(ခ)
မမမေ..တဲ့။ ဒီနာမည်က သူဇာလွင့် ဦးနှောက် ဟိုးအတွင်းပိုင်းတစ်နေရာမှာ.. ကြားဖူးနေသလိုလို..။ ၀တ္ထုစာအုပ်ထဲက ဇာတ်ကောင်နာမည်များလား။ သူဇာလွင့် အသိတွေထဲမှာ ဒီနာမည်နဲ့ တစ်ယောက်ယောက် ရှိသလား..။ မသေချာ။ မင်းခန့်ထူးကတော့ ဒီနာမည်ကို တန်ဖိုးကြီး လျှို့ဝှက်ချက်တစ်ခုလို တစ်လုံးခြင်း ရွတ်ချလိုက်တာပဲ။
“’ဒီ..မမမေ ဆိုတဲ့ အမျိုးသမီးက ဘယ်ကနေ ဘယ်လို ရှင့်ဇာတ်လမ်းထဲမှာ ပါလာတာလဲ”
မင်းခန့်ထူးက သူဇာလွင့်မေးခွန်းကို မကြားသလို..ဘာမှ ပြန်မဖြေဘူး။ သူ့အကြည့်က မှတ်စုစာအုပ်ထဲက ဓာတ်ပုံဆီမှာ ရောက်နေတယ်။ ဒီစာအုပ်ထဲမှာ ဘာတွေများ ရေးထားသလဲ..။ သူဇာလွင့် မျက်လုံးက တစ်မျက်နှာပဲ လှန်ရသေးတဲ့ မှတ်စုစာအုပ်ဆီကို ပြန်ရောက်သွားတယ်။ စာအုပ်ကို နောက်တစ်မျက်နှာ ထပ်လှန်ကြည့်မလို့ အလုပ်မှာ မင်းခန့်ထူးက တားသလိုနဲ့ ချောင်းတစ်ချက်ဟန့်ပြီး သတိပေးတယ်။ သူဇာလွင် လက်ကိုပြန်ရုတ်လိုက်တယ်။
ခန်းဆီးကနေ ဖောက်ဝင်လာနေတဲ့ အလင်းရောင်က အရောင်ဖျော့စပြုနေပြီ။ ညနေစောင်းတော့မယ်ထင်တယ်။ နေမဝင်ခင် ဒီဇာတ်လမ်း ပြီးပါ့မလား။ ဒီ့ထက်မှောင်လာရင်တော့ သူဇာလွင် ပြန်မှဖြစ်မယ်။ ဒီအခန်းထဲမှာ ဒီလူနဲ့၊ သူ့ပါးစပ်ကထွက်တဲ့ တောင်စဉ်ရေမရ စကားတွေနဲ့..။
မင်းခန့်ထူးက အခုမှ သတိဝင်လာသလို စကားကို ပြန်ဆက်တယ်။
“အိုကေ.. ဇာတ်လမ်းကို ပြန်ဆက်ရအောင်။ ကျွန်တော်နဲ့ သူငယ်ချင်းတွေနဲ့ ရန်ကုန်ကနေ မနက်စောစော ထွက်လာကြတယ်။ ညနေတော်တော်စောင်းမှ စကားဝါ လမ်းချိုးကို ရောက်တယ်။ ကားပေါ်မှာ သောက်စားပျော်ပါး၊ အော်ဟစ်ပြီး ထွက်လာကြတာပေါ့။ ပါလာတဲ့ ဘီယာပုလင်းတွေ ဆေးခြောက်တွေက လမ်းမှာတင် တစ်ဝက်လောက် ကုန်သွားပြီ။ လမ်းခွဲဘက်ကို ရောက်တော့ အကုန်လုံး တော်တော့်ကို မူးနေပြီ။ အကုန်လုံးနော်။ မိန်းကလေးတွေပါ မူးနေကြတာ။ ကားမောင်းတဲ့ ကျော်ဇောတောင် အမူးလွန်ပြီး ရှေ့ကို ကောင်းကောင်း မမြင်ရတော့လို့ ဘီးကို တစ်လိမ့်ခြင်း လိမ့်နေရတယ်။ စကားဝါ ရွာထဲကိုရောက်တော့ မိုးချုပ်နေပြီ.. ပြီးတော့..””
“ရှင် ကျွန်မ မေးတာကို မဖြေသေးဘူး။ မမမေ ဆိုတဲ့ အမျိုးသမီးက စကားဝါရွာကပဲလား။ ရှင်နဲ့ ဘယ်လိုသိတာလဲ”..သူဇာလွင် ဖြတ်မေးလိုက်တယ်။
မင်းခန့်ထူးက စိတ်ရှုပ်သွားသလို စုပ်တစ်ချက်သပ်တယ်။ မျက်လုံးနှစ်ခုကို မှိတ်ပြီး စဉ်းစားတယ်။ ခေါင်းခါတယ်။
“ခင်ဗျား ဖြတ်ဖြတ် မမေးနဲ့ဗျ။ ကျွန်တော် စာရေးဆရာ မဟုတ်ဘူး။ ပုံပြောဆရာလည်း မဟုတ်ဘူး။ ဇာတ်လမ်းကို ခင်ဗျား နားလည်အောင် မနည်းပြောပြရမှာ။ မမမေ ဘယ်သူလဲဆိုတာ အချိန်တန်ရင် သိမှာပေါ့ဗျ။ စိတ်ရှည်ရှည် ထားစမ်းပါ”
“ဆောရီးပါ။ ကျွန်မ အချိန်သိပ်မရတော့မှာ စိုးလို့.. ပြီးတော့ ရှင့်ဇာတ်လမ်းကလည်း အခုထိ စကို မစနိုင်သေးဘူးလေ..အဲဒါကြောင့်ပါ”
“ဒါဆို ခင်ဗျား ဖြတ်မမေးနဲ့တော့။ ကျွန်တော်ပြောတာကိုပဲ အစအဆုံး နားထောင်တော့။ ဟုတ်ပြီလား။ သဘောတူလား”
သူဇာလွင် ပခုံးတွန့်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ မြန်မြန်ပြီးမှ အိမ်မြန်မြန် ပြန်ရမယ်။ ဟုတ်တယ်..သူဇာလွင် အိမ်ပြန်ချင်နေပြီ။ ဒီအခန်းထဲမှာ အုံ့မှိုင်းနေတဲ့ အငွေ့အသက်တွေကို မကြိုက်ဘူး။ ဒီလူရဲ့ အခုတစ်မျိုး တော်ကြာတစ်မျိုး စကားတွေကို ကြာကြာ နားမထောင်ချင်တော့ဘူး။ သူပြောမယ့် ဇာတ်လမ်းထဲမှာ သူဇာလွင့်အတွက် တန်ဖိုးရှိမယ့် အချက်အလက်တွေ ပါနေနိုင်တယ်..ဆိုတာ သူဇာလွင် သိတော့သိတယ်။ ဒါပေမယ့် သတင်းကောင်းကောင်း မရလည်း နေပါစေတော့။ ခြေဖျားကနေ ငယ်ထိပ်အထိ တဖြည်းဖြည်း တက်လာလိုက် ပြန်ပျောက်သွားလိုက် ဖြစ်နေတဲ့ ကြက်သီးထသလိုလို ခံစားချက်ကို သူဇာလွင် မခံနိုင်တော့ဘူး။
“အိုကေ။ ဒါဆို ကျွန်တော် ပြောတော့မယ်။ ခင်ဗျား နားထောင်တော့”..မင်းခန့်ထူးက ထိုင်ခုံမှာ ကိုယ်ကို မတ်မတ်ထိုင်တယ်။ စားပွဲပေါ်မှာ တံတောင်ဆစ်နှစ်ဘက်ကို ထောက်၊ လက်ချောင်းတွေကို ဘယ်ညာစုံညီ ထိပ်ခြင်းထိရင်း ဆက်ပြောတယ်။
“အဲဒီည.. စကားဝါကို ရောက်တဲ့ ပထမဆုံး ညမှာကတည်းက တစ်ခုခု မှားနေပြီဆိုတာကို ကျွန်တော် သိခဲ့သင့်တာ..”
