စကားဝါ (အပိုင်း – ၁)
++++++++++++
အခန်း (၁)
(က)
ကံတရားဆိုတာကို သူဇာလွင် မယုံဘူး။
ဟုတ်တယ်။ သူဇာလွင် တစ်သက်လုံးမှာ ကံဆိုတာကို ယုံလည်းမယုံခဲ့ဘူး။ အားလည်း မကိုးခဲ့ဖူးဘူး။ ငယ်ကတည်းက ကိုယ်ထူကိုယ်ထ ကိုယ့်ဘ၀ကိုယ် ကျောင်းခဲ့တာပဲ။ အသက် ၂၀ အရွယ်ကတည်းက အလုပ်ထဲ ခြေစုံပစ်ဝင်ခဲ့တယ်။ နှစ်ပေါင်းများစွာ တပင်တပန်း ရုန်းကန်ရတယ်။ သတင်းမီဒီယာလောကရဲ့ မတ်စောက်ရှည်လျားလွန်းတဲ့ လှေကားထစ်တွေကို တစ်ထစ်ချင်း ကုန်းရုန်းတက်ခဲ့ရတယ်။ အခုလို မြန်မာနိုင်ငံရဲ့ နာမည်အရှိဆုံး သတင်း မီဒီယာတစ်ခုရဲ့ ဦးစားပေး သတင်းထောက်တစ်ယောက်ဖြစ်လာအောင် တွန်းပို့ပေးခဲ့တဲ့ အထဲမှာ ကံတရားဆိုတဲ့အရာ.. ဘယ်နေရာမှာမှ မပါခဲ့ဘူး။ သူကိုယ်တိုင် ထုဆစ်တည်ဆောက်ခဲ့တဲ့၊ လက်ဆုပ်လက်ကိုင်ပြလို့ရတဲ့ လှေကားထစ်တွေ။ အောင်မြင်တဲ့သူတွေကို “ဒီလူတွေများ ကံကောင်းလိုက်တာနော်” ဆိုပြီး ပြောတတ်တဲ့သူတွေကို သူဇာလွင် အလိုလို နှာခေါင်းရှုံ့မိတယ်။ သူ့ကိုများ တည့်တည့် လာပြောလို့ကတော့ လာပြောတဲ့သူကို ထရိုက်ပစ်မိမလား မသိ။
ဒါပေမယ့်.. ဒီနေ့တော့ သူဇာလွင့်စိတ်ထဲမှာ ကံတရားဆိုတဲ့ အရာကြီးကို မသိမသာ ကျေးဇူးတင်နေမိတယ်။ အခုနောက်ပိုင်းမှာ အလုပ်အကိုင်တွေ အရင်လို အဆင်မပြေ။ မီဒီယာလောကဆိုတာလည်း ဆိုရှယ်မီဒီယာတွေ ပေါ်လာပြီးကတည်းက တရိပ်ရိပ် ထိုးကျသွားလိုက်တာ အခုဆို လမ်းလျှောက်ရင်တောင် မီဒီယာသမားချင်း ပခုံးမတိုက်မိအောင် မနည်းရှောင်နေရတယ်။ ဟိုလူ့ကြည့်လည်း သတင်းထောက်၊ ဒီလူကြည့်လည်း ဂျာနယ်လစ်။ အဆင့်အတန်းမီတဲ့ သတင်းစာတစ်စောင်ရဲ့ အရိပ်အာဝါသအောက်မှာ နှစ်ချို့အောင် ကိုယ့်အားကိုယ်ကိုး ရှေးရိုးအတိုင်း ကြိုးစားလာတဲ့သူတွေအတွက်တော့ ခေတ်သစ်မီဒီယာသမားတွေဟာ မျက်မုန်းကျိုးစရာကောင်းနေတယ်။ Facebook ပေ့ချ်လေး တစ်ခုထောင်လိုက်ရုံနဲ့ မီဒီယာဆိုပြီး ခေါင်းစဉ်တပ်လို့ရနေတော့ တကယ်ကြိုးစားခဲ့တဲ့သူတွေ သဲထဲရေသွန် ဖြစ်မသွားဘူးလား။ ထားပါတော့။
သူဇာလွင် အခုလုပ်နေတဲ့ သတင်းစာတိုက်က နာမည်ကြီးပေမယ့် ထမင်းမငတ်ရုံတမည် ရုန်းကန်နေရတာကို သတင်းအသိုင်းအဝိုင်းကလူတွေ အကုန်လုံး သိကြတယ်။ ကြော်ငြာတွေ အရင်လို မရ၊ စောင်ရေတွေ တဖြုတ်ဖြုတ်ထိုးကျ။ ဒစ်ဂျစ်တယ် ဘက်ကို လုံး၀ပြောင်းတော့မယ်လို့လည်း သတင်းသဲ့သဲ့ ထွက်နေတယ်။ သူဇာလွင့် ထိုင်ခုံတောင် တော်တော်လေး လှုပ်တုပ်တုပ်နဲ့ ဘယ်နေ့ အလုပ်ပြုတ်မလဲမသိ ကျီးလန့်စာစားနေရတာ။
ဒါပေမယ့် သူဇာလွင် တစ်သက်လုံး မယုံခဲ့တဲ့ ကံတရားက အခုမှ သူ့ကို မျက်နှာသာ ပေးလေသလား။ သူဇာလွင့် ဖုန်းထဲမှာလွန်ခဲ့တဲ့ သုံးရက်ကတည်းက ရောက်နေခဲ့တဲ့ အီးမေးလ်တစ်စောင်က ဒါတွေ အကုန်လုံးကို ပြောင်းပြန်လှန်ပစ်နိုင်မလား။ ထိပ်ဆုံးအထိ တက်ခဲ့ပြီးမှ တလိမ့်ခြင်း ပြန်ကျချင်နေတဲ့ သူဇာလွင့်ရဲ့ အခြေအနေကို ကယ်တင်ပေးနိုင်မလား။
မီးပွိုင့်နီသွားတော့ သူဇာလွင် ကားကို ရပ်လိုက်တယ်။ လက်ထဲက ဖုန်းကို ဒီနေ့အတွက် ဘယ်နှစ်ကြိမ်မြောက်မှန်း မသိ၊ ပြန်ဖွင့်ကြည့်တယ်။ အီးမေးလ်ကို အစအဆုံး ပြန်ဖတ်တယ်။ အီးမေးလ်ရဲ့ အောက်ဆုံးမှာ ရေးထားတဲ့ နာမည်ကို ကြည့်ရင်း သူဇာလွင့် စိတ်ထဲမှာ တလှပ်လှပ်ဖြစ်လာတယ်။ ကြောက်စိတ်နဲ့အတူ တသိမ့်သိမ့်မောစေတဲ့ စိတ်လှုပ်ရှားမှုကလည်း နောက်မှာ တွဲပါလာတယ်။
(ခ)
ကားပါကင်မှာ ကားကို ရပ်လိုက်ရင်း နောက်ကြည့်မှန်ထဲမှာ သူဇာလွင် သူ့မျက်နှာသူ သေချာ ပြန်စစ်တယ်။ နားနှစ်ဘက်ဘေးမှာ ဝဲကျနေတဲ့ ဆံပင်တွေကို သပ်တင်ပြီး သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်တယ်။ ဝတ်ထားတဲ့ ကုတ်အင်္ကျီကို ကြေတွန့်မနေအောင် ဆွဲဆန့်တယ်။ ခပ်ပါးပါးဆိုးထားတဲ့ နှုတ်ခမ်းနီကို ပိုညီသွားအောင် နှုတ်ခမ်းနှစ်ခုကို စုပြီး ညှိတယ်။ ခေါင်းအစ ခြေအဆုံး ကြည့်ကောင်းနေမှ အင်တာဗျူးကောင်းကောင်းတစ်ခု ရမှာလားလို့ မေးရင် ဟုတ်တယ်..လို့ ပြန်ဖြေရမှာပဲ။
