အခန်း (၂)
(က)
မင်းခန့်ထူးက စကားကို မဆက်သေးဘဲ သူဇာလွင့် မျက်နှာရိပ် မျက်နှာကဲကို ကြည့်နေတယ်။
သူဇာလွင် နှာခေါင်းရှုံ့လိုက်ချင်စိတ်ကို ထိန်းပြီး မျက်နှာကို အတင်းတည်ထားရတယ်။ စိတ်ထဲမှာတော့ .. ဒီလူ ရူးနေပြီ၊ ဒါမှမဟုတ် ရူးတော့မယ့်ဆဲဆဲ ဖြစ်နေပြီထင်တယ်..ဆိုပြီး ကောက်ချက်တွေ ချနေမိတယ်။ ဒါလည်း ဆိုးတော့မဆိုးဘူးပဲ။ “စကားဝါ ကိုးလောင်းပြိုင် လူသတ်မှုကနေ ကွင်းလုံးကျွတ်လွတ်သွားတဲ့ မင်းခန့်ထူးတစ်ယောက် အကျဉ်းထောင်ကို ရှောင်ပြေးနိုင်ခဲ့ပေမယ့် နောက်ဆုံးမှာ သွက်သွက်ခါ ရူးသွားရှာတယ်”.. ဆိုတဲ့ သတင်း အသစ်တစ်ပုဒ် ရတာပေါ့။ သတင်းဆောင်းပါးကို ဘယ်လို စာစီရင် ကောင်းမလဲ သူဇာလွင့်ခေါင်းထဲမှာ အကြမ်းချရေးနေမိတယ်။ မျက်လုံးတွေကိုတော့ မင်းခန့်ထူးဆီမှာပဲ တည့်တည့်စိုက်ကြည့်ပေးထားတယ်။ ဒါက သူဇာလွင့်ရဲ့ လက်စွဲတော် နည်းလမ်းတွေထဲက တစ်ခု။ အင်တာဗျူးတဲ့အခါ တစ်ဖက်လူရဲ့ ပြောစကားကို စာအုပ်မှာ ဘယ်တော့မှ ချမရေးဘူး၊ စာအုပ်ထဲမှာ ငုံ့ပြီးရေးနေရင် မျက်လုံးခြင်း ဆုံပြီး နားထောင်ပေးဖို့ အချိန်လျော့သွားမယ် မဟုတ်လား။ စကား အပြန်အလှန်ပြောတဲ့အခါ၊ သူတပါး ပြောတာကို နားထောင်တဲ့အခါ အကြည့်မလွှဲ၊ အာရုံမများဘဲနေနိုင်ဖို့ ဘယ်လောက်အရေးကြီးသလဲဆိုတာ သူဇာလွင် နားလည်တယ်။ အခုလည်း မင်းခန့်ထူး ပါးစပ်က ဘယ်လိုပေါက်ကရတွေပဲ ထွက်လာပါစေ နားထောင်ပေးဖို့ ဆုံးဖြတ်ထားတယ်။ မကောင်းဆိုးဝါးမကလို့ နတ်သားတွေ နတ်သမီးတွေ၊ ဒိုင်နိုဆောတွေ၊ ဂြိုဟ်သားတွေ အကြောင်း ပြောချင်လည်း ပြောပါစေ။
“ကျွန်တော်ပြောတဲ့ မကောင်းဆိုးဝါးဆိုတာ ယုံတမ်းပုံပြင်တွေ၊ အိပ်ရာဝင် ဇာတ်လမ်းတွေထဲက သရဲတစ္ဆေတွေ၊ နာနာဘာ၀တွေ၊ အခိုးလိုလို အငွေ့လိုလိုနဲ့ မီးခလုတ် ဖွင့်လိုက်ရင် ဖျတ်ခနဲ ပျောက်သွားတဲ့ အရာတွေ မဟုတ်ဘူး။ ခင်ဗျားတို့၊ ကျွန်တော်တို့တွေလိုပဲ လက်ဆုပ်လက်ကိုင်ပြလို့ရတဲ့၊ ထိကြည့်ကိုင်ကြည့်လို့ ရတဲ့၊ အသွေးအသားအပြည့်နဲ့ မကောင်းဆိုးဝါးမျိုးကို ပြောတာ”..
မင်းခန့်ထူးက စကားကို အဆုံးသတ်လိုက်တယ်။ သူ့ကော်ဖီခွက်ထဲကို ကော်ဖီနည်းနည်း ထပ်ငှဲ့တယ်။ သူဇာလွင့်ရှေ့က အေးစပြုနေပြီဖြစ်တဲ့ ကော်ဖီခွက်ကို ကြည့်ပြီး ..သောက်လေ.. ဆိုတဲ့ ပုံစံနဲ့ မေးဆတ်ပြတယ်။ သူဇာလွင် ကော်ဖီကို တစ်ငုံမော့လိုက်တယ်။ ခပ်နွေးနွေး ကော်ဖီရည်တွေ လည်ချောင်းထဲ စီးဆင်းသွားရင်း ကြက်သီးထချင်သလိုလို ဖြစ်သွားတယ်။ သူဇာလွင် ချောင်းတစ်ချက် ဟန့်တယ်။ စကားသံတွေ ရပ်သွားတိုင်း ပြန်ပြန်ရောက်လာတဲ့ တိတ်ဆိတ်မှုကို မကြိုက်ဘူး။
“အဲဒါနဲ့ ဒီဇာတ်လမ်းနဲ့ ဘယ်လိုသက်ဆိုင်လို့လဲ ကိုမင်းခန့်”..
အသံဖမ်းစက်ထဲက တိတ်ခွေလည်နေတာနဲ့ အမျှ သူဇာလွင့် လေသံကလည်း စောစောကလို ပျာယာခတ်မနေတော့ဘဲ နည်းနည်း ငြိမ်လာတယ်။ ကိုယ်ထဲမှာ ဝင်နေတဲ့ ကြောက်စိတ်တွေ၊ စိုးရိမ်စိတ်တွေ၊ ဒေါသစိတ်တွေ တော်တော်များများ ပျောက်ကွယ်သွားပြီး အလုပ်အပေါ် အာရုံစူးစိုက်ချင်တဲ့ ဆန္ဒက အလေးသာလာတယ်။
“ခင်ဗျား ကျွန်တော်နဲ့ လာမတွေ့ခင် ရက်ပိုင်းအတွင်းမှာ ကျွန်တော့်အကြောင်းကို အသေးစိတ် ရှာဖွေလေ့လာထားပြီးပြီ မဟုတ်လား။ ဒါဆို ကျွန်တော့် အဖေအကြောင်းလည်း ခင်ဗျား ကောင်းကောင်း သိမှာပေါ့”.. မင်းခန့်ထူးက မေးတယ်။
သူဇာလွင် ခေါင်းညိတ်လိုက်တယ်။
“ကျွန်တော် အသက် ၂၀ အရွယ်အထိ သုံးချင်သလိုသုံး ဖြုန်းချင်သလို ဖြုန်းနေနိုင်ခဲ့တာ၊ ကြားထဲမှာလည်း ဘာအလုပ်မှ မလုပ်ဘဲ ထိုင်စားလို့ ရနေတာ..။ အခု ကိုယ်ပိုင် လုပ်ငန်းတွေဘာတွေ ထောင်နိုင်တာ အဖေ့ကျေးဇူးတွေလို့ ပြောလို့ရတယ်ဗျ”..မင်းခန့်ထူးက ပြောနေရင်း တစ်ခုခုကို သဘောကျသွားသလို ဟက်ခနဲ ရယ်တယ်။ ..“ဒါပေမယ့် အဲဒီ စကားဝါရွာကို ကျွန်တော်တို့ ရောက်သွားခဲ့တာလည်း အဖေ့ကြောင့်ပဲမဟုတ်လား”
“ဘယ်လို..”
