်ညစ် သွေးကွက်တွေ။
“အာ ပြဿနာပဲ။ ယမင်း ယမင်း..။ နင်အဲဒီမှာပဲနေ ငါမီးခလုတ် ရှာလိုက်ဦးမယ်။ ဟိုမိန်းမတွေကလည်း မီးခလုတ်ကို ဖွင့်မသွားဘဲ ထားခဲ့တယ်”..ကျွန်တော် ပါးစပ်က ပြောရင်းနဲ့ နံရံကို လက်နဲ့ လိုက်စမ်းတယ်။
တော်တော်လေးကြာမှ မီးခလုတ်ကိုတွေ့တယ်။ ကျွန်တော် ဝမ်းသာသွားပြီး ခလုတ်ကို ဖွင့်လိုက်တယ်။ ချောက်ခနဲ အသံပဲ ကြားရတယ်။ မီးလင်းမလာဘူး။ မီးလုံးရော ရှိသေးရဲ့လား။
လူရိပ်က အိပ်ခန်းထဲကို ဝင်သွားတယ်။ အိပ်ခန်းတံခါးက တဂျွတ်ဂျွတ် မြည်ပြီး ပြန်ပိတ်သွားတယ်။
ခင်ဗျားကတော့ ထင်မှာပဲ.. ဘာလို့များ အဲဒီ လူရိပ်နောက်ကို လိုက်သွားချင်တာလဲ..ဆိုပြီး။ ဟုတ်တယ်လေ.. သရဲတစ္ဆေဇာတ်လမ်းတွေကို ကြည့်လိုက်ရင် အဲဒီလို လိုက်သွားတဲ့ကောင် အရင်သေတာပဲမဟုတ်လား။
အမှန်အတိုင်း ပြောရရင်တော့ အဲဒီ လူရိပ်နောက်ကို ကျွန်တော် လိုက်မသွားချင်ဘူး။ အဲဒီ အိပ်ခန်းထဲကို မဝင်ချင်ဘူး။ ဒါပေမယ့် အဲဒီလူရိပ်က ယမင်း ဖြစ်နေခဲ့မယ် ဆိုရင်..။ ယမင်း တကယ် သတိရလာလို့ ကယောင်ကတမ်းတွေ လျှောက်သွားနေတာဆိုရင်.. ကျွန်တော် သူ့ကို ဒီအတိုင်း လွှတ်ထားလို့ မဖြစ်ဘူးလေ။
“ယမင်း နင်ဘယ်တွေ လျှောက်သွားနေတာလဲ။ အာ..ဒုက္ခပဲ။ မိနှင်း.. မိနှင်းရေ”..ကျွန်တော် အော်ပြောရင်းနဲ့ အရှေ့ကို တစ်လှမ်းခြင်း ဆက်လျှောက်တယ်။ သွေးအိုင်ထဲ နင်းထားမိတဲ့ ခြေထောက်က လှမ်းလိုက်တိုင်း ချော်လဲချင်နေတယ်။ ဧည့်ခန်းကလာတဲ့ အလင်းရောင်က အိပ်ခန်းရှေ့ကို မရောက်ခင်မှာ လုံး၀နီးပါး ပျောက်သွားပြီ။ မီးဖိုချောင်ထဲက မီးလုံးအလင်းရောင်က မှိန်လိုက် လင်းလိုက် တဖြတ်ဖြတ်နဲ့ ဒီဘက်ကို ရောက်မလာဘူး။ မျက်လုံးထဲမှာ အမှောင်ထုနဲ့ အရိပ်တစ်စိုးတစ်စတွေကလွဲရင် ဘာမှ မမြင်ရတော့ဘူး။
အိပ်ခန်းရှေ့မှာ မတ်တပ်ရပ်နေရင်း ကျွန်တော် ချီတုံချတုံတွေ ဖြစ်နေသေးတယ်။ ဒါပေမယ့် စိုးရိမ်စိတ်က ကြောက်စိတ်ကို အနိုင်ယူသွားတယ်။
ကျွန်တော် အိပ်ခန်း တံခါးကို ဖွင့်လိုက်တယ်။
(ဃ)
ဧည့်ခန်းထဲမှာ သွေးညှီနံ့တွေနဲ့ ပုပ်ဟောင်နေတဲ့အကြောင်း ကျွန်တော် ပြောပြခဲ့တယ် မဟုတ်လား။ အခု အိပ်ခန်းထဲက ထွက်လာတဲ့ အနံ့က အဲဒီထက်ကို အဆပေါင်းများစွာ ပိုဆိုးနေတယ်။ တံခါးဖွင့်လိုက်တာနဲ့ ဟောင်ထွက်လာတဲ့ အနံ့က မျက်နှာကို ၀ုန်းခနဲ လာဟပ်တာ ကျွန်တော် နေရာမှာတင် ပျို့တက်လာတယ်။ နှာခေါင်းကို လက်နဲ့ အမြန်ပိတ်၊ ပါးစပ်ကို ဟပြီး အသက်ရှူရတယ်။
အိပ်ခန်းတစ်ခုလုံး မှောင်မည်းနေတယ်။ ပြတင်းပေါက်တွေ အကုန် ပိတ်ထားတယ်ထင်တယ်။ အလင်းရောင် တစ်စက်တောင် မရှိဘူး။ အပြင်က အလင်းကလည်း အထဲကို လုံး၀ မဝင်တော့ဘူး။ ကျွန်တော့် နှလုံးခုန်နှုန်းက တစ်စက္ကန့်ကို ဘယ်နှကြိမ်ရှိမလဲ မပြောတတ်ဘူး.. နားထဲမှာပါ တဒုတ်ဒုတ် ကြားရတဲ့အထိ ပြင်းထန်နေပြီ။
ကျွန်တော် တံခါးဘေးက နံရံကို လက်နဲ့ စမ်းလိုက်တယ်။ မီးခလုတ်ကို ချက်ခြင်း ရှာတွေ့သွားတယ်။
မီးလင်းပါစေ..မီးလင်းပါစေ.. ရှိရှိသမျှ ဘုရားအကုန်လုံးကို တိုင်တည်ဆုတောင်းပြီး ကျွန်တော် မီးခလုတ်ကို ဖွင့်လိုက်တယ်။
တစ်ခန်းလုံးကို ဖြာကျသွားတဲ့ အလင်းရောင်ကြောင့် ကျွန်တော့် မျက်လုံးတွေ ကျိန်းစပ်သွားတယ်။
အိပ်ခန်းထဲမှာ ပရိဘောဂ မည်မည်ရရ မရှိဘူး။ ယိုင်နဲ့ပြီး ပြိုချင်နေတဲ့ အဝတ်ဘီရိုတစ်လုံးရှိတယ်။ ဘီရိုတံခါးက ဟောင်းလောင်းပွင့်နေတယ်။ မွေ့ရာမပါတဲ့ သစ်သား ကုတင်တစ်လုံးရှိတယ်။ အခန်းထောင့်မှာ ကပ်ထားတဲ့ စားပွဲအစုတ်တစ်လုံး။ ဒါပဲ..။
ပြတင်းပေါက်တွေ အကုန်ပိတ်ထားတော့ လေက လုံပြီး ပူနွေးနေတယ်။ အနံ့ဆိုးက ပြင်းသထက် ပြင်းလာတယ်။ ပါးစပ်ထဲမှာတောင်၊ လျှာပေါ်မှာတောင် အပုပ်နံ့ကို အရသာခံလို့ ရနေပြီ။
ယမင်း ဘယ်ရောက်သွားတာလဲ။
ကျွန်တော့် မျက်လုံးက ကြမ်းပြင်မှာ အစင်းလိုက် ထင်နေတဲ့ သွေးကွက်တွေဆီ ရောက်သွားတယ်။ သွေးကွက်တွေက အခန်း၀ကနေ ခြေလှမ်း သုံးလှမ်းစာလောက်မှာ ရပ်သွားတယ်။
ယမင်း ဘယ်ရောက်သွား..