လုပ်သက် ၁၅ နှစ်အတွင်းမှာ သူဇာလွင် လူပေါင်းများစွာကို အင်တာဗျူးခဲ့ဖူးတယ်။ တခြား သတင်းသမားတွေ လက်လျှော့လှည့်ပြန်လာရတဲ့ မေးရမြန်းရခက်တဲ့ သူတွေလည်း သူဇာလွင်နဲ့ တွေ့ရင် ပါးစပ်တွေ အလိုလို ပွင့်၊ စကားလုံးတွေ ခုန်ပျံထွက်လာကြတာပဲ။ မေးခွန်းတွေ စွတ်မေးမယ့်အစား သူများပြောတာကို အာရုံစိုက်နားထောင်တတ်တာ၊ ကိုယ်မေးမယ့် သူရဲ့ နောက်ခံအသေးစိတ် အချက်အလက်တွေကို ကြေညက်နေအောင် လေ့လာထားတာ၊ တွန်းသင့်ရင်တွန်း၊ ဆွဲသင့်ရင်ဆွဲ၊ လွှတ်ပေးသင့်ရင် လွှတ်ပေး..စတဲ့ စကားအသွားအလာ နည်းနာနိဿရည်းတွေကို အသုံးချတတ်တာ.. ဒါတွေအားလုံးက သတင်းထောက်ဂျာနယ်လစ် တစ်ယောက်ရဲ့ အရည်အချင်းတွေဆိုတာ မှန်တယ်။ ဒါပေမယ့် သူဇာလွင့်မှာ ရှိတဲ့ အရည်အချင်းတွေထဲမှာ ဒီ အချက်တွေအပြင် သဘာ၀က အပိုထပ်လောင်းပေးထားတဲ့ အားသာချက်တွေ ရှိသေးတယ်။ အမေမွေးပေးလိုက်ကတည်းက ပါလာတဲ့ အရာတွေဆိုပါတော့။ အရပ်မြင့်တယ်။ မျက်နှာမှာ ရှိတဲ့ မျက်လုံး မျက်ခုံး နှုတ်ခမ်းတွေ အချိုးကျတယ်။ ပြီးတော့ တစ်ကိုယ်လုံးကို အဆီပို တစ်စက်မရှိအောင် ထိန်းထားနိုင်တယ်။ အလုပ်စဝင်ဝင်ခြင်းတုန်းကတော့ ဒီရုပ်ရည် ရူပကာတွေက ပြာပုံထဲက မီးခဲလို မသိမသာ တငွေ့ငွေ့လေးပဲ။ နောက်ပိုင်းမှာတော့ ဒီရုပ်ဒီရည်ကို အလုပ်ထဲမှာလည်း အသုံးချလို့ ရတယ်ဆိုတာကို သူဇာလွင် တဖြည်းဖြည်းသဘောပေါက်လာတယ်။ သူဇာလွင် အင်တာဗျူးတဲ့အခါ သူ့ရဲ့ စကားလုံးတွေဟာ အရှိန်အဟုန် ပိုပြင်းလာတယ်။ စကားလုံးတိုင်း၊ မေးခွန်းတိုင်းကို သူ့ကိုယ်က ရှိန်ထွက်နေတဲ့ ညှို့အားတွေနဲ့ ပေါင်းပြီး လွှတ်လိုက်တဲ့အခါ တော်ရုံလူတစ်ယောက်အနေနဲ့ ဘယ်ခံနိုင်မလဲ။ ကိုယ်လုံးကို အသုံးချပြီး အသာယူတတ်တဲ့ မိန်းမလို့ ပြောလည်း ပြောတဲ့သူတွေ ရှိတာပေါ့။ ပြောကြပါစေ။ သူဇာလွင့်အတွက်ကတော့ ကိုယ့်မှာ ရှိသမျှ အတတ်ပညာ၊ အသိပညာ၊ ရုပ်ရည် ရူပကာ ဒါတွေအားလုံးဟာ အသုံးချစရာတွေချည်းပဲ။ ကွယ်ရာမှာ နှာခေါင်းရှုံ့၊ သမုတ်ကြတဲ့ လုပ်ဖော်ကိုင်ဘက်တွေကို သူဇာလွင် စိတ်မဆိုးပါဘူး။ စိတ်မကောင်းတော့ ဖြစ်မိတယ်။ သူတို့မှာ ဒါတွေမရှိလို့ ရှိတဲ့သူကို ဝန်တိုအမုန်းပွားကြတာပဲလေ။ အတော်ပူပင်ရမှာပဲ..။ အခု ဒီအင်တာဗျူးအကြောင်းကိုသာ သိသွားရင် မနာလိုစိတ်နဲ့ အသက်ထွက်ကုန်ကြမယ့်သူတွေ ဘယ်နှယောက်များရှိမလဲ။
အီးမေးလ်ထဲမှာပါတဲ့ တိုက်ခန်းနံပါတ်အတိအကျကို ပြန်ကြည့်တယ်။ ကားပေါ်ကနေဆင်းလိုက်တော့ မတ်လလယ်ရဲ့ နွေလေပူက သူဇာလွင့် တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတယ်။ ဒီနေ့ ဒီနေရာကို ဒီလို တစ်ယောက်တည်း လာရဲတဲ့ သတ္တိကို ကျေးဇူးတင်ရမလား၊ အပြစ်တင်ရမလား မသေချာဘူး။ စိတ်ထဲမှာ လွန်ဆွဲနေတဲ့ ကြောက်စိတ်နဲ့ စိတ်လှုပ်ရှားမှုကိုလည်း ချိန်ခွင်ညီအောင် ညှိလို့ မရဘူး။ သူဇာလွင် သေချာသိနေတာ တစ်ခုပဲရှိတယ်။ ဒီအင်တာဗျူးဟာ သူ့ဘ၀ရဲ့ အရေးအကြီးဆုံး အချိုးအကွေ့တစ်ခုပဲ။
(ဂ)
အခန်းရဲ့ အပြင်အဆင်က အင်မတန်ရိုးရှင်းတယ်။ အခန်းအလယ်မှာ စာရေးစားပွဲ ခပ်သေးသေးတစ်လုံး။ စားပွဲရဲ့ ဟိုဘက်ဒီဘက်မှာ သစ်သား ထိုင်ခုံတစ်လုံးစီချထားတယ်။ စားပွဲပေါ်မှာ ကော်ဖီခွက်အလွတ် နှစ်ခွက်၊ ကော်ဖီအိုး တစ်အိုး၊ သားရေဖုံး မှတ်စုစာအုပ် တစ်အုပ်။ အခန်းရဲ့ နံရံလေးဘက်လေးတန်ကို ဆေးဝါ ဖျော့ဖျော့သုတ်ထားတယ်။ တစ်ခုတည်းသောပြတင်းပေါက်ကို ခန်းဆီး အစိမ်းရောင်နဲ့ ကာထားတယ်။ တစ်ခန်းလုံးကိုခြုံပြီး ကြည့်ရင် ကုမ္ပဏီရုံးခန်းနဲ့ မတူဘဲ အစိုးရရုံးတစ်ခုနဲ့ ပိုပြီးတူနေတယ်။ အဲယားကွန်းဆီက ထွက်နေတဲ့ လေသံအုပ်အုပ်ကလွဲရင် အခန်းတစ်ခုလုံး တိတ်ဆိတ်နေတယ်။