“အဖေသေတော့ ကျွန်တော့်အသက်က ၂၀ စွန်းစွန်းပေါ့။ သူဌေးသားပီပီ သုံးလို့ဖြုန်းလို့ကောင်းတုန်း။ အဲဒီအချိန်တုန်းက ရန်ကုန်မြို့က အခုထက် ပိုပြီး ပျော်စရာကောင်းတာတော့ အမှန်ပဲ။ ဟန်းဖုန်းတွေ၊ အင်တာနက်တွေ မရှိ၊ အားနေရင် အွန်လိုင်းမှာ အချိန်ကုန်နေတာမျိုးလည်း မရှိဘူး။ တကယ့်အိမ်အပြင်မှာ၊ ပြင်ပလေထုထဲမှာ လွင့်ချင်ရာလွင့် မျောချင်သလိုမျောနေလို့ ရတဲ့ အချိန်။ ညနေစောင်းမှ အိပ်ရာထ၊ ကားတစ်စီးနဲ့ သူငယ်ချင်းတွေ ပတ်ခေါ်၊ သွားချင်ရာသွား၊ လုပ်ချင်ရာလုပ်၊ နောက်နေ့ နေထွက်မှ အိမ်ပြန်ရောက်။ ခင်ဗျားသိလားဗျ၊ အဖေသေတဲ့အချိန်မှာ ကျွန်တော်က အပြင်မှာ ရောက်နေတာ။ မင်းခန့်ထူး ဘယ်ရောက်နေသလဲဆိုပြီး အဖေ့တပည့်တွေ လိုက်ရှာကြတာပေါ့။ ရန်ကုန်မှာရှိသမျှ ကလပ်တွေ၊ ကေတီဗီတွေ အနှိပ်ခန်းတွေ အကုန်ပဲ။ နောက်ဆုံး ကျွန်တော့်ကို ရှာတွေ့တဲ့ အချိန်မှာ မနက်လင်းနေပြီ။ အိမ်ပြန်ရောက်တော့ အဖေ့အလောင်းက အေးတောင်အေးချင်နေပြီ”
“ဪ..။ ကျွန်မ စိတ်မကောင်းပါဘူး ကိုမင်းခန့်”
မင်းခန့်ထူးက နေစမ်းပါဗျာ ဆိုတဲ့ ပုံစံနဲ့ လက်ကာပြတယ်။
“စိတ်မကောင်းဖြစ်စရာ မလိုပါဘူးဗျ။ ကျွန်တော်နဲ့ အဖေနဲ့က အဲဒီလောက်ကြီး နီးနီးကပ်ကပ် နေခဲ့တာမဟုတ်ဘူး။ တစ်ဦးတည်းသောသား ဆိုပေမယ့် အဖေ့မှာ ကျွန်တော့်ထက် ပိုပြီး စိတ်ဝင်စားစရာ၊ ဂရုစိုက်စရာတွေ ရှိနေတယ်လေ။ သူ့တစ်သက်လုံးမှာ ကျွန်တော်နဲ့ စကားကြာကြာပြောဖြစ်တဲ့အချိန်ဆိုလို့ တစ်နာရီတောင် ပြည့်မယ် မထင်ဘူး”
သူဇာလွင် ဘာပြောရမှန်းမသိတာနဲ့ ခေါင်းပဲ ညိတ်ပေးလိုက်တယ်။ ဒီဇာတ်လမ်း ဘယ်ကိုဦးတည်နေသလဲ။
“ဒါနဲ့ ရှင့်အဖေ ဆုံးသွားတော့ နှလုံးရောဂါနဲ့နော်။ ဟုတ်တယ်မဟုတ်လား”
မင်းခန့်ထူးက ခေါင်းညိတ်တယ်။
“သူ့တပည့်တွေပြောတာတော့ အဖေက အဲဒီနေ့တစ်နေ့လုံး စာကြည့်ခန်းထဲကမထွက်ဘဲ အခန်းအောင်းနေတယ်တဲ့။ အိမ်က ထမင်းချက်က အဖေ့ကို ညနေစာစားဖို့ သွားခေါ်တော့မှ အဖေ စာကြည့်စားပွဲပေါ်မှာ မှောက်လျက်သား အသက်ထွက်နေတာကို တွေ့တာ”
စိတ်မကောင်းပါဘူး..လို့ ထပ်ပြောမိတော့မလို့။ သူဇာလွင် ပါးစပ်ကို အမြန်ပိတ်လိုက်တယ်။ မင်းခန့်ထူးက စကားကိုဆက်တယ်။
“ကျွန်တော့် အဖေဆီမှာ ပိုက်ဆံတွေ သုံးမကုန်အောင် ရှိတယ်။ ပိုင်ဆိုင်မှုတွေကလည်း လက်ညှိုးထိုးမလွှဲ အရပ်ရှစ်မျက်နှာမှာ။ ကျွန်တော်ကြွားပြောနေတာမဟုတ်ဘူး။ ရန်ကုန်မှာတင် သူပိုင်တဲ့ ခြံ ဘယ်နှခြံမှန်းမသိအောင်ကို များတယ်။ နယ်တွေမှာလည်း ဟိုဝယ်ဒီဝယ် လျှောက်ဝယ်ထားတဲ့ စိုက်ခင်းတွေ၊ ခြံအလွတ်တွေ အများကြီးပဲ”
“ရှင့်အဖေ ဆုံးသွားတော့ အဲဒါတွေအကုန် ရှင်ပဲ ရလိုက်တာမဟုတ်လား”..
