အခန်း (၃၂)
(က)
သူဇာလွင့် တစ်ကိုယ်လုံး ဒေါသကြောင့် အငွေ့ပျံသွားတော့မတတ် ပူလောင်နေတယ်။ သူ့ကို မျက်လုံးအေးအေးတွေနဲ့ စိုက်ကြည့်နေတဲ့ မင်းခန့်ထူးဆိုတဲ့လူကို တစ်စစီီ ဆွဲစုတ်ပစ်ချင်နေတယ်။ ဘယ်လို လုပ်ဇာတ်တွေလဲ။ ဘာသဘောလဲ။ လူတစ်ယောက်ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ဘာအကြံအစည်တွေ ကြံနေတာလဲ။ မမမေ.. ဆိုတဲ့ မိန်းမက သူဇာလွင့် အမေတဲ့.. ဟားဟား။ ဝေးသေးတယ်။ မဖြစ်နိုင်တာတွေ။ စိတ်ကူးယဉ်ပုံပြင်ထဲက ဇာတ်လမ်းတွေ။ အရူးစကားတွေ..။
“ရှင်အခု ကျွန်မ ရုံးခန်းထဲကနေ ထွက်သွားပါ။ အခုချက်ခြင်း ထွက်သွား”.. သူဇာလွင် ပိတ်အော်လိုက်တယ်။ စိတ်တိုလွန်းလို့ မျက်ရည်တွေပါ ဝဲချင်လာတယ်။ သူဇာလွင့် ဓာတ်ပုံတွေကို ဒီလူ ဘယ်ကဘယ်လို ရသွားတာလဲ..။ သူဇာလွင့်ကို ဒီလိုလုပ်ဖို့ ဘယ်နှနှစ်လောက် ကြိုတင်ကြံစည်ခဲ့သလဲ..။
“မသူဇာ..”.. မင်းခန့်ထူးက ပြောရင်း ထိုင်နေရာကနေ ထလာတယ်။ သူဇာလွင့်ရှေ့ကို လျှောက်လာတယ်။ “ကျွန်တော့် မျက်လုံးတွေကို သေချာကြည့်ပါ။ လိမ်နေညာနေတဲ့ အရိပ်အရောင် တစ်စက် ပေါ်နေသလား”
“ရှင်ထွက်သွားတော့”.. သူဇာလွင်နောက်တစ်ခါ ထပ်အော်လိုက်တယ်။
“ခင်ဗျား မျက်လုံးတွေကိုကြည့်လိုက်ရင် ကျွန်တော် သိနေတာပဲ။ မမမေ..ဆိုတဲံ နာမည်ကို စကြားကတည်းက ခင်ဗျားမျက်နှာမှာ ဖြတ်ပြေးသွားတဲ့ အရိပ်တွေကို ကျွန်တော် တွေ့လိုက်တာပဲ။ ခင်ဗျားကိုယ်တိုင်လည်း ဒါ အမှန်ဆိုတာ သိနေတယ်မဟုတ်လား။ ခင်ဗျား ဘာတွေကို ဒီလောက် ဖင်ပိတ်ငြင်းနေတာလဲ မသူဇာ.. “
သူဇာလွင့်လက်က ရုတ်တရက် လေထဲကို မြောက်တက်သွားပြီး မင်းခန့်ထူးရဲ့ မျက်နှာကို ဖြတ်ရိုက်ချပစ်လိုက်တယ်။
“ရှင် အခုထွက်သွားလို့ ပြောနေတယ်။ နားမလည်ဘူးလား”
မင်းခန့်ထူးက သူ့ပါးတစ်ဖက်ကို လက်နဲ့ ပွတ်ရင်း သူဇာလွင့်ကို စိုက်ကြည့်နေတုန်းပဲ။
“ဦးလေး.. ဦးလေး.. အထဲကို လာပါဦး”.. သူဇာလွင် လှမ်းအော်လိုက်တယ်။
ညစောင့်ဦးလေးကြီး ကပျာကယာနဲ့ အခန်းတံခါးကို ဖွင့်ပြီး ဝင်လာတယ်။ မတ်တပ်ရပ်နေတဲ့ သူဇာလွင်တို့နှစ်ယောက်ကို ကျီးကြည့်ကြောင်ကြည့် ကြည့်တယ်။
“ဘာဖြစ်လို့လဲ။ ဘာဖြစ်တာလဲ သမီး”
“ဒီလူကို ခေါ်ထုတ်သွားပေးပါ။ သူ ကျွန်မကို မဟုတ်တမ်းတရားတွေ လာပြောနေတယ်”
“ဟေ”.. ညစောင့်ဦးလေးကြီးက မင်းခန့်ထူးရဲ့ ကျောပြင်ကို ကြည့်ရင်း ကြောင်တောင်တောင် ဖြစ်သွားတယ်။ သူ့တာဝန်က ညစောင့်အလုပ်လေ.. လုံခြံရေးမှမဟုတ်ဘဲ။ ဒီတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ချီတုံချတုံ ဖြစ်နေတယ်။
“မဟုတ်တမ်းတရားတွေ.. ဟုတ်လား မသူဇာ..။ ခင်ဗျားပြောတော့ အမှန်တရားဆိုတာ အမြဲ တရားပါတယ်…ဆို”.. မင်းခန့်ထူးက ညစောင့်ဦးလေးကြီးကို လှည့်တောင်မကြည့်ဘဲ သူဇာလွင့်ကိုပဲ တည့်တည့်စိုက်ကြည့်ရင်းပြောတယ်။
“ရှင် အပိုစကားတွေ ပြောမနေနဲ့။ ဘာအမှန်တရားလဲ။ ရှင့်ပါးစပ်က ထွက်သမျှ စကားအကုန်လုံး အလိမ်အညာတွေချည်းပဲ။ ရှင့်အကြံ ဘာလဲ ကျွန်မ မသိဘူး။ သိလည်း မသိချင်ဘူး။ ရှင်ဒီလောက် အောက်တန်းကျလိမ့်မယ်လို့ ကျွန်မ ထင်မထားဘူး။ ကျွန်မ ရှင့်ကို အချိန်တွေ အများကြီးပေးပြီး နားထောင်ပေးမိတာ ကိုယ့်ပါးကိုယ် ပြန်ရိုက်ချင်တယ်။ ရှင်ဘယ်လိုလူလဲ”..သူဇာလွင် ပြောရင်းနဲ့ အသံတွေ တုန်ချင်လာတယ်။ ဝဲလာတဲ့ မျက်ရည်ကို မျက်လုံးစုံမှိတ်ပြီး ပုတ်ထုတ်လိုက်တယ်။
“ညီလေး.. ဒီက သမီးက သွားဆိုရင်လည်း ထွက်သွားလိုက်ပါကွာ..လာပါ”.. ညစောင့်ဦးလေးကြီးက အခန်းထဲကို ခြေတစ်လှမ်း လှမ်းဝင်လာတယ်။ မင်းခန့်ထူးကို ခေါ်ထုတ်သွားဖို့ မရဲတရဲနဲ့ လက်ကိုရွယ်တယ်။
“ခဏလေး မသူဇာ။ ခင်ဗျားကို ပေးစရာ နောက်တစ်ခု ရှိသေးတယ်”.. မင်းခန့်ထူးက သူ့အိတ်ကပ်ထဲကနေ ပစ္စည်းတစ်ခုကို ထုတ်တယ်။ သူဇာလွင့်ရဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ လက်ကို သူ့လက်တစ်ဖက်နဲ့ လှမ်းကိုင်တယ်။ သူဇာလွင် ဆတ်ခနဲ ဖြစ်သွားတယ်။ ဆောင့်ရုန်းလိုက်တယ်။ ဒါပေမယ့် မင်းခန့်ထူးက သူဇာလွင့်လက်ကို မလွှတ်ဘူး။ မဖြန့်ချင် ဖြန့်ချင်နဲ့ ဖြန့်လိုက်ရတဲ့ သူဇာလွင့် လက်ဖဝါးထဲကို အတင်းထည့်ပေးတယ်။
လက်ထဲကို ရောက်လာတဲ့ လော့ကတ်သီးကို သူဇာလွင် ငုံ့ကြည့်လိုက်တယ်။ ငွေရောင်တလက်လက်တောက်နေတဲ့ လော့ကတ်သီးကို ကြည့်မိမှ ဒေါသက ပိုလို့တောင် ထွက်လာတယ်။
“အဲဒီ လော့ကတ်သီးကို ဖွင့်ကြည့်လိုက်ပါ မသူဇာ..။ ခင်ဗျား အမေ..”
“ဘာအမေလဲ။ ကျွန်မမှာ ဘာအမေမှ မရှိဘူး”.. သူဇာလွင် ပြောပြီးတာနဲ့ လော့ကတ်သီးကို လွှင့်ပစ်လိုက်တယ်။ လော့ကတ်သီးက စားပွဲပေါ်ကို ထောက်ခနဲ ကျတယ်။ ပြန်စင်ထွက်ပြီး ကြမ်းပြင်ပေါ် ပြုတ်ကျသွားတယ်။ “ရှင်အခု ထွက်သွားပါ။ ကျွန်မတောင်းပန်ပါတယ်”.. သူဇာလွင့်ပါးပေါ်ကို မျက်ရည်ပူပူတွေ စီးကျလာတယ်။ နှုတ်ခမ်းကို အတင်းကိုက်ပြီး အော်မငိုမိအောင် ထိန်းထားရတယ်။
“ကဲကဲ.. ညီလေး လာတော့”.. ညစောင့်ဦးလေးကြီးက မင်းခန့်ထူးရဲ့ ပခုံးပေါ်ကို သူ့လက်ကို တင်လိုက်တယ်။ မင်းခန့်ထူးက လက်ကို အသာအယာ ပြန်ဖယ်တယ်။
“မသူဇာ.. ကျွန်တော့်ကို ယုံပါ။ ကျွန်တော် တကယ်ပြောနေတာ။ ကျွန်တော့် သူငယ်ချင်းတွေကို ကယ်ပါ..”.. မင်းခန့်ထူးက သူဇာလွင့်ကို အသနားခံတဲ့ မျက်လုံးတွေနဲ့ကြည့်ရင်း ပြောတယ်။
“ဘာကို ကယ်ရမှာလဲ။ ရှင့်စိတ်ကူးထဲမှာ ဖြစ်နေတာတွေ။ ရှင်ရူးနေလို့ လျှောက်ထင်နေတာတွေကို ကျွန်မက ဘာလုပ်ပေးရမှာလဲ။ ရှင့်ကို ကယ်နိုင်တာ ကျွန်မ မဟုတ်ဘူး။ စိတ်ရောဂါကု ဆရာဝန်ဆီ သွားရမှာ”.. သူဇာလွင် ပြောရင်းနဲ့ စားပွဲပေါ်မှာ တင်ထားတဲ့ အသံသွင်းစက်ကို လှမ်းယူတယ်။ “ဒီအင်တာဗျူးဟာ ကျွန်မဘ၀မှာ အကျိုးမရှိဆုံး အင်တာဗျူးပဲ။ ရှင်သိလား”.. သူဇာလွင် လက်ထဲက အသံသွင်းစက်ကို ကြမ်းပြင်ပေါ် ပေါက်ခွဲပစ်လိုက်တယ်။ စက်ထဲက တိတ်ခွေ ခုန်ပျံလွင့်ထွက်သွားတယ်။ စက်တစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ပြုတ်ထွက်ကုန်တယ်။ ညစောင့်ဦးလေးကြီးက သူဇာလွင်တို့ ဖြစ်ပျက်နေတာတွေကို ကြည့်ရင်း ခေါင်းကုတ်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေတယ်။
မင်းခန့်ထူး လက်နှစ်ဖက် ရုတ်တရက် မြောက်တက်လာပြီး သူဇာလွင့် ပခုံးတွေကို ဖမ်းကိုင်လိုက်တယ်။ သူ့မျက်လုံးထဲမှာ တောင်းပန်ခြင်းနဲ့အတူ ဒေါသငွေ့တွေ ဝေ့ဝဲလာတယ်။
“မသူဇာ။ ကျွန်တော် ခင်ဗျားကို အမှန်အတိုင်း ပြောနေတာ.. ကျွန်တော့် ကိုယ်ထဲမှာ..”
