အခန်း (၂၅)
(က)
အခန်းပြင်က ထွက်လာတဲ့ ဒုန်းခနဲ အသံကြီးကြောင့် သူဇာလွင် ထခုန်လိုက်မိတယ်။ လွင့်ထွက်မတတ် ဖြစ်သွားတဲ့ လိပ်ပြာကို ပြန်ဖမ်း.. စိတ်ကိုငြိမ်ငြိမ်ထားပြီး အခန်းအပြင်ကို လှမ်းကြည့်တော့မှ.. ထိုင်ခုံပေါ်ကနေ ပြုတ်ကျပြီး ကုန်းရုန်းထနေတဲ့ ညစောင့်ဦးလေးကြီး။ ငိုက်ရင်း ငိုက်ရင်းနဲ့ အိပ်ပျော်သွားပြီး ပြုတ်ကျသွားတာ ဖြစ်မယ်။ ညစောင့်..မို့လို့ပဲ..။
“လန့်သွားတာပဲဗျာ.. ဘာများလဲလို့”.. မင်းခန့်ထူးက နောက်ကိုလှည့်ကြည့်ရင်း ပြောတယ်။ ပြောသာပြောနေတာ မင်းခန့်ထူးပုံစံက လန့်သွားတဲ့ပုံ တစ်စက်မပေါက်ဘူး။ ညစောင့်ဦးလေးကြီးက အားနာတဲ့မျက်နှာနဲ့ သူဇာလွင့်ကို လှမ်းကြည့်တယ်။ ပြီးတော့မှ သူ့ပါးစပ်မှာ ပေနေတဲ့ သွားရည်တွေကိုသုတ်၊ ပုဆိုးကို ပြင်ဝတ်ပြီး အိမ်သာဘက်ကို ထွက်သွားတယ်။
“ကော်ဖီလေး လုပ်ပါဦးဗျ”.. မင်းခန့်ထူးက သူ့လက်ထဲက ကော်ဖီခွက်အလွတ်ကို မြှောက်ပြရင်း ပြောတယ်။
“ရှင် ဘယ်နှခွက်ရှိနေပြီလဲ။ ရင်တွေလည်း တုန်နေဦးမယ်”
“ရပါတယ်။ ကျွန်တော် သောက်နေကျ”
သူဇာလွင် ဘာမှ ပြန်ပြောမနေတော့ဘဲ သူ့လက်ထဲက ခွက်ကိုလှမ်းယူ။ အခန်းပြင်ကို ထွက်လာလိုက်တယ်။
ပင်မရုံးခန်းကျယ်ထဲကိုရောက်တော့မှ သူဇာလွင် နည်းနည်း အသက်ရှူချောင်သွားတယ်။ မင်းခန့်ထူးရဲ့ ဇာတ်လမ်းကို နားထောင်နေရင်း သူကိုယ်တိုင်ဇာတ်လမ်းထဲကို ဝင်ဝင်မျောသွားမိတိုင်း ရေမွန်းသလိုလို၊ အသက်ရှူကြပ်သလိုလို ခံစားချက်မျိုး ဖြစ်နေတာ။
ရေနွေးအိုးထဲက တရှူးရှူးအသံတွေ ထွက်လာမယ့်အချိန်ကို စောင့်နေရင်း သူဇာလွင့် အာရုံတွေ မင်းခန့်ထူးရဲ့ မေးခွန်းဆီကို ပြန်ရောက်သွားတယ်။ “ခင်ဗျားက မိဘမဲ့ မဟုတ်လား”..တဲ့။ ရိုင်းလိုက်တာ..။ ဘယ်လိုလူမျိုးက အခုမှတွေ့တဲ့ သူစိမ်းတစ်ယောက်ကို ဒီလို မေးခွန်းမျိုး မေးသလဲ။ မိဘမဲ့တော့ ဘာဖြစ်သလဲ။ သူ့လို မိဘလုပ်စာ သုံးဖြုံးပြီး အလေလိုက်၊ အဖေ သေသွားတော့လည်း ပေးခဲ့တဲ့ ပိုက်ဆံတွေနဲ့ ဆက်ပြီး ထိုင်စား… အလကားလူ။
စိတ်ထဲမှာ အဲဒီလိုတွေးလိုက်တော့လည်း အားနာသလိုလို..ဘာလိုလို။ ဘာဖြစ်နေတာလဲ။ ဒီလူ့အကြောင်း နင်ဘယ်လောက်သိလို့လဲ။ ဟုတ်တယ်.. သူ့မျက်နှာက ရုပ်ကလေး သနားကမားနဲ့ ကြည့်ပျော်ရှုပျော်ရှိတယ်။ သူစကားပြောရင် လူက အိပ်မွေ့ချခံရသလို အလိုလို မျောပါသွားတယ်။ သူ့မျက်လုံးတွေထဲမှာ နက်ရှိုင်းတဲ့ အဓိပ္ပာယ်တွေ ဖျတ်ခနဲ ဖျတ်ခနဲ..ပေါ်လာတတ်တယ်။ ဒါပေမယ့် သူဇာလွင်.. နင် အပေါ်ယံတွေကိုပဲ မကြည့်နဲ့လေ။ ဒီလူက ၉ လောင်းပြိုင် လူသတ်မှုရဲ့ အဓိက သံသယတရားခံ ဖြစ်ခဲ့တယ်ဆိုတာ မမေ့နဲ့။ နင့်အတိတ်ကို တူးဆွပြီး နင့်ကို အကြပ်ကိုင်.. သတင်းအမှားတွေး ရေးခိုင်းမလို့..ဆိုတာကို မမေ့နဲ့…။