အဲဒီမှာ ဂွီ..ဆိုတဲ့ အသံကြီးကို ထပ်ကြားလိုက်ရတယ်။
ကျွန်တော် တစ်ကိုယ်လုံး တောင့်သွားပြီး နောက်ကို လှည့်ကြည့်တယ်။ ဘာမှမရှိဘူး။
အရှေ့ကို ပြန်ကြည့်တယ်။ ဘာမှ မတွေ့ဘူး။
(င)
ကျွန်တော်တို့ လူသားတွေရဲ့ ဗီဇကိုက တစ်ခုခု အထိတ်တလန့် ဖြစ်ပြီဆိုရင် အရပ်လေးမျက်နှာကိုပဲ အမြန်ကြည့်မိကြတယ်။ အန္တရာယ်ဆိုတာမျိုးကလည်း များသောအားဖြင့် အရှေ့အနောက်တောင်မြောက်ကနေပဲ လာတတ်တာမဟုတ်လား။ ဟေ့ဟိုမှာ… ဆိုပြီး လှမ်းအော်လိုက်ရင် အောက်ကို ငုံ့ကြည့်မိတဲ့ သူရှားတယ်။
အပေါ်ကို မော့ကြည့်မိတဲ့သူက ပိုလို့တောင် ရှားသေးတယ်။
ဒါကြောင့် ကျွန်တော်ကိုယ်တိုင်လည်း အရပ်လေးမျက်နှာကို အရင်ကြည့်မိသွားတယ်။ ပြီးတော့မှ အောက်ကို ငုံ့ကြည့်မိတယ်။ နောက်ဆုံး..ဘာမှ မတွေ့တော့မှ အပေါ်ကို မော့ကြည့်မိတယ်။
အခန်းထောင့် မျက်နှာကြက်မှာ ကပ်နေတဲ့ အရာတစ်ခု။
အဲဒီအရာရဲ့.. ဆံပင်တွေက အောက်ကို ဖားလျားကျနေတယ်။ ဟက်တက်ကြီး ဟနေတဲ့ ပါးစပ်ထဲကနေ အမည်းအမျှင်တွေက တွဲလောင်း။ သူ့ကိုယ်ထဲကလာတဲ့ တဂွီဂွီအသံတွေ ကလည်း အဆတ်မပြတ်။
ကျွန်တော်နဲ့ အဲဒီ အရာနဲ့ မျက်လုံးခြင်းဆိုင်သွားတယ်။ မျက်လုံးခြင်းလို့ ပြောရပေမယ့် သူ့မှာ မျက်ဆံတွေ မရှိဘူး.. အပေါ်ကို လန်တက်နေပြီ။ အဖြူသက်သက် မျက်သားတွေပဲ မြင်ရတယ်။
စောစောက အလင်းရောင်ကို တမ်းတမိသလောက် အခုချက်ခြင်း အကုန်လုံး မှောင်ကျသွားရင် ကောင်းမှာပဲ ဆိုပြီး ကျွန်တော် ဆုတောင်းမိသွားတယ်။ အဲဒီ မြင်ကွင်းကို ဆက်မကြည့်ချင်တော့လို့။ ကြည့်နေရင်း ရူးသွားမှာစိုးလို့..။
ကျွန်တော့် တစ်ကိုယ်လုံးမှာ ရှိတဲ့ အကြောတွေ အသွေးအသားတွေ ခဏရပ်တန့်သွားတယ်ထင်တယ်။ လုံး၀ မလှုပ်နိုင်ဘဲ ကြက်သေသေနေမိတယ်။
ယမင်းရဲ့ မျက်နှာနဲ့.. အဲဒီသတ္တဝါက ကျွန်တော့်ကို ခုန်အုပ်လိုက်တယ်။
(စ)
သတ္တဝါလို့ ပြောလိုက်တဲ့အတွက် ခင်ဗျားကတော့ ဇဝေဇဝါ ဖြစ်ချင်ဖြစ်သွားမယ်။ ကျွန်တော်ကတော့ အဲဒီ အကောင်ကို လူလို့ လုံး၀ မသတ်မှတ်နိုင်ဘူး။ ဟုတ်တယ်.. အဲဒီ မကောင်းဆိုးဝါးရဲ့ မျက်နှာက ယမင်းရဲ့ မျက်နှာ။ သူ့ကိုယ်လုံးကလည်း ယမင်းရဲ့ ကိုယ်လုံးပဲ။ ဒါပေမယ့်.. အဲဒီမကောင်းဆိုးဝါးက ယမင်းမဟုတ်ဘူး။ လုံး၀ မဟုတ်ဘူး။
လူတစ်ယောက်ရဲ့ ပါးစပ်က ဘယ်လောက် ကျယ်ကျယ် ဟနိုင်သလဲ။ လူတစ်ယောက်ရဲ့ မျက်လုံးက မျက်ဖြူလှန်ပြီး ဘယ်လောက် ကြာကြာနေနိုင်သလဲ..။ ဘယ်လို လူသားမျိုးက မျက်နှာကြက်ပေါ်မှာ လေးဘက်ထောက်ကြီး ကပ်နေနိုင်သလဲ။
မဟုတ်ဘူး။
လူမဟုတ်ဘူး။
(ဆ)
သူ ခုန်အုပ်လိုက်တဲ့ အရှိန်ကြောင့် ကျွန်တော် နောက်ကို ပက်လက်လန် လဲကျသွားတယ်။ နောက်စေ့နဲ့ ကြမ်းပြင်နဲ့ ဆောင့်မိပြီး တစ်ကိုယ်လုံး ကျင်တက်သွားတယ်။
မူးဝေပြီး မျက်လုံးတွေ ပြာသွားတယ်။ ဘာမှ မမြင်ရဘူး။ နားထဲမှာ အူနေတယ်။ မျက်နှာကို လက်နဲ့ အလိုလို ကာထားရင်း ကျွန်တော် ပြန်ထဖို့ ကြိုးစားတယ်။
ယမင်းက ကျွန်တော့်ကို အပေါ်ကနေ ဖိထားတယ်။ သူ့အစာအိမ်ထဲက ထွက်လာတဲ့ တဂွီဂွီအသံတွေက ကျယ်သထက် ကျယ်လာတယ်။
“လူလိမ်တွေ.. ငါ့ကို လိမ်တယ်.. ငါ့ကို လိမ်တယ်..သေ…သေ…သေ..”.. ယမင်းက ပြောရင်းနဲ့ ကျွန်တော့်မျက်နှာပေါ်ကို သွေးတွေနဲ့ မည်းမည်း အမျှင်တွေ လုံးထွေးပြီး ပွက်ခနဲ အန်ချလိုက်တယ်။