မင်းခန့်ထူး စကား မဆုံးခင်မှာ သူဇာလွင် သူ့ကိုယ်လုံးကို ဆောင့်တွန်းလိုက်တယ်။ မင်းခန့်ထူး အနောက်ကို တစ်ချက် ယိုင်ထွက်သွားတယ်။ သူဇာလွင် သူနဲ့ နီးအောင် ခြေတစ်လှမ်း လှမ်းလိုက်တယ်။
“ရှင် ရူးနေသလား မရူးဘူးလား ကျွန်မ သက်သေပြမယ်”
မင်းခန့်ထူး လည်ပင်းမှာ ဆွဲထားတဲ့ ဆွဲကြိုးကို သူဇာလွင် ဆောင့်ဆွဲဖြုတ်ပစ်လိုက်တယ်။
(ခ)
ပြတ်ထွက်ပြီး ပါလာတဲ့ ငွေဆွဲကြိုးက သူဇာလွင့် လက်ထဲမှာ တန်းလန်း.. လှုပ်ယမ်းနေတယ်။
“ဘယ်မှာလဲ ရှင့်ရဲ့ မကောင်းဆိုးဝါး”.. သူဇာလွင် မဲ့ပြုံးပြုံးပြီး ပြောလိုက်တယ်။ ဆွဲကြိုးကို မင်းခန့်ထူးဆီ ပြန်ပစ်ပေးလိုက်တယ်။ ဆွဲကြိုးက မင်းခန့်ထူးရဲ့ ရင်ဘတ်ကို ထိပြီး သူ့ခြေရင်းဆီ ပြုတ်ကျသွားတယ်။ မင်းခန့်ထူးက ပါးစပ်အဟောင်းသားနဲ့ သူဇာလွင့်ကို ကြည့်နေတယ်။
“ခင်ဗျား.. ဘယ်လို လုပ်လိုက်တာလဲ”
“ပြောလေ.. ဘယ်မှာလဲ။ ရှင့်ရဲ့ သတ္တဝါကြီး ထွက်မလာပါလား ကိုမင်းခန့်ထူး။ ရှင် ရူးနေပြီဆိုတာ လက်ခံပြီလား”
“ညီလေး.. လာပါ.. သွားရအောင်”… ညစောင့်ဦးလေးကြီးက မင်းခန့်ထူး လက်မောင်းကို လှမ်းဆွဲတယ်။
“မသူဇာ.. ခင်ဗျား အဆင်သင့် မဖြစ်သေးဘူး။ လော့ကတ်သီးကို ဖွင့်ကြည့်လိုက်ပါ။ ကျွန်တော် တောင်းပန်ပါတယ်”.. မင်းခန့်ထူးက ပြောတယ်။
“ဦးလေး။ သူ့ကို ဆွဲထုတ်သွားတော့။ ကျွန်မ တကယ် ပြောနေတာ။ မဟုတ်ရင် ကျွန်မ ရဲကို ဖုန်းဆက်တော့မယ်”
ညစောင့်ဦးလေးကြီးက မင်းခန့်ထူးရဲ့ လက်ကို ဆွဲပြီး အတင်းခေါ်တယ်။ မင်းခန့်ထူး ရုန်းဖို့ ကြိုးစားရင်း ရုံးခန်းတံခါး၀အထိ ပါသွားတယ်။ နောက်ကို လည်ပြန်လှည့်တယ်။ သူဇာလွင့်ကို ကြည့်၊ ပါးစပ်က တတွတ်တွတ် တောင်းပန်တယ်။
“ဆောရီးပါ ကိုမင်းခန့်ထူး။ ရှင့်အတွက် ကျွန်မ စိတ်မကောင်းဘူး။ ရှင့်စိတ်အခြေအနေကို ရှင် မသိတဲ့အတွက် ပိုလို့တောင် ဝမ်းနည်းမိတယ်။ ကျွန်မ ပြောမယ်.. ရှင် ဒီကနေ ပြန်သွားရင် စိတ်ရောဂါကု ဆရာဝန်နဲ့ သွားတွေ့လိုက်ပါ။ ရှင့်အတွက်ပြောနေတာ”
မင်းခန့်ထူးက လက်လျှော့သွားသလို သက်ပြင်းအရှည်ကြီး ချလိုက်တယ်။ ညစောင့်ဦးလေးကြီးက မင်းခန့်ထူးလက်ကို တင်းတင်းဆုပ်ရင်း အပြင်ကိုခေါ်ထုတ်ဖို့ အတင်းကြိုးစားနေတယ်။
“မသူဇာ.. ခင်ဗျား နောင်တရလိမ့်မယ်။ မလုပ်ပါနဲ့..”
သူဇာလွင် မင်းခန့်ထူးကို မကြည့်တော့ဘဲ ထိုင်ခုံမှာ ပြန်ထိုင် မျက်နှာကို လွှဲထားလိုက်တယ်။ ဒေါသစိတ်တွေကို ပြန်မျိုချလိုက်တယ်။ နောင်တက အခုကတည်းက ရနေပါပြီ..။ ဒီအင်တာဗျူးကို စမိတဲ့အတွက်။ ဒီလူကို အချိန်ပေးပြီး နားထောင်ပေးမိတဲ့အတွက်။ ဒါနင့်အပြစ်ပဲ.. ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင် သူဇာလွင်။
“ညီလေး.. လာကွာ။ ငါလည်း အသက်ကြီးနေပြီ။ မင်းကို အတင်းဆွဲထုတ်ရအောင် အားမရှိဘူး။ လာပါဟ”.. ညစောင့်ဦးလေးကြီးက မင်းခန့်ထူးကို တောင်းပန်တဲ့အသံနဲ့ ပြောတယ်။
“ရတယ်။ ကျွန်တော် သွားမယ်။ ဦးလေး ကျွန်တော့်လက်ကို လွှတ်”.. မင်းခန့်ထူးက လေသံအေးအေးနဲ့ ပြောတယ်။ သူဇာလွင် သူ့ကို မော့မကြည့်မိအောင် စိတ်တင်းထားတယ်။ ထွက်သွားပါတော့။
“ကျွန်တော့်ဘက်က ပြောစရာကုန်သွားပြီ။ ယုံတာမယုံတာ ခင်ဗျား အပိုင်း။ ဒါပေမယ့် ကျွန်တော် ခင်ဗျားကို အပြစ်မတင်ပါဘူး။ ဆက်ဖြစ်လာမယ့် နောက်ဆက်တွဲတွေဟာ ခင်ဗျားအပြစ် မဟုတ်ပါဘူး မသူဇာ”.. မင်းခန့်ထူးက ပြောပြီးတာနဲ့ အခန်းထဲကနေ ထွက်သွားတယ်။ ညစောင့်ဦးလေးကြီးက နောက်ကနေ ကပျာကယာနဲ့ ပြေးလိုက်သွားတယ်။
(ဂ)
အချိန်ဘယ်လောက်ကြာသွားသလဲ..မသိဘူး။ သူဇာလွင် စားပွဲပေါ်မှာ မျက်နှာကို မှောက်ချထားရင်း ခေါင်းထဲက ထူပူနေတဲ့ ဒေါသစိတ်တွေ၊ ဝေခွဲမရစိတ်တွေကို အရှိန်ကျသွားအောင် ကြိုးစားနေတယ်။ မင်းခန့်ထူး ထွက်သွားပြီးတဲ့နောက်မှာ သူဇာလွင့် ကိုယ်ထဲကို ဝမ်းနည်းစိတ်တွေပါ လှိမ့်ဝင်လာတယ်။ ဟာလာဟင်းလင်း ဖြစ်သွားတဲ့ ခံစားချက်တွေလည်း ပါလိမ့်မယ်။ မင်းခန့်ထူးရဲ့ စကားတွေကို သူဇာလွင် အစကတည်းက မယုံခဲ့ပေမယ့် သူ့ရဲ့ ကြင်နာသနားရိပ်နဲ့ မျက်နှာကို သဘောကျတယ်။ ပုံပြောသလို ငြိမ့်ညောင်းနေတဲ့ သူ့ရဲ့ စကားသံတွေမှာ နစ်မျောမိတယ်။ ဘယ်လိုပဲ အဓိပ္ပာယ်မရှိတာတွေ ပြောနေခဲ့ ပြောနေခဲ့.. သူ့ဇာတ်လမ်းမှာ သူဇာလွင် သာယာမျောပါသွားခဲ့တာတော့ အမှန်ပဲ။ ဒါပေမယ့် သူဇာလွင့် ယုံကြည်ချက်နဲ့ ခံစားမှုတွေကို အရုပ်တစ်ရုပ်လို ဆော့စကားပြီး မိုက်ရိုင်းစွာ ဖျက်ဆီး သွားတာကိုတော့ ယူကြုံးမရဖြစ်မိတယ်။ သူတစ်ပါးရဲ့ အားနည်းချက်ကို အသုံးချပြီး ဒီလို လုပ်တတ်လိမ့်မယ်လို့ သူဇာလွင် လုံး၀ မထင်မိဘူး။
သူဇာလွင် ထိုင်ခုံမှာ မတ်မတ် ပြန်ထိုင်လိုက်တယ်။ မျက်နှာပေါ်က မျက်ရည်တွေကို သုတ်တယ်။ အံဆွဲထဲက မိတ်ကပ်ဘူးကို ယူ၊ ပျက်ယွင်းသွားတဲ့ အလှအပတွေကို ပြန်ချယ်သဖို့ ကြိုးစားတယ်။ လက်ကိုင်မှန်သေးသေးလေးထဲမှာ မြင်နေရတဲ့ သူဇာလွင့် မျက်နှာက တော်တော်ကို ကျိုးကြေနေပြီ။ မျက်လုံးတစ်ခုလုံးနီရဲမို့အစ်နေတယ်။ ကာချယ်တွေက ပေပွပျက်ရွဲလို့။ သူဇာလွင် လက်လျှော့လိုက်တယ်။ မျက်နှာကို တစ်သျှူးအစိုတစ်ခုနဲ့ ခပ်ကြမ်းကြမ်း သုတ်လိုက်တယ်။ မိတ်ကပ်တွေ အိုင်းလိုင်နာတွေ အကုန်ပျက်သွားအောင် ဖျက်လိုက်တယ်။ နှုတ်ခမ်းနီတွေလည်း ပျက်ပါစေတော့။
ရှုပ်ပွနေတဲ့ ရုံးခန်း ပတ်ပတ်လည်ကို သူဇာလွင် ကြည့်ရင်း သက်ပြင်းချလိုက်တယ်။ ဘယ်လို အင်တာဗျူးမျိုးလဲ..။ တစ်သက်နဲ့ တစ်ကိုယ် ဒီလောက် စိတ်ရောကိုယ်ပါ ပင်ပန်းရတဲ့ အင်တာဗျူးမျိုး မကြုံဖူးဘူး။ ထိုင်ခုံမှာ ထိုင်နေရာကနေ ထ.. အခန်းထဲက ပွထနေတဲ့ ပစ္စည်းတွေကို လိုက်ကောက်တယ်။
အသံသွင်းစက်က တစ်စစီ ပြုတ်ထွက်လို့။ တိတ်ခွေလည်း ဘယ်နား လွင့်ထွက်သွားသလဲ မသိ။ အသံသွင်းစက်ကလေးကိုတော့ နှမြောမိတယ်။ ဝယ်ထားတာ ကြာလှပြီပဲ..။ သူများတွေ ဖုန်းတွေ၊ ဒစ်ဂျစ်တယ် ရီကော်ဒါတွေ သုံးနေချိန်မှာ သူဇာလွင်ကတော့ သူ့ရဲ့ ရှေးဟောင်း ဆိုနီအသံသွင်းစက်လေးကို တသသနဲ့ ဂုဏ်ယူနေခဲ့တာ..။ အခုတော့ သုံးမရအောင် ပျက်စီးသွားပြီ။
စားပွဲအောက်မှာ ပြုတ်ကျနေတဲ့ မှတ်စုစာအုပ်ကို လှမ်းယူတယ်။ ပြန့်ကျဲနေတဲ့ ဓာတ်ပုံတွေကို စာအုပ်ထဲမှာ ပြန်ညှပ်တယ်။ နောက်နေ့မှ မင်းခန့်ထူးရုံးကို စာတိုက်ကနေ ပြန်ပို့ပေးရမယ်..။ မင်းခန့်ထူးဆိုမှ.. သူ ဒီအချိန်ကြီး ကားငှားပြန်လို့ ရပါ့မလား ဆိုပြီး သူဇာလွင် စိတ်ပူမိသလိုလို ဖြစ်သွားသေးတယ်။ စိတ်ပူမိသွားလို့ ကိုယ့်ကိုယ်ကိုယ်တောင် ဒေါသထွက်သွားတယ်။ သူ့ဘာသာသာ လမ်းလျှောက်ပြန်ပစေ။ နင့်အပူလား..သူဇာလွင်။
ကြမ်းပြင်မှာ ကျနေတဲ့ ငွေဆွဲကြိုး အပြတ်လေးကိုလည်း ပြန်ကောက်လိုက်တယ်။ ဆွဲကြိုး သေးသေးမျှင်မျှင်လေးကို ကြည့်ရင်း သူဇာလွင် စိတ်ပျက်လက်ပျက် ခေါင်းခါမိတယ်။ မင်းခန့်ထူး ကိုယ်ထဲမှာ မကောင်းဆိုးဝါး ရှိသလား မရှိသလားတော့ မသိဘူး၊ ယဉ်ယဉ်လေး ရူးနေတာတော့ သေချာတယ်။ ဆွဲကြိုးကို ကြည့်ရင်း သူဇာလွင် လော့ကတ်သီးကို သတိရသွားတယ်။ ဘယ်နားကို လွှင့်ပစ်လိုက်မိပါလိမ့်။
သုံးလေးမိနစ်လောက် ကြာအောင် ရှာပြီးတော့မှ စားပွဲအောက်ခြေထောက်နားမှာ ကျနေတဲ့ လော့ကတ်သီးလေးကို သူဇာလွင်တွေ့သွားတယ်။ လော့ကတ်သီးကို ဖွင့်ကြည့်လိုက်ပါ..တဲ့။ မင်းခန့်ထူးက မှာသွားသေးတယ်။ ဘာလို့ ဖွင့်ကြည့်ရမှာလဲ။ ဘာအလိမ်အညာတွေ ထပ်တွေ့ရဦးမှာလဲ။ တော်ပါတော့။
