အခန်း (၂၉)
(က)
အိပ်မက်ဆိုတာမျိုးဟာ မက်ပါများလွန်းလာရင် အစစ်နဲ့အတု ဝေခွဲရ ခက်လာတယ်။ အခု ကျွန်တော် ခင်ဗျား ရုံးခန်းထဲမှာ ထိုင်နေတယ်.. ခင်ဗျားရဲ့ မျက်နှာလှလှကို ကြည့်ပြီး စကားတွေ ပြောနေတယ်.. ဒါပေမယ့် ဒါ.. တကယ့်အစစ်လား အိပ်မက်ထဲက ပုံရိပ်တွေလား ကျွန်တော် ရာနှုန်းပြည့် မသေချာဘူး။ အိပ်မက်နဲ့ လက်တွေ့ဘ၀ကို ခြားနားထားတဲ့ အလွှာတစ်ခုခုရှိခဲ့ရင် အဲဒီအလွှာကို စကားဝါ မကောင်းဆိုးဝါးက ဝါးမျို ဖျက်ဆီးလိုက်ပြီထင်တယ်..။
စကားဝါ အမှုဖြစ်ပြီးတဲ့အခါ.. ကျွန်တော် နှစ်နှစ်ကျော်ကျော် သုံးနှစ်လောက်.. အချုပ်ထဲ ဝင်လိုက်၊ ပြန်ထွက်လိုက်၊ တရားရုံးတွေ ရောက်လိုက်နဲ့ တစ်ရက်မှ မနားရဘူး။ သက်သေအထောက်အထား မခိုင်လုံတဲ့အတွက် လွှတ်ပေးလိုက်ရပေမယ့် အားလုံးရဲ့ မျက်လုံးတွေက ကျွန်တော့်ဆီမှာ စုပြုံကျနေခဲ့တယ်။ သေသွားတဲ့ ကျွန်တော့် သူငယ်ချင်းတွေရဲ့ မိသားစုဝင်တွေ.. ကျွန်တော့်ကို သတ်မယ် ဖြတ်မယ် တကဲကဲ လုပ်ကြတယ်။ ကျော်ဇောရဲ့ အဖေဆိုရင် တရားရုံးမှာ ကျွန်တော့်ကို ဓားနဲ့ ထထိုးမယ် လုပ်လို့ သူကိုယ်တိုင် အဖမ်းခံရ.. ထောင် ၂ နှစ် ကျသွားတယ်။ ရယ်တော့ရယ်ရတယ်.. ကျွန်တော် ကွင်းလုံးကျွတ်လွတ်သွားတော့.. သူ ဘယ်လိုခံစားနေရမလဲ မသိ..။ ထားပါတော့။ ဒီဘက်မှာကျတော့လည်း ကျွန်တော့်ရဲ့ သိစိတ်ကို တကျိကျိ တိုက်စားနေတဲ့ အိပ်မက်ဆိုးတွေက မနားမနေ.. နေ့စဉ်ရက်ဆက်ပဲ။ အမှုဖြစ်ပြီး နောက်ပိုင်း သုံးလေးရက်လောက်က စလို့ ကျွန်တော့်မှာ မျက်စိမှိတ်လိုက်တိုင်း.. အိပ်မောကျသွားတိုင်း ဒီစကားဝါ မြင်ကွင်းတွေကို စလယ်ဆုံး ပြန်မြင်ရပြန်တယ်။ စကားဝါမှာ နေခဲ့ရတဲ့ လေးညကို ထပ်ကာထပ်ကာ ပြန်မြင်တယ်..။ အော်ဟစ်နာကျင်နေတဲ့ ကျွန်တော့် သူငယ်ချင်းတွေရဲ့ ပုံစံတွေ.. မသတီစရာ အနံ့ဆိုးတွေ.. မကောင်းဆိုးဝါးရဲ့ ကိုယ်ထဲက ထွက်လာတဲ့ တဂွီဂွီ အသံတွေ..။ အိပ်မက်ဆိုပေမယ့် အပြင်နဲ့ ခွဲမရအောင် ပီပြင်လွန်းနေတယ်။ ဝုန်းခနဲ အိပ်ရာက လန့်နိုးလာတိုင်း ကိုယ့်ကိုယ်ကိုယ် ပြန်စမ်းကြည့်ရတယ်။ ငါ အခု ရောက်နေတာ အပြင်လောကလား.. အိပ်မက်ဆိုးထဲမှာလား မသေချာဘူး။
မမမေက ပြောခဲ့တယ်..။ ဒီသတ္တဝါဟာ ကျွန်တော့်ကိုယ်ထဲမှာ လှောင်ပိတ်ခံထားရတယ်..။ သူပေးခဲ့တဲ့ အဆောင်ဆွဲကြိုးကို မချွတ်မခြင်း ဘာမှ စိတ်ပူစရာ မရှိဘူး..တဲ့။ ဒါပေမယ့် တကယ်တန်းက အဲဒီလို မဟုတ်။ ကျွန်တော်ပါ အဲဒီမကောင်းဆိုးဝါးနဲ့အတူ.. လှောင်ပိတ်ခံထားရတာ။ ဒါတင်မကဘူး ကျွန်တော့်သူငယ်ချင်းတွေရဲ့ စိတ်ဝိညာဉ်တွေကလည်း အထဲမှာ တဝုန်းဝုန်း သောင်းကျန်းလာတယ်။
နောက်ပိုင်း အချိန်ကြာသွားတော့ ပိုသိသာလာတယ်။ အိပ်ပျော်သွားပြီဆိုတာနဲ့ ကျွန်တော့်ကို သူတို့တတွေ တစ်ယောက်ပြီး တစ်ယောက် စကားတွေ လာပြောကြတယ်။ သူတို့ရဲ့ကိုယ်ခန္ဓာပေါ်က ဒဏ်ရာပေါင်းများစွာကို လှန်ပြကြတယ်။ သူတို့ရဲ့ မျက်လုံးဖြူဖြူတွေနဲ့ ကျွန်တော့်ကို စိုက်ကြည့် အပြစ်တင်ကြတယ်။ သူတို့ကို ဒီလိုလုပ်ရက်လေးခြင်း ဆိုပြီး ငိုကြီးချက်မနဲ့ ကျွန်တော့် ဒူးခေါင်းတွေကို ဖက်ကြတယ်။ ကျွန်တော့် မျက်နှာကို သူတို့ရဲ့ အေးစက်နေတဲ့ လက်တွေနဲ့ ပွတ်သပ်ကြတယ်..။
“ကိုမင်းခန့်ရယ်.. လုပ်ရက်တယ်.. ကျွန်မတို့ကို လွှတ်ပေးပါတော့”.. ယမင်းကပြောတယ်။ “ကျွန်မတို့ အိမ်ပြန်ချင်ပြီ.. နားချင်ပြီ။ ကိုမင်းခန့် ကျွန်မတို့ကို ပေးပြန်ပါတော့”.. နယ်လီနဲ့ ဖြူမော်က မျက်ရည်လည်ရွှဲနဲ့ တောင်းပန်တယ်။”မင်းခန့်.. ငါ နင့်ကိုယ်ထဲမှာ အသက်ရှူလို့ မ၀ဘူး.. ငါ့ကို အပြင်ပေးထွက်ပါဟာ.. နော် သူငယ်ချင်း.. လိမ္မာပါတယ်”.. မိနှင်းက ဖြောင်းဖျတယ်။”ငါတို့ကို အပြင်ပေးထွက်ပါ။ ငါတို့ မိဘတွေ စိတ်ပူနေလောက်ပြီ”.. ကျော်ဇောနဲ့ မျိုးမြတ်အောင်က ပြောတယ်။ ကျွန်တော်ကတော့ အိပ်မက်ဆိုးထဲက စကားဝါ ဧည့်ခန်းထဲမှာ.. ထိုင်ခုံတစ်လုံးနဲ့ ထိုင်၊ လက်ကို နောက်ပြန်ကြိုးတုပ်လို့..။ သူတို့ပြောသမျှကို ခေါင်းတစ်ခါခါနဲ့.. ပါးစပ်က ဆွံ့အလို့..။ ကျွန်တော့်ကို ပတ်လည်ဝိုင်းပြီး တတွတ်တွတ် ပြောနေတဲ့ သူငယ်ချင်း ၆ ယောက်ရဲ့ မျက်နှာတွေ။ စကားဝါအိမ်ရဲ့ မီးလုံးဝါဝါအောက်မှာ မှိန်သွားလိုက်၊ လင်းလာလိုက်..။ သူတို့ရဲ့ နောက်မှာလည်း စီတန်းနေတဲ့ လူအုပ်ကြီး..။ ဦးသိန်း.. ငအောင်.. မလှ..။ ကျွန်တော် မတွေ့ဖူး မမြင်ဖူးတဲ့ တခြားလူတွေလည်း မနည်းမနောပဲ။ စကားဝါရဲ့ သားကောင်တွေ..။ ဒီသတ္တဝါရဲ့ ဝါးမျိုစားသောက်ခြင်းကို ခံခဲ့ရတဲ့သူတွေ..။
သူတို့အားလုံး ကျွန်တော့်ကိုယ်ထဲမှာ.. ကျွန်တော်နဲ့အတူ.. အကျဉ်းကျနေကြတာ။
(ခ)
ဒီလိုနဲ့ ရက်တွေ လတွေ နှစ်တွေ ကြာလာတဲ့အခါ.. ကျွန်တော့် ဦးနှောက်က ပျက်ချင်ချင် ဖြစ်လာတယ်။ အိပ်မက်နဲ့ လက်တွေ့ဘ၀ကို မဝေခွဲတတ်တော့ဘူး။ ခေါင်းထဲက စကားသံတွေကလည်း ကျယ်သထက်ကျယ်လာတယ်။
“မင်းခန့်.. နင်.. ကားအောက်မှာ လှဲအိပ်လိုက်ပါလား..။ ငါတို့ အပြင်ထွက်လို့ ရအောင်”..
“မင်းခန့်.. မင်း.. တိုက်ပေါ်ကနေ ခုန်ချလိုက်ပါလား.. ဘာမှ မဖြစ်ဘူး။ မကြောက်နဲ့.. ဒါမှ မင်း စိတ်ညစ်နေတာတွေ ပျောက်သွားမှာ”
“ကိုမင်းခန့်.. နယ်လီ့ အသိတစ်ယောက်လေ ကြိုးဆွဲချသေသွားတာ..။ သူ့မျက်နှာကို ကြည့်ရတာ ငြိမ်းချမ်းနေတာပဲ.. သိလား..”