ဇာတ်လမ်း မြန်မြန် ဆက်လို့ရအောင် သူဇာလွင် စကားဝင်ထောက်ပေးလိုက်တယ်။ မင်းခန့်ထူးက ခပ်ယဲ့ယဲ့ပြုံးရင်း ခေါင်းခါတယ်။
“အဲဒီလိုသာဆိုရင် အခု ကျွန်တော်နဲ့ ခင်ဗျားနဲ့ စကားထိုင်ပြောနေစရာ အကြောင်းရှိလာမှာမဟုတ်ဘူး။ စကားဝါကိစ္စလည်း ဖြစ်လာမှာ မဟုတ်ဘူး။ အဲဒါကြောင့်ပြောတာ။ အခု ဖြစ်သမျှ အကုန်လုံးဟာ ကျွန်တော့်အဖေကြောင့်လို့..”
“ကျွန်မ လိုက်မမီတော့ဘူး ကိုမင်းခန့်”..သူဇာလွင် လက်နှစ်ဘက်ကို ရင်ရှေ့မှာ ပိုက်လိုက်တယ်။ တစ်ဝီဝီ လည်နေတဲ့ အသံဖမ်းစက်ထဲက တိတ်ခွေဆီ မျက်လုံးရောက်သွားတယ်။ အခွေထဲမှာ အသံဖမ်းဖို့ တိတ်သား နောက်ထပ် နှစ်နာရီစာလောက် ကျန်ဦးမယ်ထင်တယ်။
“ခင်ဗျား သိလားဗျ။ ကျွန်တော်လေ.. အဖေသေသွားတော့ ဝမ်းနည်းစိတ် တစ်စက်မှ မဖြစ်ဘူး။ ကိုယ်နဲ့ မသိတဲ့ သူစိမ်းတစ်ယောက်ရဲ့ အလောင်းကို ထိုင်ကြည့်နေရသလို စိတ်ထဲမှာ အေးတိအေးစက်ပဲ။ ပြီးလည်းပြီးရော အဖေ့ရှေ့နေက ကျွန်တော့်ကို အဖေ့ရဲ့ သေတမ်းစာ ယူလာပေးတယ်။ သေတမ်းစာက ခပ်တိုတို ခပ်ရှင်းရှင်းပဲ။ ကျွန်တော့်အတွက် ပိုက်ဆံတွေ ထားခဲ့တယ်။ ဒါပေမယ့် ပိုက်ဆံတွေအားလုံးကို ကျွန်တော့် အသက် ၄၅ နှစ် မပြည့်မခြင်း ဘဏ်ထဲမှာ အကောင့်သေအဖြစ် အပ်ထားရမယ်တဲ့။ ကျွန်တော် လစဉ်သုံးဖို့အတွက် ပိုက်ဆံတချို့ ထုတ်ပေးမယ့် အကောင့်တစ်ခုထားခဲ့တယ်။ ပြီးတော့ ကျွန်တော်နေဖို့ အိမ်တစ်လုံး ထားခဲ့ပေးတယ်။ ကျန်တဲ့ ပိုင်ဆိုင်မှုတွေအားလုံးနီးပါးကို သူ့လုပ်ငန်းရဲ့ ရှယ်ယာဝင်တွေ၊ ဝန်ထမ်းတွေကို အချိုးကျ ခွဲပေးလိုက်ပါတဲ့..”
ဒီအကြောင်းကို သူဇာလွင် လုံး၀ မသိထားဘူး။ မင်းခန့်ထူးအကြောင်း နောက်ကြောင်းပြန် လိုက်ရှာကြည့်တုန်းကလည်း ဒီအချက်ကို မတွေ့မိဘူး။ စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိသွားတယ်။
“ခင်ဗျား စဉ်းစားကြည့်စမ်း။ အဖေ့ပိုင်ဆိုင်မှုတွေကို ရောင်းချခွဲဝေ၊ အကုန်လုံးကို တစ်စိတ်စီပေးလိုက်တာ အိမ်က ထမင်းချက်တဲ့ အဒေါ်ကြီး ရတဲ့ အမွေခွဲတမ်းက ကျွန်တော်ရလိုက်တာထက်တောင် များနေလိမ့်မယ်။ အဖေက.. သူ့အပေါ် တစ်သက်လုံး မကောင်းခဲ့တဲ့ ကျွန်တော့်ကို လက်စားခြေသွားတာပဲလို့ ကျွန်တော် ထင်ခဲ့တာပေါ့။ မဟုတ်ဘူးလား။ လက်စားခြေသွားတယ်ဆိုရင်လည်း အဖေ အောင်မြင်သွားတယ်လို့ ပြောရမယ်။ မင်းခန့်ထူးဆိုတဲ့ကောင် နေ့ခြင်းညခြင်း ဘ၀ပြောင်းသွားတယ်။ အဖေသေသွားတော့ ကျွန်တော့်လက်ထဲမှာ အိမ်တစ်လုံးနဲ့ ပိုက်ဆံတစ်သိန်းကျော်ပဲ ကျန်ခဲ့တယ်။ စီးနေတဲ့ ကားကိုတောင် ရှေ့နေတွေက ပြန်သိမ်းသွားတယ်”
“အဲဒါနဲ့ စကားဝါရွာနဲ့ ဘာဆိုင်သလဲ”.. သူဇာလွင် စိတ်မရှည်တော့ဘဲ ဖြတ်မေးလိုက်မိပြန်တယ်။
“ကျွန်တော် ပြောတယ်လေ။ အဖေက သူ့ရဲ့ ပိုင်ဆိုင်မှု အားလုံး နီးပါးကို သူများတွေကို ပေးခဲ့တယ်။ ကျွန်တော့်အတွက် အိမ်တစ်လုံးပဲ ပေးခဲ့တယ်”
“ဘာကိုပြောတာလဲ”
“ခင်ဗျား သိလားတော့ မသိဘူး။ စကားဝါ ရွာဆိုတာ ဟိုး အရင်တုန်းက မရှိဘူးဗျ။ အစိုးရက ၁၉၇၀ နောက်ပိုင်းလောက်မှာ မြန်မာပြည် အလယ်ပိုင်းကို ဖြတ်ပြီး အမြန်လမ်းဖောက်ဖို့ စီမံကိန်း ချတယ်။ အမြန်လမ်းဘေးမှာ နားနေစခန်းတွေ ဖွင့်ဖို့ တင်ဒါတွေခေါ်တယ်။ အဲဒီမှာ စားသောက်ဆိုင်ဖွင့်ချင်တဲ့သူတွေ၊ ဆီဆိုင်ဖွင့်ချင်တဲ့သူတွေ၊ ဟိုတယ်ဆောက်ချင်တဲ့သူတွေ လေလံဆွဲကြပေါ့လေ။ ဒါပေမယ့် လမ်းက ဖောက်နေရင်းနဲ့ နားနေစခန်းအတွက် အဆောက်အဦးတွေ ဆောက်နေရင်း ရုတ်တရပ် ရပ်သွားတယ်။ မြေနေရာမကောင်းလို့လား၊ တောင်တွေဖြိုရတာ အဆင်မပြေလို့လားတော့ မသေချာဘူး။ အဲဒီမှာ မိုင် သုံးဆယ်လောက် နောက်ပြန်ဆုတ်သွားပြီး လမ်းတစ်ခုလုံးကို အနောက်ဘက်ကို ကွေ့ချလိုက်တယ်။ ကျွန်တော်ပြောနေတာ ခင်ဗျား မျက်စိထဲမှာ မြင်လား”
“သိပ်တော့ မရှင်းဘူး”
“ဒီလိုဗျာ။ နားနေစခန်းနေရာမှာ လမ်းက တစ်ဘက်ပိတ်ကြီးဖြစ်ပြီး ကျန်ခဲ့တာ။ စခန်း မရောက်ခင် မိုင်သုံးဆယ်လောက်ကနေ လမ်းအသစ်ကို ဆက်ဖောက်သွားတာ။ သဘောပေါက်ပြီလား”
“ဪ..”