ကျွန်တော် ကြောက်လန့်တကြား ဖြစ်နေရာကနေ ကြောင်တောင်ကြောင်သွားတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အဲဒီမကောင်းဆိုးဝါးရဲ့ ပါးစပ်က လူစကား ထွက်လာမယ်လို့ ထင်မထားဘူးကိုး။ ဒါပေမယ့် အဲဒီလို စကားပြောလိုက်တဲ့အချိန်မှာ ဒီသတ္တဝါဟာ လူမဟုတ်ဘူးဆိုတာ ပိုလို့တောင် သေချာသွားတယ်။ သူ့ပါးစပ်က ထွက်လာတဲ့ အသံက မိန်းမသံမဟုတ်ဘူး။ ယောကျ်ားသံလည်း မဟုတ်ဘူး။ အိပ်မက်ဆိုးတွေထဲမှာပဲ ကြားဖူးပြီး အပြင်မှာ တကယ်မရှိနိုင်တဲ့ အသံဆိုးမျိုး။
မျက်လုံးထဲကို ဝင်လာတဲ့ သွေးတွေကို လက်နဲ့ သုတ်နေတုန်းမှာ ယမင်းက ကျွန်တော့် လည်ပင်းကို လှမ်းကိုက်တယ်။ ကျားတစ်ကောင်လို ၊ ဝံပုလွေတစ်ကောင်လို အသေသတ်မယ့် ပုံစံမျိုးနဲ့ လှမ်းဟပ်လိုက်တာ။ သူ့ပါးစပ်ကြီး ဘယ်လောက် ပြဲနေသလဲဆိုတာ အဲဒီမှာ ပိုသေချာသွားတယ်။ ကျွန်တော့် လည်ပင်းတစ်ခုလုံးနီးပါးကို ငုံမိသွားတာ။
လည်ပင်း တစ်ခုလုံး ပူခနဲ ဖြစ်သွားတယ်။ ကျွန်တော် ရှိသမျှအားနဲ့ သူ့ကို တွန်းထုတ်လိုက်တော့ သူ့ပါးစပ်ထဲမှာ ကျွန်တော့်ရဲ့ အသားဖတ်တွေ အမြှောင်းလိုက် ပါသွားတယ်။ အဲဒီအချိန်မှာ ကျွန်တော့်ခေါင်းထဲမှာ ကြောက်စိတ်ထက် ဒေါသစိတ်က ပိုများသွားတယ်။ ပါးစပ်ကနေ ပက်ပက်စက်စက်ဆဲပြီး သူ့ ကိုယ်လုံးကို ခြေထောက်နဲ့ ဆောင့်ကန်လိုက်တယ်။
ယမင်း ပက်လက်လန် လဲကျသွားတယ်။
ကျွန်တော် မီးဖိုချောင်ဘက်ကို ထပြေးတယ်။
နောက်ကနေ သူလိုက်လာတယ်ဆိုတာ လှည့်ကြည်စရာ မလိုဘဲ သိနေတယ်။ တဂွီဂွီ အသံတွေ ဆက်တိုက် ကြားနေရတယ်။
မီးဖိုခန်းထဲမှာ ဘာပစ္စည်းတွေ ရှိမလဲ ကျွန်တော် အမြန်ရှာတယ်။
တဒိတ်ဒိတ်ခုန်နေတဲ့ နှလုံးကြောင့် လူက ထူပူနေတယ်။ လည်ပင်းက စိမ့်ထွက်နေတဲ့ သွေးတွေကြောင့် အားက လျော့လာနေတပြီ။ မူးလဲချင်နေပြီ။
မီးဖိုပေါ်မှာ တင်ထားတဲ့ အိုးစုတ်သုံးလေးခု ရှိတယ်။ ပလက်စတစ် ပန်းကန် တချို့တွေ့တယ်။ ဓားတွေဘာတွေ ရှိမလား.. တစ်ချောင်းမှ မတွေ့ဘူး။ အခန်းထောင့်မှာ ပုံထားတဲ့ မီးသွေးအိတ်တစ်အိတ်။ အိတ်ဘေးမှာ ဓားမတစ်ချောင်း ထောင်ထားတယ်။
“လူလိမ်တွေ”.. မျက်နှာကြက်ဆီက လာတဲ့ အသံ။
ကျွန်တော် မော့မကြည့်အားသေးဘူး။ အခန်းထောင့်ကို အမြန်ပြေးသွားပြီး ဓားမကို လှမ်းယူတယ်။ ဓားမ လက်ကိုင်ကို မိမိရရ ကိုင်မိတဲ့အချိန်မှာ ကျွန်တော့် နောက်မှာ တစ်ခုခု ပြုတ်ကျလာတဲ့ ဖုတ်ခနဲ အသံ။
ဓားရဲ့ လက်ကိုင်ကို ကျွန်တော် လက်နှစ်ဖက်နဲ့ တင်းတင်းဆုပ်လိုက်တယ်။ ဘာမှ စဉ်းစားစရာ မလိုဘူး။ တွေဝေနေစရာမလိုဘူး။ ဒီသတ္တဝါဟာ လူမဟုတ်ဘူး။ ဒီသတ္တဝါက မင်းကို အသေသတ်ချင်နေတာ.. အစိမ်းလိုက် ဝါးစားချင်နေတဲ့ မကောင်းဆိုးဝါးတစ်ကောင်.. ။ ဒီအတွေးတွေက ကျွန်တော့်ခေါင်းထဲမှာ ပြန်ပြင်ဖို့ လိုက်မမီတော့အောင် ဖြတ်ပြေးသွားတယ်။
ကျွန်တော် နောက်ကို လှည့်မကြည့်ဘဲ ကိုယ်ကိုလှည့်ပြီး လွှဲခုတ်လိုက်တယ်။
ဓားရဲ့ အသွားက ယမင်းရဲ့ ညာဘက်ပါးကို တည့်တည့်ကြီးထိပြီး မျက်နှာတစ်ဝက်လောက်အထိ နစ်ဝင်သွားတယ်။ အရှိန်ပြင်းလွန်းလို့ ကျွန်တော့် လက်မောင်းတွေပါ ကျင်တက်သွားတယ်။