အိပ်မက်ထဲက သူငယ်ချင်းတွေ.. ကျွန်တော့်ကို ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ အဆတ်မပြတ် တိုက်တွန်းလာတယ်။ ကျွန်တော် အိပ်ရာကနေ ရုတ်ခနဲ နိုးလာတဲ့အခါတွေမှာ.. ကျွန်တော့်လက်ထဲမှာ ဘယ်ကဘယ်လို ရောက်လာမှန်းမသိတဲ့ သားလှီးဓားတစ်ချောင်း ရောက်နေတတ်တယ်။ တစ်ခါတုန်းကကျတော့ လက်ထဲမှာ အသင့်ပြင်ပြီးသား ကြိုးကွင်းတစ်ခု ရောက်နေတယ်။ ၀ရံတာအစွန်မှာ မတ်တပ်ရပ်.. ၀ရံတာလက်ရန်းကို တစ်ဝက်ကျော်တက်ပြီး ခုန်ချတော့မလို အသင့်အနေအထားနဲ့လည်း အိပ်ရာနိုးလာဖူးတယ်။ ကျွန်တော်ထင်တယ်.. မမမေ ပေးခဲတဲ့ ဆွဲကြိုးက တစ်ခုခုဖြစ်တော့မယ်ဆိုတိုင်း ကျွန်တော့်ကို အိပ်မက်ထဲကနေ ဆွဲခေါ်ပြီး အပြင်ဘ၀ကို ပြန်တွန်းထည့်လိုက်လို့..။ မဟုတ်ရင် ကျွန်တော် တစ်နည်းတစ်ဖုံနဲ့ အသက်ထွက်နေတာ ကြာပြီ။
တချို့ညတွေမှာ ကျွန်တော် လုံး၀ မအိပ်ဘဲ ဆောင့်ကြောင့် ထိုင်နေဖူးတယ်။ နာရီနှိုးစက်ကို ငါးမိနစ်တစ်ခါ မြည်အောင် စီစဉ်ထားတယ်။ ဒါပေမယ့် မရဘူး။ မနက်လင်းလို့ တစ်မှေးလောက် အိပ်ပျော်သွားတော့လည်း.. အိပ်မက်ဆိုးက ပြန်ဝင်လာတာပဲ။ နေ့နေ့ညည ဘာမှ မထူးဘူး။ တစ်စက္ကန့်ပဲ အိပ်ပျော်ပျော်.. တစ်နာရီပဲ အိပ်ပျော်ပျော် အတူတူပဲ..။ အပြင်မှာ တစ်မိနစ်လောက်ပဲ ကြာပေမယ့် အိပ်မက်ထဲမှာက နှစ်ပေါင်းများစွာ…အချိန်တွေ နှေးကျသွားတာ။ သိစိတ်ပျောက်သွားပြီဆိုတာနဲ့ ကျွန်တော့်ကိုယ်ထဲက မကောင်းဆိုးဝါးက အပြင်ကို ထွက်ဖို့ ကြိုးစားပြန်တယ်။
သုံးနှစ်လောက် ကြာလာတော့ ကျွန်တော် မခံနိုင်တော့ဘူး။ ဘယ်ဟာက အစစ်.. ဘယ်ဟာက အိပ်မက်လဲ မသေချာတော့ဘူး။ စကားဝါအိမ်ထဲက အဖြစ်အပျက်တွေဟာ တကယ်ဖြစ်ခဲ့တာရော ဟုတ်ရဲ့လား..။ ကျွန်တော်ကိုယ်တိုင်ပဲ အကုန်လုံးကို သတ်လိုက်တာလား..။ တကယ်ဟုတ်မဟုတ်.. စမ်းကြည့်စရာ တစ်ခုပဲရှိတယ်.. ။ လည်ပင်းက ဆွဲကြိုးကို ဆွဲဖြုတ်လိုက်ရုံပဲ..။ ဒါဒါပေမယ့်.. ဒါပေမယ့်.. ကျွန်တော့်ရဲ့ စိတ်.. ဟိုးအတွင်းထောင့် တစ်နေရာ.. အိပ်မက်ဆိုးတွေ လိုက်ဖမ်းလို့ မမီနိုင်တဲ့ အမြင့်တစ်နေရာမှာ.. ကျွန်တော့်ကို စိုက်ကြည့်နေတဲ့.. မမမေရဲ့ မျက်လုံးတွေ..။ အဲဒီ မျက်လုံးတွေကို မြင်ယောင်လိုက်တိုင်း ဒီအဖြစ်အပျက်ဟာ တကယ်ဖြစ်ခဲ့တာပါလား ဆိုတဲ့ ယုံကြည်ချက်က ပြန်လင်းလက်လာတယ်။ ကျွန်တော့်ကိုယ်ထဲကို ခွန်အားအနည်းငယ် ဝင်လာတယ်။ နောက်တစ်ရက် အသက်ဆက်ရှင်ဖို့ တွန်းအား တစ်စိတ်တစ်လေ ပေါ်လာတယ်။ ဆွဲကြိုးကို ဆက်ဆွဲထားဖို့ ဆန္ဒတွေ ပြန်လည် ပြင်းထန်လာတယ်။ တာဝန်.. တာဝန်ယူတတ်ဖို့လိုတယ်.. ဆိုတဲ့ သူ့ရဲ့ စကား..။
မမမေ…။
ကျွန်တော့်ရဲ့ နောက်ဆုံး မျှော်လင့်ချက်။
(ဂ)
၉၈-၉၉ ခုနှစ်လောက်မှာ ကျွန်တော် ဆုံးဖြတ်ချက် ချလိုက်တယ်။ မည်သည့်နည်းနဲ့မဆို.. မမမေကို တွေ့အောင်ရှာမယ်။ ကျွန်တော့်ရဲ့ စိတ်ဓာတ် ဘယ်လောက်ပဲ ခိုင်မာလာသည်ဖြစ်စေ.. ဒီမကောင်းဆိုးဝါးက မရမက အပြင်ကို ဖောက်ထွက်တော့မှာ သေချာတယ်။ ကျွန်တော် သတိတစ်ချက် အလွတ်.. ကိုယ့်အသက်ကိုယ် နှုတ်ယူ ပစ်လိုက်တဲ့ အချိန်မှာ..ဒီ မကောင်းဆိုးဝါး အပြင်ကို ခုန်ထွက်သွားရင်..။ ရန်ကုန်လို နေရာမျိုးမှာ ဒီမကောင်းဆိုးဝါးပြန့်ပွားသွားရင်.. ကျွန်တော် တွေးတောင် မတွေးရဲဘူး။ ပြီးတော့ ကျွန်တော့်ကိုယ်ထဲမှာ ပိတ်မိနေကြတဲ့ ကျွန်တော့်သူငယ်ချင်းတွေ..။ နောင်တမလွန်ဆိုတာကို ကျွန်တော် ယုံလှတယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဝိညာဉ်ဆိုတာများ တကယ်ရှိခဲ့ရင် သူတို့ရဲ့ ဝိညာဉ်တွေ.. အနားယူအိပ်စက်နိုင်မယ် မထင်ဘူး။ ဒီမကောင်းဆိုးဝါးရဲ့ သိမ်းပိုက်မှုအောက်မှာ သူတို့ရဲ့ ဝိညာဉ်တွေ.. ရာသက်ပန် အကျဉ်းကျသွားခဲ့တာ ဆိုရင် ဘယ်လိုလုပ်မလဲ..။
မမမေကို ရှာမယ်.. ဆိုတာ ပြောရတာတော့ လွယ်တယ်။ တကယ်တမ်းကျတော့ ကောက်ရိုးပုံထဲကျတဲ့ အပ်ထက်တောင် ခက်နေတယ်။ သူဘယ်ကလာသလဲ ကျွန်တော်မသိသလို ဘယ်ကိုထွက်သွားမှန်းလဲ ကျွန်တော် မသိဘူး။ မမမေ..ဆိုတဲ့ နာမည်တောင်မှ နာမည်အရင်းဟုတ်ရဲ့လား မသေချာ။ ပြီးတော့ ကျွန်တော့်မှာ ငွေကြေးက အကန့်အသတ်နဲ့လေ။ အဖေ စီစဉ်ပေးခဲ့လို့ လစဉ် ပိုက်ဆံလေးတွေတော့ ရနေပါတယ်။ ဒါပေမယ့် ဒါတွေကလည်း စားလို့ သောက်လို့ ရရုံသာ..။ စကားဝါခြံကို ရောင်းဖို့ဆိုတာ စိတ်ကူးထဲတောင် ထည့်မစဉ်းစားရဲဘူး။ ရောင်းလည်း ဘယ်သူမှ ဝယ်မယ်မထင်ဘူး။
ဒီတော့ ကျွန်တော် ဖြစ်တဲ့နည်းနဲ့.. တတ်နိုင်တဲ့နည်းလမ်းနဲ့ မမမေကို လိုက်ရှာရတယ်။ ဘယ်လိုရှာသလဲ.. ရှင်းပါတယ်။ ဟိုရွာမှာတော့ ဟို မကောင်းဆိုးဝါးလိုလို သရဲလိုလို တွေ့တယ်.ဆိုတဲ့ သတင်းကြားတာနဲ့ ကျွန်တော် ကျောပိုးအိတ်ပြင်၊ လိုင်းကားပေါ်တက်လိုက်၊ အဲဒီရွာကိုသွား၊ မမမေများ ရောက်လာမလား.. ဒါပဲပေါ့။ ဒါပဲ လုပ်လို့ရတာလေ။
ဒါပေမယ့် ငွေကြေးအခက်အခဲကြောင့် ကျွန်တော့် ခရီးတွေက သိပ်မတွင်ဘူး။ တစ်ခါတစ်လေ ပိုက်ဆံပြတ်သွားရင် ရောက်တဲ့နေရာမှာ ရတဲ့အလုပ်ကို ခဏဝင်လုပ်၊ ပိုက်ဆံ ပြန်ရှိလာပြီဆိုရင် ခရီးပြန်ဆက်။ ဘဏ်ကလွှဲပေးတဲ့ ငွေဆိုတာကလည်း ခရီးစရိတ်နဲ့တင် ကုန်တာပဲ။ ရယ်တော့ရယ်ရတယ်.. အဲဒီလို သွားနေလာနေရင်း တစ်နှစ်လောက်အကြာမှာ ကျွန်တော့်ကိုယ်ကျွန်တော် ငါ တစ်ချိန်တုန်းက သူဌေးသားဖြစ်ခဲ့တယ် ဆိုတာတောင် မေ့သွားတယ်။
ဒီလို ခရီးတွေ ပတ်သွားနေတာ တစ်ခုတော့ ကောင်းပါတယ်။ ကျွန်တော့် အတိတ်ကို ခဏလောက် ထားခဲ့လို့ ရသွားတယ်။ ကျွန်တော့်ကို တရားခံအဖြစ် မြင်ကြတဲ့ မျက်လုံးတွေနဲ့ ဝေးရာကို ရှောင်ပြေးခွင့်ရတယ်။ အိပ်မက်ဆိုးတွေကတော့ နောက်ကနေ ထပ်ကြပ်မကွာ လိုက်နေတုန်းပဲ။ မျက်လုံးမှိတ်လိုက်တိုင်း နည်းပေါင်းစုံနဲ့ နှိပ်စက်နေတုန်းပဲ။ အိပ်မက်ထဲက အသံတွေ ကျယ်သထက် ကျယ်လာတယ်.. အိပ်မက်ထဲက မျက်နှာတွေ.. စိတ်ဆိုးသထက် ဆိုးလာတယ်..။
ဒီလိုနဲ့.. ဆယ်နှစ်နီးပါး ကြာသွားတယ်။ ရွာပေါင်းများစွာ၊ မြို့ပေါင်းများစွာကို ကျွန်တော် ရောက်ခဲ့တယ်..။ မမမေကို မတွေ့ဘူး။ မကောင်းဆိုးဝါးနဲ့တူတဲ့ အရာ အစအနတောင် မရှိ..။ ကျွန်တော် ပြောသလိုပဲ တကယ်လိုက်ရှာရင် မရှိတော့ဘူးဆိုတာ သိပ်မှန်တယ်။ ကိုယ်ထဲမှာ မကောင်းဆိုးဝါးတစ်ကောင်ကို သယ်ရင်း နောက်ထပ် မကောင်းဆိုးဝါးတွေကို လိုက်ရှာနေရတဲ့ ကျွန်တော့်အဖြစ်..။
တဖြည်းဖြည်းနဲ့.. ကျွန်တော် အားလျော့စပြုလာတယ်။ ကျွန်တော့်ဘ၀ထဲက အပြီးအပိုင် ထွက်သွားပြီလို့ ယူဆရတဲ့ မမမေ.. သူ့ကိုတွေ့ဖို့ မျှော်လင့်ချက်တွေ ပါးသထက်ပါးပြီး ပျောက်ကွယ်ချင်လာတယ်။ မြန်မာပြည် မြောက်ပိုင်း မြို့သေးသေးလေး တစ်ခုမှာ.. နောက်ဆုံး ကျွန်တော် အခြေချနေဖို့ ဆုံးဖြတ်လိုက်တယ်။ ရရာအလုပ် ဝင်လုပ်မယ်.. ဆက်မရှာနိုင်တော့ဘူး။ ဒီမြို့မှာပဲ ငါသေရင်လည်း သေပါစေတော့ ဆိုပြီး စိတ်လျှော့လိုက်တယ်။
အဲဒီတုန်းက ကျွန်တော့် ပုံစံကို ကျွန်တော့် အဖေသေရွာကပြန်ထပြီး လာကြည့်ရင်တောင် မှတ်မိမယ်မထင်ဘူး။ ဆံပင်တွေ ဘုတ်သိုက်ဖြစ်နေပြီ။ လူကလည်း ပိန်လှီ ခြောက်ကပ်နေပြီ။ ဘဏ်က ပုံမှန်လွှဲနေတဲ့ ပိုက်ဆံကို သွားမထုတ်ချင်တော့တဲ့အထိ စိတ်ဓာတ်ကလည်း ကျနေပြီ..။
ကျွန်တော် ဆိုင်တစ်ဆိုင်မှာ အကူအဖြစ် အလုပ်ဝင်လုပ်တယ်။ တတ်နိုင်သလောက် အာဟာရ ဖြစ်အောင် စားတယ်။ မတော်တဆ ဖျားနာ အားပြတ်ပြီး သေသွားရင် အကုန် ဒုက္ခရောက်ကုန်မယ်လေ။ စိတ်ဓာတ်ကျတယ်..သေချင်တယ်။ ဒါပေမယ့် သေခွင့်မရှိတဲ့အတွက် ကျန်းမာအောင် ကြိုးစားနေရတာ ရယ်စရာကြီး။
ဆိုင်မှာ အလုပ်လုပ်နေရင်း ကျွန်တော့် စိတ်တွေ နည်းနည်းလေးတော့ တည်ငြိမ်လာတယ်။ ပုံမှန် အလုပ်လုပ်ခြင်းရဲ့ အကျိုးကျေးဇူးလို့ ပြောလို့ရမလား..။ အိပ်မက်တွေက ဆက်တိုက်မက်နေတုန်းပဲ.. ဒါပေမယ့် နိုးထနေတဲ့ အချိန်တွေမှာ ကျွန်တော့် စိတ်ဓာတ်က အရင်လောက် မစုတ်ပြတ်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း တတ်နိုင်သလောက် သန့်သန့်ပြန့်ပြန့်ဖြစ်အောင် ပြန်ပြုပြင်နိုင်လာတယ်။ ဆံပင်တွေဘာတွေ ညှပ်၊ မုတ်ဆိတ်တွေ ဘာတွေ ရိတ်ပေါ့လေ..။
၅ နှစ်လောက် ကြာသွားတော့.. ကျွန်တော် သတိထားမိလာတာ တစ်ခုရှိတယ်။ အဲဒီအချိန်မှာ ကျွန်တော့်အသက် ၃၀ ကျော်နေပြီ..။ ဒါပေမယ့် အသက် ၂၀ ကျော်ကျော်တုန်းက ရုပ်ရည်က ဒီအတိုင်းပဲ၊ ပြောင်းလဲ မလာဘူး။ ရင့်မလာဘူး။
အရွယ်နဲ့ မလိုက်အောင် ငယ်နေတဲ့ မလှ.. ကို ကျွန်တော် သတိရသွားတယ်။ ကျွန်တော် မှတ်မိသေးတယ်.. အဲဒီနေ့က မှန်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ထိုင်ကြည့်ရင်း.. ကျွန်တော် ငိုရမလို ရယ်ရမလို ဖြစ်နေတာ။ မသေတဲ့အပြင် အသက်တောင် ပိုရှည်နေပါလား..။ အသက်ကြီးလာတာ..ဆိုလို့ ကျွန်တော့် မျက်လုံးတွေပဲ ရှိမယ်။ မျက်ဝန်းတွေထဲကို ကြည့်လိုက်ရင် နှစ်ပေါင်းများစွာ ရှင်သန်ပြီးသား အဘိုးကြီး တစ်ယောက်လို အိုစာနေတယ်။ ရုပ်ရည်ကတော့ ပြောင်းမလာဘူး။ ဒီမကောင်းဆိုးဝါးကို နောက်ထပ် နှစ်ပေါင်းများစွာ သယ်ဆောင်ထားရဦးမှာပါလား..။ နှစ် ၅၀လား.. နှစ် ၁၀၀လား.. ကမ္ဘာဆုံးတဲ့အထိလား..။ ဒီအိပ်မက်ဆိုးတွေက ရာသက်ပန် ရှိနေတော့မှာလား။