+++
အခန်း (၃)
…………….
“ပထမည”
(က)
အိုကေ.. စောစောက ပြောနေတာကို ပြန်ဆက်ရရင်.. စကားဝါလမ်းခွဲကို ရောက်တော့ တော်တော် မှောင်နေပြီ.. ဟုတ်တယ်နော်..။ ဒါနဲ့ ကားပေါ်မှာ ကျွန်တော်နဲ့ တူတူပါလာတဲ့ သူငယ်ချင်းတွေ အကြောင်းကို ခင်ဗျားကို အရင်ပြောပြရမယ်ဗျ။ သိပ်ပြီး စိတ်ဝင်စားစရာ ကောင်းနေလို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီဇာတ်လမ်းကို နားလည်ဖို့ ဇာတ်ကောင်တွေရဲ့ နောက်ကြောင်း တစ်စွန်းတစ်စကိုတော့ သိသင့်တယ်လေ။
ကားပေါ်မှာ ကျွန်တော်နဲ့ ပါလာတဲ့ သူငယ်ချင်း ၆ ယောက်။ သူငယ်ချင်းလို့သာပြောရတယ် အဲဒီ ၆ ယောက်ထဲမှာ ကျွန်တော်နဲ့ ငယ်ပေါင်းကြီးဖော်လို့ ပြောလို့ရတဲ့သူ တစ်ယောက်မှ မပါဘူး။ ကျွန်တော့်မှာ တကယ့် သူငယ်ချင်းဆိုတာ ရှိမှမရှိခဲ့ပဲလေ။ ဒီလိုပဲ သုံးရင်းဖြုန်းရင်း တွေ့တဲ့လူနဲ့ အဆင်ပြေသလို ပေါင်းလိုက်တာပဲ။
ကျော်ဇောနဲ့ မျိုးမြတ်အောင်က အသက် မတိမ်းမယိမ်းတွေ။ ကျွန်တော့်ထက်တော့ နည်းနည်းလေး အသက် ပိုကြီးမယ်။ သူတို့ နှစ်ယောက်ကမှ တကယ့် ငယ်ပေါင်းကြီးဖော်တွေ။ နှစ်ယောက်စလုံးက မိဘတွေ မနိုင်တော့လို့ အိမ်ကနေ ကန်ချခံထားရတဲ့သူတွေ။ ကျွန်တော့်ဆီမှာ ရှိခဲ့သမျှ မကောင်းတဲ့ အကျင့်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က အဲဒီ နှစ်ယောက်ဆီက ရတာပဲ။ အဖေမသေခင်တုန်းက ကျွန်တော့်လက်ဖျားမှာ နေ့တိုင်းနီးပါး တဖွားဖွား သီးနေခဲ့တဲ့ ပိုက်ဆံတွေကို ဘယ်လိုနေရာမှာ ဘယ်လို အသုံးချရမလဲ သူတို့ သင်ပေးခဲ့တာပေ့ါ။ သူတို့ အပြစ်လို့ ကျွန်တော် မပြောဘူးနော်။ ကျွန်တော်ကိုယ်တိုင်ကလည်း ကိုယ့်ကို ရှို့ပေးမယ့် မီးကို လိုက်ရှာနေခဲ့တာလေ။
ယမင်းက ကျွန်တော့်ထက် ငယ်တယ်။ မိန်းကလေး လေးယောက်ထဲမှာ ရုပ်အချောဆုံး။ အသွက်ဆုံး။ ကျော်ဇောနဲ့ ကြိုက်နေသလိုလို၊ မျိုးမြတ်အောင်နဲ့ တိတ်တိတ် တွဲနေသလိုလို.. တခြား ရည်းစားတွေပဲ ရှိသလိုလို.. ဘာမှန်းမသိတဲ့ ဆက်နွယ်မှု တစ်မျိုးနဲ့ အဖွဲ့ထဲမှာ ရောက်နေတာ။ ကျွန်တော်ကိုယ်တိုင်လည်း ယမင်းနဲ့ ဟိုလိုလို ဒီလိုလို အီစီကလီတွေ လုပ်ခဲ့ဖူးတယ်။ ဘာမှတော့ ဆက်မဖြစ်ပါဘူး။ ဆက်ဖြစ်ဖို့လည်း အခွင့်အရေး မရလိုက်ဘူးလေ။ ခင်ဗျား သိတဲ့အတိုင်းပဲ။
ပြီးတော့ ခင်နှင်းဝေ။ ကျွန်တော်တို့အခေါ် မိနှင်းပေါ့။ မိနှင်းက တခြားသူတွေနဲ့ ယှဉ်ရင် နည်းနည်းလေး ထူးခြားတယ်။ ဘာလို့လဲဆိုတော့ သူက ပိုက်ဆံ ရှိတဲ့ အသိုင်းအဝိုင်းက လာတာ။ ကျွန်တော့်အဖေနဲ့ သူ့မိဘတွေနဲ့ သိကြတယ်။ ဒါပေမယ့် ဘာလို့လဲတော့မသိ၊ သူ့ကိုကြည့်လိုက်ရင် ဘယ်တော့မှ ပိုက်ဆံ မရှိဘူး။ အိမ်ကပဲ မပေးတာလား။ ပေးသမျှ ပိုက်ဆံ တစ်ယောက်တည်း သုံးပစ်သလား။ ကျွန်တော်နဲ့ စသိကတည်းက မိနှင်းက ဘယ်သွားသွား ကျွန်တော့်အိတ်ကပ်ထဲကပဲ နှိုက်သုံးနေတာ။ ဒါနဲ့ ခင်ဗျား တစ်မျိုးထင်နေမှာစိုးလို့ ပြောရဦးမယ်။ ကျွန်တော်နဲ့ သူနဲ့ ဘာမှ မပတ်သက်ဘူးနော်။ နကိုကတည်းက တစ်ယောက်နဲ့ တစ်ယောက် သိပ်ကြည့်ရတာ မဟုတ်ဘူး။ မိနှင်းက ကျော်ဇောကို ကြိတ်ကြိုက်နေတယ်။ တော်တော်ကို သိသာတယ်။ ဘာလို့လဲဆိုတော့ မိနှင်းနဲ့ ကျွန်တော်နဲ့ အရင်ကတည်းက သိပေမယ့် အဲဒီလောက် မပေါင်းဖြစ်ဘူး။ ကျော်ဇောနဲ့ ကျွန်တော် စသိပြီး မကြာခင်မှာပဲ ကျွန်တော်တို့ အပြင်သွားရင် မိနှင်းက မသိမသာနဲ့ လိုက်လိုက်လာတယ်။ ကျော်ဇောကို လျှောက်ပြန်သံပေးတွေ လုပ်တယ်။ ဒီတော့ မိနှင်းနဲ့ ယမင်းနဲ့ကြားမှာ တင်းမာမှုလေးတွေ ရှိတယ်ဆိုပါတော့။