ယမင်းရဲ့ မျက်နှာနဲ့ သတ္တဝါက တစ်ချက်ကလေးတောင် မအော်ဘူး။ တွန့်မသွားဘူး။ လက်နှစ်ဖက်ကို ဘေးမှာ ချလျက်သားနဲ့ တောင့်တောင့်ကြီး ရပ်နေတယ်။ “လူလိမ်တွေ.. လူလိမ်တွေ..ဟီး.. သေ..သေ..”…ဆိုပြီး ပါးစပ် အကွဲကြားထဲကနေ အသံတွေ ဆက်ထွက်နေသေးတယ်။
ကျွန်တော် ဓားမကို ပြန်ဆွဲနှုတ်လိုက်တယ်။ နောက်တစ်ချက် အားနဲ့ ထပ်လွှဲလိုက်တယ်။
ဒီတစ်ခါတော့ ဓားက သူ့လည်ပင်းတည့်တည့်ကို ထိတယ်။ ဓားသွားက လည်ပင်း ဟိုဘက်ကနေ ဒီဘက်ခြမ်းအထိ ဖြတ်ထွက်သွားတယ်။
ကျွန်တော် အရှိန်မထိန်းနိုင်ဘဲ နောက်ကို ယိုင်ပြီး လဲကျသွားတယ်။
ယမင်းရဲ့ ခေါင်းက ကြမ်းပြင်ပေါ်ကို ဒုန်းခနဲ ပြုတ်ကျသွားပြီး ကျွန်တော့်ဘေးကို လိမ့်လာတယ်။ ယမင်းရဲ့ မျက်နှာနဲ့ ကျွန်တော်နဲ့ တစ်တန်းတည်း ဖြစ်သွားတယ်။
ယမင်းရဲ့ ဟပြဲကြီး ဖြစ်နေတဲ့ ပါးစပ်ထဲမှာ.. ကွေ့ဝိုက် စီတန်းနေတဲ့ သွားချွန်ချွန်တွေ.. ရာပေါင်းများစွာ။
မျက်ဖြူလန်နေရာကနေ တဖြည်းဖြည်း ပြန်စိုက်ဆင်းလာနေတဲ့ ယမင်းရဲ့ မျက်ဆံတွေကို ကြည့်ရင်း ကျွန်တော် ဘာမှ မသိတော့ဘူး..။
++++++
အခန်း (၉)
(က)
ကားက ပြည်လမ်းမပေါ်မှာ တရိပ်ရိပ်ပြေးနေတယ်။ ကားထဲမှာ အဲယားကွန်းဖွင့်ထားပေမယ့် ရန်ကုန်ရဲ့ ညအပူရှိန်က ကားခေါင်မိုးပေါ်ကို ဖောက်ထွက်၊ အထဲကို စိမ့်ဝင်ချင်နေတယ်။
“အဲဒီလိုတွေ ဖြစ်ပျက်နေတဲ့အချိန်မှာ ကျန်တဲ့သူတွေ ဘယ်ရောက်နေတာလဲ”.. မင်းခန့်ထူးရဲ့ လည်ပင်းက ဒဏ်ရာကို မသိမသာ လှမ်းကြည့်ရင်း သူဇာလွင် မေးလိုက်တယ်။ စိတ်ထဲမှာတော့ တော်တော့်ကို နောင်တရနေပြီ..။ ဘာတွေ ပြောနေတာလဲ။ အဓိပ္ပာယ်မရှိလိုက်တဲ့ ဇာတ်လမ်း..။
“ကျော်ဇောနဲ့ မျိုးမြတ်အောင်က ဘေးခြံက ဦးသိန်းကို သွားခေါ်ရင်း ပြန်မလာဘဲ ကြာနေတယ်။ နယ်လီက နောက်ဖေးမှာ အန်နေရင်းနဲ့ ခေါင်းတွေ အရမ်းမူးလာလို့ နောက်ဖေးပေါက်ကနေထွက်၊ ခြံနောက်ဘက်ကို ဆင်းသွားတယ်။ အဲဒီမှာ ဖြူမော်နဲ့ မိနှင်းက နောက်က လိုက်သွားပြီး နယ်လီ့ကို ပြန်သွားခေါ်တယ်။ အဲဒီလို ပြောတာပဲ”..မင်းခန့်ထူးက ကားပြတင်းပေါက်ကနေ အပြင်ကို လှမ်းငေးနေရင်း ပြန်ဖြေတယ်။
“အဲဒီလို ပြောတာပဲ..ဆိုတာက”
“ဇာတ်လမ်းကို ဆက်နားထောင်ရင် ခင်ဗျား သဘောပေါက်လာပါလိမ့်မယ်။ ဘယ်သူ့ကိုမှ မယုံရဘူးဗျ”
“ရှင်ပြောတာ ကျွန်မ နားမလည်ဘူး”..သူဇာလွင် ပြောလိုက်တယ်။
“ကျွန်တော် အခုပြောနေတာတွေကိုရော .. ယုံသလား”..မင်းခန့်ထူးက မေးတယ်။
သူဇာလွင် ခဏ ငြိမ်ကျသွားတယ်။ မီးပွိုင့်မိသွားတဲ့အတွက် ကားကို ရပ်လိုက်တယ်။ ကားစတီရာယင်ကို လက်ချောင်းတွေနဲ့ တစ်တောက်တောက် ခေါက်ရင်း ခေါင်းကို ခါလိုက်တယ်။
“ဟင့်အင်း။ မယုံဘူး။ ရှင် အဲဒီညက မူးယစ်ဆေးတွေ အသုံးလွန်ပြီး မဟုတ်တာတွေ လျှောက်မြင်နေတာလည်း ဖြစ်နိုင်တာပဲ။ ဆေးကြောင်ပြီး လူသတ်လိုက်မိတာရော မဖြစ်နိုင်ဘူးလား။ ဒါပေမယ့် ယမင်းကို ရှင် သတ်လိုက်တယ်ဆိုတာကို ဘာလို့ ကျွန်မကို ဝန်ခံနေတာလဲ။ အဲဒါကိုတော့ ကျွန်မ စဉ်းစားလို့ မရဘူး။ မကောင်းဆိုးဝါး တစ်ကောင်ကောင်က ယမင်းနဲ့ ကျန်တဲ့လူတွေကို သတ်လိုက်ပါတယ် ဆိုပြီး ရှင်က လုပ်ကြံပြောတယ်ဆိုရင်လည်း တစ်မျိုး..”