စားပွဲရဲ့ ဒီဘက်ထိုင်ခုံမှာ အခြေကျအောင် ကိုယ်ကို ဟိုရွှေ့ဒီပြင်လုပ်နေရင်း မေးရမယ့် မေးခွန်းတွေကို သူဇာလွင် ခေါင်းထဲမှာ ပြန်စီကြည့်နေတယ်။ ဘယ်မေးခွန်းတွေကတော့ မေးသင့်တယ်၊ မမေးသင့်ဘူး၊ ဘယ်လို စကားတွေကို ပြောရမယ်၊ ဘယ်စကားတွေကတော့ မှားသွားနိုင်တယ် ဆိုတာတွေကိုလည်း အကြိမ်ကြိမ်အခါခါ စီစစ်ပြင်ဆင်ပြီးသား။ သို့သော် သူဇာလွင့်စိတ်က တည်ငြိမ်မနေဘဲ အခုမှ အလုပ်စဝင်တဲ့ မြီးကောင်ပေါက် သတင်းထောက်မလေးလို တလှပ်လှပ်နဲ့ လွင့်ချင်နေတယ်။
စားပွဲရဲ့ ဟိုဘက် ထိုင်ခုံမှာ ထိုင်ရင်း သူဇာလွင့်ကို စိုက်ကြည့်နေတဲ့ မျက်လုံးတစ်စုံ..။
အဲဒီမျက်လုံးတစ်စုံရဲ့ နောက်ကွယ်မှာ ဘယ်သူ့ကိုမှ ထုတ်မပြောဘဲ စုဆောင်းထားခဲ့တဲ့ လျှို့ဝှက်ချက်ပေါင်းများစွာ ရှိနေတယ်။ တစ်နိုင်ငံလုံးရဲ့ လူသန်းပေါင်းများစွာက သိချင်နေတဲ့ လျှို့ဝှက်ချက်တွေ..။ နှစ်ပေါင်းများစွာ သို့လောသို့လောနဲ့ မှန်းဆ ရမ်းပြောနေခဲ့ရတဲ့ အဖြစ်အပျက်တွေရဲ့ တကယ့်အမှန်တရားက အခု..ဒီအင်တာဗျူးမှာ အဖြေပေါ်လာနိုင်တယ်။ အဲဒီလူရဲ့ ပါးစပ်ကထွက်လာမယ့် စကားတွေက သူဇာလွင့်ရဲ့ အသံဖမ်းစက်ထဲမှာ သမိုင်းအဖြစ် မှတ်တမ်းဝင်သွားတော့မှာ။ သူဇာလွင့်ဘက်က မှားလို့ မဖြစ်ဘူး။ ကြောက်နေလို့ မရဘူး။ တွေဝေနေဖို့ အချိန်မရှိဘူး။
သူဇာလွင် ထိုင်ခုံမှာ ထိုင်နေရင်း ကိုယ်ကို မတ်လိုက်တယ်။ အသက်ကို ၀အောင်ရှူတယ်။ လက်ထဲက အသံဖမ်းစက်ကို ဖွင့်ပြီး စားပွဲပေါ်တင်တယ်။
“ကိုမင်းခန့်ထူး။ မင်္ဂလာပါ”
သူဇာလွင့်ကို စိုက်ကြည့်နေတဲ့ မျက်လုံးတွေ ဖျတ်ခနဲ မျက်တောင် တစ်ချက်ခတ်သွားတယ်။ မင်းခန့်ထူးရဲ့ မျက်နှာက ယောကျ်ားသိပ်မဆန် ခပ်နုနုရယ်။ အခုဆို သူ့အသက်က ၄၀ လောက်တောင် ရှိရောပေါ့.. သူဇာလွင် စိတ်တွက်တွက်ကြည့်လိုက်တယ်။ ဘယ်ကမလဲ.. ၁၉၉၅ ခုနှစ် ဝန်းကျင်မှာ ဖြစ်ခဲ့တာဆိုတော့ အခုဆို သူ့အသက်က ၄၅ လောက် ရှိပြီ။ ဒါပေမယ့် မင်းခန့်ထူးရဲ့ မျက်နှာမှာ အဲဒီအသက်အရွယ်ကို ကိုယ်စားပြုတဲ့ အရိပ်အယောင် တစ်ခုမှ မတွေ့ရဘူး။ ၃၀ ကျော်ကျော်လို့တောင် ကျိန်ပြောရလောက်နီးနီးဖြစ်နေတယ်။ ရှပ်အင်္ကျီအနက်နဲ့၊ ပုဆိုးအရောင်ရင့်ရင့်ကြောင့် သူ့အသားအရေက ရှိရင်းထက် ပိုပြီး ဖြူဆွတ်နေတယ်။ နှစ်ပေါင်းများစွာ နေရောင်မထိခဲ့သူ တစ်ယောက်လို ဖျော့တော့နေတာ..။
သူဇာလွင့် မျက်လုံးတွေက မင်းခန့်ထူးရဲ့ လည်ပင်းနေရာက အမာရွတ်ဆီကို ရောက်သွားတယ်။ အမာရွတ်က ဘယ်ဘက် နားထင်အောက်ကနေ ညာဘက် မေးရိုးစွန်းအထိ ကန့်လန့်ဖြတ် ထင်ကျန်နေတယ်။ ဘယ်အချိန်မှာ အဲဒီဒဏ်ရာအကြောင်းကို မေးရမလဲ..။ စိတ်ထဲမှာ မေးခွန်းတွေကို အပေါ်အောက် အရှေ့အနောက် ပြန်စီလိုက်တယ်။
“ကိုမင်းခန့်.. ကျွန်မတို့ စလို့ ရပြီလား”.. သူဇာလွင် ထပ်မေးလိုက်တယ်။ အဖွင့်မေးခွန်းကို အခုလို နှစ်ခါပြန်မေးရတာကို သူဇာလွင် သဘောမကျဘူး။ သူ့ကို သက်မဲ့ပစ္စည်းတစ်ခုလို သဘောထားပြီး စိုက်ကြည့်နေတဲ့ မင်းခန့်ထူးရဲ့ အကြည့်တွေကိုလည်း မကြိုက်ဘူး။ တိတ်ဆိတ်လွန်းနေတဲ့ ဒီအခန်းရဲ့ လေထုကလည်း မအီမသာ ဖြစ်စရာ။
မင်းခန့်ထူးက ဘာမှ မပြောဘဲ သူဇာလွင့်မျက်နှာကို ဖောက်ထွင်းပြီး နောက်တစ်နေရာဆီကို ကျော်ကြည့်နေတယ်။ သူဇာလွင် သက်ပြင်း ချလိုက်တယ်။ နောက်တစ်ခါ ထပ်မေးမလို့ သူဇာလွင် ပါးစပ်အဟမှာ..
“မကောင်းဆိုးဝါးတွေ တကယ် ရှိတယ်ဆိုတာ ခင်ဗျားယုံသလား”
မင်းခန့်ထူးရဲ့ လေသံက သူ့ရုပ်ရည်နဲ့ လိုက်ဖက်စွာပဲ ငြိမ်ပြီး ဖျော့နေတယ်။ ထင်မထားတဲ့ မေးခွန်းကြောင့် သူဇာလွင် ခဏတော့ ကြောင်သွားတယ်။ ဒါပေမယ့် ဒီလို မေးခွန်းမျိုးက အထူးအဆန်းတော့လည်း မဟုတ်ပြန်ဘူး။ သူဇာလွင် အင်တာဗျူးခဲ့တဲ့ လူတွေထဲမှာ ကြောင်တောင်တောင်ကောင်တွေ အများကြီးပဲ။ ဒီထက်ဆိုးတဲ့၊ ဒီထက် အဓိပ္ပာယ်မရှိတဲ့ မေးခွန်းတွေကို သူဇာလွင် ကြားခဲ့ပြီးပြီ။ တချို့လူတွေက မေးခွန်းကို မေးခွန်းတွေနဲ့ ပြန်ဖြေရတာကို သိပ်ဝါသနာပါကြတာ။ ဆရာကြီးလိုလို ဘာလိုလိုပေါ့လေ။ ဒီလိုမေးခွန်းမျိုးကို ဘယ်လို ရှောင်ထွက်ရမလဲဆိုတာ သူဇာလွင် သိနေ..