ကျွန်တော် အဲဒီမြို့လေးကို နှုတ်ဆက်.. ရန်ကုန်ကို ပြန်ရောက်လာတော့ ၂၀၁၅ ခုနှစ်။ အရာရာ ပြောင်းလဲကာစ အချိန်။ အင်တာနက်တွေ၊ ဆိုရှယ်မီဒီယာတွေ သောင်းသောင်းဖျဖျ ပေါက်ဖွားလာတဲ့ အချိန်။ အဲဒီမှာ ကျွန်တော့်ရဲ့ မမမေ ရောဂါက ပြန်ထလာတယ်။ အင်တာနက်ပေါ်မှာ ကြားသမျှ ကောလာဟလ သတင်းတွေကို ကျွန်တော် လိုက်ဖတ်တယ်။ သဘာ၀လွန် ဖြစ်ရပ်တွေ တွေ့ပြီဟေ့ ဆိုတာနဲ့ ကျွန်တော် အသေးစိတ် လိုက်စုံစမ်းတယ်။ သတင်းရတဲ့ နေရာတွေကို မှတ်ထားတယ်။ ဒါပေမယ့် တစ်နှစ် နှစ်နှစ်လောက် ကြာတော့ ကျွန်တော် လက်လျှော့လိုက်ရပြန်တယ်။ အွန်လိုင်းပေါ်က ယုံတမ်းသတင်းတွေက လိုက်ဖတ်လို့ မကုန်အောင် များနေတာကိုး။
၂၀၁၇ ဒီဇင်ဘာလ..။ ကျွန်တော် အိပ်ရာဝင်သွားတော့ ရန်ကုန်မြို့ထဲက တိုက်ခန်းခပ်စုတ်စုတ်လေးတစ်ခုရဲ့ အိပ်ခန်းထဲမှာ..။ ကျွန်တော် နိုးလာတော့ အမြန်ကားပေါ်မှာ ရောက်နေတယ်။ အမြန်ကားက ဘယ်ကို ဦးတည်နေသလဲ.. ခင်ဗျား သိမှာပါ..။ စကားဝါ လမ်းခွဲမှာ ဆင်းမယ်လို့ ပြောပြီး ကျွန်တော်ကိုယ်တိုင် တက်လိုက်လာတာတဲ့.. ကားဆရာက အိပ်မှုံစုံမွှားဖြစ်နေတဲ့ ကျွန်တော့်ကို ရှင်းပြတယ်။
ဒီမကောင်းဆိုးဝါးက ကျွန်တော့်ကိုယ်ခန္ဓာကို တစ်စထက်တစ်စ သိမ်းပိုက်နေပြီ။ ကျွန်တော့်ကို စကားဝါ..ကို ပြန်ခေါ်သွားချင်နေပြီ။ ဘာလို့လဲ ကျွန်တော် မသိဘူး။ အဲဒီမြေကို ပြန်ရောက်ရင် သူ ကျွန်တော့်ကိုယ်ထဲက ဖောက်ထွက်ဖို့ အင်အားတွေ ပိုကောင်းလားမလား.. ကျွန်တော် မသေချာဘူး။ သေချာတာကတော့ ကျွန်တော့်ကိုယ် ကျွန်တော် ပိုသတိထားမှ ဖြစ်တော့မယ် ဆိုတာပဲ။
(ဃ)
နောက်ထပ် နှစ်နှစ်..သုံးနှစ်..ထပ်ကြာသွားတယ်။ မအိပ်ရဲတဲ့ ညပေါင်း ထောင်နဲ့ချီပြီး ဖြတ်သန်းခဲ့ရင်း ကျွန်တော့် အဖေ သတ်မှတ်ခဲ့တဲ့ နေ့ကို ရောက်လာတယ်။ ကျွန်တော့်ရဲ့ ခပ်ယဲ့ယဲ့ ဘဏ်စာရင်းထဲကို ငွေတွေ အလုံးအရင်းနဲ့ ဝင်လာတယ်။ ဘယ်က ဘယ်လို သတင်းရသွားသလဲ မသိ.. ကျွန်တော်နဲ့ အတူတူ အလုပ်လုပ်ချင်တဲ့ သူတွေ နေ့ခြင်းညခြင်း ကျွန်တော့် တိုက်ခန်းတံခါးကို လာခေါက်ကြတယ်။
အဲဒီမှာ မမမေကို မရမက လိုက်ရှာဖို့ ကျွန်တော် ထပ်ဆုံးဖြတ်လိုက်ပြန်တယ်။ လက်ထဲမှာ ရောက်နေတဲ့ ငွေတွေနဲ့ ကုမ္ပဏီ တစ်ခုထောင်တယ်။ လူတွေရဲ့ မျက်လုံးတွေအောက်ကို ကျွန်တော် ပြန်ရောက်လာတယ်။ ဒါပေမယ့် ကျွန်တော် ဂရုမစိုက်ပါဘူး။ သူတို့ဘာသာသူတို့ ထင်ချင်ရာထင်ကြပါစေ အရေးမကြီးဘူး။ ကျွန်တော့် ကုမ္ပဏီက ဘာအလုပ်လုပ်သလဲ မမေးနဲ့.. ကျွန်တော် မသိဘူး။ သွင်းကုန်၊ ထုတ်ကုန် လို့ပြောတာပဲ။ အလုပ်နဲ့ ပတ်သက်သမျှ ဝန်ထမ်းတွေကို အကုန်လွှဲပေးလိုက်တာ.. ကျွန်တော် ဘာမှ မလုပ်ဘူး။ ပိုက်ဆံတွေ ဘယ်လောက်ကုန်သွားသလဲ ကျွန်တော် မမှတ်မိဘူး။ ပိုက်ဆံဆိုတာ ကျွန်တော့်အတွက် ဘာမှ အရေးမကြီးတော့ဘူး မဟုတ်လား။ ကျွန်တော် လုပ်ချင်တာ တစ်ခုပဲ ရှိတယ်။ ငွေလိုနေတဲ့ ခပ်ရွယ်ရွယ် လူငယ်တွေကို ငှားတယ်။ ကျွန်တော် မှတ်ထားတဲ့ နေရာတွေကို ဖြန့်ခွဲပြီး လွှတ်တယ်။ သူတို့ကို မမမေရဲ့ နာမည်ကိုတော့ ပြောမပြဘူး။ ဒီနေရာတွေမှာ ဒီအသက်အရွယ်လောက် ရှိမယ့် အမျိုးသမီးတစ်ယောက်.. အဝင်အထွက် လုပ်သွားသလား၊ မြို့ခံ ရွာခံလူတွေနဲ့ စကားပြောသွားသလား။ မမမေက အဲဒီအချိန်မှာ အသက် ၅၀ နား ကပ်ရောပေါ့.. အရင်လို ဂျင်းဘောင်းဘီနဲ့ ဂျင်းဂျက်ကတ် ဝတ်သေးသလား ကျွန်တော် မသိဘူး။ ဒါပေမယ့် သူ့ပုံစံက တစ်ခါတွေ့ရင် မမေ့မယ့် ပုံစံမျိုးဆိုတာတော့ သေချာတယ်။
ပြီးတာနဲ့ မမမေရဲ့ သတင်းကို ကျွန်တော် ထိုင်စောင့်နေလိုက်တယ်။
(င)
ကုမ္ပဏီထောင်ပြီး မကြာခင်.. လွန်ခဲ့တဲ့ သုံးလကျော်ကျော်လောက်မှာ ကျွန်တော့်ဆီကို သတင်း ဝင်လာတယ်။
ရှမ်းပြည်ဘက်က မုယော.. ဆိုတဲ့ ရွာလေးတစ်ခုမှာ ကျွန်တော်ပြောပြထားတဲ့ ပုံစံနဲ့ ဆင်တူတဲ့ အမျိုးသမီးတစ်ယောက် ရောက်နေတယ်တဲ့။
မုယော..ရွာအကြောင်းကို ကျွန်တော့် မှတ်စုတွေထဲမှာ ချက်ခြင်းပြန်ရှာတယ်။ မုယောရွာက ရှမ်းပြည်တောင်ပိုင်းမှာ ရှိတဲ့ ခပ်သေးသေး ရွာလေးတစ်ခု။ အိမ်ခြေ ၄၀ ကျော်။ စိုက်ပျိုးရေး ရွာလေး။ အဲဒီ ရွာမှာ မွေးကင်းစကလေးတွေ ပျောက်သွားတာ သုံးယောက် ရှိပြီလို့ သတင်းရထားတယ်။ မလိုချင်လို့ စွန့်ပစ်လိုက်ပြီးမှ ကလေးတွေ ပျောက်သွားသလိုလို ဘာလိုလို ဉာဏ်ဆင်တာလို့လည်း လူတွေက ထင်ကြေးပေးကြတယ်။ ဘယ်လိုပဲပြောပြော ဒီသတင်းဟာ အနှစ် ၂၀ အတွင်းမှာ ကျွန်တော့်အတွက် စိတ်လှုပ်ရှားဖို့ အကောင်းဆုံးဖြစ်နေတာတော့ အမှန်ပဲ။
ကျွန်တော် ချက်ခြင်းပဲ မုယောရွာကို ခရီးထွက်ဖို့ ပြင်ဆင်တယ်။
+++
အခန်း (၃၀)
(က)
သူဇာလွင် မင်းခန့်ထူးမျက်လုံးတွေကို သေချာ သတိထားပြီး ကြည့်နေမိတယ်။ သူ့ရုပ်ရည်က အသက်အရွယ်နဲ့ မလိုက်အောင် နုပျိုနေပေမယ့် သူ့မျက်လုံးတွေကတော့ အဘိုးကြီးတစ်ယောက်လို အိုမင်းနေတာတော့ အမှန်ပဲ။ ဒုက္ခပေါင်းစုံ တွေ့ကြုံခဲ့ရတဲ့ မျက်လုံးမျိုး။ လောကဒဏ်ကို အနှစ် ၁၀၀ လောက် ခံခဲ့ရတဲ့ အကြည့်မျိုး။ အင်းလေ.. အနှစ် ၂၀ လောက် အိပ်မက်ဆိုးတွေ ဆက်တိုက်မက်၊ စိတ်ရောဂါဝေဒနာကို တစ်ယောက်တည်း ကြိတ်ခံစားနေရမှတော့ ဒီလောက်တော့ ရှိမှာပေါ့.. သူဇာလွင် တွေးလိုက်တယ်။
“စကားဝါ မှာတုန်းက မမမေက အသက် ၃၀ ကျော် မဟုတ်လား။ ရှင် မမမေကို သွားတွေ့မလို့ လိုက်သွားတဲ့အချိန်က အနှစ် ၂၀ ကျော် ကြာသွားပြီလေ။ သူ့အသက်က ၅၀ ကျော်ရောပါ့။ အသက် ၅၀ အထိ အဲဒီအလုပ်တွေ လုပ်နေတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား”.. သူဇာလွင် မေးလိုက်တယ်။
“အသက် ၅၀ မကလို့ ၇၀ လည်း သူကတော့ ဆက်လုပ်ဦးမယ့် ပုံစံပဲ။ ပြီးတော့ ဒီလို အလုပ်မျိုးမှာ ပင်စင်ယူရတဲ့ အသက်အရွယ် မရှိလောက်ဘူးထင်တယ်။ ဟုတ်တယ်မဟုတ်လား”.. မင်းခန့်ထူးက ပြန်ဖြေတယ်။
“ကျွန်မ ဘယ်သိမှာလဲ”
“ခင်ဗျားဆိုရင်ရော ဘယ်အရွယ်လောက်ထိ အလုပ်လုပ်မယ် စိတ်ကူးထားလဲဗျ မသူဇာ”
“လုပ်နိုင်ကိုင်နိုင်သေးတဲ့ အရွယ်အထိပေါ့။ အတိအကျတော့ ဘယ်ပြောလို့ရမှာလဲ။ ရှင်ဆိုရင်ရော.. ဘယ်အချိန်မှာ အနားယူမလဲ”.. သူဇာလွင် ပြန်မေးလိုက်တယ်။
မင်းခန့်ထူးက သူဇာလွင့်အမေးကို မဖြေဘဲ မျက်နှာ နည်းနည်း နွမ်းသွားတယ်။ ဘာလဲ.. ဒီလူ့မှာ ကုလို့မရတဲ့ ရောဂါတွေဘာတွေများ ရှိနေသလား။ ငါနဲ့ စကားပြောပြီးရင် သူ့ကိုယ်သူများ သတ်သေတော့မလား.. သူဇာလွင် ရောက်တတ်ရာရာတွေ တွေးမိသွားတယ်။ ဘုရား..ဘုရား.. အဲဒီလိုဆိုရင်တော့ ဒီရုံးအနီးအနား တစ်ဝိုက်မှာ မလုပ်ပါစေနဲ့။
“ဘာတွေ တွေးနေတာလဲဗျ”.. မင်းခန့်ထူးက မေးတယ်။
“ဘာမှမဟုတ်ဘူး”
“ဒါနဲ့ ခင်ဗျား ဘွဲ့ရတော့ ဘာနဲ့ ရသလဲ”.. မင်းခန့်ထူးက ဆိုင်းမဆင့် ဗုံမဆင့် မေးတယ်။
“မြန်မာစာနဲ့”.. သူဇာလွင် ပြောလိုက်ပြီးမှ.. ဒီလူ ငါ့နောက်ကြောင်းကို ထပ်အစ်နေပြန်ပြီ ဆိုပြီး သတိအနေအထား ဖြစ်သွားတယ်။
“ဪ.. ခင်ဗျား တော်တာတော့ တော်တော် တော်တာပဲဗျနော်။ ကိုယ့်ထူးကိုယ်ချွန် ဒီလို ဖြစ်လာဖို့ဆိုတာ လွယ်တာ မဟုတ်ဘူးဗျ။ ဘာလို့ ဒီအလုပ်ကိုမှ ရွေးလုပ်ဖြစ်သွားတာလဲ။ မှုခင်းတွေကို စိတ်ဝင်စားတာလား”
“ဟင့်အင်း။ ကျွန်မ အလုပ်စဝင်တုန်းက တည်းဖြတ်အနေနဲ့ အလုပ်ဝင်တာ။ ပြီးတော့မှ သတင်းထောက်ဘက်ကို ကူးလာတာ။ ဒီလိုပဲ ဆက်လုပ်ဖြစ်သွားတာပဲ။ ကျွန်မလည်း သေချာတော့ မပြောတတ်ဘူး”.. သူဇာလွင် စကားကို ဖြတ်ချလိုက်တယ်။
“ကျွန်တော်လေ.. ခင်ဗျားကို ဝန်ခံစရာတစ်ခုရှိတယ်ဗျ”.. မင်းခန့်ထူးက ပြောပြီး ကိုယ်ကို အရှေ့ကို ကိုင်းလာတယ်။ နွမ်းနေတဲ့ သူ့မျက်နှာမှာတောင်းပန်တဲ့ အရိပ်အယောင်တွေ ထပ်လွှမ်းသွားတယ်။
“ဘာလဲ”
“ခင်ဗျားကို ခေါ်တွေ့တာ.. ခင်ဗျား ဆောင်းပါးကို ဖတ်မိလို့ မဟုတ်ဘူးဗျ”.. မင်းခန့်ထူးက ပြောတယ်။ “ဆောင်းပါးကိုဖတ်လိုက်တာတော့ တကယ်ပါ။ တကယ်လည်း သဘောကျပါတယ်။ ဒါပေမယ့် ခင်ဗျားနဲ့ တွေ့ရတဲ့ အကြောင်းရင်း နောက်တစ်ခု ရှိနေတယ်”
“ကျွန်မ သိပြီးသားပါ။ ရှင့် စကားတွေက အလိမ်အညာတွေ ပါနေတယ်ဆိုတာ။ ရှင်ဘာလို့ ကျွန်မကို ခေါ်တွေ့တာလဲ။ ဘာလိုချင်တာလဲ”.. သူဇာလွင် မေးလိုက်တယ်။ ဒေါသစိတ်ထက် စိတ်ကုန်စိတ်ပျက်တဲ့ စိတ်က သူဇာလွင့် ရင်ထဲမှာ ပိုများနေတယ်။ လိုချင်ဦးလေ.. မင်းခန့်ထူး သတင်း..။ စိတ်ဝင်စားချင်ဦး.. စကားဝါအမှုကို..။
“ဒီဇာတ်လမ်းပြီးရင် ပြောပြပါ့မယ်လို့ ကျွန်တော် ကတိပေးထားတယ်မဟုတ်လား။ ဒါပေမယ့် အဲဒီလို ပြောပြလိုက်တဲ့အခါ ခင်ဗျား ကျွန်တော့်ကို တော်တော် မုန်းသွားမှာ”
“ရှင့်ကို ကျွန်မ မုန်းစရာအကြောင်းလည်း မရှိဘူး။ မုန်းရလောက်အောင်လည်း ရှင်နဲ့ ကျွန်မ မရင်းနှီးဘူး”