“ခင်ဗျား ပြောသလို ဖြစ်ရင် သိပ်ကောင်းမှာပဲ။ အဲဒီညက ကျွန်တော် ဆေးကြောင်ပြီး မြင်ချင်ရာမြင်ခဲ့တာဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ”..မင်းခန့်ထူးက သက်ပြင်းချရင်း ပြောတယ်။
“ထားပါတော့.. ရှင်ပြောသလို အဲဒီ သတ္တဝါ..ဟုတ်လား။ အဲဒီ သတ္တဝါ တကယ်ရှိတယ်ပဲ ထားလိုက်တော့။ ဘာလို့ ယမင်းက..ရှင်တို့ကို လူလိမ်တွေလို့ ခေါ်ရတာလဲ။ ပြီးတော့ ဘာဆက်ဖြစ်သလဲ”
“ဟားဟား.. ခင်ဗျား စိတ်ဝင်စားသွားပြီ မဟုတ်လား။ ဇာတ်လမ်း အဆက်ကို သိချင်နေပြီပေါ့”..မင်းခန့်ထူးက ရယ်ရင်းနဲ့ ပြောတယ်။
သူဇာလွင် နှာခေါင်းရှုံ့လိုက်တယ်။
“အို.. ကျွန်မ စိတ်မဝင်စားလည်း ရှင်က ဆက်ပြောမှာပဲလေ။ ဒီတော့ သရဲ ဇာတ်လမ်းပဲ ဖြစ်ဖြစ် တစ္ဆေဇာတ်လမ်းပဲ ဖြစ်ဖြစ် ပြောချင်ရာသာပြောတော့။ မြန်မြန်ပြီး မြန်မြန်နားအေးတယ်”
“သရဲလည်း မဟုတ်၊ တစ္ဆေလည်းမဟုတ်ဘူး မသူဇာ”
“ဒါဆိုရင် ဘာလဲ။ ပြိတ္တာလား၊ စုန်းလား၊ နာနာဘာ၀လား၊ မြေဖုတ်ဘီလူးလား၊ မှင်စာလား”..သူဇာလွင် စိတ်တိုတိုနဲ့ ပြောလိုက်တယ်။
“အင်း.. အဲဒါတွေထဲက တစ်ကောင်ကောင် ဖြစ်ရင်လည်း ဖြစ်မှာပေါ့။ ကျွန်တော် မပြောတတ်ဘူး။ အဲဒီသတ္တဝါက ဘာလဲဆိုတာ သိတဲ့သူတွေအကုန်လုံး အခု သေကုန်ပြီ။ ကျွန်တော်က လွဲရင်ပေါ့”
“ဟင်းဟင်း.. ရှင့်ဟာကလည်း တော်တော် အကွက်ကျတယ်နော်။ ရှင်တစ်ယောက်ပဲ သိတဲ့ဇာတ်လမ်း၊ ရှင်တစ်ယောက်ပဲ သိတဲ့ မကောင်းဆိုးဝါး.. ဘယ်လောက် အဆင်ပြေသလဲနော်”..သူဇာလွင် ပြောရင်းနဲ့ ကားကို ကမ္ဘာအေးဘုရားလမ်းပေါ်ကို ကွေ့ချလိုက်တယ်။
“တစ်ယောက်တည်းတော့ မဟုတ်တော့ပါဘူး။ အခု ခင်ဗျားလည်း သိတော့မယ်လေ”..မင်းခန့်ထူးက သူဇာလွင့်ကို ပြုံးပြရင်း ပြန်ဖြေတယ်။
+++++++++
အခန်း (၁၀)
(က)
“မင်းခန့်.. မင်းခန့်..”
အဆက်မပြတ်ခေါ်နေတဲ့ ကျော်ဇောရဲ့ အသံကြောင့် ကျွန်တော် သတိပြန်လည်လာတယ်။ လည်ပင်းတစ်ခုလုံး ကိုက်ခဲပြီး တဆစ်ဆစ် နာနေတယ်။ လည်ချောင်းတွေ ခြောက်ကပ်နေတယ်။ ခေါင်းထဲမှာ တအုံနွေးနွေးနဲ့ အိပ်မက်လိုလို တကယ်လိုလို။
“မင်းခန့်..ဟေ့ကောင်..သတိရပြီလား”..ကျော်ဇောက ကျွန်တော့်လက်မောင်းကို လက်သီးနဲ့ ခပ်ဆတ်ဆတ်ထိုးရင်း မေးတယ်။ ကျွန်တော် ခေါင်းညိတ်လိုက်တယ်။
“ဘာဖြစ်သွားတာလဲ”..ကျွန်တော် မေးလိုက်တယ်။
“ဘာဖြစ်ရမှာလဲ။ စောက်ပြဿနာတွေ တက်ကုန်ပြီ။ မင်းဘာလုပ်လိုက်တာလဲ။ ယမင်းကို ဘာလုပ်လိုက်တာလဲ”
ကျွန်တော် ငေါက်ခနဲ ထထိုင်လိုက်တယ်။ အိပ်မက်မက်နေတာ မဟုတ်ဘူးပေါ့။ တကယ်ပေါ့။ လည်ပင်းက ဒဏ်ရာကို လက်နဲ့စမ်းလိုက်တော့ လည်ပင်းမှာ အဝတ်တစ်ခု စည်းထားပေးတာကို တွေ့တယ်။ အိပ်ခန်းပြတင်းပေါက်ကနေ ဝင်လာတဲ့ မနက်ခင်း အလင်းရောင်ပြပြ။
မိုးလင်းပြီ။
ဘာကြောင့်လဲတော့မသိ.. နေ့အလင်းရောင်ကို တွေ့လိုက်ရတော့ ညကဖြစ်ခဲ့တာတွေကို အလိုလို မေ့ပျောက်ချင်သွားတယ်။ အိပ်မက် မဟုတ်မှန်းသိပေမယ့် အိပ်မက်လို့ သဘောထားဖို့ ပိုလွယ်သလိုပဲ။
“ငါ့ကို အိပ်ခန်းထဲ မင်းခေါ်လာတာလား”..ကျွန်တော် မေးလိုက်တယ်။
“မင်း ယမင်းကို ဘာလုပ်လိုက်တာလဲ။ ငါမေးနေတာကို ဖြေလေ”..ကျော်ဇောက ထပ်မေးတယ်။
“အေး.. ငါ့ကို သူက..ငါမနေ့က မင်းတို့သွားတော့..ငါ.. ငါ..”..ကျွန်တော် ဘယ်ကဘယ်လို စပြောရမှန်းမသိ စကားတွေ ထစ်နေတယ်။
“အာ..ဟေ့ကောင် မြန်မြန်ဖြေစမ်း။ ယမင်း ဘယ်မှာလဲ။ ဘယ်ရောက်သွားတာလဲ”..ကျော်ဇောက အော်တယ်။
ကျွန်တော် ဘာမှ ပြန်မပြောနိုင်သေးဘဲ ကျော်ဇောရဲ့ မျက်နှာကို ကြောင်ကြည့်နေမိတယ်။
“ဘယ်ရောက်ရမှာလဲ.. မီးဖိုချောင်ထဲ..”