ဖြူမော်နဲ့ နယ်လီကတော့ ရှင်းပါတယ်။ ကျွန်တော်နဲ့လည်း သိပ်မသိဘူး။ ကျော်ဇောတို့နဲ့ လည်း အဲဒီလောက် မခင်ဘူး။ သူတို့က ကလပ်တစ်ခုကနေ နောက်ကလပ်တစ်ခုကို၊ ပါတီ တစ်ပွဲကနေ နောက်တစ်ပွဲဆီကို ခုန်ပျံကျော်လွှားရင်း အသိုက်ပြောင်းနေတဲ့ မိန်းကလေးတွေ။ ဟိုအလုပ်လုပ်စားတဲ့ မိန်းကလေးတွေလား.. ဆိုတော့လည်း မဟုတ်ဘူးဗျ။ ဒီလိုပဲ ဟိုလွင့်ဒီမျော လုပ်နေရတာကို ဝါသနာပါကြတာ။ သူတို့ သဘောကျတဲ့ သူတွေနဲ့ တွေ့ရင်တော့လည်း အိပ်ရာထဲ လိုက်ရင်လိုက်မှာပေါ့လေ။ အဲဒါတော့ ကျွန်တော် သေချာ မပြောတတ်ဘူး။ အဖေသေတဲ့နေ့က ကျွန်တော်တို့တွေ ကလပ်တစ်ခုမှာ ရောက်နေတယ်။ အဲဒီကလပ်မှာ ဖြူမော်တို့ နှစ်ယောက်နဲ့ ကျွန်တော်တို့နဲ့ ချိတ်မိသွားတယ်။ အခု ခရီးသွားဖို့ စီစဉ်တော့ လူစုံအောင်ဆိုပြီး အဲဒီနှစ်ယောက်ကိုပါ လှမ်းခေါ်လိုက်တာ။ တကယ်တမ်းက သူတို့နှစ်ယောက်အကြောင်း ကျွန်တော် ဘာမှ သေချာမသိဘူး။ ဖြူမော်.. နယ်လီ ဆိုတာ သူတို့ နာမည်အရင်းတွေ မဟုတ်ဘူး။ နှစ်ယောက်စလုံး အသတ်ခံရပြီး ရဲဘက်က ကြေငြာချက် ထုတ်မှသာ နာမည်အရင်းတွေကို သိရတာ။ ဒါပေမယ့် ကျွန်တော်ကတော့ သူတို့ကို ဖြူမော်နဲ့ နယ်လီလို့ပဲ မှတ်မိနေတယ်။ နာမည်အရင်းတွေကို မသိချင်တော့ဘူး။
အိုကေ.. ဒီတော့ ကားပေါ်မှာ ပါလာတဲ့ အပေါင်းအသင်း ၆ ယောက်စလုံးရဲ့ အကြောင်း အကြမ်းပြောပြပြီးပြီ။ ကျွန်တော်ကတော့ ပျော့ပျော့လေးနဲ့ နံတဲ့ ကြောင်ချေးလို့ ပြောရမလား။ ဘာလို့လဲဆိုတော့ ကျွန်တော်က ကျော်ဇောလို ရန်တွေ ခဏခဏဖြစ်၊ လက်ရဲဇက်ရဲ ဓားနဲ့ထိုး၊ တုတ်နဲ့ရိုက်.. အဲဒီလို ကောင်လည်း မဟုတ်ဘူး။ မျိုးမြတ်အောင်လို ပရော်ဖက်ရှင်နယ် ဘိန်းစားလား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ ယမင်းလို ချစ်သူတွေ တစ်ယောက်ပြီး တစ်ယောက်နဲ့ ပတ်တွဲနေတဲ့ အသည်းခွဲ လူမိုက်ကြီးလည်း မဟုတ်။ ဒါပေမယ့် ကျွန်တော့်မှာ သူတို့ထက် ဆိုးနေတာ တစ်ခုရှိတယ်။ ဘယ်လိုပြောရမလဲ.. ကျွန်တော့် စိတ်ဓာတ်ကိုက ယုတ်ညံ့နေတာ။ အပြင်ကနေကြည့်လိုက်ရင် ဪ.. ဒီကောင်လေးက လိမ္မာမယ့်ပုံလေး.. အသားဖြူဖြူ မျက်နှာနုနုနဲ့..ပေါ့လေ။ ဒါပေမယ့် အထဲမှာ လှိုက်စားပြီး ပျက်စီးနေတဲ့ စိတ်ဓာတ်ကို ဘယ်သူမှ မမြင်ကြဘူး။ အဲဒီလို မမြင်တဲ့အတွက်လည်း ကျွန်တော့်ကိုယ်ကျွန်တော် ဒေါသထွက်တယ်။ အဖေတစ်ယောက်လုံး သေသွားတာတောင် မျက်ရည်မကျတော့တဲ့ စိတ်ဓာတ်။ ကိုယ့်ကိုယ်ကိုယ် ခွေးဖြစ်နေမှန်းသိသိကြီးနဲ့ ဘာမှမဖြစ်ဘူးဆိုပြီး ဗြောင်ငြင်းချင်နေတဲ့ စိတ်ဓာတ်။ အမေမရှိဘဲ လူလားမြောက်လာတယ်။ ဪ.. ငါ့လို တခြား မိဘမဲ့တွေ အများကြီးပါလား၊ ငါ့လောက်မှ မချမ်းသာဘဲ ရုန်းကန်နေကြတဲ့ သူတွေ ရှိနေပါလား..ဆိုပြီး နားလည်ရမယ့်အစား.. င့ါမှာတော့ အမေမရှိဘဲ ကြီးပြင်းလာရတာ..ဆိုပြီး စောက်သုံးမကျစွာနဲ့ ကိုယ့်ကိုယ်ကိုယ် အခွင့်ထူးခံဖြစ်အောင် လုပ်ကြံသနားနေတဲ့ စိတ်ဓာတ်..။
ထားပါတော့..။ ဆက်ပြောနေရင် ဆုံးမှာ မဟုတ်ဘူး။ ကျွန်တော်ပြောချင်တာက.. အဲဒီ ကားပေါ်မှာ ပါလာတဲ့ လူ ၇ ယောက်စလုံးက (ကျွန်တော်အပါအဝင်) သုံးစားမရတဲ့ ချဉ်ဖတ်တွေချည်းပဲလို့ ပြောချင်တာ။ ကျွန်တော်တို့မှာ တကယ့် အခက်အခဲဆိုတာကို မကြုံဖူးဘူး။ ကိုယ့်ဘာသာကိုယ် လုပ်ကြံဖန်တီးထားတဲ့ ဒုက္ခ အတုတွေချည်းပဲ။ ဒီတော့ စကားဝါမှာ စောင့်နေတဲ့ ပြဿနာကြီးကို ရင်ဆိုင်ဖို့ ကျွန်တော်တို့မှာ ဘာအရည်အချင်းမှ မရှိခဲ့ဘူး။
(ခ)
ကျွန်တော်တို့တွေ စကားဝါ လမ်းခွဲအတိုင်း မူးမူးနဲ့ မောင်းလာလိုက်ကြတာ ရွာထဲကိုရောက်တော့ မိုးစုန်းစုန်းချုပ်နေပြီ။ မိန်းကလေးတွေက နောက်ခန်းမှာ မူးပြီး အိပ်ပျော်နေကြပြီ။ မျိုးမြတ်အောင်ကတော့ ကားရဲ့ ဟိုးနောက်ဆုံး ထိုင်ခုံမှာ ရှူရင်း မှိန်းရင်းနဲ့ အသံမထွက်တော့ဘူး။ ကျွန်တော်နဲ့ ကျော်ဇောက ရှေ့ခန်းမှာ သွေးစုတ်ဖုတ်ကောင် နှစ်ကောင်လို နိုးတစ်ဝက်၊ အိပ်တစ်ဝက်နဲ့။ ကျော်ဇောက ကားစတီရာရင်ကို လက်ညှိုးနဲ့ ထောက်ကိုင်ထားရင်း ကျွန်တော့်ဘက်ကို လှည့်မေးတယ်။