“အဲဒီတော့ နားနေစခန်း လုပ်ကြမယ့်ဟေ့ဆိုပြီး ဆိုင်တွေဖွင့်ဖို့၊ ဟိုတယ်တွေဆောက်ဖို့ဆိုပြီး ခေါ်ထားတဲ့ အလုပ်သမားတွေ အကုန် ရောက်နှင့်နေပြီ။ နှစ်နဲ့ချီပြီးကြာမယ့် ပရောဂျက်ဆိုတော့ အလုပ်သမားတွေက တဲတွေဘာတွေဆောက်၊ အိမ်အကြမ်းတွေတည်ပြီး နေနေကြပြီ။ အဲဒီမှာ..”
“လမ်းက ဆက်မဖောက်ဖြစ်တော့ လူတွေ၊ အိမ်တွေ သောင်တင်ပြီး ကျန်ခဲ့တာပေါ့။ အဲဒီလိုလား”
မင်းခန့်ထူးက ခေါင်းညိတ်တယ်။
“အင်း။ ဒီတော့ အမြန်လမ်းကနေ မိုင်သုံးဆယ်လောက် ချွန်ထွက်နေတဲ့ တစ်ဘက်ပိတ်လမ်း။ အဲဒီလမ်းထိပ်မှာ သောင်တင်ပြီး ကျန်ခဲ့ကြတဲ့ အလုပ်သမား မိသားစုတွေ။ အဲဒီမိသားစုတွေကနေ တဖြည်းဖြည်း အခြေကျသွားပြီး စကားဝါ ရွာဆိုပြီးဖြစ်သွားတာ”
“အဲဒါနဲ့ ကိုမင်းခန့် အဖေနဲ့ ဘယ်လိုပတ်သက်သလဲ”
မင်းခန့်ထူးက ဒီမေးခွန်းကို စောင့်နေသလို အမူအရာနဲ့ ပြုံးတယ်။
“အဲဒီ အမြန်လမ်း ပရောဂျက်ကို ကိုင်တဲ့ ကုမ္ပဏီတွေထဲမှာ အဖေ့ကုမ္ပဏီလည်း ပါတယ်လေ။ ပရောဂျက် ပျက်သွားလို့ သောင်တင်နေကြတဲ့သူတွေကို အဲဒီမှာပဲ ဆက်နေကြဖို့ ကျွန်တော့် အဖေပဲ စီစဉ်ပေးလိုက်တာ။ ရေမီးအစုံရအောင်၊ အစိုးရဆီကနေ တရားဝင်ခွင့်ပြုချက်ရအောင်.. စသဖြင့်ပေါ့”
“ရှင့်အတွက် ပေးခဲ့တယ်ဆိုတာက..”
“အဲဒီရွာထဲမှာ အဖေက မြေကွက်တစ်ကွက်ကို ခြံခတ်ပြီး အိမ်တစ်လုံး ဆောက်ထားတယ်။ အဲဒီအိမ်ရှိနေမှန်း ကျွန်တော့် တစ်သက်မှာ သိတောင်မသိခဲ့ ဘူး။ အဖေကလည်း နေရာတကာမှာ အိမ်တွေ ခြံတွေ ဝယ်ထားတာကိုး။ သူသေတော့မှ အဲဒီအိမ်ကို ကျွန်တော့်ကို ပေးခဲ့တာ”
သူဇာလွင် အတော်ကြာကြာ တိတ်ဆိတ်သွားတယ်။ စကားဝါအမှုနဲ့ ပတ်သက်သမျှ၊ လေ့လာထားတဲ့ အချက်တွေကို ခေါင်းထဲမှာ ပြန်စီကြည့်တယ်။ ကိုးလောင်းပြိုင်လူသတ်မှုဖြစ်တဲ့ ပျဉ်ထောင်အိမ်ကြီး..။ အဲဒီအိမ်နဲ့ ခြံရဲ့ ဓာတ်ပုံတွေ။ ခြံထဲမှာ စိုက်ထားတဲ့ စကားဝါပင်တွေ..။ အိမ်ထဲမှာ သေနေကြတဲ့ သွေးသံရဲရဲ အပိုင်းပိုင်းပြတ်နေတဲ့ လူသေအလောင်းတွေ..။ ဒါပေမယ့် အဲဒီအိမ်ကို ဘယ်သူပိုင်သလဲဆိုတာ သူဇာလွင် တစ်ခါမှ မစဉ်းစားခဲ့မိဘူး။ အခု သိလိုက်ရတဲ့ အချက်ဟာ သတင်းအသစ်ဖြစ်နိုင်မလား။ အရင်ခေတ် သတင်းစာတွေက ဘာလို့ ဒီအချက်ကို မဖော်ပြခဲ့တာလဲ။
“ပြောရမယ်ဆိုရင်တော့ ကျွန်တော့်ကို အဖေက စနစ်တကျနဲ့ သင်ခန်းစာပေးသွားတယ် ဆိုပါတော့။ အဲဒီလောက် ရွချင်၊ ဖြုန်းချင်တဲ့ကောင်..။ လူမသိ သူမသိ နေရာမှာ သွားနေစမ်း။ ရွာထဲမှာနေ၊ ရွာအလုပ်တွေလုပ်၊ ရွာသားတွေ စားသလို စားဆိုပြီး ပညာပေးလိုက်တာပေါ့”
“အဲဒီတော့.. ရှင်ဘာဆက်လုပ်သလဲ။ ရှင်မနေချင်ရင်လည်း အဲဒီအိမ်ကို ပြန်ရောင်းပစ်လိုက်ပေါ့”