ဆွဲကြိုးနဲ့ လော့ကတ်သီးကို လုံးထွေးပြီး သူဇာလွင့် ကုတ်အင်္ကျီအိတ်ကပ်ထဲကို ထည့်လိုက်တယ်။
နာရီကို လှမ်းကြည့်လိုက်ပြီး သူဇာလွင် စိတ်ပျက်လက်ပျက်နဲ့ တောက်ခေါက်လိုက်တယ်။ မနက်လင်းတော့မယ်။ အခုထိ အိမ်မပြန်ရသေးဘူး။ အခန်းကို ပြန်သပ်ရပ်သွားအောင် သူဇာလွင် ခပ်သွက်သွက်လေး ရှင်းလိုက်တယ်။ ကော်ဖီခွက်တွေ ပန်းကန်တွေကို ဘေးစားပွဲပေါ်မှာ စီပြီးတင်တယ်။ မနက်ဖြန်ကျမှ ဆေးရမယ်။
ရုံးခန်းတစ်ခုလုံး မူလအတိုင်း ပြန်ရှင်းလင်း သပ်ရပ်သွားတော့မှ သူဇာလွင် ကျေနပ်သွားသလို ခေါင်းညိတ်လိုက်တယ်။ ဒီနေ့အဖြစ်အပျက်ကို မေ့လိုက်တော့.. မနက်ဖြန်တွေ ရှိသေးတယ်။ လုပ်စရာရှိတာတွေ ဆက်လုပ်ရဦးမယ်။ မှုခင်းသတင်းထောက် တစ်ယောက်အနေနဲ့ ဒီလို ရူးကြောင်ကြောင် အမှုတွေ ထပ်တွေ့ဦးမှာပဲ။ နင့်စိတ်ကို ပျက်ပြားမသွားစေနဲ့ သူဇာလွင်။
မင်းခန့်ထူးပေးထားတဲ့ မှတ်စုစာအုပ်ကို လက်မှာကိုင်၊ ကားသော့နဲ့ ဟန်းဖုန်းကို အင်္ကျီအိတ်ထဲ ကောက်ထည့်၊ ဝတ်ထားတဲ့ ကုတ်အင်္ကျီနဲ့ ဘောင်းဘီကို သပ်ရပ်အောင် ပြန်ဖြန့်၊ ပွယောင်းနေတဲ့ ဆံပင်တွေကို ခေါင်းစည်းကြိုးနဲ့ နောက်မှာစုပြီး စည်း.. သူဇာလွင် အလုပ်တော်တော် ရှုပ်သွားတယ်။
သူဇာလွင့် ရုံးခန်းတံခါးကို ပိတ်၊ သော့ခတ်ပြီး ပင်မရုံးခန်းထဲကို ပြန်ဝင်လိုက်တော့ မနက် ၄ နာရီ ခွဲပြီ။
(ဃ)
ပင်မရုံးခန်းထဲမှာ သူဇာလွင် တစ်ယောက်တည်း မတ်တပ်ရပ်နေရင်း အခန်း ပတ်ပတ်လည်ကို ကြည့်လိုက်တယ်။ သူဇာလွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့တဲ့ နေရာ.. အခုထိ ဘာမှ မပြောင်းလဲ သေးဘူး။ ကွန်ပြူတာ မော်ဒယ်အဟောင်းတွေက နောက်ဆုံးပေါ် မော်ဒယ်အသစ်တွေ အဖြစ် ပြောင်းလဲသွားတယ်။ ရုံးခန်းထဲက အကန့်အကန့်လေးတွေ များသထက် များလာတယ်။ ဝန်ထမ်း အယောက် ၂၀ လောက် ကောင်းကောင်း ထိုင်လို့ရအောင် အကန့်လေးတွေကို စီတန်း ကာရံထားတယ်။ ရင်းနှီးနေတဲ့ စက္ကူနံ့သင်းသင်းကို သူဇာလွင် အားရပါးရ ရှူလိုက်တယ်။
ဒါပေမယ့် သူဇာလွင့် နှာခေါင်းထဲမှာ စက္ကူနံ့မရဘူး။ ခပ်အီအီ သိုးသိုးအနံ့တစ်ခု..။ ကြွက်တွေဘာတွေ သေနေတာများလား။ တစ်ခါတစ်လေ အဲယားကွန်းလေကာထဲမှာ အိမ်မြောင်တွေ၊ ကြွက်တွေ ဝင်သေနေရင် တစ်ရုံးလုံး နံဟောင်သွားတတ်တယ်။ ရုံးဝန်ထမ်းတွေ အစားအသောက်စားပြီး မဆေးဘဲ ထားခဲ့ရင်လည်း ဒီလို အောက်သိုးသိုးအနံ့တွေ ထွက်လာတတ်တယ်။ မနက်ဖြန်ကျမှ သန့်ရှင်းရေးကို ပြောပြရမယ်။
ညစောင့် ဦးလေးကြီး အခုထိ ပြန်ရောက်မလာသေးဘူး။ မင်းခန့်ထူးကို ဘယ်အထိ လိုက်ပို့နေပါလိမ့်။ ဝင်းအပြင်အထိများ ပို့ပေးနေသလား။ ကားငှားမရလို့ စောင့်ပေးနေသလား။ ဒါမှမဟုတ် အပေါ်ပြန်တက်မလာဘဲ အောက်က ပလက်လက်ကုလားထိုင်မှာပဲ အိပ်ပျော်နေသလား..။
ငါပဲ အကုန်လုပ်နေရတာပဲ.. သူဇာလွင် မကျေမနပ်နဲ့ တွေးလိုက်တယ်။ ရုံးစည်းကမ်းအရ နောက်ဆုံး ကျန်ခဲ့တဲ့သူက မီးတွေ အကုန်ပိတ်ဖို့ တာဝန်ယူရတယ်လေ။ ပုံမှန်ဆိုရင် စာရေးကောင်လေး တစ်ယောက်နှစ်ယောက်တော့ အမြဲ နောက်ဆုံး စောင့်ပိတ်ပေးတယ်။ ဒီနေ့တော့ မနက်လင်းကာနီးပြီဆိုတော့ ဘယ်သူမှ မရှိကြတော့ဘူး။ သူဇာလွင် ခေါင်းကုတ်လိုက်တယ်။ တစ်ရုံးလုံးရဲ့ မြောက်များလှစွာသော မီးခလုတ်တွေကို တစ်ခုခြင်း လိုက်ပိတ်ရရင် သေတော့မှာပဲ။
ရေသန့်စက်အပေါ်မှာ တပ်ထားတဲ့ မိန်းဘုတ်ကြီးဆီကို သူဇာလွင့် မျက်လုံးက ရောက်သွားတယ်။ တော်ပြီး မီးခလုတ်တွေတော့ တစ်ခုခြင်း လိုက်မပိတ်နိုင်တော့ဘူး။ မိန်းတွေအကုန် ချခဲ့လိုက်မယ်။
မိန်းဘုတ်ဆီကို လျှောက်သွားနေတဲ့ သူဇာလွင့် ရှူးဖိနပ်က တဒေါက်ဒေါက်အသံ.. တိတ်ဆိတ်နေတဲ့ ရုံးခန်းထဲမှာ ကျယ်လောင် မြည်ဟိန်းနေတယ်။ မိန်းဘုတ်ကို လှန် ဖွင့်လိုက်တော့အထဲမှာ စီတန်းနေတဲ့ ခလုတ် သေးသေးလေးတွေ အများကြီး ပေါ်လာတယ်။
“အာ.. ရှုပ်နေတာပဲ”.. သူဇာလွင် အသံထွက်ပြီး ညည်းလိုက်တယ်။ ဘယ်ခလုတ်က ဘာအတွက်လဲ သူဇာလွင် မသိဘူး။ ခလုတ်တွေ အကုန်လုံးကို တစ်ခုခြင်းစီ အောက်ကို ဆွဲချလိုက်တယ်။ ကော်ရစ်ဒါ မီးတွေ ပိတ်သွားတယ်။ ကွန်ပြူတာတွေ အကုန် ပိတ်သွားတယ်။ ရေသန့်စက် ပိတ်သွားတယ်။ စီစီတီဗွီ မီးနီနီတွေလည်း မှိတ်သွားတယ်။ မျက်နှာကြက်မီးတွေကတော့ လင်းနေတုန်းပဲ။
နောက်ဆုံးကျန်နေတဲ့ ခလုတ်နှစ်ခုကိုပါ သူဇာလွင် ဆွဲချလိုက်တယ်။ ဒတ်ခနဲ အသံနဲ့အတူ တစ်ခန်းလုံး မှောင်ကျသွားတယ်။ နံရံမှာ ကပ်ထားတဲ့ အရေးပေါ်မီးလုံးက ဖျတ်ခနဲ လင်းလာတယ်။
“အယ်.. ဘာတွေ ဖြစ်ကုန်ပြီလဲ မသိဘူး”.. သူဇာလွင် ခပ်တိုးတိုး ညည်းလိုက်တယ်။ အရေးပေါ်မီးလုံးရဲ့ မီးရောင်က အခန်းကျယ်ကြီးကို အပြည့်အ၀ ဖြန့်ကျက်မပေးနိုင်ဘူး။ အမှောင်ထဲမှာ ပေါ်လာတဲ့ ရုံးပရိဘောဂတွေရဲ့ အရိပ်ရှည်ရှည်တွေ တစ်ခန်းလုံး ပြည့်နှက်သွားတယ်။
အဲဒီမှာ.. ဂွီ..ဆိုတဲ့ အသံသဲ့သဲ့ ကြားလိုက်ရတယ်။
သူဇာလွင် ကိုယ့်ဗိုက်ကိုယ် လက်နဲ့ ပြန်ကိုင်လိုက်တယ်။ ဟုတ်တယ်.. ဗိုက်တော်တော် ဆာနေပြီ။ ဆာမှာပေါ့ တစ်ရက်နဲ့ တစ်ညလုံးလုံး ခေါက်ဆွဲပြုတ်သုံးလေးဇွန်းနဲ့ စခန်းသွားထားရတာ။ အိမ်ရောက်မှ ပေါင်မုန့်မီးကင်လေး မြန်မြန်လုပ်ပြီး စားရမယ်။
သူဇာလွင် မိန်းဘုတ်ရှေ့ကနေ လှည့်ထွက်လိုက်တယ်။ အခန်း တံခါး၀ဆီကို ရောက်ဖို့ ခြေလှမ်း ၂၀ လောက် လိုသေးတယ်။ အရေးပေါ်မီးရဲ့ အလင်းရောင်က အရှေ့ ဆယ်ပေ ဆယ့်ငါးပေလောက်မှာ မှေးမှိန်ပျောက်ကွယ်သွားတယ်။
ဟန်းဖုန်းရဲ့ ဓာတ်မီးကို သူဇာလွင် ဖွင့်လိုက်တယ်။ အခန်း တံခါး၀ဆီကို ခပ်သွက်သွက် လျှောက်လာလိုက်တယ်။
တံခါး၀နားကိုရောက်တော့ သူဇာလွင့် ခြေလှမ်းတွေ တုံ့ခနဲ ဖြစ်သွားတယ်။ တံခါးက ပိတ်ထားတယ်။ အပြင်ဘာဂျာတံခါးကိုလည်း သော့ခတ်ထားတယ်။ အထဲကနေ ခတ်ထားတဲ့ သော့ခလောက်ကို ကြည့်ရင်း သူဇာလွင် ကြောင်သွားတယ်။ ဘယ်သူ သော့ခတ်လိုက်တာလဲ။ သူဇာလွင့် မျက်လုံးတွေ သော့ခလောက်ကို ကြည့်နေရာကနေ အောက်ကို ဆက်ကျသွားတယ်။
ကြမ်းပြင်မှာ လဲနေတဲ့ လူတစ်ယောက်..။
ထိတ်ခနဲ့ ဖြစ်သွားတဲ့ ခံစားချက်ကို အသာ ပြန်မျိုချရင်း ကြမ်းပြင်မှာ လဲနေတဲ့လူကို ဟန်းဖုန်း ဓာတ်မီးနဲ့ သေသေချာချာ ထိုးကြည့်လိုက်တယ်။
မင်းခန့်ထူး။
(င)
သူဇာလွင့် ပါးစပ်ထဲက အာမေဋိတ်သံ လေးငါးခု တပြိုင်တည်း ခုန်ထွက်သွားတယ်။ မင်းခန့်ထူးအနားကို ပြေးသွားတယ်။ သူ့ဘေးမှာ ဒူးထောက်ထိုင်တယ်။ မှောက်လျက်လဲနေတဲ့ သူ့ရဲ့ ကိုယ်လုံးကို ဆွဲလှည့်လိုက်တယ်။
မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူဇာလွင့် နှလုံး ခဏ ရပ်သွားတယ်။
မင်းခန့်ထူးရဲ့ ပါးစပ်တစ်ခုလုံး သွေးတွေ ပေပွနေတယ်။ မေးစေ့မှာ တွဲလောင်းကျနေတဲ့ မည်းမည်း အမျှင်တွေ..။ ဘာတွေလဲ.. ဆံပင်တွေလား။ မျက်လုံးထောင့်စွန်းမှာလည်း မည်းမည်းအရည်တွေ ထွက်နေတယ်။ ပြီးတော့ သူ့မျက်နှာတစ်ဝိုက်မှာ ထင်းထင်းကြီးပေါ်နေတဲ့ အရေးအကြောင်းတွေ..။ နေ့ခြင်းညခြင်း အိုစာသွားတဲ့ မင်းခန့်ထူးရဲ့ မျက်နှာ..။ နုပျိုနေတဲ့ သူ့မျက်နှာရဲ့ တင်းရင်းမှုတွေက အရေခွံလဲလိုက်သလို .. ဘယ်ကို ရောက်သွားသလဲ။