“မင်းခန့်။ မင်းအိမ်က ဘယ်နားမှာလဲ။ တည့်တည့်ဆက်သွားရမှာလား”
“အာ..ငါလည်း မရောက်ဖူးဘူးလေ။ ဒီလိုပဲ မေးပြီး သွားရမှာ”
“ဘယ်သူ့ကို မေးရမှာလဲ။ ငါတော့ လူဆိုလို့ အခုထိ တစ်ယောက်မှ မတွေ့သေးဘူး”.. ကျော်ဇောက ကားပြတင်းမှန်ကို တစ်ဝက်ချ၊ အပြင်ကို လှမ်းကြည့်ရင်း ပြောတယ်။
သူပြောတာ ဟုတ်တယ်။ ကားလမ်းမက လမ်းမီးဆိုလို့ တစ်တိုင်မှ မရှိ။ လရောင်အောက်မှာ ကွန်ကရစ်လမ်းတစ်ခုလုံး ဟာလာဟင်းလင်း။ ဘေးဘီဝဲယာမှာ ပျဉ်ထောင်အိမ် ခပ်သေးသေးလေးတွေတော့ တွေ့တယ်။ မီးလုံးဝါဝါတွေ ကိုယ်စီ ထွန်းလို့၊ လူတွေကတော့ အကုန်လုံး အိမ်ထဲမှာဖြစ်မယ်။ အပြင်ထွက် လမ်းသလားနေတဲ့လူ မတွေ့ရဘူး။
“ဟိုရှေ့မှာ ကွမ်းယာဆိုင်ထင်တယ်။ အဲဒီမှာ ရပ်ပြီး မေးလိုက်”.. ရှေ့တစ်လံကျော်လောက်မှာ မြင်နေရတဲ့၊ မီးသီးသေးသေးလေးကို ကြိုးတန်းလန်းချိတ်ဆွဲထားတဲ့ဆိုင်တစ်ဆိုင်ကို ကျွန်တော် လက်ညှိုးထိုးပြလိုက်တယ်။
ဆိုင်ရှေ့မှာ ကားရပ်ပြီး ကျော်ဇောက ကားပေါ်ကနေဆင်းသွားတယ်။ ကျွန်တော်ကတော့ ကားပေါ်မှာ ထိုင်နေရင်း တိတ်ဆိတ်နေတဲ့ အပြင်ဘက်ကို ဟိုကြည့်ဒီကြည့် လုပ်နေမိတယ်။ ဘာဆိုဘာမှ မရှိတဲ့ နေရာပါလား။ ပျဉ်ထောင်အိမ်တွေ ဟိုနားကြဲကြဲ၊ ဒီနားကြဲကြဲ။ စားသောက်ဆိုင်တွေ၊ ဘီယာဆိုင်တွေ ဘာမှ မတွေ့ရ။ ဘာအဆောက်အဦးမှ ဆောက်မထားတဲ့ မြေကွက်လပ်တွေက ပိုများနေတယ်။ လမ်းဟိုဘက်ခြမ်းမှာ လရောင်လှုံနေတဲ့ ခွေးမိသားစု တစ်စု။ ခွေးပေါက်စတစ်ကောင်က ကျွတ်ကျွတ်အိတ်အခွံတစ်ခုထဲကို ခေါင်းတိုးပြီး ဘာများရှိမလဲ ရှာနေတယ်။
ကားမှန်ကို အဆုံးအထိချလိုက်တော့ လေပူတွေက အထဲကို တိုးဝင်လာတယ်။ ပြင်ပလေကို ကျွန်တော် အားရပါးရ ရှူလိုက်တော့ အမူးနည်းနည်းပြေသွားတယ်။ အခုလို မိုးချုပ်နေတဲ့ အချိန်မှာတောင် ကွန်ကရစ်လမ်းကနေ တငွေ့ငွေ့တက်နေတဲ့ အပူရှိန်က တော်တော်ပြင်းနေသေးတယ်။ ဖုန်မှုန့်တွေကလည်း အတောမသတ်သေးဘဲ လေထဲ ဝဲနေတုန်း။ ကွန်ကရစ်လမ်းမကနေ အထဲဘက်ကို ချိုးဝင်သွားတဲ့ မြေနီလမ်းတချို့တော့ ရှိတယ်။ မှောင်မည်းနေတော့ လမ်းသွယ်တွေထဲကို လှမ်းမမြင်ရဘူး။
ခဏကြာတော့ ကျော်ဇော ကားပေါ်ကို ပြန်တက်လာတယ်။ သူ့လက်ထဲမှာ ပါလာတဲ့ ဆေးလိပ်ဘူးနဲ့ မီးခြစ်ကို ကျွန်တော့်ဆီ ပစ်ပေးတယ်။
“ဆရာသမားက သူ့ဆိုင်မှာ ကွမ်းမဝယ်လို့ မဖြေချင်တဲ့ ပုံလုပ်နေတာနဲ့ ဆေးလိပ်ဝယ်လာရတယ် ဟေ့ကောင်ရေ”..ကျော်ဇောက ပြောရင်းနဲ့ ကားစက်ကို နှိုးတယ်။
ကျွန်တော် ဆေးလိပ်ဘူးကို ဖွင့်ပြီး စီးကရက်တစ်လိပ်ထုတ်၊ မီးညှိလိုက်တယ်။ ဆေးလိပ်ကို ရှိုက်လိုက်တော့ အဆုတ်ထဲ ထိုးဝင်သွားတဲ့ နီကိုတင်းဒဏ်ကြောင့် စောစောက ကြည်စပြုလာတဲ့ ဦးနှောက်က ပြန်ပြီး ထုံသွားတယ်။
“အိမ်နေရာ သိခဲ့ပြီလား”..ကျွန်တော်မေးလိုက်တယ်။
“ဒီအတိုင်းတည့်တည့်ဆက်သွားရုံပဲတဲ့။ လမ်းအဆုံးတည့်တည့်က ခြံပဲ။ မင်းအဖေကလည်း ဘယ်လိုဖြစ်လို့ တစ်ဘက်ပိတ် လမ်းထိပ်မှာ အိမ်ဆောက်ထားရတာလဲ”
(ဂ)
ခြံထဲမှာကားရပ်ပြီးတော့ ကျွန်တော်တို့တွေ ကားပေါ်က ဆင်းကြတယ်။ ကျွန်တော်နဲ့ ကျော်ဇောက အကြောတွေဆန့်၊ လည်ပင်းတွေ လိမ်ချိုး၊ မိန်းကလေးတွေက ဆံပင်တွေသပ်၊ အဝတ်တွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ဆွဲဆန့်ကြပေါ့လေ။ မျိုးမြတ်အောင်ကတော့ ကားပေါ်က ဆင်းပြီးတဲ့ အချိန်အထိ မျက်လုံး သေချာမပွင့်သေးဘူး။ နှာခေါင်းကို လက်နဲ့ တပွတ်ပွတ်လုပ်ရင်း နှာချေချင်သလိုလို ချောင်းဆိုးချင်သလိုလို လုပ်နေတယ်။