“အိမ်ကို ပြန်ရောင်းဖို့ မစဉ်းစားမိသေးဘူးလေ။ ပြောသာပြောရတာ ပြန်ရောင်းရင်လည်း ဘယ်သူက ဝယ်မလဲ။ ဘယ်သူမှ မသွားချင်တဲ့ နေရာ။ လမ်းကလည်း တစ်ဘက်ပိတ်ကြီး။ ရွာဆိုပေမယ့် တခြား ရွာတွေလို သာသာယာယာ စမ်းချောင်းတွေ၊ တောအုပ်တွေနဲ့လည်း မဟုတ်ဘူး။ လူမသုံးတဲ့ လမ်းစုတ်ကြီးနဲ့ ဖုန်တွေတသောသော ထလို့။ အိမ်တွေကလည်း ဖုန်အလိမ်းလိမ်းနဲ့ ညစ်ပတ်စုတ်ပြတ်နေတာ။ ရွာမှာနေတဲ့သူ အားလုံးနီးပါးက တခြားမြို့မှာ သွားအလုပ်လုပ်၊ ညဘက်ကျမှ ပြန်လာ။ တစ်ရွာလုံးက နေ့ခင်းနေ့လယ်ဆိုလည်း ဘယ်သူမှ မရှိ ခေါင်ခိုက်နေတာ။ ထားပါတော့ အဲဒါတွေက ကျွန်တော် အရင်တုန်းက မသိပါဘူး။ စကားဝါရောက်မှ သိတာပါ။ အိမ်ကို ပြန်ရောင်းဖို့ထက် အဖေ့ကို မကျေနပ်ဘဲ အရွဲ့တိုက်ချင်စိတ်ကလည်း ပိုများနေတယ်လေ။ အဲဒီတုန်းက ကျွန်တော့်အသက်ကလည်း ငယ်သေးတယ်။ ရူးချင်မိုက်ချင် ဆိုးသွမ်းချင်တဲ့ ညာဉ်စုတ်လေးကလည်း တငွေ့ငွေ့နဲ့။ ဒီလောက်တောင် ငါ့ကို မုန်းတဲ့ အဖေ.. တွေ့မယ်။ သူထားခဲ့တဲ့ နောက်ဆုံးအမွေကို အားရပါးရ ဖျက်စီးပြမယ်ဆိုပြီး ကြိမ်းဝါးတာပေါ့။ အဖေ့ အသုဘ ပြီးတာနဲ့ ကျွန်တော်လည်း ကျွန်တော်နဲ့ ပေါင်းနေသင်းနေတဲ့ သူငယ်ချင်းတွေကို လိုက်စုတယ်။ ငါ့အဖေကတော့ ငါ့ကို အိမ်တစ်လုံး အမွေပေးခဲ့တယ်။ အဲဒီအိမ်မှာ သွားသောင်းကျန်းကြမယ်၊ လုပ်ချင်ရာ လုပ်ကြမယ်။ ပြီးမှ တစ်အိမ်လုံးကို မီးတင်ရှို့ခဲ့မယ် ဆိုပြီး စည်းရုံးတာပေါ့”
နောက်ဆုံးတော့.. တကယ် သတင်းအဖြစ် သုံးလို့ရမယ့် ဇာတ်လမ်းဆီကို ရောက်လာပြီ..ဆိုပြီး သူဇာလွင် စိတ်ထဲမှာ ဝမ်းသာသွားတယ်။ မင်းခန့်ထူးက သူဇာလွင့်ကို မကြည့်ဘဲ ထိုင်ခုံမှာ နောက်လှန်ထိုင်ရင်း မျက်နှာကြက်ကို မော့ကြည့်ပြီး ဆက်ပြောတယ်။
“ဒီလိုနဲ့ ကျွန်တော်နဲ့ ဆိုးဖော်ဆိုးဖက် သူငယ်ချင်းတစ်စုကို စည်းရုံးလို့ရသွားတယ်။ အရက်ပုလင်းတွေ ဘီယာပုလင်းတွေ ဝယ်တယ်။ ဆေးခြောက်တွေ ဝယ်တယ်။ ကျွန်တော့်လက်ထဲမှာ နောက်ဆုံးကျန်တဲ့ ပိုက်ဆံနဲ့ မလောက်တော့ လက်မှာဝတ်ထားတဲ့ နာရီကိုပါ ချွတ်ရောင်းပစ်တယ်။ ကားတစ်စီး ငှားတယ်။ ပြီးတော့ ၁၉၉၅.. ဧပြီလ ၂၉ ရက်နေ့မှာ ကျွန်တော်နဲ့ သူငယ်ချင်း ၆ ယောက် စကားဝါရွာဆီကို ခရီးထွက်တယ်..”
“အသတ်ခံရတဲ့ လူ ၉ ယောက်ထဲမှာ သူတို့ပါသွားတယ် မဟုတ်လား”..သူဇာလွင် ဖြတ်မေးလိုက်တယ်။
မင်းခန့်ထူးက သူဇာလွင့်ကို မကြည့်သေးဘူး။ မျက်နှာကြက်ကိုပဲ သဲကြီးမဲကြီး စိုက်ကြည့်နေတယ်။
“ကျော်ဇော၊ မျိုးမြတ်အောင်၊ ယမင်း၊ ခင်နှင်းဝေ၊ ဖြူမော်၊ နယ်လီ.. ကျော်ဇော..မျိုးမြတ်အောင်..ယမင်း..”