“ကျွန်တော့် မေးခွန်းကို ဘယ်လိုရှောင်ထွက်ရမလဲဆိုတာ စဉ်းစားနေတာလား”
သူဇာလွင် ခေါင်းကို အမြန်ခါလိုက်တယ်။ ငြင်းဖို့ စကားလုံးတစ်ခုကို အမြန်လိုက်ရှာတယ်။ သူဇာလွင် စကားလုံးရှာမတွေ့ခင်မှာပဲ မင်းခန့်ထူးက ဆက်ပြောတယ်။
“ဒီမေးခွန်းမျိုးကို ရှောင်ထွက်စရာ စကားလုံး နည်းနည်းပဲရှိတယ်ဗျ။ မကောင်းဆိုးဝါးဆိုတာ လူတိုင်းရဲ့ စိတ်ထဲမှာ ရှိတတ်ပါတယ်..ဆိုတဲ့ အဖြေကတော့ ကြားရတာ အများဆုံးပဲ။ ဒီလိုဗျ။ ကျွန်တော် အခု ခင်ဗျားကို မေးနေတဲ့ မေးခွန်းက တင်စားပြီးမေးတဲ့ မေးခွန်းမဟုတ်ဘူး။ လူအထင်ကြီးအောင် စကားကြီးစကားကျယ်တွေနဲ့ စကားပျိုးတဲ့ မေးခွန်းမျိုးလည်း မဟုတ်ဘူး။ ကျွန်တော်မေးနေတာ ရှင်းရှင်းလေး။ မကောင်းဆိုးဝါးဆိုတာ တကယ်ရှိတယ်ဆိုတာ ခင်ဗျား ယုံသလား မယုံဘူးလား”
သူဇာလွင် သက်ပြင်းချလိုက်တယ်။ ပထမထိုးစစ်ကိုတော့ ရှုံးသွားပြီဆိုတာ လက်ခံလိုက်ရတယ်။
“ဟင့်အင်း ကျွန်မ မယုံဘူး”
မင်းခန့်ထူးက သူဇာလွင့်အဖြေကို ကျေနပ်သွားသလို ခေါင်းတစ်ချက်ညိတ်တယ်။ ထိုင်ခုံကနေ ထပြီး စားပွဲပေါ်က ကော်ဖီအိုးကို ယူတယ်။ ကော်ဖီခွက်နှစ်ခွက်ကို ဖြည့်တယ်။ သူဇာလွင့်ရှေ့မှာချထားတဲ့ အသံဖမ်းစက်ကို ဘေးကို ရွှေ့တယ်။ ကော်ဖီခွက်ကို သူဇာလွင့်ရှေ့တည့်တည့်ဆီကို တွန်းပေးတယ်။ ဒီလိုတွေ လုပ်နေတဲ့အချိန်မှာ နှစ်ယောက်စလုံး စကားမပြောဖြစ်တဲ့အတွက် အခန်းရဲ့ တိတ်ဆိတ်မှုက မသိမသာ ပြန်ရောက်လာတယ်။ သူဇာလွင် ကော်ဖီခွက်ကို မထိသေးဘဲ ဦးနှောက်ထဲမှာ စီထားတဲ့ မေးခွန်းတွေကို ပြန်ဆွဲထုတ်တယ်။
“ကိုမင်းခန့်ထူး။ ကျွန်မတို့ အင်တာဗျူး တကယ်စလို့ ရပြီလား။ အိုကေ ကျွန်မ ပထမဆုံး မေးချင်တာက..”
“နေဦးဗျ။ ခင်ဗျား နားလည်မှု လွဲနေပြီ။ အခု ကျွန်တော် ခင်ဗျားနဲ့ တွေ့ချင်တာ ခင်ဗျား မေးတာတွေကို ဖြေဖို့ မဟုတ်ဘူး။ ကျွန်တော် ပြောပြချင်တာတွေကို ခင်ဗျားကို နားထောင်စေချင်တာ”
မင်းခန့်ထူးက စားပွဲပေါ်က အသံဖမ်းစက်ကို လှမ်းယူတယ်။ ခလုတ်ကို ချောက်ခနဲ ပိတ်လိုက်တယ်။ စိမ့်ထွက်လာတဲ့ ဒေါသစိတ်ကို သူဇာလွင် ပြန်မျိုချလိုက်တယ်။
“ဒါဆိုရင် ကိုမင်းခန့်အနေနဲ့ ကိုယ်ရေးရာဇဝင် စာအုပ်ပဲ ထုတ်ပါလား။ ဘာလို့ ကျွန်မလို ဂျာနယ်လစ်တစ်ယောက်ကို ခေါ်တွေ့သလဲ။ ကျွန်မကတော့ ကျွန်မ တာဝန်အတိုင်း မေးခွန်းတွေ မေးရမှာပဲ။ ပြည်သူတွေ သိချင်နေတဲ့ မေးခွန်းတွေကို သူတို့ကိုယ်စား မေးပေးရမှာ ကျွန်မ အလုပ် မဟုတ်ဘူးလား”
မင်းခန့်ထူးက စိတ်ပျက်သွားသလို မျက်နှာကို လက်နှစ်ဘက်နဲ့ အုပ်လိုက်တယ်။ လက်ချောင်းတွေကြားကနေ သူဇာလွင့်ကိုလှမ်းကြည့်တယ်။ သက်ပြင်းချတယ်။ ပြီးမှ-
“ခင်ဗျားက ဘာကို မေးမှာလဲ။ မေးရအောင် ခင်ဗျားက ကျွန်တော် ကြုံခဲ့ရတာတွေနဲ့ ပတ်သက်ပြီး ဘယ်လောက် သိလို့လဲ။ ခင်ဗျားတင်မကဘူး အဲဒီ ပြည်သူတွေ..ဆိုတဲ့ လူတွေကရော ဘယ်လောက် သိသလဲ။ တော်စမ်းပါဗျာ။ ကျွန်တော် ပြောတာကိုပဲ နားထောင်စမ်းပါ”
“ကိုမင်းခန့်။ ရှင်ကိုယ်တိုင် ဆက်သွယ်လာလို့ ကျွန်မ ရောက်လာတာနော် ကျွန်မလည်း အားယားနေတာမဟုတ်ဘူး။ အခု အင်တာဗျူးတောင် မစရသေးဘူး ရှင့်ဘက်က ဝေ့လည်ကြောင်ပတ်တွေ လုပ်နေပြီ။ ရှင် စကားမပြောချင်ရင်လည်း အစကတည်းက ဘာလို့ ကျွန်မကို ခေါ်သလဲ။ ကျွန်မရဲ့ အရည်အချင်းကို မယုံကြည်ရင် ကျွန်မ အခု ပြန်တော့မယ်”.. ဆတ်ခနဲ ခေါင်းထောင်လာတဲ့ မာနကြောင့် သူဇာလွင် စိတ်မထိန်းနိုင်တော့ဘဲ ပါးစပ်ကို အထိန်းအကွပ်မရှိ လွှတ်ပေးလိုက်မိတယ်။
မင်းခန့်ထူးက သူဇာလွင် ပြောနေတာတွေကို ကြားသလို မကြားသလို မျက်နှာထားနဲ့ နားထောင်နေတယ်။ ပြီးတော့မှ ဟက်ခနဲ တစ်ချက်ရယ်တယ်။
“အင်း..အားတော့ နာတယ်။ အမှန်အတိုင်းပြောရရင် ခင်ဗျား ခံနိုင်မှာမဟုတ်ဘူး။ ကျွန်တော်ပြောတဲ့စကားတွေ အဓိပ္ပာယ်ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပေါက်တတ်ကရတွေ ထိုင်ပြောနေသည်ဖြစ်စေ.. ယုတ်စွအဆုံးဗျာ ကျွန်တော် ကကြီးကနေ အ အထိ ထိုင်ရွတ်နေရင်တောင် ခင်ဗျား ထိုင်နားထောင်နေရမှာပဲ မဟုတ်လား။ ဟုတ်တယ် မဟုတ်လား။ ခင်ဗျား ထပြန်သွားရဲသလား။ ကျွန်တော်နဲ့.. မင်းခန့်ထူး ဆိုတဲ့ ကောင်နဲ့ တွေ့ပြီးမှ ဘာစကားမှ မေးမရဘဲ ပြန်လာရတယ် ဆိုတာမျိုး ခင်ဗျား အဖြစ်ခံမှာလား..”