“မင်းဘာတွေ ပြောနေတာလဲ။ မနေ့က ယမင်းအလောင်းကို ဧည့်ခန်းထဲမှာ ထားထားတာ။ ငါတို့ ပြန်ရောက်လာတော့ မရှိတော့ဘူး။ မင်းဘယ်ကို ရွှေ့လိုက်တာလဲ။ အကုန် စောက်ပြဿနာတွေ တက်ကုန်ပြီ။ ဦးသိန်းနဲ့ သူ့မိန်းမကို ငါ့မှာ မနည်းတောင်းပန်ပြီး လိမ်ညာပြောလိုက်ရတယ်။ သူတို့က ယုံတဲ့ပုံမပေါ်ဘူး။ ရဲတွေဘာတွေ ခေါပြီး ပြန်ရောက်လာရင် ဘယ်လိုလုပ်မလဲ။ ဟေ့ကောင် ဘာဖြစ်တာလဲ ပြောလေ။ မင်းလည်ပင်းက ဒဏ်ရာကရော ဘယ်ကရတာလဲ။ တစ်အိမ်လုံးလည်း အိပ်ခန်းတွေရော မီးဖိုချောင်ထဲမှာရော သွေးတွေချည်းပဲ။ ယမင်းအလောင်းဘယ်မှာလဲ”
ခေါင်းပေါ်ကို တစ်ခုခုနဲ့ တက်ဖိထားသလို ကျွန်တော့် စိတ်တွေ ထိုင်းမှိုင်းလေးလံလာတယ်။ ဘာတွေလဲ..။ ဘာဖြစ်တာလဲ။ ကျွန်တော် ကုတင်ပေါ်ကနေ ခုန်ဆင်းလိုက်တယ်။ တတွတ်တွတ် မေးနေတဲ့ ကျော်ဇောကို မကြားချင်ယောင် ဆောင်ပြီး မီးဖိုချောင်ဘက်ကို ပြေးထွက်လာလိုက်တယ်။
(ခ)
မိန်းကလေး သုံးယောက်စလုံး မီးဖိုချောင်ထဲမှာ ငုတ်တုတ်လေးတွေထိုင်ပြီး တိုးတိုးတိုးတိုးတွေ ပြောနေကြတယ်။ မျိုးမြတ်အောင်က မီးဖိုချောင်ကြမ်းပြင်မှာ ပြန့်ကျဲပေရေနေတဲ့ သွေးအလူးလူးနဲ့ မည်းမည်းအမျှင်တွေကို တုတ်တစ်ချောင်းနဲ့ ထိုးဆွကြည့်နေတယ်။ မနေ့ညက ကျွန်တော် သုံးခဲ့တဲ့ ဓားမက ကြမ်းပြင်မှာ ပက်လက်။ ယမင်းရဲ့ ကိုယ်ရော ခေါင်းရော.. အစအန မတွေ့ရဘူး။ ဘယ်ရောက်သွားတာလဲ။
မီးဖိုချောင်ထဲ ကျွန်တော် ခြေလှမ်းချလိုက်တာနဲ့ အားလုံးရဲ့ မျက်လုံးတွေက ကျွန်တော့်ဆီ ၀ုန်းခနဲ ရောက်လာကြတယ်။ တစ်ယောက်တစ်ပေါက် မေးခွန်းတွေနဲ့ ကြွက်ကြွက်ညံသွားတယ်။
“အာ…တိတ်တိတ်နေစမ်း”..ကျွန်တော် အော်ဆဲလိုက်တယ်။
အခန်းထောင့်က ပလက်စတစ် ခုံတစ်ခုံမှာ ကျွန်တော် သွားထိုင်လိုက်တယ်။ နားထင်ကို လက်ညှိုးလက်မနဲ့ ဖိရင်း အသက်ကို ၀အောင်ရှူတယ်။
ကျော်ဇောက မီးဖိုချောင်ထဲကို ပြေးဝင်လာတယ်။ စိတ်တိုလို့ ထင်တယ်.. မျက်နှာတစ်ခုလုံး နီရဲလို့။
“တစ်ခုခုတော့ မှားနေပြီ”..မျက်လုံးတွေကို မှိတ်ထားရင်း ကျွန်တော် ပြောလိုက်တယ်။
“အဲဒါ မင်းပြောမှလား။ ယမင်း ဘယ်ရောက်သွားတာလဲ။ မင်းဘာလုပ်လိုက်တာလဲ”.. ကျော်ဇောက အံကိုကြိတ်ပြီး မေးတယ်။ လက်သီးကို တင်းတင်းဆုပ်ထားတယ်။ ကျွန်တော့်ကို ပြေးမထိုးမိအောင် စိတ်ထိန်းထားရပုံပဲ။
မထင်မှတ်ဘဲ ကျွန်တော် ရယ်လိုက်မိတယ်။
“ဘာလုပ်ရမှာလဲ.. ဘာလုပ်ရမှာလဲ… ငါကိုယ်တိုင် သူ့ခေါင်းကို ဓားနဲ့ ခုတ်ဖြတ်လိုက်တာ။ ဒီနေရာမှာပဲ။ ဒီကြမ်းပြင်ပေါ်မှာ”.. ကျွန်တော် ကြမ်းပြင်ကို လက်ညှိုးထိုးပြရင်းပြောလိုက်တယ်။
“ကိုမင်းခန့် ဘာတွေ လျှောက်ပြောနေတာလဲ။ ဘာလို့ အဲဒီလို လုပ်ရမှာလဲ မဟုတ်တာတွေ”.. ဖြူမော်က မျက်လုံးပြူး၊ မျက်ဆန်ပြူးနဲ့ ဝင်ပြောတယ်။
ကျော်ဇောက ကျွန်တော့်အနားကို ၀ုန်းခနဲ ရောက်လာတယ်။ ကျွန်တော့် ဆံပင်ကို လက်နဲ့ ဆွဲဆုပ်တယ်။ လက်သီးကို ရွယ်တယ်။ ကျွန်တော် စိတ်မထိန်းနိုင်ဘဲ ဆက်ပြီး ရယ်နေမိတယ်။
“နေဦး ဟေ့ကောင်။ ကျော်ဇော မလုပ်နဲ့”..မျိုးမြတ်အောင်က ဝင်တားတယ်။
ကျော်ဇောက လက်သီးကို လေထဲမှာ တန့်ထားရင်း မျိုးမြတ်အောင်ကို လှမ်းကြည့်တယ်။
“ဘာလို့ မလုပ်ရမှာလဲ။ ဒီကောင် စောက်ရူးထပြီး ယမင်းကို ဘာလုပ်လိုက်တာလဲ မသိဘူး”..ကျော်ဇောက ပြောတယ်။