နင်ဘာတွေ တွေးနေတာလဲ။ စိတ်ကို ငြိမ်ငြိမ်ထားစမ်း။ ဒီလူ အဆိပ်မိတာလား။ လေဖြတ်တာလား။ နှလုံးရောဂါဖောက်တာလား.. တစ်ခုခုပဲ။ သဘာ၀ကျကျတွေးချင်တဲ့ သူဇာလွင့် မသိစိတ်က သတိပေးတယ်။ ဒါပေမယ့်.. မျက်စိထဲမှာ မြင်နေရတဲ့ မြင်ကွင်းက တခြား အဖြေတစ်ခုကို ထုတ်ပေးနေတယ်။ သူဇာလွင် မလိုချင်တဲ့အဖြေ။
သူဇာလွင့် နှာခေါင်းထဲကို တိုးဝင်နေတဲ့ အနံ့သိုးသိုးက ပိုပြီး ပြင်းလာတယ်။ သူဇာလွင် နှာခေါင်းကို လက်နဲ့ ကာလိုက်တယ်။ ပါးစပ်နဲ့ အသက်ရှူတယ်။ ဟန်းဖုန်းကို ကြမ်းပြင်ပေါ်မှာ မှောက်လျက်သား ချလိုက်တယ်။ ကျန်တဲ့လက်တစ်ဖက်နဲ့ မင်းခန့်ထူးကို လှုပ်နှိုးတယ်။
“ကိုမင်းခန့်.. ကိုမင်းခန့်.. ရှင် ဘာဖြစ်တာလဲ”
မင်းခန့်ထူးရဲ့ မျက်လုံးတွေ ဖြည်းဖြည်းချင်း ပွင့်လာတယ်။ အဝေးတစ်နေရာကနေ ပြန်ရောက်လာတဲ့ မျက်လုံးတွေ.. ဘေးဘီဝဲယာကို ကြည့်တယ်။ သူ့ကို မိုးပြီး ကြည့်နေတဲ့ သူဇာလွင့်ကို မြင်သွားတော့ မျက်လုံးတွေက သူဇာလွင့် မျက်နှာတည့်တည့်ကို စိုက်ကြည့်ရင်း ငြိမ်သွားတယ်။
“မသူဇာ..”.. မင်းခန့်ထူး ပါးစပ်ဟလိုက်တော့ သွေးပျစ်ပျစ်တွေ ပွက်ခနဲ ထွက်လာတယ်။
“ခဏလေး.. ခဏလေး.. ကျွန်မ ဆရာဝန်ဆီ ဖုန်းဆက်မယ်”.. သူဇာလွင် ဖုန်းကို လှမ်းယူမလို့ လက်လှမ်းလိုက်တယ်။ မင်းခန့်ထူးက သူဇာလွင့်လက်ကို ဖတ်ခနဲ လှမ်းကိုင်တယ်။
“မသူဇာ.. ခင်ဗျားအမေ..ပေးထားတဲ့..”.. မင်းခန့်ထူးမျက်လုံးတွေက မျက်နှာကြက်ဆီကို ရောက်သွားတယ်။ စကား တစ်ဝက်တစ်ပျက်မှာတင် ရပ်သွားတယ်။
မင်းခန့်ထူး သူဇာလွင့်ကို တွန်းထုတ်လိုက်တယ်။ သူဇာလွင် ရုတ်တရက်ဆိုတော့ ဟန်ချက် မထိန်းနိုင်ဘဲ ပက်လက်လန် လဲကျသွားတယ်။ ထောင်းခနဲ စိတ်တိုသွားပြီး ပါးစပ်က ခပ်တိုးတိုး ဆဲလိုက်တယ်။
“ရှင် ဘယ်လို ဖြစ်နေတာလဲ။ ကျွန်မ ရှင့်ကို ကူညီ…”.. သူဇာလွင့် စကားလည်း တစ်ဝက်တစ်ပျက်မှာတင် ရပ်သွားတယ်။ မျက်နှာကြက်ကို မော့ကြည့်နေရင်း.. ကိုယ်ထဲမှာ ရှိနေတဲ့ လေတွေအကုန် စုပ်ထုတ်ခံလိုက်ရသလို သူဇာလွင် ဆွံ့အသွားတယ်။
“မသူဇာ.. ပြေးတော့”.. မင်းခန့်ထူးက ပြောတယ်။
(စ)
လူတစ်ယောက်ရဲ့ တစ်သက်စာစွဲမြဲနေတဲ့ ခံယူချက်တွေ ပြောင်းလဲသွားဖို့ ဘာတွေလိုသလဲ.. သူဇာလွင် မသိဘူး။ ယုံကြည်ချက်တွေကို ပြောင်းပြန်လှန်လိုက်ဖို့ ဘာတွေလိုသလဲ သူဇာလွင် မသိဘူး။ ဒါပေမယ့် မျက်နှာကြက်မှာ ကပ်နေတဲ့ သတ္တဝါကို ကြည့်ရင်း သူဇာလွင့် ဦးနှောက်ထဲက ကလပ်စည်းတွေ တဖြုတ်ဖြုတ် ကြွေကျကုန်တယ်။ နေရာမှာတင် ရူးသွားချင်တဲ့ ခံစားချက် ခေါင်းထဲကို ဆောင့်ဝင်လာတယ်။
ကြမ်းပြင်မှာမှောက်လျက်သား ချထားတဲ့ ဟန်းဖုန်းရဲ့ ဓာတ်မီးရောင်သဲ့သဲ့က မျက်နှာကြက်ကို အကွင်းလိုက် အလင်းပေးထားတယ်။ အဲဒီအလင်းရောင်ထဲမှာ မျက်နှာကြက်က လေးဘက်ထောက်နေတဲ့ သတ္တဝါရဲ့ မျက်နှာကို မသဲမကွဲ မြင်နေရတယ်။ ဟပြဲကြီးဖြစ်နေတဲ့ ပါးစပ်ထဲကနေ အမျှင်တွေ တွဲလောင်း ကျနေတယ်။ လန်တက်နေတဲ့ မျက်လုံးတွေက ဖွေးဖွေးဖြူနေတယ်။
ဂွီဆိုတဲ့ အသံကြီးနဲ့အတူ ညစောင့်ဦးလေးကြီးရဲ့ မျက်နှာနဲ့ သတ္တဝါ မျက်နှာကြက်ကနေ ပြုတ်ကျလာတယ်။
(ဆ)
ရှေ့ကို ဖုတ်ခနဲ ပြုတ်ကျလာတဲ့ သတ္တဝါကို ကြည့်ရင်း သူဇာလွင့် အကြောအချင်တွေ အင်္ဂတေကိုင်ထားသလို တောင့်တင်းသွားတယ်။ ခေါင်းထဲကို စုပြုံဝင်လာတဲ့ မေးခွန်းတွေကို သူဇာလွင် ခါထုတ်လိုက်တယ်။ လဲကျနေရာကနေ ပြန်ထဖို့ သူဇာလွင် ကြိုးစားတယ်။ ခြေတွေလက်တွေ အားမရှိတော့သလို ပျော့ခွေနေတယ်။
“မသူဇာ.. လော့ကတ်…”.. မင်းခန့်ထူးက ပက်လက်လန်လဲနေရာကနေ ဗလုံးဗထွေးနဲ့ သူဇာလွင့်ကို လှမ်းပြောတယ်။ သူဇာလွင် သူ့ဘက်ကို အာရုံမပေးနိုင်သေးဘူး။ ကြမ်းပြင်မှာ လေးဘက်ထောက်ရင်း မျက်လုံးဖြူဖြူကြီးတွေနဲ့ သူ့ကို စိုက်ကြည့်နေတဲ့ သတ္တဝါဆီကနေ အကြည့်လွှဲလို့ မရဘူးဖြစ်နေတတယ်။
မင်းခန့်ထူး လဲနေရာကနေ အားယူပြီး ထဖို့ ကြိုးစားတယ်။ ခေါင်း နည်းနည်းထောင်နိုင်လာတော့ ပါးစပ်ထဲကနေ သွေးတွေကို အဖတ်လိုက် ထွေးထုတ်လိုက်တယ်။ ညစောင့်ဦးလေးကြီးရဲ့ မျက်နှာနဲ့ သတ္တဝါ မင်းခန့်ထူးဘက်ကို လှည့်သွားတယ်။ ဦးလေးကြီးရဲ့ ပါးစပ်က ပြဲသထက် ပြဲလာတယ်။ အထဲမှာ ဖွေးဖွေးလှုပ်နေတဲ့ ရာပေါင်းများစွာသော သွားချွန်ချွန်တွေ။ ဦးလေးကြီးက ဟီးခနဲ တစ်ချက် မာန်ဖီရင်း မင်းခန့်ထူးဆီကို တဒုန်းဒုန်းနဲ့ လေးဘက်ထောက် ပြေးသွားတယ်။ မင်းခန့်ထူးကို အပေါ်ကနေ ခုန်အုပ်လိုက်တယ်။
သူဇာလွင် အခုမှ သတိဝင်လာပြီး ကုန်းရုန်းထလိုက်တယ်။ အမှောင်ထဲမှာ လုံးထွေးနေတဲ့ မင်းခန့်ထူးတို့ နှစ်ယောက်ဆီကို ပြေးတယ်။ မင်းခန့်ထူးကို အပေါ်ကနေ အုပ်မိုးထားတဲ့ ဦးလေးကြီးကို ဆွဲဖယ်ဖို့ ကြိုးစားတယ်။ ဦးလေးကြီးက သူဇာလွင့်ကို လည်ပြန်လှည့်ကြည့်တယ်။ မျက်လုံးဖြူဖြူတွေထဲမှာ တတွန့်တွန့်လူးနေတဲ့ အမည်းမျှင်တွေ။
ဦးလေးကြီးက သူ့ကို ဆွဲခွာဖို့ ကြိုးစားနေတဲ့ သူဇာလွင့်လို လက်ပြန်ရိုက်ထည့်လိုက်တယ်။
မျက်နှာကို တည့်တည့်ကြီး လာမှန်တဲ့ လက်ဖမိုးက မြင်းခွာလို မာကျောနေတယ်။ သူဇာလွင် ခေါင်းထဲမှာ မီးတွေ ပွင့်သွားတယ်။ ဂျွတ်ခနဲ ကျိုးသွားတဲ့ နှာခေါင်းရိုးကနေ ထွက်လာတဲ့ ဝေဒနာ.. သူဇာလွင့် တစ်ကိုယ်လုံးကို ပေါက်ကွဲပြန့်နှံ့သွားတယ်။ လူတစ်ကိုယ်လုံး နောက်ကိုလွင့်ထွက်သွားတယ်။ ကြမ်းပြင်မှာ ဖင်ထိုင်လျက်သား ပြုတ်ကျတယ်။ နောက်စေ့က ရုံးအကန့် တစ်ကန့်ရဲ့ နံရံနဲ့ ဆောင့်မိပြီး နားထဲမှာ စီခနဲ မြည်သွားတယ်။
ပြာဝေမှုန်ဝါးသွားတဲ့ မျက်လုံးတွေကို လက်နဲ့အုပ်၊ နှာခေါင်းက ထွက်လာတဲ့ သွေးတွေကို သုတ်ရင်း သူဇာလွင် ပြန်ထဖို့ ကြိုးစားတယ်။ မင်းခန့်ထူးရဲ့ အော်သံတွေ ကြားရတယ်။ ဦးလေးကြီးဆီက ထွက်လာတဲ့ တဂွီဂွီ အသံတွေလည်း ကြားရတယ်။ မင်းခန့်ထူးတော့ သေတော့မှာပဲ။
သူဇာလွင် မတ်တပ်ထရပ်လိုက်တယ်။ သူဇာလွင် ပါးစပ်ကနေ ဟေး..ခနဲ တစ်ချက် လှမ်းအော်လိုက်တယ်။ မင်းခန့်ထူးနဲ့ လုံးထွေးနေတဲ့ သတ္တဝါ သူဇာလွင့်ဘက်ကို ပြန်လှည့်လာတယ်။ မျက်လုံးဖြူဖြူတွေကို ကြည့်ရင်း သူဇာလွင် ကြောက်စိတ်တွေနဲ့ တစ်ကိုယ်လုံးတုန်လာတယ်။ ညစောင့်ဦးလေးကြီးက သူ့လက်ထဲမှာ ပျော့ခွေနေတဲ့ မင်းခန့်ထူးကို ပြန်ပစ်ချတယ်။ သူဇာလွင့်ဘက်ကို ဦးတည်ပြီး ခွေးရူးတစ်ကောင်လို တဟီးဟီး အသံတွေထွက်ရင်း ပြေးလာတယ်။
ချိနဲ့နေတဲ့ ခြေထောက်ကို အားကုန်ထည့်ရင်း သူဇာလွင် ပြေးတယ်။ ရုံးခန်းအလယ်က အကန့်ပေါင်းများစွာက ၀င်္ကပါတွေလို ဖြစ်နေတယ်။ နောက်မှာ ကြားနေရတဲ့ တဒုန်းဒုန်း ခြေသံတွေ၊ အကန့်တွေ ပြုတ်ထွက် ပြန့်ကျဲ ကုန်တဲ့အသံတွေ၊ စားပွဲတွေ ကွန်ပြူတာတွေ လွင့်ထွက် ပြုတ်ကျ ကုန်တဲ့ အသံတွေ..။ သူဇာလွင် လှည့်မကြည့်သေးဘဲ သူ့ရဲ့ ရုံးခန်းရှိရာဆီကို ခြေကုန်သုတ် ပြေးတယ်။ အိတ်ထဲက ရုံးခန်းသော့ကို ပြေးရင်းနဲ့ နှိုက်ထုတ်တယ်။ သော့တွဲနဲ့အတူ မမမေရဲ့ လော့ကတ်သီး သူဇာလွင့် လက်ထဲကို ရောက်လာတယ်။
သူ့ရုံးခန်း ရှေ့ကိုရောက်တော့ နောက်က အသံတွေ နီးသထက် နီးလာပြီ။ တဂွီဂွီ အသံတွေ.. အနံ့ဆိုးတွေ ကပ်သထပ် ကပ်လာပြီ။
သူဇာလွင် အသက်အောင့်ပြီး လက်ထဲက သော့ကို သော့ပေါက်ထဲကို ထည့်လှည့်တယ်။ ချက်ခနဲ ပွင့်သွားတဲ့ တံခါးကို အမြန် တွန်းဖွင့်ပြီး အခန်းထဲကို ပြေးဝင်လိုက်တယ်။ တံခါးဘေးက မီးခလုတ်ကို အမြန်ဖွင့်တယ်။ မီးတွေ လင်းမလာဘူး။