သူပြောတာ မှန်တယ်။ မှန်တဲ့ အတွက်လည်း သူဇာလွင့် ရင်ဘတ်ထဲမှာ အောင့်ကနဲ ဖြစ်သွားတယ်။ ဟင့်အင်း.. ထပြန်သွားလို့ မဖြစ်ဘူး။ ဒီအခွင့်အရေးက နောင် ဆယ်နှစ်နေလည်း ပြန်ရောက်လာချင်မှ ရောက်လာတော့မှာ..။ တလိပ်လိပ်တက်လာတဲ့ မာနနဲ့ ဒေါသကို ပြန်မျိုချလိုက်တယ်။ တောင့်တင်းနေတဲ့ ကိုယ်ခန္ဓာကို လျှော့ချလိုက်တယ်။
“ဟုတ်ပြီ။ ကျွန်မ တောင်းပန်တယ်။ ကိုမင်းခန့်ထူးကို ကျွန်မ…ရှင်တွေ ဘာတွေနဲ့ ပြောလိုက်မိတာလည်း ဆောရီးပါ။ ကျွန်မ နည်းနည်း စိတ်တိုသွားတယ်”
မင်းခန့်ထူးက ပခုံးတွန့်တယ်။
“ရပါတယ်ဗျ။ ရှင်နဲ့ ကျွန်မနဲ့ ပြောတာ ကျွန်တော် သဘောကျပါတယ်။ ကျွန်တော်လည်း ခင်ဗျားကို ညီမတွေ အစ်ကိုတွေနဲ့ ယဉ်ယဉ်ကျေးကျေး သုံးနှုန်းနေတာမှ မဟုတ်တာ”
“ကျွန်မ တစ်ခုမေးလို့ ရမလား။ အင်တာဗျူးနဲ့ မဆိုင်ပါဘူး”
မင်းခန့်ထူးက သူဇာလွင့်ကို အကဲခတ်တဲ့အကြည့်နဲ့ ကြည့်တယ်။ ပြီးတော့မှ မေးလေ..ဆိုတဲ့ ပုံစံနဲ့ မေးဆတ်ပြတယ်။
“ကျွန်မ နားမလည်တာက.. ဘာလို့.. ဒီလောက် နှစ်တွေကြာပြီးတော့မှ..အခုလို မီဒီယာတွေကို ပြောပြဖို့ စဉ်းစားမိတာလဲ။ အခုမှ ရှင့်ကို အမှုပြန်ဖွင့်မယ်ဆိုရင်တောင် ဖွင့်လို့ မရလောက်အောင် ကာလတစ်ခု ကျော်သွားပြီ။ ရှင်လည်း ကွင်းလုံးကျွတ် လွတ်သွားပြီးပြီ”
“နေပါဦး။ ကျွန်တော် ဘာပြောမယ်ဆိုတာ ခင်ဗျားက ကြိုသိနေလို့လား”
“ရှင်အခု အင်တာဗျူးလုပ်မလို့ စီစဉ်တာ.. စကားဝါရွာ လူသတ်မှု ကိစ္စ ပြောမလို့ မဟုတ်ဘူးလား။ ဒီကိစ္စပဲ ရှိတာပဲ။ တစ်နိုင်ငံလုံး စိတ်ဝင်စားနေခဲ့တာလည်း ဒီလူသတ်မှုပဲ။ အဲဒီ လူသတ်မှုနဲ့ တိုက်ရိုက်ပတ်သက်ခဲ့တဲ့ သူတွေထဲမှာ နောက်ဆုံးကျန်ခဲ့တဲ့လူဆိုလို့ ရှင်တစ်ယောက်ပဲ ရှိတော့တာလေ။ အဲဒီအမှုနဲ့ ပတ်သက်ပြီး ပြောပြမလို့ မဟုတ်ဘူးလား”
“ခင်ဗျားတို့.. တော်တော်ကို ဒုံးဝေးတာပဲ”.. မင်းခန့်ထူးက ပြောပြီးတာနဲ့ ထိုင်ခုံကနေ ထတယ်။ ပြတင်းပေါက်ဘက်ကို လျှောက်သွားပြီး ခန်းဆီးကို တင်လိုက်တယ်။ အပြင်က မတ်လနွေရဲ့ အလင်းရောင်ပြင်းပြင်းရှရှ အခန်းထဲကို ပြန့်ကျဲဝင်လာတယ်။ သူဇာလွင် မျက်လုံးတွေ စူးကနဲဖြစ်သွားပြီး မျက်နှာကို လက်နဲ့ ကာလိုက်ရတယ်။ အလင်းရောင်နဲ့ လွတ်အောင် ထိုင်ခုံကို ဘေးကို ရွှေ့ထိုင်လိုက်တယ်။
“ရှင် ဘာကို ပြောချင်တာလဲ”..သူဇာလွင် မေးလိုက်တယ်။
မင်းခန့်ထူးက ခန်းဆီးကို ပြန်ချတယ်။ ဒီဘက်ကို ပြန်လှည့်လာတော့ သူ့မျက်နှာက နေရောင် ဟပ်သွားလို့လားမသိ၊ နီစွေးစွေးဖြစ်နေတယ်။ မျက်လုံးတွေက စိုစွတ်နေတယ်။
“ခင်ဗျားတို့က ဘယ်လိုထင်ထားတာလဲ။ ကျွန်တော်က အဲဒီ အမှုကို ချေးခြောက်ရေနှူးပြီး အနံ့တသင်းသင်းပြန်ဖြစ်လာအောင် လုပ်ချင်နေတယ်လို့ ထင်နေတာလား။ လူတွေ မေ့လောက်တော့မှ နာမည်ကြီးချင်လို့ တစ်စခန်းထတယ်လို့ ထင်နေတာလား”
“မဟုတ်ဘူးလေ..။ ကျွန်မပြောချင်တာက..ရှင်အခုမှ ဝန်ခံမလို့..”
မင်းခန့်ထူး မျက်နှာက တည်ကနဲဖြစ်သွားတယ်။ စကားမှားသွားပြီဆိုတာကို သူဇာလွင် ချက်ခြင်း သိလိုက်တယ်။ စကားကို တစ်ဝက်တစ်ပျက်နဲ့ ရပ်လိုက်ရတယ်။ မင်းခန့်ထူးကထိုင်ခုံမှာ ပြန်ထိုင်တယ်။ သူဇာလွင့်ကို မကြည့်ဘဲ မျက်နှာကို ဘေးကို လွှဲထားတယ်။
“ခင်ဗျား ဘာပြောချင်တာလဲ”
“ဘာမှ မဟုတ်ပါဘူး”..မင်းခန့်ထူး သူ့ကို ကြည့်မနေပေမယ့် သူဇာလွင် မလုံမလဲ ဖြစ်သွားပြီး ခေါင်းကို ငုံ့လိုက်မိတယ်။ စိတ်ထဲမှာလည်း သူ့ကိုယ်သူ ခပ်တိုးတိုး ဆဲလိုက်မိတယ်။ ရှည်လိုက်တာ။ ဘာလို့.. အဲဒီစကားကို သွားစတာလဲ။ ခေါင်းကို ပြန်မော့လိုက်တဲ့အချိန်မှာ သူဇာလွင် အသက်ရှူ ခဏ ရပ်သွားတယ်။ သူ့ကို စိုက်ကြည့်နေတဲ့ မင်းခန့်ထူးရဲ့ မျက်လုံးထဲမှာ လျှပ်ကနဲ လက်သွားတဲ့၊ အေးခဲနေတဲ့ အရိပ်အယောင် တစ်ခု။
“ပြောလေ။ ခင်ဗျား ပြောချင်တာကို တည့်တည့်ပြောလေ”..မင်းခန့်ထူးရဲ့ လေသံက ပါးပြင်းထောင်ထားတဲ့ မြွေဟောက်တစ်ကောင်လို သဲ့သဲ့စူးစူးနဲ့ ကျောချမ်းစရာ ဖြစ်နေတယ်။ သူဇာလွင် ဘာမှ ပြန်မပြောဘဲ ခေါင်းကိုပဲ ခါနေမိတယ်။ မင်းခန့်ထူးက စိတ်မကောင်းသလို မဲ့ပြုံး ပြုံးတယ်။
“ကျွန်တော် ခင်ဗျားဆီကို အီးမေးလ်ပို့တော့ ခင်ဗျားတို့ရဲ့ အယ်ဒီတာချုပ်က ဘာပြောသလဲ”
“ဘယ်လို..”