ကျွန်တော်တို့ ကားထဲက ပစ္စည်းတွေကို မချနိုင်သေးဘူး။ အားလုံးရဲ့ မျက်လုံးတွေက ခြံထဲက ပျဉ်ထောင်အိမ်ဆီမှာ။ ခဏကြာတော့ ကျော်ဇောနဲ့ မျိုးမြတ်အောင်ဆီက ပြိုင်တူ ရယ်လိုက်တဲ့အသံတွေ ထွက်လာတယ်။
“ဟားဟား..မင်းဖားသားကြီးကတော့ မင်းကို လုပ်သွားပြီ ဟေ့ကောင်ရေ..” ကျော်ဇောက လှောင်တယ်။
“အေးလေကွာ မင်းခန့်ရာ..။ မင်းပြောတော့ မင်းအတွက် အိမ်ကြီးတစ်လုံးလုံး အမွေပေးသွားတာဆို ”..မျိုးမြတ်အောင်ကလည်း ရယ်သံအုပ်အုပ်၊ စကားသံ လေးတိလေးတွဲနဲ့ ဝင်ထောက်ခံတယ်။
ကျွန်တော် သူတို့နှစ်ယောက်ကို ဘာမှ ပြန်မပြောနိုင်သေးဘဲ ပျဉ်ထောင်အိမ်ကို စိုက်ကြည့်နေမိတယ်။ ဒီလိုနေရာမျိုးမှာ ဆောက်ထားတဲ့ အိမ်ဆိုကတည်းက ကျွန်တော် အများကြီး မျှော်လင့်မထားပါဘူး။ ဒါပေမယ့် လူနေလို့ရလောက်မယ့် အိမ်တစ်ခု..ဖြစ်မယ်လို့တော့ ထင်ထားတာပေါ့။
ခင်ဗျား အဲဒီအိမ်ပုံစံကို သတင်းစာတွေထဲမှာ မြင်လိုက်ရမှာပေါ့။
ဘယ်လောက်စုတ်ပြတ်နေသလဲဆိုတာ။ သတင်းထဲက မှုခင်းဓာတ်ပုံတွေထဲမှာတော့ မသိသာလှဘူးဗျ။ အပြင်မှာ မျက်မြင် ကိုယ်တွေ့ တွေ့ရမှ အဲဒီ အိမ်ရဲ့ တကယ့် အခြေအနေကို သိရမှာ။
ပျဉ်ထောင်အိမ်က အိမ်လို့ ကျိန်ပြောရမယ့် ပုံစံဖြစ်နေတယ်။ ခေါင်မိုးမိုးထားတဲ့ တုတ်တန်းတွေက ပြုတ်ထွက်ပြီး တွဲလောင်းကျနေပြီ။ အိမ်ရှေ့လှေကားပေါ်မှာ သစ်ရွက်ခြောက်တွေပွစာတက်နေတယ်။ အပေါ်ဆုံးအထစ်နားမှာ ခွေးချေးတွေလား၊ လူချေးတွေလား အပုံလိုက်။ အိမ်ရှေ့တံခါးကလည်း ပျဉ်ပြားတွေကျိုးပြီး အလယ်ကောင်တည့်တည့်မှာ အပေါက်ကြီး ဖြစ်နေတယ်။ တံခါးက ဟောင်းလောင်းပွင့်ပြီး အထဲကို တိုးလျိုပေါက် လှမ်းမြင်နေရတယ်။
လက်ထဲမှာ ကိုင်ထားတဲ့ အိမ်တံခါးသော့ကိုကြည့်ပြီး ကျွန်တော်ကိုယ်တိုင်တောင် ရယ်မိသွားတယ်။ အဖေ့တပည့်တစ်ယောက်က ကိုမင်းခန့် အတွက် အိမ်သော့ ဆိုပြီး ပေးသွားတာ။ အခုပုံစံအတိုင်းဆိုရင် အိမ်က ဖွင့်စရာ သော့ခလောက်တောင် မရှိတော့ဘူးလေ။
တော်သေးတယ်။ အိမ်ထဲကိုရောက်တော့ မီးခလုတ်ကို စမ်းပြီး ဖွင့်လိုက်တာ မီးကတော့ လာနေတယ်။ ဧည့်ခန်းကြမ်းပြင်တစ်ခုလုံးက အပြင်ကဝင်လာတဲ့ ဖုန်တွေ သဲတွေနဲ့ တရှပ်ရှပ်ဖြစ်နေတယ်။ ဧည့်ခန်းထဲမှာ ဆက်တီခုံ ခပ်စုတ်စုတ် တစ်စုံ။ စားပွဲတစ်လုံး။ အိမ်အနောက်ဘက်မှာတော့ အိပ်ခန်းလို့ ထင်ရတဲ့ အခန်းနှစ်ခန်း။
ယမင်းက လိုက်ဝင်မလာသေးဘဲ ကားနားမှာ ရပ်ပြီး ခြံအပြင်ဘက်ကို လှမ်းကြည့်နေတယ်။
ဖြူမော်နဲ့ နယ်လီက နှာခေါင်းတရှုံ့ရှုံ့နဲ့ အိမ်ထဲကို မဝံ့မရဲ လိုက်ဝင်လာတယ်။ မိနှင်းကတော့ အိမ်လှေကားထစ် ခြောက်ထစ်လောက်ကိုတက်ဖို့ ကျော်ဇောလက်မောင်းကို အတင်းကိုင်ပြီး အားယူနေတယ်။ မျိုးမြတ်အောင်က ဧည့်ခန်းထဲက ကြမ်းပြင်ပေါ်မှာ ဆောင့်ကြောင့်ထိုင်ပြီး လက်ထဲက စက္ကူထုပ်ကို ဖြည်နေတယ်။
ကျော်ဇောက ဆက်တီခုံမှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်တယ်။ မိနှင်းက ကျော်ဇောဘေးက နေရာကို လက်ကိုင်ပုဝါနဲ့ သုံးလေးချက် သုတ်ပြီးမှ ဝင်ထိုင်တယ်။ ဖြူမော်နဲ့ နယ်လီက တစ်ယောက်လက်တစ်ယောက်ကိုင်ပြီး အိမ်သာရှိတယ်လို့ ထင်ရတဲ့ နောက်ဘက်ခြမ်းကို လျှောက်သွားကြတယ်။
“အထဲမှာတော့ ဒီလောက်မဆိုးပါဘူး”..အခန်းပတ်ပတ်လည်ကို ကြည့်ရင်း ကျွန်တော်ပြောလိုက်တယ်။
“အနံ့အသက်တော့ သိပ်မကောင်းဘူးနော် ဟေ့ကောင်”..ကျော်ဇောက နှာခေါင်းတရှုံ့ရှုံ့လုပ်ရင်း ပြောတယ်။ ကျွန်တော်ကတော့ အမူးမပြေသေးလို့လားတော့ မသိ၊ ဘာအနံ့မှ မရဘူး။