တံခါးကို ပြန်ပိတ်ဖို့ အလုပ်မှာ အပြင်က ပြေးလိုက်လာတဲ့ သတ္တဝါက တံခါးကို အရှိန်နဲ့ ဝင်ဆောင့်တယ်။ သူဇာလွင့်မျက်နှာနဲ့ တံခါးနဲ့ ရိုက်မိပြီး ကျိုးနေတဲ့ နှာခေါင်းရိုးကို တည့်တည့်ကြီး ဆောင့်မိပြန်တယ်။ သူဇာလွင့် အားခနဲ အော်ရင်း တံခါးကို ကိုယ်နဲ့ အတင်း တွန်းထားတယ်။ သော့ကို ပြန်ခတ်ဖို့ ကြိုးစားတယ်။
သော့ခတ်ပြီးသွားပေမယ့် တံခါးက မလုံခြုံသေးဘူး။ အပြင်က တဒုန်းဒုန်း ဆောင့်နေတဲ့ အရှိန်ကြောင့် တံခါးဘောင်က သစ်သားစတွေ ပြုတ်ထွက်ပြီး နဲ့လာတယ်။ အလင်းရောင် သဲ့သဲ့ပဲရှိတဲ့ အခန်းမှောင်မှောင်ထဲမှာ သူဇာလွင်.. ပြုတ်ထွက်တော့မယ့် တံခါးကို စိုက်ကြည့်ရင်း ဘာဆက်လုပ်ရမှန်းမသိဘူးဖြစ်နေတယ်။ မီးရောင်ရဖို့ ဖုန်းလည်း မပါလာဘူး။ အရှေ့မှာ ကျန်ခဲ့ပြီ။
အခန်းပတ်ပတ်လည်မှာ ဘာလက်နက်များရှိမလဲ သူဇာလွင် ရှာကြည့်တယ်။ စားပွဲပေါ်မှာ ထားထားတဲ့ USB မီးအိမ်သေးသေးလေးကို ဖွင့်လိုက်တော့ ကံကောင်းစွာပဲ အားကြိုသွင်းထားတဲ့ မီးအိမ်က ဖျတ်ခနဲ လင်းလာတယ်။ သူဇာလွင် အံဆွဲကိုဖွင့်တယ်။ အထဲမှာ ရှိတဲ့ ကတ်ကြေးကို မမြင်မကန်းနဲ့ ရှာတယ်။ ကတ်ကြေးကို လက်နဲ့ စမ်းမိတဲ့ အချိန်မှာ.. ရုံးခန်းတံခါး ဖြောင်းခနဲ ကျိုးသွားတယ်။
တံခါး၀မှာ ရပ်နေတဲ့ မကောင်းဆိုးဝါး.. သူဇာလွင့်ကို တွေတွေကြီး စိုက်ကြည့်နေတယ်။ မီးအိမ်သေးသေးလေးရဲ့ မီးရောင်က မပြတ်မသားမို့ ညစောင့်ဦးလေးကြီးရဲ့ မျက်နှာကို သေချာမမြင်ရပေမယ့် အဲဒီ အကြည့်တွေထဲမှာ မုန်းတီးမှု အခိုးအငွေ့တွေ ပြည့်နှက်နေမှန်း သူဇာလွင် အလိုလို သိနေတယ်။
သူဇာလွင် လက်ထဲက သော့တွဲကို စားပွဲပေါ်ကို ပစ်ချလိုက်တယ်။ သော့တွဲနဲ့အတူ ထောက်ခနဲ ကျလာတဲ့ လော့ကတ်သီး။ မင်းခန့်ထူးပြောတဲ့ စကားတွေကို သူဇာလွင် ပြန်သတိရသွားတယ်။
မကောင်းဆိုးဝါးက ပါးစပ်တွေကို အစွမ်းကုန်ဖြဲပြီး ဟီး..ခနဲ အော်လိုက်တယ်။ သူ့ပါးစပ်ထဲက ထွက်လာတဲ့ အပုပ်နံ့တွေ သူဇာလွင့် မျက်နှာအထိ လာဟပ်တယ်။
ကတ်ကြေးကို လက်တစ်ဖက်နဲ့ မြဲမြဲကိုင်ထားရင်း သူဇာလွင် ခြေထောက်တွေကို ငြိမ်နေအောင် ကျောက်ချထားလိုက်တယ်။ ကျန်တဲ့လက်တစ်ဖက်နဲ့ စားပွဲပေါ်က လော့ကတ်သီးကို လှမ်းယူတယ်။
သူဇာလွင့်လက်.. လော့ကတ်သီးဆီကို ရောက်တဲ့အချိန်မှာ မကောင်းဆိုးဝါးက သူဇာလွင့်ဆီကို လက်တွေ ဆန့်တန်းပြီး ပြေးဝင်လာပြီ။
ကတ်ကြေးကို ကိုင်ထားရင်း.. သူဇာလွင် ဒီဘက်လက်နဲ့ လော့ကတ်သီးကို လှန်ဖွင့်လိုက်တယ်။
မကောင်းဆိုးဝါးက သူဇာလွင့်ရှေ့က စားပွဲပေါ်ကို ခုန်တက်လာတယ်။ စားပွဲပေါ်က စီရီထားတဲ့ ပစ္စည်းတွေ ပြန့်ကျဲပြုတ်ကျကုန်တယ်။ မီးအိမ်က ဘေးကိုလဲကျပြီး မီးရောင်တွေ တဖျတ်ဖျတ် ခါတယ်။
ထောက်ခနဲ ပွင့်သွားတဲ့ လော့ကတ်သီးထဲမှာ ဓာတ်ပုံတစ်ပုံ..။ ဓာတ်ပုံထဲက ကလေးမလေးက လသားအရွယ်ပဲ ရှိဦးမယ်။ ဓာတ်ပုံရဲ့ အပေါ်မှာ စာလုံးသုံးလုံးကို အနီရောင်နဲ့ ရေးထားတယ်။ မှိတ်လိုက် လင်းလိုက် ဖြစ်နေတဲ့ မီးရောင်ထဲမှာ စာလုံးတွေက မီးစုန်းလို ထင်းထင်းကြီး မြင်နေတယ်။
သူဇာလွင် မျက်မှောင်ကြုတ်ပြီး .. အဲဒီ စာလုံးသုံးလုံးကို အသံထွက် ဖတ်လိုက်တယ်။
“ပပဝေ..”
မကောင်းဆိုးဝါးက ပါးစပ်ကို အစွမ်းကုန်ဖြဲ.. သူဇာလွင့်ကို ခုန်အုပ်လိုက်တယ်။ သူဇာလွင် ကြောက်လန့်တကြားနဲ့ မျက်နှာကို လက်နဲ့ကာ..မျက်လုံးတွေကို မှိတ်ချလိုက်တယ်။
+++
အခန်း (၃၃)
(က)
ကိုယ်ပေါ်ကို ကျရောက်လာမယ့် နာကျင်မှုတွေ.. တစ်စစီ ဆွဲဆုတ်ခံရမယ့် ဝေဒနာတွေ…ကို သူဇာလွင် မျှော်လင့်နေပေမယ့် အဲဒါတွေ တစ်ခုမှ ရောက်မလာဘူး။ သူဇာလွင် မှိတ်ထားတဲ့ မျက်လုံးတွေကို ပြန်ဖွင့်လိုက်တယ်။
မျက်လုံးထဲကို စူးခနဲ တိုးဝင်လာတဲ့ အလင်းရောင်။ သူဇာလွင် မျက်လုံးကို လက်နဲ့မိုးပြီး အရှေ့ကမြင်ကွင်းကို ကြည့်ရင်း အသက်ရှူဖို့ မေ့သွားတယ်။
မျက်စိတစ်ဆုံး မြင်နေရတဲ့ မြက်ခင်း စိမ်းစိမ်းတွေ..။ မြက်ပင်ထိပ်ဖျားတွေက ပင်လယ်ထဲက ရေလှိုင်းတွေလို တလွန့်လွန့် လူးနေတယ်။ မြက်တွေပေါ်ကို ကျနေတဲ့ ရွှေရောင်သမ်းနေတဲ့ နေရောင်ခြည်။ တဟူးဟူးတိုက်နေတဲ့ လေ..။
ငါဘယ်ရောက်နေတာလဲ။ သေသွားပြီလား။ နောင်ဘ၀ကို ရောက်သွားတာလား..။ နတ်ပြည်လား။ ငရဲပြည်လား။ သူဇာလွင့် ခေါင်းထဲကို မေးခွန်းတွေ စုပြုံဝင်လာတယ်။ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တယ်။
သူဇာလွင် ရောက်နေတဲ့နေရာက တောင်ကုန်းတစ်ခုပေါ်မှာ။ ဘေးပတ်ပတ်လည်မှာ သစ်ပင်တွေ ဟိုနား တစ်ပင် ဒီနားတစ်ပင်။ အဆုံးအစမရှိတဲ့ မြက်ခင်းတွေက သူဇာလွင့် ခြေထောက်အောက်ကနေ.. ဟိုးဘက် မိုးကုတ်စက်ဝိုင်းအောက်အထိ။
ငါသေသွားတာ သေချာပါပြီ.. ဘယ်ဘုံကို ရောက်နေတာပါလိမ့်.. သူဇာလွင် တွေးမိတယ်။ ကြောက်စိတ်နဲ့အတူ.. ယူကြုံးမရစိတ်က လှိမ့်ပြီးဝင်လာတယ်။ အသက် ၃၀ ကျော်.. ၃၀ ကျော်လေးနဲ့ .. သေပြီလား သူဇာလွင်..။
သူဇာလွင်နဲ့ ခပ်လှမ်းလှမ်း.. တောင်ကုန်းထိပ်မှာ ရပ်နေတဲ့ လူတစ်ယောက်။ သူဇာလွင်ရှိရာကို လှမ်းကြည့်နေတယ်။ နေရောင်ကို ကျောပေးထားတဲ့အတွက် သူ့မျက်နှာကို မမြင်ရဘူး။ ဒါပေမယ့် သူ့ရဲ့ ကိုယ်ခန္ဓာကောက်ကြောင်း အရိပ်၊ လက်ထဲမှာ ကိုင်ထားတဲ့ ပစ္စည်းကို ကြည့်လိုက်တာနဲ့ သူဘယ်သူလဲဆိုတာ သူဇာလွင် သိလိုက်ပြီ။
ငါဘယ်ရောက်သွားတာလဲ…။ ဒါ ဘယ်နေရာလဲ..။ ဘာဖြစ်သွားတာလဲ.. မေးခွန်းတွေကို ခေါင်းထဲက ခါထုတ်ရင်း သူဇာလွင် သူ့ဆီကို ခပ်သွက်သွက် လျှောက်သွားလိုက်တယ်။
(ခ)
သူဇာလွင် တောင်ကုန်းထိပ်ကိုရောက်တဲ့အထိ.. မမမေ.. သူဇာလွင့်ကို စိုက်ကြည့်နေတုန်းပဲ။
နှစ်ယောက်သား မျက်နှာခြင်းဆိုင်မိသွားတဲ့အထိ.. မမမေ ဆီက ဘာစကားသံမှ ထွက်မလာဘူး။ မမမေရဲ့ မျက်နှာက ဓာတ်ပုံထဲကထက်တောင် ငယ်နေတယ်။ အသက် ၂၀ ကျော် အရွယ်၊ အလွန်ဆုံး၂၅ ပေါ့။ မင်းခန့်ထူးပြောသလို အသက် ၅၀ အရွယ် မဟုတ်ဘူး။ ဘာတွေ ဖြစ်နေတာလဲ.. ။ ငါသေသွားတာ သေချာပါပြီ.. သူဇာလွင် တွေးလိုက်တယ်။ သေသွားပြီး မဟုတ်တာတွေ မြင်နေတာ..။
“ကျွန်မ သေသွားပြီလားဟင်”.. သူဇာလွင် မမမေကို မေးလိုက်တယ်။
မမမေက ဘာမှ ပြန်မဖြေဘူး။ သူဇာလွင့် မျက်နှာကို မမြင်ဖူးသလို အသည်းအသန် စိုက်ကြည့်နေတယ်။
“အစ်မ.. ကျွန်မ မေးတာကို ဖြေပါ။ ကျွန်မ သေသွားပြီလား။ ဒါ ဘယ်နေရာလဲ”.. သူဇာလွင် ဘေးပတ်ပတ်လည်ကို လက်ပြရင်း မေးလိုက်တယ်။
“နင်က..ငါ့ထက်တောင် ကြီးသွားပြီပဲ.. နင့်မျက်နှာက ငါနဲ့ဆင်တယ်နော်”.. မမမေဆီက စကားသံ အခုမှ ထွက်လာတယ်။
“ကျွန်မ သေသွားပြီလား။ သေသွားလို့ ဒီနေရာကို ရောက်လာတာပေါ့.. ဟုတ်တယ်မဟုတ်လား” သူဇာလွင် မေးလိုက်တယ်။ ထူပူနေတဲ့ခေါင်းကို ခပ်ကြမ်းကြမ်း တစ်ချက် ခါလိုက်တယ်။ မေးခွန်းတွေ.. မေးခွန်းတွေ..။
မမမေရဲ့ လက်တွေ သူဇာလွင့် မျက်နှာပေါ်ကို ရောက်လာတယ်။ လက်ချောင်းတွေနဲ့ သူဇာလွင့် နှုတ်ခမ်းတွေကို စမ်းတယ်..။ မျက်လုံးတွေကို ပွတ်ကြည့်တယ်။ မေးစေ့ကို ဖွဖွ ကိုင်တယ်။
သူဇာလွင် ဘာပြောရမှန်း မသိတာနဲ့ ငြိမ်ခံနေလိုက်တယ်။ တော်တော်လေးကြာမှ.. သူဇာလွင် စိတ်မရှည်တော့ဘဲ မမမေရဲ့ လက်တွေကို လှမ်းကိုင်လိုက်တယ်။
“အစ်မ… ကျွန်မ ရူးတော့မယ်။ ကျွန်မမေးတာတွေကို ဖြေပါ..”သူဇာလွင် တောင်းပန်လိုက်တယ်။ ငိုချင်လာတော့ အသံက တုန်နေပြီ။ “ကျွန်မ သေသွားပြီလားဟင်”
မမမေက ခေါင်းခါတယ်။
“ဒါဆို ဒီနေရာက ဘာလဲ..။ ပြီးတော့.. အစ်မက ကျွန်မ အမေဆို.. အဲဒါ ဟုတ်လား..”