“စိတ်အေးအေးထားစမ်း ဟေ့ကောင်။ မနေ့ညက ငါတို့ရှေ့မှာတင် ယမင်း အသက်ထွက်သွားတာ အကုန်လုံးသိနေတာပဲ။ တကယ် ဘာဖြစ်ခဲ့သလဲဆိုတာ မင်းခန့်ပဲ ကောင်းကောင်းသိလိမ့်မယ်။ ဟုတ်တယ်မဟုတ်လား မင်းခန့်”..မျိုးမြတ်အောင်က လေသံအေးအေးနဲ့ မေးတယ်။
ကျွန်တော်ခေါင်းခါလိုက်တယ်။
“မသိဘူး.. ငါလည်း မသိဘူး..ဟားဟား”..တဟက်ဟက် ရယ်နေရာကနေ ကျွန်တော့် အသံထဲမှာ ငိုသံတွေပါလာတယ်။ ရှိုက်သံတွေ ဝင်လာတယ်။
ကျော်ဇောက ကျွန်တော့် ဆံပင်တွေကို လွှတ်ပေးလိုက်တယ်။ ကျွန်တော့်ရှေ့မှာ ဒူးထောက်ထိုင်တယ်။
“မင်းခန့်..ငါတို့ကို အမှန်အတိုင်းပြော.. မနေ့ညက ဘာတွေဖြစ်တာလဲ။ မင်း ဘာလုပ်လိုက်တာလဲ”..ကျော်ဇောက မေးတယ်။
အားလုံးက ကျွန်တော် စကားအစကို စောင့်နေကြတယ်။
(ဂ)
ကျွန်တော့် စကားဆုံးသွားတော့ အကုန်လုံး တိတ်နေကြတယ်။ ကျော်ဇောက ခေါင်းကို သွင်သွင်ခါနေတယ်။ မျိုးမြတ်အောင်က မျက်နှာကြက်မှာ တွဲလောင်းကျနေတဲ့ အမျှင်တွေကို အခုမှ သတိထားမိသွားသလို သေချာ ကြည့်နေတယ်။
တော်တော်လေးကြာမှ-
“ကျွန်မတို့ ပြန်တော့မယ်”.. ဖြူမော်က ထပြောတယ်။
“ဟုတ်တယ် ပြန်တော့မယ်”..နယ်လီကလည်း အသံတုန်တုန်နဲ့ ပြောတယ်။
“အင်း ဟုတ်တယ်။ အားလုံး ပြန်ကြရအောင်နော်.. ပြန်ရအောင်။ တောင်းပန်ပါတယ်”..မိနှင်းက ငိုသံတစ်ဝက်နဲ့ ပြောတယ်။
“ဘာကိုပြန်မှာလဲ။ နင်တို့ ဘာတွေ ပြောနေတာလဲ။ ဘယ်ကို ပြန်မှာလဲ။ စောက်ရေးမပါတာ”..ကျော်ဇောက အော်ရင်းနဲ့ မတ်တပ်ထရပ်တယ်။
“ဟင့်အင်း. ကျွန်မ ကြောက်တယ်.. ပြန်တော့မယ်”.. ဖြူမော်က မီးဖိုချောင်ထဲကနေ လှည့်ထွက်သွားတော့မလို့ ပြင်တယ်။ နယ်လီက ဖြူမော့်လက်မောင်းကို ကိုင်ထားတယ်။
ကျော်ဇောက ဖြူမော့်အနားကို လျှောက်သွားပြီး ဖြူမော့်လက်ကို ဆောင့်ဆွဲလိုက်တယ်။ ဖြူမော် အိခနဲ အော်ပြီး ယိုင်ထိုးသွားတယ်။
“သူများတွေရောက်လာရင် ငါတို့က ဒီဇာတ်ရှုပ်ကို ဘယ်လိုရှင်းရမှာလဲ။ နင်ဘာဖြစ်နေတာလဲ။ ယမင်းတစ်ယောက်လုံး ပျောက်နေတာကို ထားခဲ့ပြီး ပြန်ဖို့ စဉ်းစားနေတယ်။ နင်တို့ ကောင်မတွေ တော်တော် သုံးစားမရဘူး။ အေး ပြန်ချင်ရင် နင်တို့ဘာသာနင်တို့ ရန်ကုန်အထိ ခြေလျင် လျှောက်ပြန်ကြ။ သွားကြ”..ကျော်ဇောက ပြောတယ်။
“မဟုတ်.. မဟုတ်ပါဘူး.. ကြောက်လို့.. ကိုမင်းခန့်ပြောတဲ့ အတိုင်းဆိုရင် ကြောက်စရာကြီး.. ကျွန်မ တောင်းပန်ပါတယ်။ ပြန်ပါရစေ”.. နယ်လီက မျက်ရည်တွေ စိမ့်ထွက်လာရင်းနဲ့ ပြောတယ်။
“ဘာမှ ကြောက်မနေနဲ့။ ဒီကောင် မဟုတ်ကဟုတ်ကတွေ လိမ်ဆင်လုပ်ပြီး ပြောနေတာ။ ယမင်း သူ့ဘာသာသူ ပြန်သတိရလာတာကို မကူညီဘဲ ဒီကောင် ဘာလုပ်လိုက်တာလဲ။ ငါ ဒီကိစ္စကို သိအောင် လုပ်မယ်။ မင်းခန့် မင်းနဲ့ ငါနဲ့ တွေ့မယ်”.. ကျော်ဇောက ကျွန်တော့်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ကြိမ်းတယ်။
“မင်းတို့ မျက်နှာကြက်ကို မော့ကြည့်ပြီးပြီလား”..မျိုးမြတ်အောင်က ပြောတယ်။
မျက်နှာကြက်ဆိုတဲ့ စကားကြားလိုက်တာနဲ့ ကျွန်တော် ထိတ်ခနဲ ဖြစ်သွားပြန်တယ်။ ဘာမှမဖြစ်ပါဘူး.. မကြောက်နဲ့.. နေ့ခင်းဘက်ကြီး.. ဘာမှ မဖြစ်ဘူး.. ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားပေးနေမိတယ်။ တကယ်က နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် ဘာမှ မထူးဘူးဆိုတာ ကျွန်တော် အဲဒီတုန်းက မသိခဲ့ဘူးလေ။