“ကျွန်တော့်စိတ်ထဲမှာတော့ ခင်ဗျားကို အလိုလို ရင်းနှီးနေတယ်။ တကယ်”
“အို..တော်စမ်းပါ။ ရှင့်ဇာတ်လမ်းကို ဆက်တော့။ မနက် ၄ နာရီ ထိုးတော့မယ်။ ကျွန်မက မိန်းကလေးဆိုတာလည်း သတိရဦး။ နည်းနည်းပါးပါး အားမနာတတ်ဘူးလားဟင်”
မင်းခန့်ထူးက လက်နှစ်ဖက်ကို လေထဲမှာ မြှောက်ရင်း အရှုံးပေးတဲ့ ပုံစံလုပ်ပြတယ်။
“ဆောရီး ဆောရီး။ ကျွန်တော် ဆက်ပြောမယ်။ မမမေ မုယောရွာမှာ ရောက်နေတယ်ဆိုတဲ့ သတင်းသဲ့သဲ့ကြားတာနဲ့ ကျွန်တော် ချက်ခြင်း ထလိုက်သွားတယ်”
+++
အခန်း (၃၁)
(က)
မုယောက စကားဝါရွာနဲ့ တခြားစီပဲဗျ။ စကားဝါက ဖုန်ထူ စုတ်ပြတ်သလောက် မုယောကတော့ အေးစိမ့်သာယာတယ်။ ရွာတစ်ဝိုက်မှာ သစ်ပင်တွေ အများကြီး စိုက်ထားတယ်။ အိမ်လေးတွေကလည်း ချစ်စရာ သေးသေးပုပုလေးတွေ။ လူတွေကလည်း အေးအေးဆေးဆေး ပျော်ရွှင်နေကြတဲ့သူတွေ။ ရွာကို ရောက်ရောက်ခြင်း ကျွန်တော် ဇဝေဇဝါတောင် ဖြစ်သွားတယ်။ ဒီလိုနေရာနဲ့ မမမေနဲ့.. ဘာဆိုင်သလဲ။ ဟုတ်မှဟုတ်ပါ့မလား.. ဟိုကောင်တွေ သတင်းအမှားကြီး ပေးလိုက်တာလား။ မမမေပုံစံနဲ့ ခပ်ဆင်ဆင် အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်တာများလား။
ဒါပေမယ့် ရွာထဲက အိမ် နှစ်အိမ် သုံးအိမ်လောက်ကို ပတ်မေးလိုက်တော့ အဲဒီအမျိုးသမီးဟာ မမမေ ဆိုတာ ပိုသေချာသွားတယ်။
ရွာသားတွေရဲ့ စကားအရ သူတို့ရွာကိုလာပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် မေးခွန်းတွေ လာမေးသွားတဲ့ အမျိုးသမီးက ဆိုင်ကယ်နဲ့လာတယ်။ ဂျင်းဘောင်းဘီနဲ့ ဂျင်းဂျက်ကတ်ဝတ်ထားတယ်။ ဆံပင်ကို နောက်လှန် စည်းထားတယ်။ အသက်အရွယ်နဲ့ မလိုက်အောင် ဖြတ်လတ် သန်မာတယ်။ ပြီးတော့ စကားပြောတဲ့အခါ လေသံ မာမာဆတ်ဆတ်.. ပြတ်ပြတ်သားသား ပြောတတ်တယ်။
မမမေ ဆိုတာ သေချာသွားတာနဲ့ ကျွန်တော့်ရင်က ဆယ်ကျော်သက်လေးတစ်ယောက်လို တဖျပ်ဖျပ် ခုန်သွားတယ်။ နှစ်ပေါင်း ၂၀ လေ.. အနှစ် ၂၀..လောက် ခြေရာဖျောက်သွားခဲ့တဲ့သူ..။
ရွာထဲမှာ ပျံ့နေတဲ့ ကောလာဟလကို ကျွန်တော် သေချာ စုံစမ်းကြည့်တယ်။ ဒီနှစ်တစ်နှစ်တည်းမှာတင် ဒီရွာမှာ မွေးကင်းစကလေး သုံးယောက် ပျောက်သွားတယ်။ ကလေးခိုးတဲ့ အဖွဲ့တွေလက်ချက်လား ဆိုတော့လည်း ရဲတွေ လိုက်စုံစမ်းတော့ ဘာသဲလွန်စမှ မတွေ့ရဘူး။ ဒီလို အစွန်အဖျား ရွာကလေးမှာ လာခိုးရအောင်လည်း အဓိပ္ပာယ် မရှိဘူး။ လွန်ခဲ့တဲ့ နှစ်တွေတုန်းကလည်း ဒီလို အဖြစ်မျိုး မဖြစ်ခဲ့ဖူးဘူးတဲ့။
ဒီနှစ်ထဲမှာ ဘာတွေများ ထူးထူးခြားခြား ဖြစ်သေးလဲလို့ ကျွန်တော်မေးလိုက်တော့ ရွာနောက်ဘက် တောအုပ်ကိုရှင်းရင်းနဲ့ ရေတွင်းပျက်ကြီး တစ်ခု တွေ့တဲ့အကြောင်း..။ အဲဒီ ရေတွင်းပျက်ကြီး ပေါ်လာပြီးကတည်းက ကလေးတွေ စပြီး ပျောက်တာပဲ..ဆိုပြီး ရွာသားတွေက ယုံကြည်ကြတဲ့ အကြောင်း။ အခုဆို.. အဲဒီတောအုပ်ထဲကို ဘယ်သူမှ မသွားရဲတော့တဲ့အကြောင်း..တွေ သိရတယ်။
ရဲတပ်ဖွဲ့ဝင်တွေ ကိုယ်တိုင်လည်း အဲဒီ ရေတွင်းထဲကို ဆင်းကြည့်ပြီးပြီ ဆိုတာလည်း သိရတယ်။ ဘာမှ မတွေ့ရဘဲ ရေပုပ်ရေဆိုးတွေပဲ ရှိတယ်တဲ့။ အဲဒီမှာ ကျွန်တော် သိလိုက်ပြီ။ မမမေ.. အဲဒီရေတွင်းကို သွားကြည့်မှာ သေချာတယ်။ သူ့ရဲ့ ခြေရာလက်ရာကို တွေ့ချင်ရင် အဲဒီနေရာမှာ သွားရှာရမယ်။
(ခ)
ကျွန်တော် ကားကို ရွာထဲက အိမ်တစ်အိမ်ရှေ့မှာ ခဏ ထားခဲ့ပြီး တောအုပ်ဘက်ကို ဦးတည်တယ်။ လမ်းပြခေါ်မလို့ အကူအညီတောင်းသေးတယ်။ ဘယ်သူမှ မလိုက်ရဲကြဘူး။ ဒါနဲ့ ကျွန်တော်လည်း တစ်ယောက်တည်း ထွက်လာခဲ့တယ်။
တောအုပ်အစပ်ကို ရောက်တော့ နေ့လယ် ၃ နာရီကျော်ကျော်လောက် ရှိရောပေ့ါ။ မုယောရွာရဲ့ သာယာမှုကြောင့် အပူရှိန်ကို မခံစားရပေမယ့် ကျွန်တော့်ရဲ့ စကားဝါ အတွေ့အကြုံတွေက တောအုပ်နဲ့ နီးလာတာနဲ့အမျှ လူကို တထိတ်ထိတ်ဖြစ်အောင် ခြောက်လှန့်နေတယ်။
ရွာထဲကလူတွေ လမ်းပြလိုက်တဲ့အတိုင်း ကျွန်တော် တောလမ်းကို ရှာပြီး ရေတွင်းပျက်တွေ့တဲ့နေရာကို ဆက်လျှောက်သွားတယ်။ တောအုပ်ထဲမှာ ကျွန်တော့်အပြင် တခြား လူသူ မရှိဘူး။
မိနစ် ၂၀ ကျော်ကျော်လောက် လမ်းပျောက်နေပြီးတော့မှ နောက်ဆုံးမှာ ရေတွင်းပျက်ကြီးကို ရှာတွေ့သွားတယ်။
(ဂ)
တောအုပ်ထဲက ရေတွင်းပျက်ရဲ့ မြင်ကွင်းက စိတ်ကူးယဉ်ပန်းချီကားတစ်ချပ်နဲ့တောင် တူနေတယ်။ သစ်ပင်တွေကြားက ထိုးဆင်းလာတဲ့ အလင်းတန်းတွေအောက်မှာ ရေညှိအလူးလူးနဲ့ ရေတွင်း ကန်ဘောင်တွေက စိမ်းလဲ့နေတယ်။ အုတ်ချပ်တွေ တော်တော်များများက ကွာကျနေပြီ။ အထဲက ထွက်နေတဲ့ နွယ်ပင်တွေတောင် တော်တော်လေး ထူထပ်နေပြီ။
ကျွန်တော် ရေတွင်းနားကို မရဲတရဲ လှမ်းသွားပြီး ပတ်ဝန်းကျင်ကို လေ့လာတယ်။ မမမေရဲ့ ခြေရာလက်ရာ ဘာများတွေ့ရမလဲ..။
ရေတွင်း နှုတ်ခမ်းနားကို ရောက်တဲ့အထိ ရေတွင်း ပတ်ပတ်လည်မှာ ဘာမှ မတွေ့ရဘူး။ ရေသန့်ဘူး အခွံတွေ၊ ဘီယာဘူး အလွတ်တွေတော့ တွေ့တယ်။ ရွာသားတွေထဲက တချို့ သောက်စားပြီးပစ်ထားခဲ့တာထင်တယ်။ ရေသန့်ဘူးတွေက ပစ်ထားတာ ကြာသွားလို့ အထဲက ရေတွေ နောက်ပြီး လောက်တွေတောင် ဝင်နေပြီ။
ကျွန်တော် ရေတွင်းနှုတ်ခမ်းကို လက်နဲ့ကိုင်၊ အောက်ကို ငုံ့ကြည့်လိုက်တယ်။
ရေတွင်းက ပေ ၂၀ ကျော်ကျော်လောက် နက်လိမ့်မယ်။ အောက်မှာ အိုင်ထွန်းနေတဲ့ ရေညစ်ညစ်တွေကလွဲရင် ဘာမှ မရှိ။
“မင်းခန့်ထူး”
နောက်ကထွက်လာတဲ့ မမမေရဲ့ အသံ..။
ကျွန်တော် နောက်လှည့်ကြည့်လိုက်တယ်။
(ဃ)
ဇရာ..ဆိုတဲ့ အရာဟာ လူတိုင်းကို တိုက်စားခြေမှုန်းတတ်မှန်း ကျွန်တော်နားလည်ပါတယ်။ ကိုယ်ကိုယ်တိုင်က စကားဝါ အကျိုးနဲ့ အသက်ကြီးမလာပေမယ့် ကျွန်တော့် ပတ်ဝန်းကျင်ကလူတွေ တဖြည်းဖြည်း အိုမင်းလာတာကို ကျွန်တော် သတိထားမိပါတယ်။ ဒါပေမယ့် ဒီလောကမှာရှိတဲ့ လူတွေအားလုံးထဲမှာ.. မမမေ တစ်ယောက်ကိုတော့ ဇရာနဲ့ ကျွန်တော် တွဲမြင်လို့ မရဘူး။
ဒါကြောင့်လည်း မမမေရဲ့ မျက်နှာကို မြင်လိုက်တော့ ကျွန်တော် ရင်ထဲမှာ နင့်ခနဲ ဖြစ်သွားတယ်။
ကျွန်တော့်ကို မတ်တပ်ရပ်၊ လက်ပိုက်ပြီး ကြည့်နေတဲ့ မမမေ..။
သူ့ရဲ့ ကိုယ်လုံးကိုယ်ဟန်ကတော့ သိပ်မသိသာလှဘူး။ ၀လည်း၀မလာသလို ပိန်လည်း မသွားဘူး။ ကျစ်လစ် တောင့်တင်းနေတယ်။ ဂျင်းဘောင်းဘီခပ်ကြပ်ကြပ်ထဲမှာ သူ့ကိုယ်ခန္ဓာက ကျန်းမာ သန်စွမ်းနေတုန်းပဲ။ ဒါပေမယ့် မမမေရဲ့ မျက်နှာမှာ ထင်ရှားနေတဲ့ အရေးအကြောင်းတွေ..။ လည်ပင်းတစ်ဝိုက်မှာ သိသိသာသာ ပေါ်လာတဲ့ အရစ်သေးသေးလေးတွေ။ ပြီးတော့ လည်ပင်းမှာ ကန့်လန့်ဖြတ် ထင်နေတဲ့ ကျွန်တော်နဲ့ ဆင်တူ.. စကားဝါလက်ကျန် အမာရွတ်..။ ကျွန်တော့် အာရုံထဲက အသက် ၃၀ အရွယ် မမမေ..ဆိုတဲ့ မိန်းကလေးဟာ အခုတော့ အသက် ၅၀ နီးနီး တည်ကြည်ခန့်ညားတဲ့ အမျိုးသမီး တစ်ယောက် ဖြစ်နေပြီ။ လုံး၀ အသက်ကြီးမလာတာကတော့ သူ့ မျက်လုံး တောက်တောက် စူးစူးတွေပဲ။ ကျွန်တော်နဲ့ ပြောင်းပြန်လို့ ပြောရမှာပေါ့လေ။
မမမေရဲ့ မျက်လုံးတွေက ကျွန်တော့်မျက်နှာကို အကြာကြီး စိုက်ကြည့်နေတယ်။ ကျွန်တော်လည်း ဘာပြောရမှန်း မသိတာနဲ့ ကြောင်ပြီး ပြန်ကြည့်နေမိတယ်။
“အဆိုးထဲက အကောင်းပေါ့”.. မမမေက ကျွန်တော့်ရဲ့ နုပျိုနေတဲ့ မျက်နှာကို ကြည့်ရင်း မှတ်ချက်ချတယ်။
ကျွန်တော် ဘာမှ ပြန်မပြောဘဲ မမမေကို လှမ်းဖက်လိုက်တယ်။ ဆို့တက်လာတဲ့ ရှိုက်သံကို မျိုချရင်း အသက်ကို မနည်းရှူနေရတယ်။ ကျွန်တော့်ရဲ့မှောင်မိုက်နေတဲ့ ဘ၀ထဲက တစ်ခုတည်းသော အလင်းရောင်..။ နောက်ဆုံး မျှော်လင့်ချက်..။
မမမေက ကျွန်တော် ဖက်တာကို မရုန်းဘဲ ငြိမ်နေတယ်။ ပိုက်ထားတဲ့ သူ့ရဲ့ လက်တွေကို မဖြည်ဘူး။
“ကျွန်တော်.. ကျွန်တော်.. ခင်ဗျားကို လိုက်ရှာနေတာ.. အရမ်းကို အရမ်းကို ကြာပြီ”.. ကျွန်တော် မမမေရဲ့ ပခုံးပေါ်မှာ မျက်နှာအပ်ပြီး ပြောလိုက်တယ်။
မမမေက ကျွန်တော့်ကို အသာအယာ တွန်းထုတ်တယ်။ ကျွန်တော့် လည်ပင်းမှာ ဆွဲထားတဲ့ ဆွဲကြိုးကို ကိုင်ကြည့်တယ်။ ပြီးတော့မှ ကျွန်တော့် ပခုံးကို အားပေးသလို လက်နဲ့ တစ်ချက် ပုတ်တယ်။
“ကျွန်တော် ခင်ဗျားကို လိုက်ရှာနေတာ”.. ကျွန်တော် ဒီစကားကိုပဲ ထပ်ပြောလိုက်မိတယ်။
မမမေက ခေါင်းညိတ်တယ်။ ခပ်လှမ်းလှမ်းမှာရှိတဲ့ သစ်ငုတ်တစ်ခုဆီကို လျှောက်သွားပြီး ထိုင်ချလိုက်တယ်။ သစ်ငုတ်ဘေးမှာ ချထားတဲ့ သူ့ရဲ့ ဓားရှည်နဲ့ ကျောပိုးအိတ်..။ မမမေက ကျွန်တော့်ကိုလည်း သူ့ဘေးက ကျောက်တုံးမှာ လာထိုင်ဖို့ လက်ယပ် ခေါ်တယ်။
ကျွန်တော် ကျောက်တုံးပေါ်မှာ ထိုင်လိုက်တယ်။ စိတ်လှုပ်ရှားပြီး တုန်နေတဲ့ လက်တွေကို ဒူးနဲ့ ညှပ်ထားလိုက်တယ်။
“ကဲပြော.. ဘာဖြစ်သလဲ”.. မမမေက မေးတယ်။ သူ့လေသံက ရန်ဖြစ်ပြီး အထိုးခံလာရတဲ့ သားတစ်ယောက်ကို မေးလိုက်တဲ့ မိခင်တစ်ယောက်ရဲ့ လေသံမျိုး..။ အပြစ်တင်တာတစ်ဝက်.. စိတ်ပူတာတစ်ဝက်..။
“ကျွန်တော်.. ခင်ဗျား ပြောသလို ထိန်းချုပ်ဖို့ ကြိုးစားပါတယ်။ တကယ်ပါ။ ဒါပေမယ့် ကျွန်တော် မခံနိုင်တော့ဘူးထင်တယ်။ ရှုံးတော့မယ်ထင်တယ်။ ကျွန်တော်..”