မမမေက ခေါင်းညိတ်တယ်။
“ဒါဆို ဘာလို့ အစ်မအသက်က ငယ်ငယ်လေး ဖြစ်နေတာလဲ။ ကိုမင်းခန့်ထူးပြောတော့ အစ်မက အခု အသက် ၅၀ လောက် ရှိပြီဆို။ အစ်မရော အသက်ရှိသေးလား.. သေသွားပြီလား”.. သူဇာလွင် မေးလိုက်တယ်။ အဓိပ္ပာယ် တစ်စက်မှ မရှိတဲ့ သူ့မေးခွန်းတွေသူ ပြန်ကြားမိပြီး ငိုရမလို ရယ်ရမလို။ မင်းခန့်ထူးကို အခုမှ ကိုယ်ချင်းစာမိသွားသလိုလို။
“ငါ မသိဘူး။ မင်းခန့်ထူးဆိုတာ ဘယ်သူလဲ”.. မမမေက မေးတယ်။
“အာ.. ဘာတွေလဲ အစ်မ။ အစ်မက မမမေ မဟုတ်ဘူးလား။ အစ်မ ဘာလို့ မသိရတာလဲ.. ဒါတွေကို”… သူဇာလွင် ခေါင်းတွေ မူးလာတယ်။ အိပ်မက်ဆိုရင်လည်း မြန်မြန် နိုးပါတော့။ အိပ်မက် မဟုတ်ဘူးဆိုရင်လည်း အမှန်တရားကို သိချင်လှပြီ။
“ငါက မမမေ..။ ဒါပေမယ့် မမမေရဲ့ အစိတ်အပိုင်း တစ်ခု”.. မမမေက ပြောတယ်။
“ဘယ်လို..”
“နင် လော့ကတ်သီးထဲက နာမည်ကို ဖတ်လိုက်တယ် မဟုတ်လား”… မမမေက မေးတယ်။
“ဟုတ်တယ်လေ။ အဲဒါ ဘယ်သူ့နာမည်လဲ..”
“နင့်နာမည်။ နင့်နာမည် အရင်း..။ ပပဝေ..”
(ဂ)
မမမေနဲ့.. ပပဝေ..။ သူဇာလွင် စဉ်းစားလိုက်တယ်။ မမမေ ဆိုတဲ့ နာမည်ကို စကြားကတည်းက ရင်းနှီးသလိုလို ဖြစ်နေတဲ့အကြောင်းတွေကို ပြန်သတိရသွားတယ်။
“ကျွန်မ နာမည်..အရင်း.. ဟုတ်လား။ အဲဒီတော့ ဘာဖြစ်သလဲ..။ ဒီနာမည်ကို ရွတ်လိုက်တာနဲ့ ဒီနေရာကို ရောက်လာတာလား။ အဲဒီလိုလား”.. သူဇာလွင် မေးလိုက်တယ်။
“နာမည်တွေဟာ သိပ်တန်ခိုးကြီးတယ်”.. မမမေက ပြောတယ်။ သူ့မျက်လုံးတွေက သူဇာလွင့်ကို အငမ်းမရ စိုက်ကြည့်နေတုန်းပဲ။ “နင့်နာမည်အရင်းကို ငါ ဖွက်ထားခဲ့တာ.. နင့်ဆီကို ဒီတာဝန်တွေ မလွှဲပေးချင်လို့”
“အစ်မ.. အမေ.. အမေက အခု ဘာလို့ ဒီမှာရောက်နေတာလဲ”.. အမေဆိုတဲ့ စကားလုံး ပါးစပ်က ထွက်သွားတာ သူဇာလွင် မယုံနိုင်ဘူး ဖြစ်နေတယ်။ တစ်သက်လုံး မခေါ်ခဲ့ရတဲ့ နာမည်တစ်ခုကို ထုတ်ပြောလိုက်ရသလို .. ပါးစပ်ဖျားမှာ စိမ်းနေတယ်။ ဒါပေမယ့် တစ်ကိုယ်လုံး နွေးခနဲ ဖြစ်သွားတာတော့ အမှန်ပဲ။ ဒီ အမျိုးသမီးက ငါ့အမေ..တဲ့။ ကိုယ့်ထက် ဆယ်နှစ်လောက် ငယ်နေတဲ့ သူကို အမေ..လို့ခေါ်ရတာ ထူးဆန်းနေပေမယ့်.. အမှန်တရားတစ်ခုကို ထုတ်ပြောလိုက်ရသလို.. သူဇာလွင့်စိတ်ထဲမှာ.. မှားနေတယ်လို့ မခံစားရဘူး။ အပြင်လောကမှာသာဆိုရင် ဒီလို အခုမှ တွေ့တဲ့ သူကို အမေ..လို့ သူဇာလွင် တစ်သက်လုံး ခေါ်ရဲမှာ မဟုတ်ဘူး..။ ဒါပေမယ့် ဒီနေရာ.. ဒီနေရာက တစ်မျိုးပဲ..။ ဘာတွေဘယ်လိုဖြစ်ဖြစ်.. ကြောက်စရာမလိုနဲ့ နေရာမျိုး..။ ဘယ်သူမှ မရှိဘဲ သူတို့ နှစ်ယောက်တည်း ရှိနေတဲ့ နေရာမျိုး..။ သူဇာလွင့် ကိုယ်ထဲက အမှန်တရားတွေကိုချည်းပဲ စစ်ထုတ်ပေးမယ့် နေရာမျိုး..။
“နင်အခု.. နင့်နာမည်အရင်းကို သိသွားပြီး. ဒီနေရာကို ရောက်လာပြီဆိုတော့.. ငါ မရှိတော့ဘူးဆိုတဲ့ သဘောပေါ့။ အပြင်က ငါ.. သေသွားပြီပေါ့”.. မမမေက ခေါင်းတညိတ်ညိတ်နဲ့ ပြောတယ်။
“ဘာတွေလဲဟင်။ ကျွန်မ ခေါင်းတွေ မူးလာပြီ”
“နင့်အသက် ၁၈ နှစ်ပြည့်တဲ့အခါ.. ငါ့တာဝန်တွေကို နင့်ကို လွှဲပြောင်းပေးရမယ်..ဆိုတဲ့ ကတိရှိခဲ့တယ်။ ဒါပေမယ့် အဲဒီကတိကို ငါ မတည်နိုင်ဘူးဆိုတာ.. နင့်ကို မွေးပြီးတဲ့အချိန်.. နင့်မျက်နှာကို မြင်ပြီးတဲ့အချိန်မှာကတည်းက ငါ သိလိုက်တယ် “
“အင်း အဲဒါကို ကျွန်မ သိပြီးပြီ။ ကိုမင်းခန့်ထူး ရှင်းပြပြီးပြီ”
“ဪ..။ မင်းခန့်ထူးဆိုတာ ဘယ်သူလဲ။ ငါမသိဘူး။ အပြင်က မမမေနဲ့တော့ သိမှာပေါ့”
“ထားပါတော့..”
“အင်း။ ဒါပေမယ့် တစ်ချိန်ချိန်မှာ.. နင် ဒီတာဝန်ကို မယူမဖြစ် ယူရမယ့် အချိန်.. နင်ဒုက္ခတွေ့တဲ့အချိန်.. အဲဒီလိုအချိန်တစ်ခု ရောက်လာမှာစိုးလို့.. ငါ နင့်ကိုမွေးပြီးတာနဲ့ နင့်နာမည်ကို လော့ကတ်သီးထဲမှာ ထည့်ပြီး ဖွက်ထားခဲ့တယ်။ နင့်နာမည်နဲ့အတူ.. ငါ့ရဲ့ စိတ်ဝိညာဉ် တစ်စွန်းတစ်စကိုလည်း ခွဲထုတ်ပြီး ထည့်ထားခဲ့တယ်”
“အဲဒီလို လုပ်လို့ ရတယ်ဟုတ်လား.. မဖြစ်နိုင်တာကြီး”
မမမေက ဘာမှမပြောဘဲ သူဇာလွင့်ကို စိုက်ကြည့်နေတယ်။ သူဇာလွင် ကိုယ့်စကားကိုယ် ပြန်ရယ်ချင်သွားတယ်။ နင်ရောက်နေတဲ့နေရာ.. နင်ပြောနေတဲ့စကားတွေ.. နင့်ရှေ့ကလူ.. ဒါတွေကို ပြန်ကြည့်ဦးလေ..။ ပြီးတော့.. ဟို မကောင်းဆိုးဝါး..။ သူဇာလွင် တွေးရင်း ကျောထဲမှာ စိမ့်ခနဲ ဖြစ်သွားတယ်။ ဘ၀မှာ ပထမဆုံးအကြိမ်အဖြစ် သူဇာလွင် တကယ် သေချင်သွားတယ်။ ဒီနေရာမှာပဲ တစ်သက်လုံး ဆက်နေဆိုရင်လည်း နေပါရစေ။ တကယ့်ဘ၀ကို မပြန်ပါရစေနဲ့။ သတိပြန်မလည်လာပါစေနဲ့။
“အခု.. နင်ဒီနေရာကို ရောက်လာပြီဆိုတော့.. အပြင်က.. ငါ.. နင့်ကို မပြောမဖြစ် ပြောပြလိုက်ရပြီပေါ့။ ငါသေရင်တောင် မပြောပြဘူးလို့ ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်ကို ပြင်လိုက်ပြီဆိုတော့ အပြင်က မမမေ မရှိတော့တာ သေချာသလောက် ဖြစ်သွားပြီလေ”.. မမမေက လေသံအေးအေးနဲ့ ရှင်းပြတယ်။
“ဒါဆို.. အခု .. အစ်မ..က အမေက တကယ် မဟုတ်ဘူးပေါ့။ တကယ် မရှိဘူးပေါ့”.. သူဇာလွင် မမမေလက်တွေကို ကိုင်ထားရင်း မေးလိုက်တယ်။ လက်ထဲမှာ ရောက်နေတဲ့ မမမေရဲ့ လက်ဖဝါးတွေက မာပြီး နွေးနေတာပဲ။ ဒါ..တကယ့်လူ မဟုတ်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။
မမမေက ခေါင်းခါတယ်။
“နင်.. ငါ့သမီး.. ငါနဲ့ မတွေ့လိုက်ရမှာစိုးလို့.. ငါချန်ထားခဲ့တဲ့ အပိုင်းအစတစ်ခုပါ။ ဒီ့ထက်မပိုဘူး”
“အခု ကျွန်မ ဘာဆက်လုပ်ရမှာလဲဟင်”.. သူဇာလွင် မေးလိုက်တယ်။ တကယ်မဟုတ်ဘူးဆိုတဲ့.. မမမေရဲ့ မျက်နှာကို ကြည့်ရင်း သူဇာလွင် ဝမ်းနည်းချင်လာတယ်။ ဘယ်လို ကံတရားမျိုးလဲ..။
“အခု နင်ဘယ်မှာလဲ”.. မမမေက မေးတယ်။
“ဘာကိုမေးတာလဲဟင်”
“အပြင်မှာ.. နင် ဘယ်မှာလဲ”
“ကျွန်မရဲ့ ရုံးခန်းထဲမှာ။ ကျွန်မ မကြာခင် သေတော့မယ်ထင်တယ်.. သေတောင်သေသွားပြီလား မသိဘူး”.. သူဇာလွင် ပြောလိုက်တယ်။
မမမေက ခေါင်းခါတယ်။
“ဒီထဲက အချိန်နဲ့.. အပြင်ကအချိန် မတူဘူး။ နင် အခု ဒီမှာ ဘယ်လောက်ကြာကြာ နေနေ.. အပြင်မှာ အချိန်က ရပ်နေတယ်”
သူဇာလွင် လှပ်ခနဲ ဝမ်းသာသွားတယ်။
“ဒါဆို.. ဒါဆို ကျွန်မ ဒီမှာ နေချင်သလောက် နေလို့ ရတာပေါ့ အဲဒီလိုလား”
မမမေက ခေါင်းညိတ်တယ်။
“အမေရော.. ဒီမှာ ရောက်နေတာ ဘယ်လောက်ကြာပြီလဲ”.. သူဇာလွင် မေးလိုက်တယ်။
“ငါမသိဘူး။ အချိန်ကို ခံစားလို့ရတဲ့ စွမ်းရည် ဒီနေရာမှာ မရှိဘူး။ အလုပ်မလုပ်ဘူး။ ထားပါတော့။ အဲဒီ မကောင်းဆိုးဝါးအကြောင်းကို ငါ့ကို ပြန်ပြောပြ”.. ပြောရင်းနဲ့ မမမေက ဘယ်ကရောက်လာမှန်းမသိတဲ့ ထိုင်ခုံတစ်ခုံကို သူဇာလွင့်ရှေ့မှာ ချပေးတယ်။ သူကိုယ်တိုင်လည်း ထိုင်ခုံတစ်ခုံ ယူပြီး ထိုင်တယ်။