“မင်းတို့ကလည်း ။ ဂျီးများမနေနဲ့။ ဒီမှာ တစ်ရက်နှစ်ရက်နေပြီးရင် တစ်အိမ်လုံး မီးတင်ရှို့ပစ်မှာလို့ ငါပြောပြီးသားပဲ။ အခုလို စုတ်ပြတ်နေတော့ မီးရှို့လို့ ပိုတောင်လွယ်သွားသေးတယ်”..ကျွန်တော် ပြောလိုက်တယ်။ ကျော်ဇောက အိုကေလေ ဆိုတဲ့ ပုံစံနဲ့ လက်မထောင်ပြတယ်။
“အိပ်ခန်းတွေဘက် သွားကြည့်မယ်လေ”..မိနှင်းက ကျော်ဇောလက်မောင်းကို လက်ညှိုးနဲ့ တို့ရင်း ပြောတယ်။ ကျော်ဇောက ခေါင်းခါတယ်။
“နေပါဦး။ အေးဆေးပေါ့။ နင်တို့ကလည်း တစ်လမ်းလုံး အိပ်လာတာ မ၀သေးဘူးလား။ သောက်ီဥးစားဦးမယ်လေ။ ဟေ့ကောင် မျိုးမြတ် ဘာတွေဖန်နေတာလဲ”..ကျော်ဇောက မျိုးမြတ်ဘက်ကို လှည့်ပြီးမေးတယ်။ မျိုးမြတ်အောင်က သူ့လက်ထဲမှာကိုင်ထားတဲ့ ပန်းရောင် ဆေးပြားကို ထောင်ပြတယ်။
“တစ်ညလုံး မအိပ်ဘဲ လန်းကြမယ်လေ။ မင်းခန့်.. ရေသန့်ဘူးအခွံလေးဘာလေး မရှိဘူးလား”..မျိုးမြတ်အောင်က ပြောတယ်။
“ကားပေါ်မှာ ရှိမှာပေါ့”..ကျွန်တော် ပြန်ပြောလိုက်တယ်။
“မင်းခန့်။ ကားပေါ်က ဘီယာပုလင်းတွေ သွားယူကွာ။ ငါလည်း တစ်လမ်းလုံး ကားမောင်းလာတာ တောင့်တင်းနေပြီ”..ကျော်ဇောက ကျွန်တော့်ကို အသနားခံတဲ့ မျက်နှာနဲ့ လှမ်းပြောတယ်။
“ဟဲ့..နင်သွားရင် ယမင်းကိုပါ ခေါ်ခဲ့နော်။ ယမင်းက လိုက်မလာဘဲ ကားနားမှာ ဘာလုပ်နေတာလဲ”.. မိနှင်းက ကျွန်တော့်ကို လှမ်းမှာပြီး အိတ်ထဲကနေ မှန်တစ်ချပ်ထုတ်၊ ဧည့်ခန်းရဲ့ မီးရောင် ပြပြအောက်မှာ သူ့ဆံပင်တွေသူ ခေါင်းစည်းကြိုးနဲ့ စည်းတယ်။
(ဃ)
အပြင်မှာ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းနေတယ်။ စောစောက သာနေတဲ့ လရောင်က တိမ်အောက်ထဲတိုးဝင်ပြီး ပြန်ပျောက်သွားပြီ။ လေထုက ပူပြီး မွန်းကြပ်နေတယ်။ ညလေတဖြူးဖြူးထဲမှာ ဖုန်တွေသဲတွေ ရောပါနေသလို.. အသက်ရှူမ၀ချင်စရာ။ ခြံထဲမှာ စိုက်ထားတဲ့ သစ်ပင်တွေ.. ဘာအပင်တွေလဲတော့ မသိဘူး။ အပင်တွေ အကုန်လုံးနီးပါးက အရွက်မရှိဘဲ အရိုးပြိုင်းပြိုင်းဖြစ်နေတာတော့ မှတ်မိတယ်။ ကျွန်တော် အိမ်ပေါ်ကနေ ပြန်ဆင်းလာပြီး ခြံထဲက ကားရပ်ထားတဲ့နေရာကို သွားတော့ ယမင်းက ကားဘေးမှာ မတ်တပ်ရပ်နေတုန်း။
“ယမင်း အထဲကို သွားတော့လေ။ ငါ ဘီယာပုလင်းတွေ ယူပြီး လိုက်လာခဲ့မယ်”.. ကျွန်တော် ယမင်းကို လှမ်းပြောပြီး ကားနောက်ဖုံးကို ဖွင့်တယ်။ ဘီယာပုလင်းတွေ ထည့်ထားတဲ့ ဖော့ဘူးကို မနိုင်မနင်းနဲ့ မ,တယ်။
ကားနောက်ဖုံးကို ပြန်ပိတ်လိုက်တော့ ကျွန်တော့်နားထဲမှာ အသံတစ်သံ ကြားလိုက်တယ်။ ဗိုက်ထဲက လာတဲ့အသံမျိုး။ ခင်ဗျား သိမှာပေါ့။ ဗိုက်အရမ်းဆာရင် တဂွီဂွီနဲ့ မြည်တဲ့ အသံမျိုးလေ။ ဒါပေမယ့် အဲဒီတုန်းက ကြားလိုက်ရတဲ့ အသံက အထဲတစ်နေနေရာက လာတဲ့အသံလို ခပ်အုပ်အုပ်မဟုတ်ဘဲ အကျယ်ကြီး။
ကျွန်တော် ကိုယ့်ဗိုက်ကိုယ် ပြန်ကြည့်လိုက်တယ်။ ငါများ ဗိုက်ဆာပြီး အစာအိမ်ထဲက အသံတွေ ထွက်နေသလားပေါ့။ ဒါပေမယ့် အသံက ကျယ်လွန်းတယ်။ ကျွန်တော် ကားနောက်ကနေ ပတ်ထွက်လိုက်တော့ ယမင်းက မတ်တပ်ရပ်နေတုန်းပဲ။ စောစောကလို မလှုပ်မယှက်ပဲ။
“ယမင်း နင်ဗိုက်ဆာနေတာလား။ ဗိုက်ထဲက တဂွီဂွီနဲ့ အကျယ်ကြီးဟာ”.. ကျွန်တော် ရယ်ရင်း ပြောလိုက်တယ်။
ယမင်းက ကျွန်တော့်ကို လှည့်မကြည့်ဘူး။ ခြံအပြင်ဘက်ကို တည့်တည့်ကြီး စိုက်ကြည့်နေတုန်းပဲ။ ဘေးတစ်စောင်းလှည့်ထားတဲ့အတွက် ကျွန်တော် သူ့မျက်နှာကို သေချာမမြင်ရဘူး။ မျက်နှာကို တစ်ဝက်တပျက် ဖုံးထားတဲ့ ဆံပင်ရှည်တွေကို မြင်ရတယ်။ တဆတ်ဆတ် ခါနေတဲ့ မေးရိုးကို မြင်ရတယ်။
ကျွန်တော် လက်ထဲမှာကိုင်ထားတဲ့ ဘီယာသေတ္တာကို မြေကြီးပေါ်မှာ ချလိုက်တယ်။ ယမင်းရှေ့ကို အမြန်လျှောက်သွားလိုက်တယ်။
အဲဒီမှာ တွေ့လိုက်ရတဲ့ ယမင်းရဲ့ မျက်နှာကို ကျွန်တော် ဒီတစ်သက်မမေ့ဘူး။