“မင်းခန့်ထူး။ အသက်ကို ပြင်းပြင်း ရှူလိုက်စမ်း။ စိတ်ကို အေးအေးထား။ ဘာဖြစ်သလဲ.. ငါ့ကို သေချာပြောပြ”.. မမမေက သူ့ရဲ့ လက်စွဲတော် လေသံမာမာနဲ့ အမိန့်ပေးတယ်။
သူ့ရဲ့ စကားသံအောက်မှာ ကျွန်တော့်စိတ်တွေ ပြန်ငြိမ်သွားတယ်။ အရာရာကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေတဲ့ မမမေ..။ နေရောင်လဲ့လဲ့အောက်မှာ မမမေရဲ့ မျက်နှာက ကြောက်စိတ် တစ်စက်မရှိဘဲ မာကျောတောက်ပနေတယ်။
ကျွန်တော် ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်တယ်။ အနှစ် ၂၀ လုံးလုံး နပန်းလုံးနေခဲ့ရတဲ့ အိပ်မက်ဆိုးတွေ။ အိပ်မက်ထဲက ကျွန်တော့် သူငယ်ချင်းတွေရဲ့ အသံတွေ၊ ပုံစံတွေ..။ ကျွန်တော့်ကို သေကြောင်းကြံဖို့ ဆက်တိုက် တိုက်တွန်းနေခဲ့တာတွေ..။ စကားဝါကို ပြန်သွားဖို့ ဖြားယောင်းသွေးဆောင်တာတွေ..။ ပြောရင်း ပြောရင်းနဲ့ ရင်ထဲမှာ အစာမကြေ ပိတ်ဆို့နေတဲ့ အရာတွေကို အန်ထုတ်လိုက်ရသလို ကျွန်တော့် စိတ်တွေ ပေါ့ပါးလာတယ်။ ကိုယ်ထဲမှာ ခိုဝင်နေတဲ့ မကောင်းဆိုးဝါးကိုတောင် မေ့ပျောက်ချင်သလိုလို ဖြစ်သွားတယ်။
ကျွန်တော့် စကားအဆုံးမှာ မမမေက သက်ပြင်းချတယ်။
“ဒါတွေဖြစ်လာမယ်ဆိုတာ ငါ ကြိုသိရဲ့သားနဲ့ နင့်ကို လွှတ်ပေးလိုက်မိတာ ငါ တောင်းပန်တယ် မင်းခန့်ထူး”.. မမမေက ပြောတယ်။ “နင့်ကို မြင်လိုက်တော့ ငါ ပိုနောင်တ ရသွားတယ်။ ငါ အရှုံးပေးလိုက်မိတဲ့ စာမေးပွဲတစ်ခုကို ပြန်ဖြေရတော့ မလို.. အဲဒီလိုပဲ။ ဘယ်လိုပြောရမလဲ။ ငါ ပြီးပြတ်အောင် မရှင်းလိုက်နိုင်တာ..”
“ဒါဆို.. အခု.. ရှင်းပေးတော့လေ..။ ကျွန်တော် ခင်ဗျားကို အနှစ် ၂၀ လုံးလုံး လိုက်ရှာနေခဲ့တာ.. ကျွန်တော် မခံနိုင်တော့ဘူး။ ကြောက်လို့လည်း မဟုတ်ဘူး.. တာဝန် မယူချင်လို့လည်း မဟုတ်ပါဘူး။ ကျွန်တော့်ကိုယ်ထဲမှာ လှိုက်စားနေတဲ့ ဒီအရာကို ကျွန်တော် မနိုင်တော့ဘူး။ ကျွန်တော် တစ်ခုခု ဖြစ်သွားခဲ့ရင်.. ဘယ်လိုလုပ်မလဲ.. ဒီသတ္တဝါကို ဘယ်သူက သတ်ပေးမှာလဲ..ခင်ဗျားပဲ ရှိတာ”
“နင် နောက်ကျသွားပြီ။ ငါ ဘာမှ မလုပ်ပေးနိုင်တော့ဘူး”.. မမမေက ပြောတယ်။
“ဘယ်လို နောက်ကျသွားတာလဲ။ ဘာကို ပြောတာလဲ..။ ဘာလို့လဲ”
မမမေက သူဝတ်ထားတဲ့ ဂျင်းဂျတ်ကတ်ကို ချွတ်လိုက်တယ်။ သူ့ရဲ့ လက်နှစ်ဖက်ကို နေရောင်အောက်မှာ ထောင်ပြတယ်။
“ခင်ဗျား လက်က အရုပ်တွေ.. ဘယ်ရောက်သွားတာလဲ”.. ကျွန်တော် မေးလိုက်တယ်။ မမမေရဲ့ လက်နှစ်ဖက်လုံးမှာ အပြည့်ထိုးထားတဲ့ နဂါးနဲ့ ဂဠုန်စုံတွဲ.. မရှိတော့ဘူး။ ဘယ်တုန်းက ဖျက်လိုက်တာလဲ။ ဘာလို့လဲ။
“ပြောရမယ်ဆိုရင် အရှည်ကြီးပဲ”
“ပြောပြပါဗျာ။ ပြောပါ။ ကျွန်တော့်မှာ အချိန်တွေ သုံးမကုန်အောင်ရှိပါတယ်။ ဒီလောက် အကြာကြီး စောင့်ခဲ့ပြီးမှ .. ကျွန်တော့်ကို မေးခွန်းအသစ်တွေ ထပ်မပေးပါနဲ့တော့။ တည့်တည့်ပြောပါတော့”.. ကျွန်တော် ပြောလိုက်တယ်။ ပြုတ်ကျသွားတဲ့ စိတ်ဓာတ်က ဟိုးအောက်မှာ.. ပြန်ကောက်မရတော့ဘူး။ နောက်ကျသွားပြီတဲ့..။
မမမေက ဂျင်းဂျက်ကတ်ကို ပြန်ဝတ်တယ်။ ကျွန်တော့်ကို စိုက်ကြည့်တယ်။
“စကားဝါမှာတုန်းက ငါနင့်ကို ပြောခဲ့တယ်။ နင်မှတ်မိလား..။ ဆိုးတဲ့အရာတွေ ရှိသလို… ကောင်းတဲ့ အရာတွေလည်း ရှိပါတယ်..ဆိုတာ”
“မှတ်မိတယ်။ ခင်ဗျားက ကောင်းတဲ့ ဘက်က.. ဟုတ်တယ်မဟုတ်လား”
“ငါတို့ရဲ့ သွေး.. ငါ့ မျိုးရိုးရဲ့ သွေး..ကို အရွေးခံခဲ့ရတယ်။ ဘယ်အရာက ရွေးတာလဲ.. ငါ့ကို မမေးနဲ့။ ငါမသိဘူး။ ကောင်းသော ရည်ရွယ်ချက်တစ်ခုနဲ့ ဒီလောကကို ကယ်တင်ဖို့..ဆိုပြီး ရွေးခဲ့တဲ့အတွက် င့ါရဲ့ ဘိုးဘေးဘီဘင် လက်ထက်ကတည်းက ဒီတာဝန်ကို လက်ဆင့်ကမ်း ယူခဲ့တယ်”
“အဲဒီတော့..”
“ငါ့အမေရဲ့ တာဝန်ကို ငါဆက်ထမ်းသလို ငါ့တာဝန်ကိုလည်း ငါ့မျိုးဆက်ဆီကို လွှဲပြောင်းပေးဖို့လိုတယ်”
“ခင်ဗျားရဲ့ မျိုးဆက်ဆိုတာက ဘာလဲ။ ခင်ဗျားမှာ သားသမီး ရှိလို့လား”.. ကျွန်တော် ကိုယ့်မေးခွန်းကိုယ်တောင် မယုံနိုင်အောင် ဖြစ်သွားတယ်။
“ဒါပေမယ့်.. ငါ အဲဒီတာဝန်ကို လွှဲပြောင်းမပေးနိုင်ခဲ့ဘူး”.. မမမေက ပြောရင်း ကောင်းကင်ကို မော့ကြည့်တယ်။ သူ့မျက်လုံးတွေက ခက်ထန်တင်းမာနေတယ်။
“ခင်ဗျားမှာ သားသမီး မရှိတာလား။ ဘာကိုပြောချင်တာလဲ..။ သားသမီး မရတော့ ဘာဖြစ်သလဲ။ ခင်ဗျား အလုပ်နဲ့ ကလေးတွဲလောင်းနဲဲ့ ဘယ်လို အဆင်ပြေမှာလဲ.. ဟုတ်တယ်မဟုတ်လား”.. ကျွန်တော်မေးလိုက်တယ်။
မမမေရဲ့ မျက်လုံးတွေက ကျွန်တော့်ဆီ ပြန်ရောက်လာတယ်။ အမြဲတောက်ပနေတဲ့ မျက်လုံးတွေ အရောင်နည်းနည်း မှိန်သွားသလို.. ဝပ်ကျသွားတယ်။
“ငါလည်း အဲဒီလိုပဲ စဉ်းစားခဲ့တာပဲ..။ ငါ လုပ်နေရတဲ့ အလုပ်တွေနဲ့ .. ဒီလောကထဲကို နောက်ထပ်လူတစ်ယောက် ခေါ်လာဖို့ ဘယ်ဖြစ်နိုင်မလဲပေါ့။ ဒါပေမယ့် .. ကံတရားဆိုတာ ကြိုမှန်းလို့ မရဘူး မင်းခန့်ထူး။ ချစ်ရမယ့်သူ တွေ့လာတဲ့အခါ လူဆိုတာ စုံလုံးကန်းတော့တာပဲ”
“ခင်ဗျားမှာ ချစ်သူရှိတယ်.. ဟုတ်လား”.. ကျွန်တော် မယုံနိုင်သလိုမေးလိုက်ပြီးမှ အားနာမိသွားတယ်။ မမမေရဲ့ အသက် ၃၀ တုန်းက ပုံစံ၊ အခုပုံစံ.. ဘယ်လိုပဲ ကြည့်ကြည့် ဒီအမျိုးသမီးဟာ ဆွဲဆောင်မှု အပြည့်နဲ့ပဲ။ ချစ်သူရှိတာ ဘာဆန်းသလဲ..။
“ငါတို့ဆီမှာ စည်းကမ်းတစ်ခုရှိတယ်။ ကိုယ့်မျိုးဆက် အသက် ၁၈ နှစ်ပြည့်တဲ့အခါ.. ကိုယ့်တာဝန်ကို သူ့ပခုံးပေါ် လွှဲပေးရမယ် ဆိုတဲ့ ကတိ။ ငါ့အမေတုန်းကလည်း ငါ အသက် ၁၈ နှစ်ပြည့်တဲ့အချိန်မှာ သူ့တာဝန်တွေကို ငါ့ကို လွှဲပေးခဲ့တယ်”.. မမမေက ပြောရင်းနဲ့ သူ့လက်မောင်းက ဆေးမင်ကြောင်တွေ ရှိခဲ့ဖူးတဲ့ နေရာကို လက်နဲ့ ပွတ်တယ်။ “ငါကိုယ်တိုင်လည်း ငါ့သမီး..”.. မမမေ ပြောရင်းနဲ့ စကားကို ဆက်မပြောနိုင်တော့သလို ရပ်လိုက်တယ်။
“သမီး.. ဟုတ်လား”
“ဒီလောကထဲကို ငါ့ကလေးကို ငါ ဘယ်လို ဆွဲထည့်မလဲ မင်းခန့်ထူး။ စကားဝါတုန်းက နင်မြင်ခဲ့ရတာတွေဟာ ငါ တကယ်သိထားတာတွေနဲ့ ယှဉ်လိုက်ရင် ကစားစရာ သာသာပဲ ရှိဦးမယ်။ ပါးစပ်နဲ့ ထုတ်ပြောလို့ မရလောက်အောင် ဆိုးတဲ့ အရာတွေ ဒီလောကမှာ အများကြီး။ ငါဘယ်လို.. သူ့ကို ဆွဲခေါ်မလဲ”