မင်းခန့်ထူးက အဲဒီနာမည်တွေကို စာကျက်သလို တတွတ်တွတ်နဲ့ တိုးတိုးတိုးတိုး ရွတ်နေတယ်။ တော်တော်လေးကြာမှ သတိပြန်ဝင်လာသလို ထိုင်ခုံမှာ မတ်မတ်ပြန်ထိုင်တယ်။
“ကျွန်တော့် သူငယ်ချင်းတွေက ကျွန်တော့်လောက်နီးနီး ပေတဲ့တေတဲ့ သူတွေချည်းပဲဗျ။ ထစ်ခနဲဆို ရန်ဖြစ်မယ် ချမယ် ခုတ်မယ်ထစ်မယ် လူငယ်လူမိုက်တွေဆိုပါတော့”
သူဇာလွင် မင်းခန့်ထူးကို သေသေချာချာ ကြည့်ရင်း တွေးနေမိတယ်။ မင်းခန့်ထူးက ဖြူဖြူဖျော့ဖျော့ သွယ်လျနေတဲ့ ကိုယ်ခန္ဓာနဲ့ လူရမ်းကားပုံစံတော့ မပေါက်တာ အမှန်ပဲ။ မျက်နှာမှာတော့ ခက်ထန်တဲ့ အရိပ်အယောင်တွေ တွေ့ရတယ်။ ဒါပေမယ့် မူးရူးရမ်းကားပြီး လူမိုက်တစ်ယောက်နဲ့ မတူဘဲ ပျော့ပျော့လေးနဲ့ ဆိုးသွမ်းမယ့် လူတစ်ယောက်နဲ့ ပိုတူနေတယ်။ လုပ်ချင်ရာကို သွေးအေးအေးနဲ့ ဖြည်းဖြည်းခြင်း မျှဉ်းပြီးလုပ်မယ့် ပုံစံမျိုး။ သူဇာလွင် လည်ချောင်းထဲမှာ ခြောက်တောက်တောက် ဖြစ်ချင်လာတာနဲ့ ကော်ဖီကို နောက်တစ်ငုံ ထပ်မော့လိုက်တယ်။ မင်းခန့်ထူးက ဆက်ပြောတယ်။
“ဒါပေမယ့် ကျွန်တော်တို့တတွေ ဆိုးခဲ့ မိုက်ခဲ့ ရမ်းကားခဲ့တဲ့၊ ကျွန်တော်တို့ အုပ်စုလိုက် အနိုင်ကျင့်ခဲ့တဲ့ သူတွေထက် အဆပေါင်းများစွာဆိုးတဲ့ အရာတစ်ခု စကားဝါမှာ ရောက်နေမှန်း.. ကျွန်တော်တို့ကို စောင့်နေမှန်း မသိခဲ့ဘူး။ ရယ်တော့ ရယ်ရတယ်ဗျ.. လူမိုက်တွေ ကြောက်ရင် ပိုသနားဖို့ကောင်းတယ်။ ခင်ဗျားသိလား”
သူဇာလွင် ဘာပြန်ပြောရမှန်း မသိတာနဲ့ ပခုံးပဲ တွန့်ပြလိုက်တယ်။
“ကျွန်တော့်တစ်သက်လုံးမှာ အဲဒီညလောက် ကြောက်ဖို့ကောင်းတဲ့၊ သွေးပျက်ဖို့ကောင်းတဲ့ ခံစားမှုမျိုး မကြုံဖူးဘူး။ ပြီးတော့.. စိတ်ဝင်စားဖို့ကောင်းတာ တစ်ခုရှိတယ်ဗျ။ သွေးပျက် ရူးခါသွားလောက်တဲ့ အဖြစ်အပျက်မျိုး ကြုံနေရင်တောင် ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာက ထုံမသွားဘဲ ပိုပြီးတော့တောင် ဖြတ်လတ်လာသေးတယ်။ ရုပ်ရှင်တွေထဲမှာ ကြည့်ဖူးမှာပေါ့..ကြောက်လွန်းလို့ မေ့လဲသွားတာတို့ ဘာတို့.. ဟားဟား။ တကယ်တန်းက အဲဒီလို မဟုတ်ဘူး။ ပိုပြီးတောင် နိုးနိုးကြားကြားဖြစ်သွားသေးတယ်။ သွေးပျက်နေတဲ့အချိန်ကျတော့မှ အမြင်အာရုံတွေ ပိုကောင်းလာတယ်။ အကြားအာရုံတွေပိုကောင်းလာတယ်။ အနံ့.. အနံ့တွေ ပိုရလာတယ်..”
“ဘယ်လို.. ဘာအနံ့ကို ပြောတာလဲ”..သူဇာလွင် မျက်မှောင်ကြုတ်ပြီးမေးလိုက်တယ်။ မင်းခန့်ထူးက သူဇာလွင့် အမူအရာကို သဘောကျသွားသလို ခေါင်းတဆတ်ဆတ်ညိတ်ပြီး ပြုံးတယ်။
“နေပါဦးဗျ။ စောပါသေးတယ်။ ဖြည်းဖြည်းပေါ့။ တစ်ခုခြင်း.. တစ်ခန်းခြင်း သွားတာပေါ့။ ကော်ဖီထပ်ယူဦးမလား”..မင်းခန့်ထူးက မေးရင်းနဲ့ ကော်ဖီအိုးကို ယူပြီး သူဇာလွင့်ခွက်ထဲကို ငှဲ့ထည့်ပေးတယ်။
“ကိုမင်းခန့်။ ရှင်အခု ပြောနေတာတွေအကုန်လုံးက တရားရုံးမှာ သက်သေအဖြစ် ပြန်သုံးလို့ မရလောက်ဘူးနော်။ အဲဒါကို ရှင် သိတယ်မဟုတ်လား။ ရှင့်ဘက်ကနေ လူသတ်သမားက ဘယ်သူပါဆိုပြီး အခုလို နှစ်တွေကြာမှ ထုတ်ပြောတော့ ဘာထူးမှာလဲ။ ကျွန်မ အနေနဲ့ သတင်းတစ်ပုဒ် ရေးပေးလို့ရပေမယ့် ရှင့်အပေါ်မှာ ရှိနေတဲ့ ပြည်သူတွေရဲ့ သံသယစိတ်ကိုတော့ ဖယ်ပေးလို့ရမယ်မထင်ဘူး..”
မင်းခန့်ထူးက လက်ကာပြတယ်။
“မဟုတ်ဘူးဗျ။ ခင်ဗျား ပြောပြောနေတဲ့ ပြည်သူတွေ..ပြည်သူတွေ ..ဆိုတာကြီးကို တော်စမ်းပါဗျာ။ သူတို့ ဘာထင်ထင် ကျွန်တော်က ဘာဂရုစိုက်ရမှာလဲ။ အခု ခင်ဗျားကို ကျွန်တော် ပြောပြချင်တဲ့အကြောင်းရင်းက ကျွန်တော့်မှာ အပြစ်မရှိတာကို လူတွေသိစေချင်လို့ မဟုတ်ဘူးလေ။ တကယ်ဖြစ်ခဲ့တာကို ပြောပြရင်း နောင်ဖြစ်လာမယ့်…”
မင်းခန့်ထူးက ပြောနေရင်း စကားကို ရပ်ချလိုက်တယ်။ ကော်ဖီအိုးကို စားပွဲပေါ်မှာ ပြန်ချတယ်။
“ဆောရီး.. စကားနည်းနည်းလောသွားတယ်။ ကျွန်တော် စောစောက ပြောနေတာကို ပြန်ဆက်ရအောင်”
“နေပါဦး.. နောင်ဖြစ်လာမယ့်အရာဆိုတာက.. ရှင်ဘာကို ပြောချင်တာလဲ။ ဒီလို အဖြစ်မျိုး နောက်တစ်ခေါက် ထပ်ဖြစ်ဦးမယ်လို့ ပြောချင်တာလား။ အဲဒီလူသတ်သမား ဘယ်ရောက်နေသလဲဆိုတာ ရှင်သိတာလား”..သူဇာလွင် အလောတကြီး မေးမိသွားတယ်။
“မသူဇာ.. ခင်ဗျားကို ကျွန်တော်ပြောတဲ့ ဇာတ်လမ်းကို အရင် ဆုံးအောင် နားထောင်ဗျ။ မေးခွန်းတွေ ဖြတ်ဖြတ် မမေးနဲ့။ ကဲ ဇာတ်လမ်းကို ပြန်စမယ်။ ပြန်မစခင်မှာ ခင်ဗျားကို ကျွန်တော် မေးမယ်။ စကားဝါမှာ သေတဲ့လူ ဘယ်နှယောက်လဲ”
“၉ ယောက်”..သူဇာလွင် စိတ်ကိုလျှော့ပြီး ပြန်ဖြေလိုက်တယ်။
“အဲဒီတော့ ကျွန်တော့် သူငယ်ချင်း ၆ ယောက်ရယ်။ စကားဝါကလူ ၃ ယောက်ရယ်။ စုစုပေါင်း ၉ ယောက် ဟုတ်တယ်နော်”
“ဟုတ်တယ်လေ”
“မသေဘဲ ကျန်ခဲ့တဲ့သူ ဘယ်နှယောက်လဲ”
“ဘယ်လို..။ ရှင်တစ်ယောက်ပဲ ကျန်ခဲ့တာလေ။ အဲဒါကြောင့်လည်း..”