သူဇာလွင် ကြောင်တောင်တောင်နဲ့ ထိုင်ခုံမှာ ထိုင်ချလိုက်တယ်။ တဟူးဟူတိုက်နေတဲ့ လေတွေက သူဇာလွင့် မျက်နှာကို ပွတ်တိုက်သွားတယ်။ မြက်ခင်းတွေရဲ့ စိမ်းလန်းတဲ့ အနံ့တွေ နှာခေါင်းထဲကို ဝင်လာတယ်။ မူးနေတဲ့ စိတ်အာရုံတွေတောင် နည်းနည်း ပြန်ကြည်ချင်သလို ဖြစ်လာတယ်။
“ဘယ်ကနေ စပြောရမှာလဲဟင်”.. သူဇာလွင် မမမေကို မေးလိုက်တယ်။
“အစအဆုံး ပြောပြ။ ငါတို့မှာ အချိန်တွေ သုံးမကုန်အောင် ရှိနေတာပဲ”.. မမမေက ပြောတယ်။
“အင်း.. ဇာတ်လမ်းအစက မင်းခန့်ထူးဆိုတဲ့ အသက် ၂၀ အရွယ်ကောင်လေးရယ်.. စကားဝါ ဆိုတဲ့ ရွာတစ်ရွာရယ်.. အဲဒီရွာမှာရှိတဲ့ အိမ်တစ်အိမ်ရယ်.. အဲဒါတွေနဲ့ ဇာတ်လမ်း စတယ်”.. သူဇာလွင် ပြောလိုက်တယ်။
(ဃ)
သူဇာလွင့် စကားအဆုံးမှာ မမမေ တော်တော်ကြာကြာ တွေဝေသွားတယ်။ သူဇာလွင် ဇာတ်လမ်း အစအဆုံး ရှင်းပြလိုက်လို့ နည်းနည်း မောသွားတယ်။ အချိန်ဘယ်လောက် ကြာသွားပြီလဲ.. တစ်နာရီလား၊ နှစ်နာရီလား။ သူဇာလွင် ပတ်ဝန်းကျင်ကို အခုမှ သေသေချာချာ ကြည့်မိတယ်။ စောစောက နေလုံးဖျော့ဖျော့ဟာ အခုထိလည်း နေရာ မပြောင်းသေးဘူး။ မိုးကုတ်စက်ဝိုင်း အစပ်နားက မြက်ပင်တွေ ရွှေအိုရောင် သန်းနေဆဲ့ပဲ။ အချိန်တွေ ရပ်တန့်သွားတဲ့ လောက.. ဆိုတာ တကယ်လား။ ဒီနေရာမှာ သူတို့ နှစ်ယောက်တည်းလား။ ကျန်တဲ့လူတွေရော..။ ပတ်ပတ်လည် ကမ္ဘာကတော့ ကော်ဇောလို ပြန့်ဖြူးနေတဲ့ မြက်ခင်းစိမ်းတွေနဲ့ ပြည့်လို့..။ လေက တဟူးဟူး တိုက်နေဆဲ။
“ဒါဆို.. ငါ တွက်ထားတဲ့အတိုင်းပဲ.. အပြင်က ငါ.. မရှိတော့ဘူးပေါ့”.. မမမေက နောက်ဆုံးမှာ မေးတယ်။
“ကျွန်မ မသိဘူး”.. သူဇာလွင် ပြောလိုက်တယ်။ “မုယောရွာမှာ တွေ့လိုက်ရတာ နောက်ဆုံးပဲတဲ့.. ။ ကိုမင်းခန့်ထူး ကတော့ အမေ သေသွားပြီလို့ ကောက်ချက်ချတာပဲ”
“ထားပါတော့။ အပြင်က မမမေနဲ့ နင်နဲ့ မတွေ့ဖူးဘူးပေါ့”.. မမမေက ပြောရင်း သူဇာလွင့် မျက်နှာကို ကိုင်ကြည့်ပြန်တယ်။
“ဟင့်အင်း”.. သူဇာလွင် ခေါင်းခါလိုက်တယ်။ သူ့ပါးတွေကို ပွတ်သပ်နေတဲ့ မမမေရဲ့ လက်ချောင်းထိပ်တွေက ကြမ်းရှနေတယ်။
“အင်း.. အပြင်မှာဆိုရင်လည်း ငါ့ကို နင် ခွင့်လွှတ်နိုင်မယ် မထင်ဘူး”
“အခုအချိန်မှာ.. အဲဒါတွေ အရေးမကြီးတော့ပါဘူး။ ကျွန်မ နားလည်ပါတယ်”.. သူဇာလွင် ပြောလိုက်တယ်။ တကယ်ရော နားလည်ခွင့်လွှတ်နိုင်ရဲ့လား.. ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်တယ်။ အဖြေက မသေမချာ..။ ဒါပေမယ့် အဖြစ်အပျက်တွေကို အကုန် ခြုံကြည့်လိုက်ရင် သူဇာလွင့်မှာ ဘာများ ရွေးစရာ ရှိသေးသလဲ..။ အသက်ဘေးနဲ့ ကြုံတဲ့အခါ အရာအားလုံး.. မှုန်မွှားသေးနုတ်သွားတယ်ဆိုတာ တကယ်မှန်တယ်.. သူဇာလွင် တွေးမိတယ်။ စောစောက မင်းခန့်ထူးအပေါ်မှာ ထွက်နေခဲ့တဲ့ ဒေါသတွေ.. မယုံကြည်စိတ်တွေ..ဘယ်ရောက်သွားပါလိမ့်..။
“နင်အခု ဘာအလုပ်လုပ်သလဲ၊ အဆင်ပြေရဲ့လား”.. မမမေက သူဇာလွင်ဝတ်ထားတဲ့ ကုတ်အင်္ကျီနဲ့ ဘောင်းဘီကို တစ်ချက် ဝေ့ကြည့်ရင်း မေးတယ်။
“ပြေပါတယ်။ ကျွန်မ အခု သတင်းထောက်အလုပ် လုပ်နေတယ်။ ကြာပြီပဲ.. ဆယ်နှစ် ဆယ့်ငါးနှစ်လောက်တောင် ရှိရောပေ့ါ”
“ဪ.. သတင်းထောက်.. သတင်းထောက်..”.. မမမေက သတင်းထောက်ဆိုတဲ့ စကားလုံးကို စိမ်းနေသလို သုံးလေးခါ ဆက်တိုက်ရွတ်တယ်။ ပြီးမှ – “အိမ်ထောင်တွေဘာတွေရော ကျပြီလား.. ကလေးတွေဘာတွေ ရပြီလား”
“ဟင့်အင်း။ ကျွန်မ တစ်ယောက်တည်း”.. သူဇာလွင် ပြန်ပြောလိုက်တယ်။ စိတ်ထဲမှာ ဝမ်းနည်းသလိုလို..။
“အင်း.. အဲဒါကလည်း ငါတို့ အမျိုးရဲ့ ကျိန်စာလို့တောင် ပြောရမလား..။ အတည်တကျ ဘာမှ မရှိဘူးလေ”
“အမေ့မှာကျတော့ ချစ်သူ.. ဒါမှမဟုတ် ယောကျ်ား ရှိတယ်မဟုတ်လား။ ဒါကြောင့် ကျွန်မကို မွေးထုတ်လိုက်နိုင်တာပေါ့။ ကျွန်မအဖေရော.. ဘယ်ရောက်သွားလဲဟင်.. အသက်ရှိနေသေးလား။ အပြင်မှာ ပြောတာပါ”
မမမေက ခေါင်းခါတယ်။
“တဒင်္ဂ.. အချိန်ခဏလေးမှာ ငါ ဆုံးဖြတ်ချက် မှားသွားတဲ့အတွက်.. ဒီလိုတွေ ဖြစ်လာတာ။ ငါတောင်းပန်ပါတယ် သမီး”..
သမီးလို့ ခေါ်လိုက်တော့လည်း ခေါ်နေကျ စကားလုံးတစ်လုံးလို မမမေရဲ့ အသံက ရင်းနှီးပျော်ဝင်နေပြန်တယ်။ ဝဲလာတဲ့ မျက်ရည်တွေကို သူဇာလွင် ပုတ်ထုတ်လိုက်တယ်။ ငိုနေရမယ့် အချိန်မှ မဟုတ်ပဲ..။
“အခု.. နင်ပြောတဲ့ စကားတွေအရဆိုရင် ဒီစကားဝါ မကောင်းဆိုးဝါးက ဒီလောက် မဟုတ်ပါဘူး”.. မမမေက ပြောတယ်။
“ဟင်.. အပြင်က အမေလည်း အဲဒီလိုပဲ ပြောရင်း ဒုက္ခတွေ ရောက်ကုန်တာလေ။ လည်ပင်းတောင် အကိုက်ခံလိုက်ရတယ်၊ ကံကောင်းလို့ မသေတာတဲ့.. ကိုမင်းခန့်ထူး ပြောပြတယ်”
“အင်း.. အဲဒါလည်း ဟုတ်တာပဲ။ ငါကိုက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့ အကျင့်လေး ရှိတယ်လေ”.. မမမေက ပြောရင်းနဲ့ ရယ်တယ်။ နုပျိုလန်းဆန်းနေတဲ့ မမမေရဲ့ မျက်နှာကို ကြည့်ရင်း သူဇာလွင် ပြုံးမိမလိုလို ဖြစ်သွားတယ်။ “ဒါပေမယ့် နင်က ငါ့ထက် အများကြီး ပိုလုပ်နိုင်မှာပါ..။ ဟုတ်တယ်မဟုတ်လား။ အားသစ် အင်သစ်.. သွေးသစ်နဲ့ဆိုရင် အဲဒီမကောင်းဆိုးဝါးက နင့်ကို ရင်တောင် ရင်ဆိုင်ရဲမှာ မဟုတ်ဘူး”
“ဟင့်အင်း.. အမေ အဲဒီလို လွယ်လွယ် မပြောပါနဲ့..။ ကျွန်မ ကြောက်တယ်။ အခု.. အပြင်မှာ ဘာတွေဖြစ်နေသလဲ.. ကျွန်မ မသိချင်ဘူး။ မေ့လိုက်ချင်ပြီ။ ကျွန်မ ဒီမှာပဲ ဆက်နေလို့ မရဘူးလားဟင်..။ ဒီနေရာမှာပဲ”
“နင့်ပါးစပ်ကို ပိတ်လိုက်စမ်း ပပဝေ”.. မမမေက ရုတ်တရက်ကြီး လေသံပြောင်းသွားတယ်။
ပပဝေ.. တဲ့..။ အဲဒီနာမည်ကို ကြားလိုက်တိုင်း သူဇာလွင့် ကိုယ်ထဲမှာ မီးပွားတွေ တဖွားဖွားကျလာသလို ပူစပ်ပူလောင်နဲ့.. ဘာဖြစ်တာလဲ။ ငါ့နာမည်က ပပဝေ..တဲ့။
“ဒါပေမယ့်.. ကျွန်မမှာ အမေ့လို စူပါပါဝါတွေလည်း မရှိဘူး။ ဟို.. နားမှာထောင်ထားတဲ့ ဓားလား ဘာလား.. အဲဒါလည်း ကျွန်မ မသုံးတတ်ဘူး။ ကျွန်မက သတင်းထောက်တစ်ယောက်.. သာမန်လူတစ်ယောက်လေ အမေ..။ ပြီးတော့.. ကိုမင်းခန့်ထူး… ကိုမင်းခန့်ထူးလည်း သေပြီလားမသိဘူး..။ ညစောင့်ဦးလေးကြီးလည်း.. အိ..”.. သူဇာလွင် ပြောနေရင်းနဲ့ ငိုချလိုက်တယ်။ ပုံမှန်ဆိုရင် ရှိုက်ကြီးတငင် မငိုဖြစ်တာ ဘယ်နှနှစ်ကြာပြီလဲ..။ အခုတော့ သူ့ကို မျက်လုံးစူးစူးတွေနဲ့ စိုက်ကြည့်နေတဲ့ မမမေ..ဆိုတဲ့ မိန်းကလေးရဲ့ရှေ့မှာ သူဇာလွင် ကလေးတစ်ယောက်လို ပြန်ဖြစ်သွားတယ်။ အမေကို ပြန်ရှာတွေ့တဲ့ ကလေးလေးတစ်ယောက်လို.. အော်ဟစ်ပြီး ငိုချလိုက်တယ်။