“ခင်ဗျား သမီးက ဘယ်မှာလဲ”.. ကျွန်တော် မေးလိုက်တယ်။ မမမေရဲ့ သမီး..တဲ့။ ကျွန်တော် ယုံရ ခက်နေပေမယ့် ရုတ်တရက် ပြောင်းသွားတဲ့ မမမေရဲ့ မျက်နှာထားနဲ့ မျက်လုံးတွေကို ကြည့်လိုက်တာနဲ့ သူ အမှန်ကို ပြောပြနေတယ်ဆိုတာ သိသာလွန်းနေတယ်။
“သူက သူ့ဘာသာသူ ဘ၀ကို ဆက်လျှောက်နေပါပြီ။ ငါမရှိတဲ့၊ ငါမလိုတဲ့.. ငါ့ကို မသိတဲ့ ဘ၀မှာ သူ့ဘာသာသူ ပျော်နေပြီ”…မမမေက ပြောရင်း ခေါင်းကို ငုံ့ပြီး မြေကြီးပေါ်က သစ်ရွက်ခြောက်တွေကို ကြည့်နေတယ်။ တောထဲကို တိုးဝင်လာတဲ့ လေထဲမှာ သစ်ရွက်ခြောက်တချို့ လွင့်ပါသွားတယ်။ သစ်ရွက်စိုတွေကတော့ မြေကြီးမှာ ဆက်ကပ်ပြီး ကျန်နေခဲ့တယ်။ မမမေက သစ်ရွက်တွေကို ခြေထောက်နဲ့ ဖိချေလိုက်တယ်။
“သူ အသက် ၁၈ နှစ်ပြည့်တဲ့နေ့မှာ သူနဲ့ငါက မိုင်ပေါင်းများစွာ ဝေးနေပြီ။ ငါ့မျက်နှာကို သူ.. မြင်တောင် မမြင်ဖူးဘူး”
“အဲဒါနဲ့.. ခင်ဗျား လက်မှာ နဂါးရုပ်တွေ မရှိတော့တာနဲ့ ဘယ်လို ပတ်သက်သလဲ”
“မင်းခန့်ထူး.. အရာရာတိုင်းမှာ အပေးအယူရှိတယ်။ ဒီတာဝန်ကို ထမ်းဆောင်ဖို့ ကတိပေးထားတဲ့အတွက် ငါ့ကို သူတို့က”.. မမမေက ပြောရင်းနဲ့ ကောင်းကင်ကို မော့ကြည့်ပြန်တယ်။ “သူတို့က ပေးထားတဲ့ အရာတွေ..။ ငါ ကတိမတည်တဲ့အခါ ပြန်ယူသွားကြပြီ”
ကျွန်တော် အချိန်တော်တော်ကြာကြာ တိတ်ဆိတ်သွားတယ်။ မမမေ ပြောတဲ့ စကားတွေကို ခေါင်းထဲမှာ အဓိပ္ပာယ်ဖွင့်ဖို့ ကြိုးစားတယ်။ တော်တော်လေးကြာမှ-
“ဒါဆို.. ခင်ဗျား.. သာမန်လူတစ်ယောက် ပြန်ဖြစ်သွားပြီပေါ့”.. ကျွန်တော် မေးလိုက်တယ်။
မမမေက ပြုံးပြီး ခေါင်းညိတ်တယ်။ တစ်ခါမှ မမြင်ဖူးတဲ့ သူ့ရဲ့ အပြုံးကို ငေးကြည့်ရင်း ကျွန်တော့် မျှော်လင့်ချက်တွေ အကုန် ကျကွဲ တစ်စစီ ဖြစ်သွားတယ်။
“ဒါဆို ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲ”.. ရေတွင်းပျက်ကြီးဆီကို လှမ်းကြည့်ရင်း ကျွန်တော်မေးလိုက်တယ်။
“နဂါးတွေ ဂဠုန်တွေရှိမှ ငါ.. ဒီအလုပ်ကို လုပ်လို့ရတာ မဟုတ်ပါဘူး”.. မမမေရဲ့ လေသံက ချက်ခြင်း ပြန်မာသွားတယ်။ “သူတို့ အကူအညီတွေပါမှ လူတွေကို ကယ်တင်လို့ရတာ မဟုတ်ဘူး။ ဒါတွေမရှိဘဲ ငါ့ဘာသာငါ ဆက်လုပ်နေတာ ဘယ်နှနှစ်ရှိပြီလဲ။ ငါမသေသေးဘူး။ အကောင်းအတိုင်းရှိသေးတယ်”.. မမမေ စကားတွေက ကျွန်တော့်ကို ပြောနေတာလား.. ကောင်းကင်မှာ ရှိတဲ့ အရာတစ်ခုခုကို တိုင်တည်ပြောဆိုနေတာလား ကျွန်တော် မသေချာဘူး။ သူ့မျက်လုံးတွေက ကျွန်တော့်ဆီမှာ မရှိဘဲ အပေါ်ကိုပဲ မော့ကြည့်နေတယ်။
“ကျွန်တော့် ပြဿနာကိုရော.. စကားဝါ ကိစ္စကိုရော.. ဘယ်လို လုပ်ရမလဲ”
“အဲဒီအတွက်တော့ ငါ စိတ်မကောင်းဘူး မင်းခန့်ထူး။ ငါဘာမှ လုပ်မပေးနိုင်ဘူး”
ထောင်းခနဲ ထွက်သွားတဲ့ ဒေါသနဲ့အတူ.. ကျွန်တော် ထိုင်နေရာကနေ ထရပ်လိုက်တယ်။
“ခင်ဗျား တော်တော် သတ္တိမရှိတာပဲ”.. ကျွန်တော် ပြောလိုက်တယ်။
“ဘာပြောတယ်”
“ဟုတ်တယ်။ ခင်ဗျား ကျွန်တော့်ကိုကျတော့ သတ္တိမရှိတဲ့ကောင်ဆိုပြီး ပြောချင်သလို ပြောခဲ့တယ်။ ဒီမကောင်းဆိုးဝါးကို ကျွန်တော့်ကိုယ်ထဲမှာ အနှစ် ၂၀ လုံးလုံး ပိတ်လှောင်ထားခဲ့တယ်။ အခု.. ကျွန်တော် ကူကယ်ရာမဲ့ ဖြစ်နေလို့ ခင်ဗျားကို လာအကူအညီတောင်းတော့ ခင်ဗျားရဲ့ အကြောင်းပြချက်က ဘာလဲ.. ခင်ဗျား တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရမှာ ကြောက်လို့ ထွက်ပြေးနေတာ။ ကိုယ့်ကလေးကိုယ်တောင် မျက်နှာမပြရဲတဲ့ အမေ.. ဒါကမှ တကယ်ကြောက်တတ်တဲ့သူ။ သူရဲဘောကြောင်တဲ့သူ”
မမမေရဲ့ ကိုယ်လုံး ကျွန်တော့်ရှေ့ကို စွေ့ခနဲ ရောက်လာတယ်။ နဂါးတွေ ဂဠုန်တွေ မရှိတော့ပေမယ့် သူ့ရဲ့ လှုပ်ရှားမှုက အသက် ၅၀ အရွယ်နဲ့ မလိုက်ဖက်အောင် မြန်လွန်းတယ်။ ကျွန်တော့် နှာခေါင်း တည့်တည့်ကို ကျလာတဲ့ သူ့လက်သီးကလည်း မြင်းကန်လိုက်သလို ပေါက်ကွဲအားအပြည့်နဲ့။
ကျွန်တော် ပက်လက်လန် လဲကျသွားတယ်။ စိုစိစိ ဖြစ်နေတဲ့ မြေကြီးနဲ့ထိပြီး ကျောပြင်တစ်ခုလုံး အေးခနဲ ဖြစ်သွားတယ်။ မမမေရဲ့ ကိုယ်ခန္ဓာက ကျွန်တော့်အပေါ်မှာ မိုးထားတယ်။ တစ်ချက်ပြီး တစ်ချက် ကျလာတဲ့ လက်သီးချက်တွေအောက်မှာ ကျွန်တော့် မျက်နှာတစ်ခုလုံး ထူပူသွားတယ်။ နားတွေ အူသွားတယ်။ လက်သီးတစ်လုံးက ကျွန်တော့် မေးရိုးတည့်တည့်ကို ခွပ်ခနဲ ပင့်ထိုးလိုက်တယ်။
ကျွန်တော့် ပတ်ဝန်းကျင် တစ်လောကလုံး အမှောင်အတိကျသွားတယ်။
(င)
မင်းခန့်ထူးဆိုတဲ့ကောင် တစ်ချိန်လုံး သတိလစ်နေတာပဲလို့ ပြောရင်လည်း ခံရမှာပဲ။ ဒါပေမယ့် မမမေရဲ့ လက်သီးတစ်လုံးလောက် ခံစားဖူးရင် ကျွန်တော်ပြောတာ မလွန်ဘူးဆိုတာ ခင်ဗျား သဘောပေါက်မှာပါ။
ကျွန်တော် သတိပြန်ရလာတော့ နေလုံးက သစ်ပင်တွေနောက်ကို စပြီး ဝင်နေပြီ။ တောအုပ်က အေးသထက် အေးပြီး စိမ့်နေပြီ။ ကျွန်တော့်ကို ရေတွင်းနံရံမှာ မှီပြီး ထိုင်ခိုင်းထားတယ်။ မမမေက ကျွန်တော့် ဘေးမှာ ထိုင်နေတယ်။
“သတိရလာပြီလား”.. မမမေက မေးတယ်။
“သတိရပြီ။ ကျေးဇူးပဲ”.. ကျွန်တော် ပါးစပ်ထဲက သွေးတွေကို ထွီခနဲ ထွေးထုတ်ရင်း ပြန်ဖြေလိုက်တယ်။
“နင်ငါ့ကို နောက်တစ်ခါ အဲဒီလို ထပ်ပြောရင် ဟိုမှာထောင်ထားတဲ့ ဓားနဲ့ နင့်တစ်ကိုယ်လုံးကို အပိုင်းပိုင်း ခုတ်ပစ်မယ်”..
“ဒါပေမယ့် ကျွန်တော်ပြောတာ မှန်တယ်မဟုတ်လား။ မှန်လို့လည်း ခင်ဗျား အဲဒီလောက် အထိနာသွားတာပေါ့”.. ကျွန်တော် မျက်လုံးက ဖူးရောင်နေတဲ့ နေရာကို ဖိရင်း ပြောလိုက်တယ်။
“နင် ဘာဖြစ်ချင်တာလဲ။ ငါ ဘာလုပ်ပေးရမှာလဲ။ ငါပြောပြီးပြီပဲ ငါ့ကိုယ်ထဲမှာ နင့်ကို ကုသပေးနိုင်တဲ့ ခွန်အား မရှိဘူးလို့။ အရင်ကတည်းက လည်း စကားဝါမကောင်းဆိုးဝါးကို အပြီးတိုင်သတ်ဖို့ ငါ့မှာ စွမ်းအားမရှိဘူး။ အခု ပိုလို့တောင် ဆိုးသွားပြီ။ ငါ သာမန်လူတစ်ယောက်ဖြစ်သွားပြီ”
“ဒါပေမယ့် ခင်ဗျား သမီး..”
“နင့်ပါးစပ်ကို ပိတ်ထားစမ်း မင်းခန့်ထူး။ နင်သူ့ကို ဆွဲထည့်ဖို့ မကြိုးစားနဲ့”..မမမေရဲ့ လေသံက ဓားသွားလို ပြတ်ရှနေတယ်။
“ကျွန်တော် ပြောတာကို ခဏလေး နားထောင်ပါဦး။ ကျွန်တော်ဟာ စကားဝါတုန်းက ခင်ဗျား တွေ့ခဲ့တဲ့ အသက် ၂၀ အရွယ် ကောင်လေး မဟုတ်တော့ဘူး။ ကျွန်တော်ကိုယ်တိုင်လည်း အခက်အခဲတွေ အများကြီး ကြုံခဲ့ ဖြတ်သန်းခဲ့ပြီးပြီ။ ကျွန်တော့် စကားကို ခဏလေး စိတ်ရှည်ရှည်ထားပြီး နားထောင်ပေးပါ မမမေ..”