“ဟုတ်ပြီ..။ အဲဒါ ခင်ဗျား သိထားတာ။ အကုန်လုံးကလည်း အဲဒီလိုပဲ သိထားတာ။ အခု ခင်ဗျားကို ကျွန်တော် ဘယ်သူ့ကိုမှ မပြောဘဲ ထားခဲ့တဲ့ အချက်တစ်ခု ပြောပြမယ်။ အဲဒီအချက်ကို ပြောပြီးမှ ဇာတ်လမ်းကို ဆက်မယ်..”
မင်းခန့်ထူးက ပြောရင်းနဲ့ ကိုယ်ကို အရှေ့ကို ကိုင်းလာတယ်။ သုံးပေလောက်ပဲ ကျယ်တဲ့ စားပွဲပေါ်မှာ သူတို့နှစ်ယောက်ရဲ့ မျက်လုံးတွေ ပိုပြီး နီးကပ်သွားတယ်။ သူဇာလွင် သတိမထားမိဘဲ အသက်ကို အောင့်ထားမိတယ်။
“ခင်ဗျား ကျွန်တော့်ကို သေချာကြည့်စမ်း။ ကျွန်တော့် ပုံစံနဲ့.. ကျွန်တော့် ကိုယ်လုံးကိုယ်ပေါက်နဲ့ လူ ၉ ယောက်ကို သတ်ဖို့ ဆိုတာ ဖြစ်နိုင်လား”
သူဇာလွင် ပါးစပ်ကို တင်းတင်းစေ့ထားလိုက်တယ်။ တဒုတ်ဒုတ် ခုန်နေတဲ့ နှလုံးခုန်သံ နားထဲမှာ ပြန်ကြားနေရတယ်။ ဟင့်အင်း..ဒီမေးခွန်းကို မဖြေနိုင်ဘူး။
“ကျွန်မ..”
“ဟုတ်ပြီ။ ဒါဆို.. အဲဒီ လူ ၉ ယောက်သေပြီး ဘာလို့ ကျွန်တော် တစ်ယောက်တည်း ကျန်ခဲ့သလဲ ဆိုတဲ့ မေးခွန်း..။ ဒီမေးခွန်းကို အဖြေရှာဖို့ ကြိုးစားရင်း..နောက်ဆုံးမှာ ကျွန်တော်သတ်တာပဲဖြစ်မယ်.. ဆိုတဲ့ အဖြေကို ခင်ဗျားတို့က ကောက်ချက်ချလိုက်ကြတာ။ အခု ကျွန်တော် အမှန်အတိုင်း ပြောပြမယ်။ သူတို့ကို ကျွန်တော် မသတ်ဘူး။ ဒါပေမယ့် သူတို့ကို ကျွန်တော် ကယ်လည်း မကယ်နိုင်ခဲ့ဘူး။ ရှင်းပြီလား”
သူဇာလွင် အလိုလိုနေရင်း ခေါင်းခါမိသွားတယ်။ ဘာတွေလဲ။
“လူ ၉ ယောက် ကျွန်တော့် မျက်စိရှေ့မှာ တစ်ယောက်ပြီးတစ်ယောက် သေနေကြတဲ့ အချိန်မှာ ကျွန်တော် ဘာမှ လုပ်မပေးနိုင်ခဲ့ဘူး။ ကြက်သေသေပြီး ဒီအတိုင်း ကြည့်နေခဲ့တာ..။ ဒါဆို ကျွန်တော် ဘာကြောင့် မသေဘဲ ကျန်ခဲ့သလဲ ဆိုတဲ့ မေးခွန်း..”
မင်းခန့်ထူးက သူဇာလွင့်ရှေ့မှာ ချထားတဲ့ မှတ်စုစာအုပ်ကို လက်ညှိုးထိုးပြတယ်။
“အဲဒီစာအုပ်ကို ဖွင့်လိုက်”
သူဇာလွင် ဘာစကားမှ မပြောနိုင်သေးဘဲ စာအုပ်ကို စိုက်ကြည့်နေမိတယ်။ မှတ်စုစာအုပ်က တော်တော်ကို အိုဟောင်းနေပြီ။ စာအုပ်အဖုံးက သားရေနဲ့ ချုပ်ထားတယ်။ သားရေအသားတွေတောင် မာကြောကွဲအက်နေပြီ။ စာအုပ်ကို သူဇာလွင် အသာ လှန်လိုက်တယ်။ ဖွင့်ဖွင့်ခြင်း စာမျက်နှာမှာ ကော်နဲ့ကပ်ထားတဲ့ အဖြူအမည်း ဓာတ်ပုံတစ်ပုံ။ ဓာတ်ပုံက နှစ်တွေကြာလို့ ဝါကျင့်ကျင့် ဖြစ်ချင်နေပြီ။ ဓာတ်ပုံထဲက အမျိုးသမီးက အသက် ၃၀ စွန်းစွန်းလောက်ပဲ ရှိဦးမယ်။ ဆံပင်တိုတို.. မေးရိုးပြတ်ပြတ်။ မျက်လုံးတွေက စူးပြီးတောက်နေတာ.. ဓာတ်ပုံအဟောင်းအစုတ်ထဲမှာတောင် တလက်လက်နဲ့ အရောင်ထွက်ချင်နေတယ်။
“သူက ဘယ်သူလဲ”..သူဇာလွင် မေးလိုက်တယ်။
“အဲဒီညက စကားဝါ အိမ်ထဲမှာ ရှိနေခဲ့တဲ့ ဆယ့်တစ်ယောက်မြောက်လူ။ ကျွန်တော့် အသက်ကို ကယ်ခဲ့တဲ့ သူ”
“ဘယ်လို”.. ဒီနေ့အတွက် ဘယ်လို.. ဆိုတဲ့ စကားကို ဘယ်နှကြိမ်မြောက်မှန်းမသိ သူဇာလွင် ပြောမိပြန်တယ်။ မင်းခန့်ထူးက မှတ်စုစာအုပ်ထဲက ဓာတ်ပုံကို စိုက်ကြည့်ရင်းဆက်ပြောတယ်။