“အာ..ခင်ဗျားကလည်း တည့်တည့်မေးတာကို တည့်တည့်ဖြေစမ်းပါဗျ”
“ဟို..အီးမေးလ်ထဲမှာ ရှင်က ကျွန်မနာမည်နဲ့ .. ကျွန်မကိုပဲ သီးသန့်တွေ့ချင်တယ်၊ ကျွန်မကိုပဲ စကားပြောမယ်လို့ ရေးထားတော့ ကျွန်မ ဘယ်သူ့ကိုမှ မပြောပြရသေးဘူး”
မင်းခန့်ထူးက သူဇာလွင့်အဖြေကို သဘောကျသွားသလို ပြုံးတယ်။
“အခု ကျွန်တော့်ဆီကို ဘာလို့ ခင်ဗျား တစ်ယောက်တည်း လာတာလဲ။ တွဲဘက်သတင်းထောက်ကို ဘာလို့ မခေါ်လာတာလဲ”
“ကျွန်မ တစ်ယောက်တည်းပဲ အလုပ်လုပ်တတ်တယ်”
“အိုကေ။ ခင်ဗျားကို ဘာကြောင့် သီးသန့် ခေါ်တွေ့သလဲ ဆိုတာကိုရော စဉ်းစားမိသလား”
“ဟင့်အင်း”..သူဇာလွင် ခေါင်းခါလိုက်တယ်။
စိတ်ထဲမှာတော့ ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ် အခါခါ ဆဲပြီးနေပြီ။ ဆရာမကြီးသူဇာလွင်.. အခုတော့ သူငယ်တန်းကျောင်းသူလို စာမေးပွဲ စစ်ခံနေရပါလား။ ဘာလို့ သူမေးသမျှကို ပြန်ဖြေနေမိတာလဲ။ ဘာလို့ ကြောက်စိတ်တွေ ဝင်လာရတာလဲ.. ဘာလို့.. ဘာလို့လဲဆိုတာ နင်သိတယ်မဟုတ်လား..သူဇာလွင်။ ဘာလို့ သူ့ကို ကြောက်နေတာလဲဆိုတာ နင် ကောင်းကောင်း သိတယ်။ မသိချင်ယောင် ဆောင်နေတာကို ရပ်လိုက်တော့။ သတ္တိခဲမကြီး လုပ်မနေနဲ့တော့..။ နောက်ဘက်မှာရှိတဲ့ အဝင်တံခါးဆီကို လှည့်ကြည့်ချင်စိတ်ကို မနည်းထိန်းထားရတယ်။ ဒီအခန်းက ဘယ်နှထပ်မှာလဲ။ ငါးထပ်လား။ ခြောက်ထပ်လား။ သူဇာလွင် လာတုန်းက လှေကား ဘယ်နှထစ် တက်ခဲ့ရသလဲ။ တံခါးကို ပြန်ပိတ်တော့ မင်းခန့်ထူး ပြန်ပိတ်တာလား။ သူဇာလွင်ကိုယ်တိုင် ပြန်ပိတ်ခဲ့တာလား။ သော့ခတ်ထားသလား.. ဖွင့်ထားသလား..။ မင်းခန့်ထူးရဲ့ တခြား ဝန်ထမ်းတွေ ဘယ်ရောက်နေကြသလဲ။ ဒီတိုက်ခန်းတစ်ခုလုံးမှာ သူတို့ နှစ်ယောက်တည်း ရှိတာလား။ အရေးရယ် အကြောင်းရယ်ဆိုရင်.. ၀ရန်တာက ခုန်ချရင် အသက်ရှင်နိုင်မလား..။
မင်းခန့်ထူးက လေသံအေးအေးနဲ့ မေးတယ်။
“ခင်ဗျားလည်း ကျွန်တော့်ကို လူသတ်သမားလို့ ထင်နေတာမဟုတ်လား”
(ဂ)
ဟုတ်ပါတယ်။ မင်းခန့်ထူး ဆိုတဲ့သူက လူသတ်သမားလို့ သူဇာလွင် ထင်တယ်။ သူဇာလွင်တင် မကဘူး တစ်နိုင်ငံလုံး တစ်လောကလုံးကလည်း သူ့ကိုပဲ လက်ညှိုးထိုးခဲ့ကြတာပဲ။ သက်သေမည်မည်ရရ မရှိလို့ ဘယ်လိုပဲ ကွင်းလုံးကျွတ် လွတ်သွားပါစေ.. သန်းပေါင်းများစွာသော သံသယမျက်ဝန်းတွေက သူ့အပေါ်မှာပဲ ပုံကျသွားခဲ့တာပဲ။ ရဲတွေ ညံ့လို့ သူ့ကို လွှတ်ပေးလိုက်ရတာလို့ လူတွေက ထင်တယ်။ တရားသူကြီးကို လာဘ်ထိုးလိုက်လို့ အပြစ်မရှိကြောင်း အမိန့်ချပေးလိုက်တာလို့ စွပ်စွဲကြတယ်။ ဒီလိုနဲ့ သို့လောသို့လော ကောလာဟလတွေကြားမှာ စကားဝါအမှုက အရှိန်လျော့ပြီး နှစ်ကာလတွေကြားမှာ မျောသွားခဲ့တာ..အခုဆို ပုံပြင်တစ်ခုလိုတောင် ဖြစ်နေပြီ။
လူသတ်မှုတွေ၊ တရားစီရင်မှုတွေ ဖြစ်ပြီးတဲ့နောက်မှာ မင်းခန့်ထူးတစ်ယောက် လူမြင်ကွင်းအောက်ကနေ ပျောက်ခြင်းမလှ ပျောက်သွားတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပြီလို့ ထင်တဲ့သူတွေက ထင်တယ်။ တခြားနိုင်ငံကို ပြောင်းပြေးသွားပြီလို့လည်း ထင်ကြေးပေးကြတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကမှ မင်းခန့်ထူး လူမြင်ကွင်းထဲကို ပြန်ရောက်လာတယ်။ ပြန်ရောက်လာတော့လည်း ပေါ်တင်ကြီး။ မင်းခန့်ထူး ကုမ္ပဏီလီမိတက် ဆိုပြီး ရုံးခန်းတွေဘာတွေဖွင့် အလုပ်တွေဘာတွေ လုပ်လို့။ မင်းခန့်ထူး ကုမ္ပဏီက ဘာအလုပ် လုပ်သလဲဆိုတာလည်း သူဇာလွင် သေချာမသိဘူး။ သတင်းအရကတော့ သွင်းကုန်/ထုတ်ကုန် အလုပ်တဲ့။ ဒီထက်ပိုပြီး မသေချာမရေရာတဲ့ ခေါင်းစဉ်မျိုး ရှိဦးမလား။ လူတွေလည်း ဘာပြောလို့ ပြောရမှန်းမသိ။ ဆန္ဒပြတဲ့သူတွေ၊ ရုံးခန်းရှေ့မှာ သွားဆဲတဲ့သူတွေ။ ဒီကောင့်ကို သတ်မယ်ဖြတ်မယ် ဆိုပြီး ဆိုရှယ်မီဒီယာတွေပေါ်ကနေ ကြိမ်းဝါးကြတဲ့သူတွေ။ ဘယ်သူတွေ ဘာတွေပဲ လုပ်လုပ် မင်းခန့်ထူးကတော့ မတုန်မလှုပ်ပဲ။ သူပြန်ပေါ်လာပြီးကတည်းက သတင်းမီဒီယာတွေက သူ့ကို တွေ့ဖို့ ၊ မေးမြန်းဖို့ အသည်းအသန် ကြိုးစားကြတယ်။ ဒါပေမယ့် မအောင်မြင်ဘူး။ မင်းခန့်ထူးဆီက အဲဒီအမှုနဲ့ပတ်သက်တဲ့ စကား တစ်ခွန်းတောင် ထွက်မလာဘူး။ တရားဥပဒေအရ ကွင်းလုံးကျွတ်လွတ်သွားပြီဆိုမှတော့ သူမပြောချင်ရင် ဘာမှမပြောဘဲ နေလို့ ရနေတာကိုး။ ပြီးတော့ မင်းခန့်ထူးက ပြန်ပေါ်လာပြီးကတည်းက ရုံးခန်းထဲမှာပဲ အနေများတယ်။ အပြင်တောင် သိပ်မထွက်ဘူး။ အွန်လိုင်းမှာ ဓာတ်ပုံတွေ တက်လာတော့ သူဇာလွင် ကြည့်မိသေးတယ်။ ဓာတ်ပုံတွေတော်တော်များများက ခပ်ဝေးဝေးက လှမ်းရိုက်ထားတဲ့ ပုံတွေပါ ၀ရန်တာမှာ ထွက်ရပ်နေတဲ့ မင်းခန့်ထူးရဲ့ ဓာတ်ပုံတွေ။ ကားပေါ်က ဆင်းလာတဲ့ ဓာတ်ပုံတွေ။ ပုံတိုင်းပုံတိုင်းမှာ သူ့မျက်နှာက အခုလို ဝေဝေဝါးဝါးနဲ့ ခံစားချက်မရှိသလို ထူပေပေပဲ။