ကျွန်တော်တို့နဲ့ အတူတူပါလာတဲ့ မိန်းကလေးတွေထဲမှာ ယမင်းက အချောဆုံးလို့ ခင်ဗျားကို ပြောပြပြီးပြီ မဟုတ်လား။ အဲဒါ အပိုတွေ ပြောနေတာမဟုတ်ဘူးဆိုတာ ယမင်းရဲ့ ဓာတ်ပုံကို ခင်ဗျား တွေ့ဖူးရင် သိမှာပါ။ လူတွေ တော်တော်များများ စကားဝါအမှုကို စိတ်ဝင်စားကုန်ကြတာ ယမင်းကြောင့် အများကြီးပါတယ်လေ။ ဒီလို ကောင်မလေး ချောချောလေး ဘယ်လိုများ အသတ်ခံရပါလိမ့် ဆိုပြီး..။
ဒါပေမယ့် အဲဒီညက အမှောင်ထဲမှာ ဖြစ်ပျက်နေတဲ့ ယမင်းရဲ့ မျက်နှာကို မြင်လိုက်ရင် ခင်ဗျားတို့ တော်တော် တရားရသွားလိမ့်မယ်။ ကျွန်တော်တို့ ကြားကြားနေရတဲ့ တရားစကားထဲက အတိုင်းလိုပဲ.. ဘာတဲ့.. လူဆိုတာ အပုပ်ကောင်ကို ရုပ်ဆောင်နေတယ်ဆိုလား..။ အဲဒီအတိုင်းပဲ။
ယမင်းရဲ့ မျက်နှာပေါ်မှာ ရှိတဲ့ အကြောတွေ အကုန် ပြတ်ထွက်သွားသလို မျက်ခုံးတွေ နှုတ်ခမ်းတွေ အကုန် လျော့လျဲပြီး အိတွဲတွဲကြီး ဖြစ်နေတယ်။ ပါးစပ်ထဲကနေ သွားရည်လိုလို အရည်တွေ စီးကျနေတယ်။ အဆိုးဆုံးကတော့ သူ့မျက်လုံးတွေပဲ။ မျက်လုံးနှစ်လုံးစလုံးက အပေါ်ကို လန်တက်ပြီး မျက်ဖြူလန်နေတာ။
ပြီးတော့ သူ့ပါးစပ်က ဟောင်းလောင်းကြီး ပွင့်နေတယ်။ အဲဒီလို ပါးစပ်ဟောင်းလောင်းပွင့်နေတာ ဘယ်လောက်တောင် ကြာသွားပြီလဲမသိဘူး၊ သူ့လျှာတစ်ခုလုံး ဖြူဖွေးနေပြီ..။ လျှာပေါ်မှာ တင်နေတဲ့ ဖုန်မှုန့်တွေကိုပါ လှမ်းမြင်နေရတယ်။ သူ့အောက်မေးရိုးက အဖျားတက်နေတဲ့ လူနာလို တဆတ်ဆတ်နဲ့ ခါနေတယ်။
ကျွန်တော့် ခေါင်းထဲကို ပထမဆုံး ဝင်လာတဲ့ အတွေးက ..ဒီမိန်းမတော့ ဝက်ရူးပြန်နေပြီထင်တယ်..ဆိုတဲ့ အတွေးပဲ။
“ယမင်း နင်ဘာဖြစ်တာလဲ။ ငါ့ကိုကြည့်စမ်း”…ကျွန်တော် ယမင်းရဲ့ လက်မောင်းနှစ်ဘက်ကို လှုပ်ခါပြီး မေးတယ်။ သူ့မေးစေ့မှာ စီးကျနေတဲ့ သွားရည်တွေက ကျွန်တော့်ကိုပါ လာစင်တယ်။ သူ့တစ်ကိုယ်လုံးက အရိုးမပါတဲ့ သတ္တဝါတစ်ကောင်လို ဒယိမ်းဒယိုင်ဖြစ်ပြီး ကျွန်တော့်လက်ထဲမှာ ယိုင်ထိုးနေတယ်။
ကျွန်တော် အိမ်ဘက်ကို လှမ်းအော်မလို့ အလုပ်မှာ.. စောစောကကြားလိုက်ရတဲ့ ဂွီ…ဆိုတဲ့ အသံကြီး..။ ကျွန်တော် နောက်ကို လှည့်ကြည့်တယ် ဘာမှ မတွေ့ဘူး။ ထိုးထိုးထောင်ထောင်နဲ့ မညီမညာ စိုက်ထားတဲ့ ခြံစည်းရိုး တိုင်တွေ၊ အဲဒီအပြင်ဘက်မှာ လူအသွားအလာ လုံး၀ မရှိတဲ့ ကွန်ကရစ်လမ်းမ။ အဲဒါတွေရဲ့ နောက်မှာ ပိန်းပိတ်အောင် မှောင်နေတဲ့ အမှောင်..။
“ကိုမင်းခန့်.. ဘာဖြစ်တာလဲ။ ဘာဖြစ်လို့လဲ”
ကျွန်တော် ယမင်းဘက်ကို ပြန်လှည့်ကြည့်လိုက်တော့ ယမင်းက ကြောက်လန့်တကြား မျက်နှာနဲ့ ကျွန်တော့်ကို ကြည့်နေတယ်။
“နင့်မျက်နှာက..”..ကျွန်တော် ပြောရင်းနဲ့ ယမင်းရဲ့ မျက်နှာကို လက်နဲ့ စမ်းကြည့်လိုက်တယ်။ စောစောက တွန့်လိမ် လျော့ရဲနေတဲ့ မျက်လုံးတွေ နှုတ်ခမ်းတွေ အခုတော့ ပုံမှန်အတိုင်းပဲ။ လှနေတုန်းပဲ။
“အား..ဘာတွေလဲ.. ရွံစရာကြီး”..ယမင်းက သူ့မေးစေ့မှာ ပေနေတဲ့ သွားရည်တွေကို အခုမှ စမ်းကြည့်ပြီး အော်တယ်။
“နင် ဝက်ရူးပြန်နေတာ မဟုတ်ဘူးလား”..ကျွန်တော် တည့်တည့်ကြီး မေးလိုက်တယ်။
“ဘာတွေပြောနေတာလဲ။ အာ..ကိုမင်းခန့်.. ရွံစရာကြီးကွာ.. မျက်နှာကို ဘာတွေနဲ့ သုတ်သွားတာလဲ..။ ပါးစပ်ထဲမှာလည်း သဲတွေဝင်ကုန်ပြီကွာ..”.. ယမင်းက ပြောရင်းနဲ့ ဆောင့်အောင့်ပြီး အိမ်ဘက်ကို လှည့်ထွက်သွားတယ်။
ကျွန်တော် တစ်ယောက်တည်း ကားနံဘေးမှာ ကြောင်တောင်တောင်နဲ့ ကျန်ခဲ့တယ်။ အောက်မှာ ချထားတဲ့ ဘီယာသေတ္တာကို ပြန်မ.. အိမ်ဘက်ကို ပြန်လျှောက်လာလိုက်တယ်။
+++
အခန်း (၄)
(က)
“ကျွန်တော် မပြောဘူးလား.. အဲဒီ ပထမ ည ကတည်းက ကျွန်တော် သိသင့်ခဲ့တာ..”