“အိုကေ.. ။ ဒီလောက်ဆိုရင် ကျွန်တော်တို့ ဇာတ်လမ်း ဆက်လို့ရပြီ။ ဒီတော့ ခင်ဗျားခေါင်းထဲမှာ ဝင်နေတဲ့ အချက်အလက် အမှားတွေကို ခဏ ထုတ်လိုက်တော့။ ကျွန်တော်က လူသတ်သမားလည်း မဟုတ်ဘူး။ သူရဲကောင်းလည်း မဟုတ်ဘူး။ ကံကောင်းပြီး မသေဘဲ ကျန်ခဲ့တဲ့ ကောင်လည်း မဟုတ်ဘူး။ အဲဒီ ဓာတ်ပုံထဲက အမျိုးသမီးကြောင့် ကျွန်တော် အခု အသက်ရှင်နေတာ”
“ဒါဆို သူက အခု ဘယ်ရောက်နေလဲ”
“လွန်ခဲ့တဲ့ တစ်ပတ်ကပဲ ဆုံးသွားပြီ။ သူဆုံးသွားပြီး နောက်သုံးလေးရက်နေတော့ ကျွန်တော် ခင်ဗျားကို ဆက်သွယ်လိုက်တာပဲ”
“ဟင်..ဒါဆို ဘာလို့ သူ့ကို ဘယ်သူမှ မသိရတာလဲ။ အဲဒီအိမ်ထဲမှာ ရှင်အပါအဝင် လူ ၁၀ ယောက်ပဲ ရှိခဲ့တာလေ”
မင်းခန့်ထူးမျက်လုံးတွေက မျက်နှာကြက်ဆီကို ပြန်ရောက်သွားပြန်တယ်။ သူ့မျက်လုံးတွေက မျက်နှာကြက် အကာအရံတွေကိုကျော်လွန်ပြီး အဝေးတစ်နေရာကို စိုက်ကြည့်နေတယ်။
“ဘာဖြစ်လို့လဲဆိုတော့ သူက သူရှိနေတဲ့အကြောင်းကို ဘယ်သူ့ကိုမှ မသိစေချင်တဲ့ မိန်းမမျိုး။ ဒီလောကထဲကို တိတ်တိတ်ပဲ ဝင်လာပြီး မသိမသာ ပြန်ထွက်သွားချင်တဲ့ မိန်းမမျိုး..။ ကျွန်တော့် အသက်ကို၊ တစ်ရွာလုံးရဲ့ အသက်ကို ကယ်တင်ပြီး ကျေးဇူးတစ်ချက် အတင်မခံဘဲ ခြေရာဖျောက်သွားတတ်တဲ့ မိန်းမမျိုး။ ကျွန်တော်ကိုယ်တိုင်တောင် သူ့ကို ခြေရာခံ ပြန်လိုက်ရှာဖို့ နှစ်ပေါင်းများစွာ ကြာသွားခဲ့တာ”
သူဇာလွင် ခေါင်းတွေ မူးဝေလာတယ်။ နားထင်ကို လက်ညှိုးလက်မနဲ့ ဖိနေတဲ့ သူဇာလွင်ကိုကြည့်ပြီး မင်းခန့်ထူးက ခပ်တိုးတိုးရယ်တယ်။
“ကျွန်တော် ခင်ဗျားကို ပြောသားပဲ။ ဒီဇာတ်လမ်းက သပွတ်အူထက် ရှုပ်ပါတယ်လို့။ ကဲ..ကဲ..ကျွန်တော်တို့ ဇာတ်လမ်းကို ပြန်စရအောင်။ စောစောက ပြောနေတာ ဘယ်ရောက်သွားသလဲ။ ကျွန်တော်တို့ သူငယ်ချင်းတွေစုပြီး စကားဝါကို ခရီးထွက်မလို့ ပြင်နေတာ မဟုတ်လား”
“နေပါဦး..နေပါဦး”..သူဇာလွင် အမြန်တားလိုက်တယ်။ “ဒီအမျိုးသမီးက ဘယ်က ဘယ်လို ဒီဇာတ်လမ်းထဲ ပါလာတာလဲ။ ကျွန်မ ခေါင်းတွေမူးလာပြီ”
“စိတ်အေးအေးထားပါဗျ။ ကျွန်တော် တစ်ခုခြင်း ပြန်စီပြမယ်။ ဟုတ်ပြီလား။ အခု ဇာတ်လမ်းထဲမှာ လူ ၉ ယောက် အသတ်ခံရတယ်။ ၆ ယောက်က ကျွန်တော့် သူငယ်ချင်းတွေ။ ၃ ယောက်က စကားဝါ ရွာသားတွေ။ ကျွန်တော်တစ်ယောက်ပဲ မသေဘဲ ကျန်ခဲ့တယ်။ ဘာလို့လဲဆိုတော့ အဲဒီအမျိုးသမီးက အဲဒီညမှာ ကျွန်တော့်ကို ကယ်လိုက်တယ်.. ဟုတ်ပြီလား။ ဪ ပြီးတော့..အရေးကြီးတာ တစ်ချက်မေ့မသွားနဲ့ဦး။ မကောင်းဆိုးဝါးတွေဆိုတာ တကယ်ရှိတယ်ဗျ။ အိုကေနော်.. လိုက်မီပြီလား”
သူဇာလွင် ကော်ဖီကို နောက်ထပ် သုံးလေးခါ ကျိုက်ချလိုက်တယ်။ မင်းခန့်ထူး ပြောတဲ့ အချက်တွေကို ခေါင်းထဲမှာ အတင်းထိုးထည့်လိုက်တယ်။ ဘယ်အကန့် ဘယ်နေရာမှာ ထားရမှန်းမသိတဲ့ အချက်အလက် အသစ်တွေ..။
“ဟုတ်ပြီလေ။ ရှင့်ဇာတ်လမ်းဆိုတော့ ရှင်ပြောတဲ့ အတိုင်းပေါ့။ ဒါနဲ့ အဲဒီ အမျိုးသမီး နာမည်က ဘယ်သူလဲ”
မင်းခန့်ထူးက လေပူတွေရင်ဘတ်ထဲ အောင်းထားရတဲ့ ပုံစံနဲ့ သက်ပြင်းကို ဝှူးကနဲ မှုတ်ထုတ်ပြီး ပြန်ဖြေတယ်..
“မမမေ”
……………………………………………………..
+++
(ဆက်ရန်)
– ချမ်းမြေ့ဝင်း
၂၉-၄-၂၀၂၀