မမမေက ဘာမှ မပြောဘဲ မျက်မှောင်ကြုတ်ပြီး အရှေ့ကို တည့်တည့်စိုက်ကြည့်နေတယ်။
“ခင်ဗျားတို့ သွေးထဲမှာ ပါလာတဲ့ စွမ်းအားတွေ ပါဝါတွေလား..ဘာတွေလဲ.. အဲဒါတွေကို ဘယ်သူကပေးလိုက်သလဲ ကျွန်တော် မသိဘူး။ ဒါပေမယ့် သေချာတာတစ်ခုက အဲဒီအရာတွေဟာ ခင်ဗျား ထင်သလို ကျိန်စာတော့ မဟုတ်ပါဘူး။ ဆုလာဘ်တစ်ခုပါ။ ကျွန်တော့်ကိုပဲကြည့်.. ခင်ဗျား ကယ်ထားတဲ့ အသက်နဲ့ ဆက်ရှင်သန်နေရတာ။ ကျွန်တော့်လိုပဲ ခင်ဗျား ကြောင့် ဆက်ပြီး အသက်ရှင်ခွင့်ရနေတဲ့သူတွေ အများကြီးရှိမှာပဲ.. ဟုတ်တယ် မဟုတ်လား”
မမမေ ဘာမှ ပြန်မဖြေဘူး။
“အခု.. ခင်ဗျားက ခင်ဗျား သမီးကို ဒီလောကထဲကို ဆွဲမခေါ်ချင်လို့.. ငယ်ငယ်လေးကတည်းက ပစ်ထားခဲ့တယ်။ ဟုတ်ပြီ။ ဒါပေမယ့် ဒီလောက..ဆိုတာ.. ခင်ဗျား သူ့ကို အသိပေးသည်ဖြစ်စေ အသိမပေးသည်ဖြစ်စေ.. ဒီမကောင်းဆိုးဝါးတွေက ရှိနေမှာပဲ။ ကျွန်တော့်ကိုယ်ထဲမှာ ရှိနေတဲ့ မကောင်းဆိုးဝါးမျိုး တခြားနေရာတွေမှာ ဘယ်လောက် အများကြီး ရှိနေဦးမလဲ ခင်ဗျားပဲ သိမယ်။ ခင်ဗျားကိုယ်တိုင်ပဲ ပြောတယ်လေ..။ ဒီ့ထက်ဆိုးတာတွေ ကျန်သေးတယ်ဆို..။ ခင်ဗျား သမီး မသိအောင် ဖုံးကွယ်ထားလိုက်ရုံနဲ့ ပျောက်ကွယ်သွားမှာလား.. ဟုတ်လား။ တကယ်လို့.. ခင်ဗျားရဲ့ သမီး.. တစ်ချိန်ချိန်မှာ ဒီလိုမကောင်းဆိုးဝါးမျိုးနဲ့ ကြုံတွေ့ရရင် သူ့ကို ဘယ်သူ ကာကွယ်ပေးမှာလဲ..။ ခင်ဗျား ရခဲ့တဲ့ ဆုလာဘ် တစ်ခုကို အလဟဿ လွှင့်ပစ်လိုက်တော့မလို့လား”
မမမေ အရှေ့ကိုပဲ စိုက်ကြည့်နေတယ်။
“ပြီးတော့.. အရေးအကြီးဆုံးအချက်.. ဒါ.. ကျွန်တော်နဲ့ မဆိုင်ဘူး။ ဒါပေမယ့်.. ကိုယ့်အမေက ကိုယ့်ကို စွန့်ပစ်သွားတယ်လို့ ထင်နေတဲ့ ကလေးတစ်ယောက် ဘယ်လိုကြီးပြင်းလာမလဲ။ ဘယ်လို ဆက်အသက်ရှင်နေမလဲ။ ခင်ဗျား စောစောက ပြောသလို.. သူကတော့ သူ့ဘ၀နဲ့သူ အဆင်ပြေနေပါပြီဆိုတာ ကျွန်တော် လုံး၀ မယုံဘူး။ မိဘက မလိုချင်လို့ စွန့်ပစ်သွားတယ်လို့ ထင်နေတဲ့ သူတစ်ယောက်ရဲ့ ရင်ထဲက အားငယ်စိတ်၊ ကြောက်စိတ်က ရှိရှိသမျှ မကောင်းဆိုးဝါးတွေထက် ပိုဆိုးလိမ့်မယ်။ ကျွန်တော် ပြောတာကို ယုံပါ။ ကျွန်တော့်မှာ အမေပဲ မရှိခဲ့တာ။ အဖေတစ်ယောက် ရှိနေသေးတာတောင်.. အဲဒီအဖေရဲ့ ဂရုစိုက်မခံရလို့ ကျွန်တော် ဘယ်လောက် ဒုက္ခရောက်ခဲ့သလဲ၊ ပျက်စီးသွားသလဲ..။ ခင်ဗျားရဲ့ သမီးဆိုတာ.. အခုဆို အသက်တော်တော် ကြီးရောပေါ့.. ဟုတ်တယ်မဟုတ်လား။ ဘယ်နှနှစ် ရှိပြီလဲ။ ၂၀ ကျော်လား”
“၃၀..” မမမေရဲ့ အသံက အဖျားမှာ ခတ်ပြီး တုန်သွားတယ်။
“ဒါဆို တော်တော် အရွယ်ရောက်နေပြီပေါ့..။ ခင်ဗျား သမီးကို ခင်ဗျား သွားမတွေ့ချင်ဘူးလား”
“ငါ..” မမမေရဲ့ ပါးပေါ်မှာ စီးကျလာတဲ့ အရာတွေကို ကျွန်တော် အလန့်တကြား တွေ့လိုက်ရတယ်။ မျက်ရည်တွေ..။
“ခင်ဗျားရဲ့ သမီး.. ဘယ်မှာနေတယ် ဘာလုပ်နေတယ်ဆိုတာ ခင်ဗျား အကုန်သိတယ်မဟုတ်လား။ သိမှာပါ.. ခင်ဗျားက တခြားသူမှ မဟုတ်ပဲ.. မမမေ.. မဟုတ်လား”.. ကျွန်တော် ရယ်သွမ်းသွေးပြီး ပြောလိုက်တယ်။
မမမေက ပါးကမျက်ရည်တွေကို လက်နဲ့ ခပ်ကြမ်းကြမ်း သုတ်လိုက်တယ်။ ငိုမိသွားလို့ နောင်တရသလို တောက်တစ်ချက် ခေါက်တယ်။
“လာ.. ခင်ဗျား ကျွန်တော်နဲ့ လိုက်ခဲ့။ ခင်ဗျား သမီး ဘယ်မှာလဲဆိုတာ ပြောပြ။ ကျွန်တော်တို့ သွားတွေ့ကြမယ်”
“ဘာလို့ သွားတွေ့ရမှာလဲ။ သူက ငါ့ကိုတွေ့တော့ ဘာလုပ်မှာလဲ။ ဒီလောက် နှစ်တွေကြာမှ ဘာပြောရမှာလဲ။ မင်းခန့်ထူး နင့်ပါးစပ်ကို ပိတ်ထားစမ်း”
“ကျွန်တော် ကိုယ်တိုင် လိုက်ပြောပေးမယ်ဗျာ။ ခင်ဗျား ဘယ်လိုလူလဲ ဆိုတာ သိသွားရင် သူက ခင်ဗျားကို ခွင့်လွှတ်တဲ့အပြင် လေးစားအားကျပြီး ပိုတောင် ချစ်သွားဦးမှာ”
မမမေက ဟက်ခနဲ တစ်ချက်ရယ်တယ်။
“စိတ်ကူးယဉ်တွေ မပြောစမ်းပါနဲ့ မင်းခန့်ထူးရယ်။ ငါလိုလူမျိုးက အမေဖြစ်သင့်တဲ့သူ မဟုတ်ပါဘူး”
“ဒါဆို.. ခင်ဗျား အမေတုန်းကရော ခင်ဗျားကို အခုလို ပစ်ထားခဲ့လို့လား”
မမမေ မျက်နှာ သိသိသာသာ ပျက်သွားတယ်။
“နင်အဲဒီလို မပြောနဲ့။ အခြေအနေတွေက မတူဘူး”
“ခင်ဗျားရဲ့ သမီးမှာ..” ကျွန်တော် အပေါ်ကို မော့ကြည့်လိုက်တယ်။ “သူတို့တွေ.. ပေးလိုက်တဲ့ တာဝန်ကို ထမ်းဆောင်ဖို့ ကံတရား ပါလာပြီးသလား..။ ဒါကို ခင်ဗျားက သူ့ဆီကနေ လုယူလိုက်သလို ဖြစ်မနေဘူးလား။ သူ့ရှေ့ရေးကို ခင်ဗျားက ဝင်ပြီး ထိန်းချုပ်လိုက်သလို ဖြစ်မနေဘူးလား”
“နင် ဘာဖြစ်နေတာလဲ။ နင့်ကိုယ်ထဲက အကောင်ကို ထုတ်ချင်တာနဲ့ ငါ့သမီးကို ဒုက္ခပေးချင်နေတာလား”
ဒီတစ်ခါ ဟက်ခနဲ ရယ်လိုက်တာက ကျွန်တော်။
“မမမေရယ်.. ကျွန်တော့်ဘ၀က ဆုပ်လည်းစူး စားလည်းရူးဖြစ်နေပါပြီ။ ခင်ဗျားလုပ်မပေးလည်း ကျွန်တော် သေမှာပဲ။ ခင်ဗျားသမီးက ကူညီလိုက်ရင်လည်း ကျွန်တော် သေမှာပဲ။ ဟုတ်တယ်မဟုတ်လား။ ကျွန်တော့်မှာ ဘာများ ပိုပြီး အကျိုးထူးသွားမှာလဲ။ ကျွန်တော် အခုပြောနေတာ ခင်ဗျားအတွက်ပြောနေတာ။ ယုံပါ။ ပြီးတော့.. ကျွန်တော့် သူငယ်ချင်းတွေအတွက်..။ သူတို့ရဲ့ ဝိညာဉ်တွေ ငြိမ်းချမ်းပါစေတော့ဗျာ.. နှစ်တွေလလည်း ကြာလှပြီ..”
မမမေက ဘာမှ ပြန်မဖြေဘူး။ အသက်ကို ဖြည်းဖြည်းရှူရင်း အကြာကြီး စဉ်းစားနေတယ်။ သူ့မျက်လုံးတွေ တဆတ်ဆတ် လှုပ်ခါနေတာကို လှမ်းမြင်နေရတယ်။ ချီတုံချတုံ ဖြစ်နေတဲ့ သူ့ကို ကြည့်ရင်း.. ကျွန်တော့် စိတ်ကူးထဲက သူရဲကောင်းအမျိုးသမီး မမမေ.. ဆိုတာဟာ တကယ်တော့ လူသားဆန်နေသေးတဲ့ လူတစ်ယောက်ပါပဲလား.. ဆိုပြီး တွေးမိတယ်။
နေလုံးက သစ်ပင်တွေနောက်ကနေ ဟိုးအောက်အထိ ထိုးကျ ပျောက်ကွယ်သွားပြီ။ အလင်းရောင်က တဖြည်းဖြည်းခြင်း လျော့လာနေတယ်။ ညတောသတ္တဝါတွေရဲ့ အသံတိုးတိုးတွေကို စပြီး ကြားရပြီ။
မမမေက ဆုံးဖြတ်ချက်ချလိုက်သလို ဟင်းခနဲ သက်ပြင်းချတယ်။ ထိုင်ရာကနေ ထရပ်တယ်။ ကျွန်တော်လည်း မတ်တပ် ရပ်လိုက်တယ်။
“ရော့”.. မမမေက သူ့အတွင်းအိတ်ကပ်ထဲက သားရေဖုံးစာအုပ်တစ်အုပ်ကို ကျွန်တော့်လက်ထဲ ထိုးထည့်ပေးတယ်။
“ဒါကဘာလဲ”
“နင် သူ့ကို လိုက်ရှာဖို့ လိုအပ်တဲ့ အချက်အလက်တွေ အဲဒီထဲမှာ ရှိတယ်။ ပြီးတော့”.. မမမေက စာအုပ်ကိုယူပြီး အရှေ့စာမျက်နှာကို လှန်ပြတယ်။ စာအုပ်အဖုံးနဲ့ ပထမဆုံးစာမျက်နှာကြားမှာ ညှပ်ထားတဲ့ အဖြူ အမည်း ဓာတ်ပုံတစ်ပုံ။
“ဒါ..ခင်ဗျားရဲ့ ဓာတ်ပုံပဲ”
“သူငါ့ကို မြင်ဖူးသွားအောင် အဲဒါကို ပြလိုက်ပါ”.. မမမေက ကျွန်တော့်ကို မကြည့်ဘဲ နှုတ်ခမ်းတွေကိုတင်းတင်းစေ့ရင်း ပြောတယ်။
“ခင်ဗျားကရော.. မလိုက်ခဲ့ဘူးလား”
မမမေက ခေါင်းခါတယ်။ ရေတွင်းပျက်ကြီးဆီကို မေးငေါ့ပြတယ်။
“ငါ့အလုပ် မပြီးသေးဘူး”
“ကျွန်တော် ဘာကူလုပ်ပေးရမလဲ”.. ကျွန်တော်မေးလိုက်တယ်။
မမမေက သူ့ကိုနောက်နေတာလား.. ဆိုတဲ့ မျက်နှာထားနဲ့ ပြန်ကြည့်နေတာနဲ့ ကျွန်တော် ပါးစပ်ကို ပိတ်ထားလိုက်တယ်။
“နေဦး.. ဒီမှာ”.. မမမေက သူ့ဂျင်းဘောင်းဘီ အိတ်ကပ်ကို နှိုက်တယ်။ လက်ထဲမှာပါလာတဲ့ ပစ္စည်းကို ကျွန်တော့်ကို လှမ်းပေးတယ်။
“ဒါ ကျွန်တော့်ဆွဲကြိုးနဲ့ တွဲထားတဲ့ လော့ကတ်သီးလေးပဲ”.. ငွေရောင် လော့ကတ်သီးကို ကြည့်ရင်း ကျွန်တော်ပြောလိုက်တယ်။ “ဒါက.. သူ့ကိုပေးရမှာလား”
“သူ အဆင်သင့်ဖြစ်ပြီလို့ ထင်ရင်.. ပေးလိုက်ပါ..။ အထဲကို ဖွင့်ကြည့်ခိုင်းလိုက်”..မမမေက အံကိုကြိတ်ရင်းပြောတယ်။
“အထဲမှာ ဘာပါလို့လဲ”.. ကျွန်တော် လော့ကတ်သီးကို ဖွင့်ကြည့်မလို့ ပြင်တယ်။ မမမေက ကျွန်တော့်လက်တွေကိုဖမ်းဆုပ်လိုက်တယ်။
“သူကိုယ်တိုင် ဖွင့်ကြည့်ပါစေ။ ဒါပေမယ့်.. အဲဒီအထဲကို သူကြည့်ပြီးသွားရင်.. နောက်ပြန်ဆုတ်လို့ မရတော့ဘူး မင်းခန့်ထူး။ ငါကိုယ်တိုင် တစ်သက်လုံး ဝေခွဲမရ ဖြစ်နေခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ခုကို နင့်စကားတွေကြောင့် ငါပြန်ပြင်လိုက်ရပြီ။ ငါ့ကို ဘယ်သူမှ ဒီလို မပြောဖူးဘူး။ ပြောမယ့်သူလည်း မရှိဘူး။ ပြောရဲတဲ့သူ မရှိဘူးလို့ ပြောရင် ပိုမှန်မယ်။ ထားပါတော့. နင်ပြောတာ မှန်မှာပါ။ ငါမရှိတဲအခါ.. သူ့ကို ဘယ်သူ စောင့်ရှောက်မလဲဆိုတာ ငါ မတွေးခဲ့မိဘူး။ ထားပါတော့.. အခု..ငါ့ဆုံးဖြတ်ချက်ဟာ နင့်ပယောဂမကင်းဘူး။ ဒီတော့ ဖြစ်သမျှဟာ နင့်တာဝန်ဖြစ်သွားပြီ။ ငါ နင့်ကို ယုံပါရစေ။ ငါ့သမီး..ဘာမှ မဖြစ်ပါစေနဲ့”
ကျွန်တော် စာအုပ်နဲ့ လော့ကတ်သီးကို အိတ်ထဲ သေချာထည့်လိုက်တယ်။
“ခင်ဗျားကို ကျွန်တော် ဘယ်လို ဆက်သွယ်ရမှာလဲ..။ ဒီတစ်ခါရော အနှစ် ၂၀ ကြာအောင် လိုက်ရှာရဦးမှာလား”
“ငါ ဒီရွာကိစ္စပြီးသွားတာနဲ့ နင့်ကို ဆက်သွယ်မယ် မင်းခန့်ထူး”
“ဒါဆို.. ခင်ဗျားနဲ့တွေ့မှ သူ့ကို ဒါတွေပေးလိုက်လေ”.. ကျွန်တော် ပြောရင်းနဲ့ ပစ္စည်းတွေကို ပြန်ထုတ်ဖို့ပြင်တယ်။
“နင်ပဲ ယူထားလိုက်ပါ။ ငါတစ်ခုခု ဖြစ်သွားခဲ့ရင်”
“အာ ခင်ဗျားကလည်း မပြောကောင်းမဆိုကောင်းတွေ။ တော်ပြီဗျာ။ ကျွန်တော် မသွားတော့ဘူး။ ခင်ဗျားနားမှာပဲ နေပြီး ကူညီပေးမယ် ဘာလုပ်ပေးရမှာလဲ ပြော။ ဒီရေတွင်းထဲမှာ ဘာရှိတာလဲ ပြိတ္တာလား၊ နာနာဘာ၀လား၊ စုန်းလား”
“နင်ပေါက်ကရတွေ ပြောမနေစမ်းနဲ့ မင်းခန့်ထူး”.. မမမေက ကျွန်တော့်ကို ငေါက်တယ်။ “ငါရော နင်ရော တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ နင့်ကိုယ်ထဲက အကောင်ပါ ထွက်လာမှ တစ်ရွာလုံး ပြဿနာတက်ကုန်မယ်။ နင်သွားတော့”
ကျွန်တော် ဘာမှ ပြန်မပြောနိုင်ဘူး။ သူပြောတာလည်း ဟုတ်နေတယ်လေ..။ ကျွန်တော် လျှာရှည်လိုက်မိတာ မှားများ မှားသွားပြီလား။ မမမေရဲ့ မျက်နှာမှာ တွေ့ရလေ့ရှိတဲ့ ရဲရင့်ခြင်းတွေ အရောင်ဖျော့နေသလိုပဲ။ တစ်ခုခုကို စိတ်ပူနေသလိုလိုပဲ။
“ခင်ဗျား.. ပုံစံက အရင်လို မဟုတ်ဘူး။ တစ်ခုခုကို စိုးရိမ်နေသလိုပဲ”… ကျွန်တော် ပြောလိုက်တယ်။
“ဟုတ်တယ်”.. မမမေက ပြောတယ်။ “နင့်စကားတွေကြောင့်.. ငါ.. သူနဲ့ တွေ့ချင်သွားပြီ။ သူနဲ့ မတွေ့ရတော့မှာ စိုးရိမ်နေပြီ”
မမမေက ပြောပြီးတာနဲ့ သစ်ငုတ်ဘေးမှာ ချထားတဲ့ ဓားကို သွားယူတယ်။ ရေတွင်းဘောင်မှာ ဓားကို တင်တယ်။ လက်ပိုက်တယ်။
“နင် သွားတော့”
“ဒါပေမယ့်..”