မင်းခန့်ထူးက စကားအရှည်ကြီး ပြောလိုက်ရလို့ မောသွားတဲ့ပုံစံနဲ့ ထိုင်ခုံမှာ နောက်လှန်ပြီး မှီချလိုက်တယ်။ သူဇာလွင်က မျက်မှောင်ကြီး ကြုတ်ပြီး မင်းခန့်ထူးကို စိုက်ကြည့်နေတယ်။
“ကိုမင်းခန့်.. ရှင် ကျွန်မကို သရဲတစ္ဆေပုံပြင်တွေ ပြောပြမလို့လား။ ကျွန်မ အဲဒါတွေကို အယုံအကြည်မရှိ..”
“ခင်ဗျားတစ်ယောက်တည်း မယုံတာမဟုတ်ဘူးဗျ။ ကျွန်တော်လည်း မယုံဘူး။ သရဲတွေ တစ္ဆေတွေ နာနာဘာ၀တွေ ကျွန်တော် မယုံဘူး”..မင်းခန့်ထူးက စိတ်ဆိုးသွားတဲ့ လေသံနဲ့ ဖြတ်အော်တယ်။
“ရှင်ပြောတော့ မကောင်းဆိုးဝါးတွေကို ယုံတယ်ဆို.. ပြီးတော့ ရှင်စောစောက ပြောပြနေတဲ့ ဇာတ်လမ်းက သရဲဇာတ်လမ်းဖြစ်နေပြီလေ”
မင်းခန့်ထူးက ခေါင်းခါတယ်။
“မဟုတ်ဘူး။ မကောင်းဆိုးဝါးဆိုတာ အဲဒါကိုပြောတာမဟုတ်ဘူး။ ပြီးတော့ ခင်ဗျားပြောတဲ့ သရဲတွေ တစ္ဆေတွေဆိုတာ တကယ်ရှိခဲ့တယ် ဆိုရင်တောင် သူတို့ကို နိုင်တဲ့ ဘုန်းကြီးတွေ၊ ဘုရားစာတွေ ဂါထာတွေ ရှိနေတယ် မဟုတ်လား။ အခုဟာက ကျွန်တော်တို့ မကြားဖူး၊ မကြုံဖူးသေးတဲ့ မကောင်းဆိုးဝါးမျိုး”
တိတ်ခွေက ချောက်ခနဲ ရပ်သွားတယ်။ သူဇာလွင် သက်ပြင်းအရှည်ကြီး ချလိုက်တယ်။
“ကဲ.. ကိုမင်းခန့်.. တိတ်ခွေ တစ်ခွေလည်း ကုန်သွားပြီ။ ရှင့်ဇာတ်လမ်းက ဘာမှ ထူးမလာဘူး။ မဟုတ်က ဟုတ်က ကြောက်စရာ ဇာတ်လမ်းတစ်ပုဒ်လောက် ရရုံနဲ့တော့ ကျွန်မ ဒီလောက် အပင်ပန်းခံမနေဘူး။ ကောလာဟလ ဂျာနယ်တစ်စောင် ကောက်ဖတ်လိုက်ရင် ဒီလိုသတင်းတွေ အပုဒ် နှစ်ဆယ်လောက် ပါနေတာပဲ”.. သူဇာလွင် ပြောရင်းနဲ့ ထိုင်ခုံကနေ ထရပ်လိုက်တယ်။ မင်းခန့်ထူး ဒီတစ်ခါ ထပ်တားရင်လည်း တားပါစေ။ သူမနေတော့ဘူး.. ပြန်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။
မင်းခန့်ထူးက ထိုင်ရာကနေ မထဘဲ သူဇာလွင့်ကို စိုက်ကြည့်နေတယ်။ ပြီးမှ-
“ဒုတိယညမှာ ယမင်း သေသွားတယ်”..မင်းခန့်ထူးကပြောတယ်။
သူဇာလွင် ထိုင်ခုံမှာ ပြန်ထိုင်လိုက်တယ်။
“ဘယ်လို.. ရှင် ဘာတွေ ပြောနေတာလဲ။ ၂၉ ရက်နေ့မှာ ရှင်တို့ စကားဝါရွာကို ရောက်တယ်ဆိုတော့ ရှင်ပြောချင်တာက ၃၀ ရက်နေ့မှာ ယမင်းဆိုတဲ့ မိန်းကလေး သေသွားတယ်လို့ ပြောချင်တာလား”
“ဟုတ်တယ်”
သူဇာလွင် ဖုန်းကို အမြန်ထုတ်တယ်။ ဖုန်းထဲက မှတ်စုတွေကို ပြန်ဖတ်တယ်။
“ဒါပေမယ့် ဒီမှတ်တမ်းထဲမှာ ရေးထားတာက လူ ၉ ယောက်စလုံး မေလ ၂ ရက်နေ့မှာ တပြိုင်တည်း အသတ်ခံရတာလို့ ရေးထားတာ..”
မင်းခန့်ထူးက ပခုံးတွန့်တယ်။
“အဲဒါတော့ ခင်ဗျား စဉ်းစားလေ။ ကျွန်တော်ပြောတာကို ယုံမလား..။ အဲဒီ ခင်ဗျားဖုန်းထဲက.. မှတ်စုတွေကို ပိုပြီး ယုံမလား”
“ဒါဆို.. ၃၀ ရက်နေ့မှာ အဲဒီမိန်းကလေး သေသွားတယ်ဆိုတော့ .. ကျန်တဲ့လူတွေကရော”..သူဇာလွင် မေးလိုက်တယ်။
“ခင်ဗျား သိချင်ရင် ဒုတိယညရဲ့ ဇာတ်လမ်းကို ဆက်ပြီးနားထောင်လေ”..မင်းခန့်ထူးက မဲ့ပြုံး ပြုံးရင်း ပြောတယ်။
+++++
(ဆက်ရန်)
ချမ်းမြေ့ဝင်း
၁-၅-၂၀၂၀