Ruby Herald သတင်းစာရဲ့ စီနီယာ သတင်းထောက် မသူဇာလွင်နဲ့ တိုက်ရိုက်တွေ့ချင်ပါတယ်ဆိုပြီး မင်းခန့်ထူးဆီကနေ အီးမေးလ်ဝင်လာတော့ သူဇာလွင် ပျာယာခတ်သွားတယ်။ ဟုတ်မှ ဟုတ်ပါ့မလားဆိုပြီး အီးမေးလ် လိပ်စာကို အခါခါ ပြန်စစ်တယ်။ မင်းခန့်ထူးရဲ့ ရုံးကို ဖုန်းဆက်မေးပြီး သေချာအောင် မေးတယ်။ တကယ်ဟုတ်နေပြီ ဆိုတာကို သိလိုက်တော့ သူဇာလွင့် ဦးနှောက်က ဂဏန်းပေါင်းစက်တစ်လုံးလို တချက်ချက် အလုပ်တွေ ရှုပ်သွားတယ်။ အယ်ဒီတာချုပ်ကို အသိပေးလိုက်ရမလား။ ဒါပေမယ့် အသိပေးလိုက်လို့ သူဇာလွင့်ကို မလွှတ်ဘဲ သူ့ထက် ပိုအတွေ့အကြုံရှိတဲ့ သတင်းထောက်တစ်ယောက်ကို လွှတ်လိုက်မယ်ဆိုရင်၊ ဒါမှမဟုတ် သူဇာလွင်က မိန်းကလေးဖြစ်နေလို့ ဒီလိုကိစ္စမျိုးမှာ မသင့်တော်ဘူးဆိုပြီး ယောကျ်ားလေးသတင်းထောက်နဲ့ လဲလိုက်ရင်ရော..။ အို..ဒီအခွင့်အရေးကို ဘယ်သူ့လက်ထဲမှ ထည့်မပေးနိုင်ဘူး။ နောက်ဆုံးမှာ သူဇာလွင် မျက်စိစုံမှိတ်ပြီး ဆုံးဖြတ်လိုက်တယ်။ ဘယ်သူ့ကိုမှ အသိမပေးတော့ဘူး။ တစ်ယောက်တည်း သွားတွေ့မယ်။ ပြီးတော့မှ အင်တာဗျူးအပြည့်အစုံကို အားလုံးရှေ့မှာ ချပြလိုက်မယ်။ ရော့.. ဒီမှာ တွေ့ပြီလား။ သူဇာလွင်ဆိုတာ ဘယ်လို သတင်းထောက်မျိုးလဲဆိုတာ ယုံပြီလား။ အွန်လိုင်းမီဒီယာဆိုတဲ့ဟာတွေ ဒီမှာကြည့်.. ဒီမှာလာ အတုယူကြ..ဆိုပြီး စိတ်ကူးတွေယဉ်ထားခဲ့တာ။ အခုတော့..ဘယ်ချောင်ကနေ ပေါ်လာမှန်းမသိတဲ့ ကြောက်စိတ်က သူဇာလွင့်တစ်ကိုယ်လုံးကို ချုပ်ကိုင်ထားပြီ။
“အဲဒီလောက် မကြောက်ပါနဲ့ဗျ”
အတွေးထဲမှာ နွံနစ်နေရင်း.. ပခုံးပေါ်ကိုကျလာတဲ့ လက်တစ်ဘက်ကြောင့် သူဇာလွင် လန့်ပြီး ထခုန်လိုက်မိတယ်။ လက်နှစ်ဘက်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အသင့်အနေအထား ဆန့်တန်းထားပြီးသား။ မင်းခန့်ထူးက သူဇာလွင့် ဘေးမှာရပ်နေတယ်။ သူဇာလွင့်ရဲ့ ပျက်ယွင်းနေတဲ့ မျက်နှာကို ကြည့်ပြီး ရယ်ကျဲကျဲနဲ့ အနောက်ကို အသာဆုတ်သွားတယ်။
“ဆောရီး ဆောရီး။ လန့်အောင်လိုက်သလို ဖြစ်သွားသလား။ ပြန်ထိုင်ပါဗျ ပြန်ထိုင်ပါ.. ဆောရီး”
“ဒီမှာ”..သူဇာလွင် လက်ထဲက ဟန်းဖုန်းကို မင်းခန့်ထူးမြင်အောင် ထောင်ပြလိုက်တယ်။ “ရှင် တစ်ခုခုလုပ်ဖို့ ကြိုးစားတာနဲ့ ကျွန်မ ရဲတွေကို ချက်ခြင်း ဖုန်းဆက်လိုက်မှာနော်။ ဒီမှာတွေ့လား နံပါတ်ကို ထည့်ထားပြီးသား။ တစ်ချက်နှိပ်လိုက်ရုံပဲ”
မင်းခန့်ထူးက မျက်နှာပိုးကို အသာသပ်ပြီး လက်ဝါးနှစ်ဘက်ကို ထောင်ပြတယ်။
“ဟုတ်ပါပြီ။ ဆက်ပါ။ အခုလောလောဆယ် အရင် ပြန်ထိုင်လိုက်ဗျ။ ကော်ဖီသောက်ဦး”
သူဇာလွင် အသက်ကို ပြင်းပြင်းရှူပြီး ထိုင်ခုံမှာ ပြန်ထိုင်လိုက်တယ်။ လက်ထဲက ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ ကော်ဖီသောက်ဦး..ဆိုပဲ။
“ဆောရီးဗျာ။ ကျွန်တော်လည်း အကျင့်ဖြစ်နေလို့။ လူတွေက ကျွန်တော့်ကိုတွေ့တိုင်း အဲဒီလို ကြောက်လန့်တကြားတွေ ဖြစ်ဖြစ်သွားကြတာ.. ကြာလာတော့ ကျွန်တော်လည်း ရွဲ့ပြီး တမင်ခြောက်ပြချင်လာတယ်။ မဟုတ်ပါဘူးဗျ။ ကျွန်တော် လူသတ်သမား မဟုတ်ဘူး။ တကယ်ပြောနေတာ။ တကယ်..”
“ရှင့်ဘာသာရှင် လူသတ်သမား ဟုတ်ဟုတ် မဟုတ်ဟုတ် ကျွန်မအလုပ် မဟုတ်ဘူး။ ကျွန်မအလုပ်က ရှင့်ကို မေးစရာရှိတာတွေ မေးဖို့။ အခု ရှင်က ကျွန်မကို မေးခွန်းမေးခွင့်မပေးဘူး။ ရတယ်လေ။ ဒါဆိုလည်း ရှင့်ဘက်က ပြောစရာရှိတာကို ပြော။ ပြည်သူတွေကို ချပြသင့် မပြသင့် ကျွန်မဘာသာ ကျွန်မ ဆုံးဖြတ်မယ်။ အဲဒီလို မဟုတ်ဘဲ အခုလို ဝေ့လည်ကြောင်ပတ် ဆက်လုပ်နေမယ်ဆိုရင်တော့ ကျွန်မ ပြန်တော့မယ်။ အောက်မှာ ရုံးကားလည်း အသင့်စောင့်နေတယ်။ နောက်တစ်နာရီလောက် ကြာလို့မှ ကျွန်မ ဆင်းမလာရင် အပေါ်ကို တက်လိုက်လာဖို့ ကားသမားကို မှာထားပြီးသား”..သူဇာလွင် ညာပြောလိုက်တယ်။
မင်းခန့်ထူးက သူဇာလွင့်စကားကို ယုံပေးတဲ့ပုံနဲ့ ခေါင်းတဆတ်ဆတ်ညိတ်ပြတယ်။ ထိုင်ခုံမှာပြန်ထိုင်တယ်။ ကော်ဖီကို ဖြည်းဖြည်းချင်း သောက်တယ်။
“ဟုတ်ပြီ။ ဟုတ်ပြီ။ အဲဒီလိုမှပေါ့။ အဲဒါကြောင့် ခင်ဗျားကို ကျွန်တော် တွေ့ချင်တာ။ တခြားသတင်းထောက်တွေလို အရည်မရ အဖတ်မရ၊ လူစိတ်ဝင်စားရင်ပြီးရော ဆိုတဲ့ စကားအသွားအလာတွေ ကျွန်တော် မကြားချင်ဘူး။ ဒီလိုဗျ..။ ကျွန်တော် အခု ခင်ဗျားနဲ့ တွေ့ချင်တာ အဲဒီလူသတ်မှုတွေအကြောင်း ပြောချင်လို့..လို့ ပြောရင် မှန်လည်း မှန်တယ်။ မမှန်လည်း မမှန်ဘူး”
“ဝေ့လည်ကြောင်ပတ် မလုပ်ပါနဲ့လို့ ကျွန်မပြောနေ..”