“နင် သွားတော့ မင်းခန့်ထူး။ ငါ နင့်ကို ဆက်သွယ်လိုက်မယ်”
ကျွန်တော့်ကို နှုတ်ဆက်နေတဲ့ မမမေရဲ့ မျက်နှာမှာ ကျွန်တော် မမြင်ဖူးတဲ့ အရိပ်အယောင်တစ်ခု တွေ့လိုက်ရတယ်။ မျှော်လင့်ချက်..ဆိုတာ ဖြစ်မယ်ထင်တယ်။
“ကျေးဇူးပါ..မမမေ”.. ကျွန်တော် ပြောလိုက်တယ်။
“ငါလည်း ကျေးဇူးတင်ပါတယ် မင်းခန့်ထူး”.. မမမေက ပြောပြီး ကျွန်တော့်ကို ကျောခိုင်းလိုက်တယ်။
++++
အခန်း (၃၁)
(က)
“ကျွန်တော် မမမေကို နှုတ်ဆက်ပြီး မုယောရွာထဲကို ပြန်ဝင်လာတယ်။ အဲဒီရွာမှာပဲ တစ်ည အိပ်တယ်။ နောက်တစ်နေ့ မနက်မှာ ရေတွင်းပျက်နေရာကို ပြန်သွားတယ်။ မမမေ မရှိတော့သလို ရေတွင်းပျက်ကြီးလည်း ပြိုကျနေပြီ။ အုတ်ပုံတွေကြားထဲမှာ စုတ်ပြတ်ပြီး ညပ်နေတဲ့ မမမေရဲ့ ဂျတ်ကတ်ကိုတွေ့တယ်။ ကျွန်တော် ချက်ခြင်း ရွာထဲကို ပြန်တယ်။ ရွာထဲက လူတွေကို ပြေးခေါ်တယ်။ သူတို့ အကူအညီနဲ့ ရေတွင်းပျက် အစအနတွေကို ရှင်းထုတ်တယ်။ တွင်းတစ်ခုလုံးက အထဲကို ပြိုကျပြီး ပိတ်နေပြီ။ ကျွန်တော် လက်မလျှော့သေးဘူး။ ကုမ္ပဏီကလူတွေကို ဖုန်းလှမ်းဆက်တယ်။ မြေတူးစက်တွေ ရရာနေရာကနေ ငှားပြီး လွှတ်ပေးဖို့ ပြောတယ်။ ပြီးတာနဲ့ မုယောမှာ သုံးလေးငါးရက် ထပ်နေပြီး အဲဒီ ရေတွင်း တစ်တွင်းလုံးကို မြေလှန်ရှာတယ်။ ဘာမှ မတွေ့ဘူး။ အုတ်ကျိုးအုတ်ပဲ့တွေ၊ မြေဆွေးတွေပဲ..ထွက်လာတယ်။ ကျွန်တော့် စိတ်ထဲမှာတော့ မမမေ မရှိတော့ဘူးဆိုတာ အလိုလို သိနေပြီ။ ဒါပေမယ့် ကျွန်တော် ဘယ်မှ မသွားသေးဘဲ မုယောမှာ တစ်လလောက် ထပ်နေတယ်။ သူများ ပြန်ရောက်လာမလား။ ကျွန်တော့်ကို ဆက်သွယ်လာမလား..။ ဘာသတင်းမှ မကြားရဘူး။ ကျွန်တော် ရန်ကုန်ကို ပြန်လာတယ်။ နောက်ထပ် တစ်လနှစ်လ ထပ်စောင့်တယ်။ နောက်ဆုံးမှာ ကျွန်တော် လက်လျှော့လိုက်တယ်။ ခင်ဗျားကို ခေါ်တွေ့ဖို့ ဆုံးဖြတ်လိုက်တယ်”.. မင်းခန့်ထူးက စကားအရှည်ကြီး ပြောလိုက်ရလို့ မောသွားသလို ထိုင်ခုံမှာ ပက်လက်လှန် မှီချလိုက်တယ်။ သူ့လည်ပင်းက ဆွဲကြိုးက မီးရောင်အောက်မှာ တလက်လက်..။
“ကျွန်မနဲ့ ဘာဆိုင်သလဲ”.. သူဇာလွင် နားမလည်သလို မေးလိုက်တယ်။ မင်းခန့်ထူး ပြန်ဖြေလာမယ့် အဖြေကို မသိစိတ်ထဲက ကြောက်နေသလိုလို..။
“ခင်ဗျားကို ပေးထားတဲ့ စာအုပ်ထဲမှာ.. မမမေရဲ့ သမီး ဘယ်သူလဲဆိုတာ အပြည့်အစုံရေးထားတယ်။ ဖွင့်ကြည့်လိုက်လေ”.. မင်းခန့်ထူးက သူဇာလွင့်ဘေးမှာ ချထားတဲ့ မှတ်စုစာအုပ်ကို မေးငေါ့ပြတယ်။
သူဇာလွင် ခေါင်းကို ခါလိုက်တယ်။ တိုက်ဆိုင်တာ ဖြစ်မှာပါ..။ မဖြစ်နိုင်တာ..။
“စာအုပ်ကို ဖွင့်ကြည့်လိုက်ပါ မသူဇာ”.. မင်းခန့်ထူးက ထပ်ပြောတယ်။
စာအုပ်ဆီကို လှမ်းလိုက်တဲ့ သူဇာလွင့်လက်တွေက ထိန်းမရအောင် တုန်နေတယ်။ မဟုတ်လောက်ပါဘူး။ မဖြစ်နိုင်ဘူး။ အဓိပ္ပာယ်မရှိဘူး။ ငြင်းဆိုချက်တွေ၊ မေးခွန်း ဝေဝေဝါးဝါးတွေ သူဇာလွင့် ခေါင်းထဲကို စုပြုံဝင်လာတယ်။
စာအုပ်ရဲ့ ပထမစာမျက်နှာမှာ မမမေရဲ့ ဓာတ်ပုံ..။ မြင်ဖူးပြီးသား ဓာတ်ပုံဖြစ်ပေမယ့် မင်းခန့်ထူးရဲ့ ဇာတ်လမ်းကို နားထောင်ပြီးတဲ့အခါ မမမေရဲ့ မျက်နှာမှာ ပေါ်နေတဲ့ တင်းမာခက်ထန်ခြင်းတွေက ပိုပြီး ပီပြင်လာတယ်။
သူဇာလွင် နောက်တစ်မျက်နှာကို လှန်လိုက်တယ်။
ပြီးတော့ နောက်တစ်မျက်နှာ.. နောက်ထပ် တစ်မျက်နှာ..။
စာအုပ်ထဲမှာ ခဲတံ နက်နက်နဲ့ ဆွဲထားတဲ့ ပုံတွေ။ စာမျက်နှာ သုံးလေးဆယ်လောက် အနည်းဆုံးရှိမယ်။ ဘာသတ္တဝါတွေမှန်း မသိပေမယ့် ကြည့်လိုက်တာနဲ့ ကျောထဲကို စိမ့်ဝင်သွားစေတဲ့ ကြောက်စရာ မကောင်းဆိုးဝါးတွေ ဆိုတာတော့ သေချာတယ်။ ပုံတွေရဲ့ဘေးမှာ လက်ရေး ခပ်သော့သော့တွေနဲ့ မှတ်ချက်တွေရေးထားတယ်။ နေရာတွေ… အချိန်တွေ.. လူနာမည်တွေ..။
“‘ဒါတွေက ဘာတွေလဲ .. မမမေရဲ့ မကောင်းဆိုးဝါး အဘိဓာန်လား”.. သူဇာလွင် မေးလိုက်တယ်။
“ဟုတ်တယ်”… မင်းခန့်ထူးက ပြန်ဖြေတယ်။ “စာအုပ်ကို ဆက်ပြီး လှန်ပါဦး မသူဇာ”
သူဇာလွင့်လက်တွေ အရမ်းကို တုန်နေပြီ။ သိသလိုလို ဖြစ်နေတဲ့ အဖြေတစ်ခုကို လက်မခံချင်တဲ့ စိတ်..။ ဝေခွဲမရ နားမလည်ခြင်းတွေ..။
စာအုပ်ရဲ့ အလယ်လောက်မှာ ပုံတွေ မရှိတော့ဘူး။ လိပ်စာတစ်ခုကို လက်ရေးနဲ့ ရေးထားတယ်။
သူဇာလွင် အလွတ်ရနေတဲ့ လိပ်စာ။ မိဘမဲ့ ကလေးဂေဟာရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်။
သူဇာလွင် မင်းခန့်ထူးကို မော့ကြည့်လိုက်တယ်။ မေးခွန်းတွေအများကြီး သူဇာလွင့် မျက်လုံးထဲမှာ စုပြုံကျလာတယ်။ မင်းခန့်ထူးက သူဇာလွင့်ကို စိုက်ကြည့်နေတယ်။ သူ့မျက်နှာက ဘာအမူအရာမှ မပေါ်ဘဲ တည်နေတယ်။
သူဇာလွင် စာရွက်တွေကို ထပ်လှန်တယ်။
နောက်ပိုင်း စာရွက်တွေမှာ စာတွေ ရေးမထားဘူး။ ဓာတ်ပုံတွေကို စာတစ်မျက်နှာစီမှာ ကပ်ထားတယ်။
ကလေးမလေးတစ်ယောက်၊ မိဘမဲ့ဂေဟာရဲ့ မွေးနေ့ပွဲတစ်ခုမှာ ဂါဝန် ခပ်နွမ်းနွမ်း၊ အင်္ကျီဖြူဖြူဖျော့ဖျော့လေးနဲ့။ ကိတ်မုန့်တွေ ပါးစပ်မှာ ပေပွလို့။
သူဇာလွင် ခေါင်းကို သွင်သွင်ခါလိုက်တယ်။
“ဟင့်အင်း.. မဟုတ်ဘူး”.. ပါးစပ်က အလိုလို ပြောမိသွားတယ်။ လက်ကတော့ စာရွက်တွေကို ဆက်လှန်နေမိတယ်။
ဓာတ်ပုံထဲမှာ..ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်..၊ ကျောင်း ဝတ်စုံလေးနဲ့ လက်ထဲမှာ ဆုတံဆိပ်တစ်ခုကို ကိုင်လို့။
သူဇာလွင် အသက်ရှူကြပ်လာတယ်။
နောက်စာမျက်နှာ တစ်မျက်နှာ..။ နောက်ထပ်ဓာတ်ပုံတစ်ပုံ..။ ဘွဲ့ဝတ်စုံနဲ့ မိန်းကလေး တစ်ယောက်။ မျက်နှာထား ခပ်မာမာ.. လောကကြီးကို စိန်ခေါ်နေတဲ့ အကြည့်မျိုးနဲ့..။
နောက်ထပ် တစ်မျက်နှာ..။ နောက်ထပ် ဓာတ်ပုံမှာ.. ကုတ်အင်္ကျီ အရောင်ရင့်ရင့်၊ ဘောင်းဘီ အနက်ရောင်နဲ့.. လက်ထဲမှာ တစ်နှစ်တာအကောင်းဆံး ဂျာနယ်လစ်ဆုကို ကိုင်ထားတဲ့ အမျိုးသမီးတစ်ယောက်။
ဓာတ်ပုံထဲက သူဇာလွင့်မျက်လုံးတွေက အပြင်က သူဇာလွင်ကို စိုက်ကြည့်နေကြတယ်။
“မဟုတ်ဘူး။ မဖြစ်နိုင်ဘူး”
သူဇာလွင် ထိုင်နေရာကနေ ဝုန်းခနဲ ခုန်ထလိုက်တယ်။ သားရေစာအုပ်ကို လှမ်းယူပြီး မင်းခန့်ထူး မျက်နှာကို ချိန်၊ ပစ်ပေါက်လိုက်တယ်။
မင်းခန့်ထူးက မရှောင်ဘူး။ စာအုပ်က သူ့ မျက်နှာတည့်တည့်ကို ထိပြီး ဘေးကို ပြုတ်ကျသွားတယ်။ အထဲမှာ ကပ်ထား၊ ညှပ်ထားတဲ့ ဓာတ်ပုံတွေ အပြင်ကို ဖွာလန်ကြဲ လွင့်စင် ထွက်ကုန်တယ်။
“ရှင် လူလိမ်..။ ဒါတွေအကုန်လုံး ရှင် လိမ်ဆင်လုပ်ထားတာ။ ဟုတ်တယ်မဟုတ်လား။ ဟုတ်တယ်မဟုတ်လား”.. သူဇာလွင် ဒေါသတကြီးနဲ့ မေးလိုက်တယ်။ လက်သီးတွေကို အလိုလို ဆုပ်ထားမိတယ်။
“ကျွန်တော် တောင်းပန်ပါတယ် မသူဇာ..။ ကျွန်တော့်ရဲ့ ဇာတ်လမ်းကတော့ ပြီးသွားပြီ”.. မင်းခန့်ထူးက ပြောတယ်။ “ခင်ဗျားရဲ့ ဇာတ်လမ်းကို ဘယ်လို ဆက်မှာလဲ.. “
++++++
(ဆက်ရန်)
ချမ်းမြေ့ဝင်း
၂၀-မေလ-၂၀၂၀