“သမီး”.. မမမေက လေသံကို အတတ်နိုင်ဆုံး လျှော့ပြီး ပြောတယ်။ “သမီး.. နင်.. အခုရောက်နေတဲ့ နေရာဟာ.. စိတ်ကူးထဲမှာ တည်ဆောက်ထားတဲ့ ကမ္ဘာတစ်ခုသက်သက်ပဲ။ ဘာမှ မဟုတ်ဘူး။ တကယ့်လက်တွေ့ဘ၀ မဟုတ်ဘူး။ ငါကလည်း..”.. မမမေက သူ့ကိုယ်သူ လက်ညှိုးထိုးပြတယ်။ “အပိုင်းအစ တစ်ခုသက်သက်ပဲ.. တကယ့်သွေးနဲ့ကိုယ် သားနဲ့ ကိုယ်မဟုတ်ဘူး..။ ဒီအိပ်မက်ထဲမှာ ကိုယ့်ကိုယ်ကိုယ် လှောင်ပိတ်ထားမလို့လား။ နင် တစ်သက်လုံး ကြိုးစားလာခဲ့တာတွေကို လွှင့်ပစ်လိုက်မလို့လား..။ ဘာမဟုတ်တဲ့ မကောင်းဆိုးဝါး တစ်ကောင်အတွက်နဲ့ နင့်ဘ၀ကို ပေးလိုက်တော့မလို့လား..။ ငါ့သမီး.. မမမေရဲ့ သမီးဟာ ဒီလို ငပျော့ မဟုတ်ဘူးလေ။ ဟုတ်တယ်မဟုတ်လား”
မမမေက အားပေးသလိုနဲ့ သူဇာလွင့် ဒူးခေါင်းကို လက်သီးနဲ့ ဖွဖွတစ်ချက်ထိုးတယ်။
“ဒါပေမယ့်.. သမီး.. ကြောက်တယ်။ အပြင်ကို မပြန်ရဲဘူး။ သမီးကို ပြန်မလွှတ်ပါနဲ့”.. သူဇာလွင် ငိုကြီးချက်မနဲ့ ပြောလိုက်တယ်။ သူ့ကိုယ်သူ တစ်သက်လုံး ကာရံထားတဲ့ မျက်နှာဖုံးတွေ ကွာကျသွားသလို.. သူဇာလွင့် တစ်ကိုယ်လုံး တုန်နေတယ်။ “အမေ.. အမေက ကြောက်တတ်တဲ့သူ မဟုတ်တော့ ဘယ်သိမလဲ။ သမီး.. တကယ်က အရမ်းကြောက်တတ်တယ်။ ဟန်ကိုယ်ဖို့ လုပ်ပြီး တစ်ယောက်တည်း.. တစ်ယောက်တည်း အားတင်း နေနေရတာ.. အပြင်မှာ.. အပြင်ကို မပြန်ပါရစေနဲ့”
“ငါလည်း ကြောက်တတ်တာပေါ့ သမီးရယ်။ ဒါပေမယ့် ငါကြောက်တာက မကောင်းဆိုးဝါးတွေ၊ ဘီလူးသဘက်တွေမဟုတ်ဘူး”.. မမမေက ပြောရင်းနဲ့ သူဇာလွင့် မေးကို ဆွဲမော့တယ်။ မျက်ရည်တွေကို လက်နဲ့ သုတ်ပေးတယ်။ “ငါတကယ်ကြောက်တာက ငါ့သမီးလေး.. ဒီလောကထဲမှာ တစ်ယောက်တည်း ကျန်ခဲ့မှာ.. ဘာမှ မသိဘဲ မျက်စိသူငယ် နားသူငယ်နဲ့ နေခဲ့ရမှာ.. အဲဒါကို ကြောက်တာ”
သူဇာလွင် ထိုင်နေရာကနေ ထပြီး မမမေကို ပြေးဖက်လိုက်တယ်။ မမမေက သူဇာလွင် ဖက်တာကို ငြိမ်ခံနေတယ်။ သူဇာလွင့် ကျောပြင်ကို လက်နဲ့ တစ်ချက်ခြင်း သပ်ပေးတယ်။ တစ်သက်လုံးအောင့်ထားခဲ့ရသမျှ အကြပ်အတည်းတွေကို ဖွင့်ချလိုက်ရသလို သူဇာလွင် ငိုတယ်။ ဘယ်တော့မှ ပြန်မတွေ့ရတော့မယ့် လူတစ်ယောက်ကို နှုတ်ဆက်နေရသလို သူဇာလွင် သူ့အမေကို အားကုန်ဖက်ထားတယ်။
“အခု အမေစိတ်ချသွားပြီ။ ငါ့သမီး.. ငါဘယ်သူလဲဆိုတာ သိသွားပြီ။ ငါ့တာဝန်ကို ဆက်ယူဖို့လည်း အသင့်ဖြစ်နေပြီ..။ ငါ့ရဲ့တစ်ကိုယ်ကောင်းစိတ်နဲ့.. တစ်ကိုယ်စာ စိုးရိမ်ခြင်းတွေနဲ့ သမီးကို ဖုံးကွယ်ထားမိခဲ့တာတွေ.. ခွင့်လွှတ်ပါ..။ ငါသာ နင့်ကို အစကတည်းက အမှန်အတိုင်းပြောပြခဲ့ရင် ဒီလိုတွေ ဖြစ်လာမှာ မဟုတ်ဘူး..။ အခုတော့ ငါ့သမီး.. အန္တရာယ်နဲ့ လက်တစ်ကမ်းအလိုမှာမှ.. ငါအမြင်မှန် ရတော့တယ်”.. မမမေက သူဇာလွင့် ခေါင်းကို ခပ်ဖွဖွ နမ်းရင်း ပြောတယ်။
“သမီး ဘာဆက်လုပ်ရမှာလဲဟင်”.. သူဇာလွင် ကိုယ်ကို ပြန်ဆွဲခွာပြီး ပြောလိုက်တယ်။ သူ့မျက်လုံးတွေက မမမေရဲ့ မျက်နှာကို ရေငတ်နေတဲ့သူတစ်ယောက်လို အငမ်းမရ ကြည့်နေမိတယ်။
“လက်တွေ့ဘ၀ကို ပြန်သွားရမှာပေါ့..”
“ဒါဆို.. အမေ့ကို ထားခဲ့ရမှာလား..။ မတွေ့ရတော့ဘူးလား”.. သူဇာလွင် ပြောရင်းနဲ့ ငိုသံတွေ ပါလာပြန်တယ်။
“ထားခဲ့တယ်လို့ မပြောပါနဲ့ သမီး။ ငါက နင်ရောက်လာရင် တွေ့မယ်..ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ ဒီနေရာမှာ ရောက်နေတဲ့ အတွေးအပိုင်းအစ.. ဝိညာဉ်အစိတ်အပိုင်း တစ်ခုသက်သက်ပါ..။ နင်ပြန်ထွက်သွားရင် ငါလည်း ရှိတော့မှာမဟုတ်သလို.. ဒီနေရာလည်း ပျောက်ကွယ်သွားမှာပဲ”.. မမမေက မိုးကုတ်စက်ဝိုင်းဘက်ကို လှမ်းငေးရင်း ပြောတယ်။ “တကယ်မရှိတဲ့ ငါ့အတွက် စိတ်တွေပူမနေပါနဲ့..။ အပြင်မှာ တကယ်ရှိနေသေးတဲ့ လူတွေကို ကယ်တင်ပါ။ ပြီးတော့ အပြင်မှာ ရှိနေခဲ့ဖူးတဲ့.. မမမေ အစစ်ကို အမြဲ သတိရနေပါ..။ ဒီလောက်ဆို လုံလောက်ပါပြီ”
သူဇာလွင် ခေါင်းကို သွင်သွင် ခါလိုက်တယ်။
“ဟင့်အင်း.. ကျွန်မ အခုမှ.. အမေ့ကို မြင်ဖူးတာ.. အခုမှ အမေ့ကို တွေ့ဖူးတာ.. အခုမှ အမေ့ကို ဖက်ဖူးတာ.. အဲဒီလို မောင်းမထုတ်ပါနဲ့”
မမမေက မတ်တပ်ထရပ်တယ်။ သူဇာလွင့်ကို ဆွဲထူတယ်။ သူဇာလွင့် တစ်ကိုယ်လုံး ပျော့ခွေပြီး ယိမ်းယိုင်လဲကျချင်နေတယ်။
“သမီးရဲ့ အပြင်ကနာမည်က ဘယ်သူလဲ”.. မမမေက မေးတယ်။
“သူဇာ.. သူဇာလွင်ပါ”.. သူဇာလွင် ပြန်ဖြေလိုက်တယ်။
“အင်း.. ငါ့သမီးကို ယာယီ နာမည်လေး တစ်ခုတောင် မပေးခဲ့ဘဲ ထားခဲ့မိတဲ့အတွက် အမေ့ကို ခွင့်လွှတ်နော်”
သူဇာလွင် ခေါင်းကို မြန်မြန် ညိတ်လိုက်တယ်။ ခွင့်လွှတ်တယ်။ အကုန်ခွင့်လွှတ်တယ်။ ဒီနေရာမှာပဲ ဆက်နေပါရစေ..။ တကယ်ဟုတ်ဟုတ် မဟုတ်ဟုတ်.. ဒီမြက်ခင်းတွေထဲမှာ.. မမမေနဲ့ ဆက်ပြီး နေပါရစေ..။
“ကဲ.. သမီးသွားတော့”
“မလုပ်ပါနဲ့.. ပြန်မလွှတ်ပါနဲ့.. အမေ.. မလုပ်နဲ့”
သူဇာလွင့် စကားမဆုံးခင်မှာ မမမေက သူဇာလွင့် ရင်၀ကို လက်ဖဝါးနဲ့ ဝုန်းခနဲ ဆောင့်တွန်းလိုက်တယ်။ သူဇာလွင် အနောက်ကို လွင့်ထွက်သွားတယ်။ မြက်ခင်းတွေပေါ်ကို လဲကျသွားမလား.. နောက်ကို အလန့်တကြားလှည့်ကြည့်လိုက်တယ်..။ ဒါပေမယ့် နောက်မှာ မြက်ခင်းတွေ မရှိဘူး..။ ကွင်းပြင်ကြီးလည်း မရှိဘူး..။ အမှောင်ထု သက်သက်..။
သူဇာလွင် အရှေ့ကို ပြန်လှည့်ကြည့်လိုက်တယ်။ တောင်ကုန်းပေါ်မှာ ရပ်နေတဲ့ မမမေ.. ဝေးသထက်ဝေးသွားတယ်..။ အဝေးကို လွင့်ထွက်သွားတဲ့ ပန်းချီကားတစ်ချပ်လို မမမေနဲ့ မြက်ခင်းတွေ အမှောင်ထဲကို တရိပ်ရိပ် ပျောက်ကွယ်သွားတယ်။
သူဇာလွင် ဘယ်ကို ဦးတည်သွားနေတာလဲ..။ နောက်ကိုကြည့်လိုက်တော့ အမှောင်ထဲမှာ တဖြည်းဖြည်း ပုံပေါ်လာတဲ့ မြင်ကွင်း အသစ်တစ်ခု..။
ဒီမြင်ကွင်းကိုတော့ သူဇာလွင် အလွတ်ရနေတယ်။ ဘယ်နေရာမှာ ဘာရှိသလဲ အကုန်မှတ်မိနေတယ်။ သူဇာလွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့တဲ့ ရုံးခန်းလေး..။ ရုံးခန်းရဲ့ မီးလုံးက ပိတ်ထားတယ်။ စားပွဲပေါ်က မီးအိမ်လေးရဲ့ အလင်းရောင်ပဲ ရှိတယ်။ စားပွဲပေါ်က ပစ္စည်းတွေ အကုန် ဖရိုဖရဲ ဖြစ်နေတယ်။ ကြမ်းပြင်မှာလည်း ပြုတ်ကျပျက်စီးနေတဲ့ အရာတွေ ပုံလို့..။
စားပွဲနောက်မှာ မတ်တပ်ရပ်နေတဲ့ မိန်းကလေးတစ်ယောက်.. မျက်လုံးတွေကို မှိတ်ထားတယ်။ ညာလက်ထဲမှာ ကတ်ကြေးတစ်လက် ကိုင်ထားတယ်။ ဘယ်လက်ထဲမှာ ငွေရောင် လော့ကတ်သီးလေးကို ကိုင်လို့။
ပြီးတော့ သူ့ကို အရှိန်နဲ့ ခုန်အုပ်နေတဲ့ လူကြီးတစ်ယောက်။ ပါးစပ်က အဆမတန် ပြဲနေတယ်။ ပါးစပ်ထဲက အရည်မည်းမည်းတွေ အပြင်ကို လျှံထွက်နေတယ်။ သူ့လက်တွေက မိန်းကလေးရဲ့ လည်ပင်းဆီကို ဦးတည်နေတယ်။
အရှိန်နဲ့ လွင့်ထွက်နေတဲ့ သူဇာလွင်.. အဲဒီ မိန်းကလေးရဲ့ ကိုယ်ထဲကို ဝုန်းခနဲ ဆောင့်ဝင်သွားတယ်။
သူဇာလွင့် မျက်လုံးတွေ ပြန်ပွင့်လာတယ်။
+++
(ဆက်ရန်)
ချမ်းမြေ့ဝင်း။
၂၁-မေလ-၂၀၂၀