“နေဦး..နေဦး”..မင်းခန့်ထူးက လက်ကာပြတယ်.. “ဝေ့လည်ကြောင်ပတ် လုပ်နေတာမဟုတ်ဘူးဗျ။ ဇာတ်လမ်းကလည်း သပွတ်အူလို ရှုပ်ပွနေတယ်လေ။ ခင်ဗျား နားလည်အောင် ပြောပြဖို့ တော်တော် ခက်မယ်”
“ဘာခက်စရာရှိသလဲ။ ၁၉၉၅ ခုနှစ်။ စကားဝါရွာမှာ လူသတ်မှုဖြစ်တယ်။ သေတဲ့သူတွေက ဆယ်ကျော်သက် ကောင်မလေး ၄ ယောက်။ ကောင်လေး ၂ ယောက်။ သက်လတ်ပိုင်း ယောကျ်ား ၂ ယောက် နဲ့ မိန်းမ ၁ ယောက်။ စုစုပေါင်း ၉ ယောက်။ အဲဒီအချိန်မှာ ရှင်က အဲဒီအိမ်ထဲမှာ သူတို့နဲ့ အတူတူရှိနေတယ်။ ဒီတော့ လူတွေအကုန်လုံးက ရှင်သတ်တာလို့ပဲ ထင်တယ်။ ရှင့်ကိုယ်မှာလည်း သွေးတွေ ပေနေတယ်။ ရဲတွေက ရှင့်ကို ချက်ခြင်းပဲ ဖမ်းလိုက်တယ်။ ဒါပေမယ့် ရှင်သတ်ပါတယ်ဆိုတဲ့ လက်ဆုပ်လက်ကိုင် သက်သေ မတွေ့ဘူး။ ရှင်ကိုယ်တိုင်ကလည်း အဲဒီတုန်းက သတိမေ့နေသလိုလို၊ ဘာလိုလိုနဲ့ စကားမေးမရဘူး။ လူသတ်လက်နက်မှာလည်း ရှင့်လက်ဗွေရာတွေ မတွေ့ရဘူး။ ဒါကြောင့် နောက်ပိုင်းမှာ အမှုဆိုင်တော့ သက်သေမခိုင်လုံဘူးဆိုပြီး ရှင့်ကို လွှတ်ပေးလိုက်ရတယ်။ တကယ့်လူသတ်သမားက အခုထိလွတ်နေတုန်းပဲလို့ ရဲဌာနက ထုတ်ပြန်ထားတယ်။ လူတွေကတော့ အဲဒီအဖြေကို မယုံဘူး။ ဒါပဲလေ။ ရှင်းနေတာပဲ”
မင်းခန့်ထူးက သူဇာလွင်ရှင်းပြတာကို သဘောကျသွားသလို ပြုံးတယ်။
“ဒါဆို တကယ့်လူသတ်သမားက ဘယ်ရောက်နေသလဲ”
“အဲဒါတော့ ကျွန်မ ဘယ်လိုလုပ် သိမလဲ။ ရဲတွေပဲ သိမှာပေါ့”..သူဇာလွင် စိတ်တိုတိုနဲ့ အော်လိုက်တယ်။
မင်းခန့်ထူးက သူဇာလွင့်ကို စိုက်ကြည့်နေရင်း လက်ချောင်းတွေနဲ့ စားပွဲကို တဒေါက်ဒေါက်ခေါက်နေတယ်။ မိန်းကလေးလက်တွေလို သွယ်လျနေတဲ့ လက်ချောင်းတွေကို သူဇာလွင် ကြည့်နေရင်း .. ဒီလက်တွေက လူ ၉ ယောက်ကို ဘယ်လိုများ သတ်ခဲ့သလဲ..ဆိုပြီး တွေးနေမိတယ်။
“ကျွန်တော် အခုပြောမယ့် စကားတွေထဲမှာ ခင်ဗျားအနေနဲ့ ယုံလို့ရတာတွေပါနိုင်သလို ဘယ်လိုမှ အဓိပ္ပာယ်မရှိဘူးလို့ ယူဆချင်စရာတွေလည်း ပါနိုင်တယ်။ ကျွန်တော် တစ်ခုပဲ တောင်းဆိုချင်တယ်။ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ဒီဇာတ်လမ်း မပြီးမခြင်း နားထောင်ပေးမယ်လို့ ခင်ဗျားဘက်က ကတိပေးပါ”
သူဇာလွင် ခေါင်းညိတ်လိုက်တယ်။
“ရတယ်။ ရှင့်မှာ အပြစ်ရှိသည်ပဲဖြစ်ဖြစ်၊ အပြစ်မရှိဘူးပဲ ဖြစ်ဖြစ် ကျွန်မအနေနဲ့ ဆုံးဖြတ်ပိုင်ခွင့်လည်း မရှိဘူး။ ရှင့်စကားကို ဆုံးအောင် နားထောင်ပေးမယ်။ ပြီးရင် ကျွန်မ ရေးသင့်၊ တင်ပြသင့်တယ်လို့ ထင်တဲ့ အချက်အလက်တွေကို ကျွန်မဘာသာကျွန်မ ရွေးမယ်။ ဟုတ်ပြီလား”
“ကျွန်တော့်မှာ အပြစ်ရှိတာ မရှိတာ အရေးမကြီးပါဘူး။ ဒီဇာတ်လမ်းကို စမပြောခင်မှာ ခင်ဗျားကို ပြောချင်တာတစ်ခုရှိတယ်။ ဒီဇာတ်လမ်း ပြီးသွားတဲ့အခါမှာ ပြောပြချင်တာ နောက်တစ်ခုရှိတယ်။ အဖြေ..နှစ်ခု ဆိုပါတော့။ အခု ဇာတ်လမ်း စမပြောခင်မှာ ပထမအဖြေကို အရင်ပြောမယ်”
“ဘာအဖြေလဲ”
မင်းခန့်ထူးက သူဇာလွင့်ရှေ့မှာ ချထားတဲ့ အသံဖမ်းစက်ဆီကို လက်လှမ်းတယ်။ အသံဖမ်းတဲ့ ခလုတ်ကို ချောက်ကနဲ နှိပ်လိုက်တယ်။ သူဇာလွင်နဲ့ နှစ်ပေါင်းများစွာရင်းနှီးနေတဲ့ တိတ်ခွေလည်တဲ့ အသံတိုးတိုး ထွက်လာတယ်။ အခန်းထဲကလေရဲ့ သိပ်သည်းဆက တစ်စုံတစ်ရာကို စောင့်မျှော်နေသလို လေးလံလာတယ်။ သူဇာလွင့် အာရုံတွေ ပြန့်ကျဲနေရာကနေ မင်းခန့်ထူးဆီမှာပဲ ရုတ်ခနဲ စုစည်းသွားတယ်။ သူဇာလွင့် အသွေးထဲအသားထဲမှာ ခိုအောင်းနေတဲ့ သတင်းထောက်တစ်ယောက်ရဲ့ ဖျတ်လတ်မှုတွေ ဓားသွားတစ်ခုလို တလက်လက် တောက်လာတယ်။ မင်းခန့်ထူးက သူ့လည်ပင်းက အမာရွတ်ကို လက်မနဲ့ ပွတ်ရင်း ပြောတယ်။
“မကောင်းဆိုးဝါးဆိုတာ တကယ်ရှိတယ်ဗျ”
+++
(ဆက်ရန်)
-ချမ်းမြေ့ဝင်း
27-04-2020