ကျော်ဇောက မျက်နှာကြက်ကို မော့ကြည့်တယ်။
“ဘာဖြစ်လဲ။ ကြပ်ခိုးတွေပဲရှိတယ်”
“ဒီအိမ်မှာ ဘယ်သူက ဟင်းချက်လို့ ကြပ်ခိုးရှိရမှာလဲ။ မဟုတ်ဘူး။ ယမင်းပါးစပ်ထဲက ထွက်လာတဲ့ အမျှင်တွေပဲ ဖြစ်မယ်။ သေချာတယ်။ ဘယ်က ဘယ်လို မျက်နှာကြက်အထိ တက်ပြီး ကပ်နေတာလဲ။ မင်းခန့်ပြောတာတွေ ဖြစ်နေိုင်တယ်ဟေ့ကောင်..။ ငါ မနေ့ညကတည်းက အဲဒီ အမျှင်တွေကို မသင်္ကာဖြစ်နေတာ”
“ဟာ.. ဒီ စောက်ရူးက တစ်မျိုး”.. ကျော်ဇောက စိတ်မထိန်းနိုင်တော့သလို နံရံကို ခြေထောက်နဲ့ ၀ုန်းခနဲ ဆောင့်ကန်တယ်။ ကျွန်တော့်ကို တည့်တည့်စိုက်ကြည့်တယ်။ ပြီးမှ ဧည့်ခန်းဖက်ကို ချာခနဲ လှည့်ထွက်သွားတယ်။
“ငါတို့ ဘာဆက်လုပ်ကြမှာလဲဟင်”..မိနှင်းက ဖြူမော်တို့ နှစ်ယောက်ကို မေးတယ်။
“မသိဘူး။ ညီမတော့ ကြောက်လွန်းလို့ သေးတောင် ထွက်ချင်နေပြီ။ အိမ်အရမ်းပြန်ချင်နေပြီ..ဟီး..”.. နယ်လီက အားရပါးရ ငိုချလိုက်တယ်။ မိနှင်းနဲ့ ဖြူမော်က နယ်လီ့ကို ချော့မော့ပြီး အရှေ့ကို ခေါ်သွားတယ်။
မျိုးမြတ်အောင်က ကျွန်တော့်နားကို လျှောက်လာတယ်။ ကျွန်တော့် ပခုံးပေါ်ကို လက်တင်တယ်။
“မင်းခန့်။ မင်းပြောတာတွေ ဘယ်သူမှ မယုံလည်း ငါယုံတယ်”
“ဘာလို့လဲ”..ကျွန်တော် သူ့ကို မော့ကြည့်ပြီး မေးလိုက်တယ်။
“မနေ့ညက ယမင်း သွေးအန်ပြီး အဲဒီလိုဖြစ်သွားကတည်းက ငါ သိနေတယ်။ ဒါ ပုံမှန် ဖြစ်ရပ်မဟုတ်ဘူးဆိုတာ။ လူဆိုတာမျိုးကတော့ ဘယ်လောက်ပဲ ထူးဆန်းတာတွေ့တွေ့.. အထူးအဆန်း မဟုတ်ပါဘူး..ဒါသာမန်ပါပဲလေ ဆိုပြီး အတင်း ဖြည့်တွေးကြတာပဲ။ ဒါပေမယ့် ငါကတော့ အဲဒီလို မဟုတ်ဘူး။ သူ့ပါးစပ်ထဲက ထွက်လာတဲ့ဟာတွေကို တွေ့လိုက်ရကတည်းက တစ်ခုခုမှားနေပြီဆိုတာ ငါသတိထားမိတယ်”
“ဒါဆို မနေ့ညက ဘာလို့ ဘာမှမပြောတာလဲ”
“ငါ့စကားကို ဘယ်သူက အဖက်လုပ်ပြီး နားထောင်ဖူးလို့လဲ။ ဆေးသမား ဆေးကြောင်ပြီး လျှောက်ပြောနေတာလို့ပဲ ထင်နေကျပဲလေ။ အဲဒါကြောင့် ငါလည်း ဘာမှ မပြောတော့တာ။ ဒါပေမယ့် အခု မင်းလည်ပင်းက ဒဏ်ရာကို တွေ့လိုက်တော့ ပိုသေချာသွားပြီ”
“ဘာဆိုင်လဲ”
“မနေ့ညက ယမင်းပါးစပ်ထဲမှာ သွားတွေ တစ်ချောင်းမှ မရှိတော့ဘူး။ မှတ်မိလား။ အကုန်ပြုတ်ထွက်ကုန်တာ”
သူပြောမှ ကျွန်တော် သတိရသွားတယ်။ ဟုတ်သားပဲ..။ ဒါဆို..
“မင်းလည်ပင်းက ဒဏ်ရာကို ငါရေဆေးပေးထားတာ။ လည်ပင်းတစ်ဝိုက်မှာ သွားရာတွေ အများကြီးပဲ။ လူသွားနဲ့ မတူဘူး အချွန်အပေါက်သေးသေးလေးတွေ”.. မျိုးမြတ်အောင်က ပြောတယ်။
“ဒါဆို.. ဘာသဘောလဲ။ ဘာပြောချင်တာလဲ”
မျိုးမြတ်အောင်က ပခုံးတွန့်တယ်။
“အဲဒါတော့ ငါလည်း မသိဘူးလေ။ တစ်ခုခုမှားနေတာတော့ အမှန်ပဲ။ ဒီရွာကပဲ တစ်ခုခုမှားနေသလား.. ဒီခြံလား.. ဒီအိမ်လား..။ မင်းဒီနေရာအကြောင်း ဘယ်လောက် သိသလဲ မင်းခန့်”
ကျွန်တော် ခေါင်းခါလိုက်တယ်။ စကားဝါရွာ..ဆိုတဲ့ နာမည်တစ်ခုကလွဲရင် ကျန်တာ ဘာမှ မသိဘူး။
“မင်းအဖေက မင်းကို ဘာမှ မပြောခဲ့ဘူးလား”..မျိုးမြတ်အောင်က မေးတယ်။
ကျွန်တော် ခေါင်းခါမိပြန်တယ်။
နေဦး..
အဖေ့ရဲ့စာ..။
ကျွန်တော် ထိုင်နေရာကနေ ၀ုန်းခနဲ ခုန်ထ.. ဧည့်ခန်းဘက်ကို ပြေးသွားလိုက်တယ်။
+++++++++++++++++++
(ဆက်ရန်)
ချမ်းမြေ့ဝင်း
၇-၅-၂၀၂၀