ရေနွေးအိုးက အသံပေါင်းစုံမြည်ပြီး ချောက်ခနဲ ပြန်ပိတ်သွားတော့မှ သူဇာလွင် သတိပြန်ဝင်လာတယ်။ အတွေးအမျှင်တန်းတွေကို ဖြတ်ချလိုက်တယ်။ မင်းခန့်ထူး တူးဆွလိုက်လို့ ခေါင်းပြူလာတဲ့ အတိတ်တစ်စွန်းတစ်စ..။ အရေးမကြီးဘူး။ ပြန်သတိရစရာ မလိုဘူး။ မိဘမဲ့ ဂေဟာမှာ နေခဲ့တဲ့ နှစ်ပေါင်းများစွာ..။ စွန့်ပစ်ခံခဲ့ရတဲ့ ဝေဒနာဟာ နှစ်ကြာလာတာနဲ့အမျှ အနာတွေကျက်လို့..အသားမာတောင် တက်နေပါပြီ။ စိတ်ဓာတ်တွေလည်း ကျောက်စိုင်ကျောက်ခဲလို မာကျောနေပြီ။ အဖေမရှိလည်း ဘာဖြစ်သလဲ.. အမေဘယ်သူမှန်း မသိလည်း ဘာကို စိတ်ညစ်ရမှာလဲ..။
သူဇာလွင် ရုံးခန်း ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်တယ်။ မီးချောင်းဖြူဖြူတွေ အောက်မှာ ရုံးခန်းတစ်ခုလုံးက လင်းခြင်း ထိန်လင်းနေတယ်။ သတင်းစာတွေဆီက ထွက်နေတဲ့ စက္ကူနံ့သင်းသင်းက သူဇာလွင့်ကို အားပြည့်စေတယ်။ အရင်ဘ၀ဟာ ကျန်ခဲ့ပြီ..။ အခုဘ၀ဟာ ဒီရုံးခန်းထဲမှာ.. ဒီအလုပ်ထဲမှာ။ သူဇာလွင် ကြိုးစားခဲ့ သမျှ ခြေရာလက်ရာတွေအကုန်.. ဒီနေရာမှာ ရှိတယ်။ သူဇာလွင် ဘယ်သူလဲဆိုတာ အသိအမှတ်ပြုတဲ့သူတွေ ဒီနေရာမှာ အလုပ်လုပ်ကြတယ်။ အတိတ်မှာ ဘာတွေဖြစ်ခဲ့သည်ဖြစ်စေ.. လက်ရှိအချိန်ဟာ သူဇာလွင့်အတွက် အရေးအကြီးဆုံး။
သူဇာလွင် ဖျော်ပြီးသား ကော်ဖီခွက်ကို ယူတယ်။ ယုံတမ်းပုံပြင်တွေ၊ ကယောင်ကတမ်း ထင်မြင်ချက်တွေ.. ပြည့်နှက်နေတဲ့ အင်တာဗျူးဆီကို ခြေလှမ်း ပြန်လှည့်တယ်။
(ခ)
“ဒီတော့… မမမေ မသေဘူးဆိုတာ ရှင့်စကားအရ ကျွန်မ သိပြီးပြီ။ ရှင့်ကိုယ်ထဲကို မကောင်းဆိုးဝါး ဝင်သွားတော့.. ဘာဖြစ်သလဲ”.. သူဇာလွင် မေးလိုက်တယ်။
“မမမေဟာ အင်မတန်ရဲရင့်တဲ့ မိန်းမတစ်ယောက်ဖြစ်ကြောင်း ကျွန်တော် ပြောပြပြီးပြီနော်”.. မင်းခန့်ထူးက ကော်ဖီပူပူကို မှုတ်သောက်ရင်း မေးတယ်။
“အခါတစ်ရာလောက်ရှိပြီထင်တယ်”..သူဇာလွင် နှာခေါင်းရှုံ့ရင်း ပြန်ဖြေလိုက်တယ်။ စိတ်ကူးယဉ်ဇာတ်လမ်းတွေထဲက မမမေ.. တကယ်မရှိနိုင်တဲ့ မမမေ..။ မင်းခန့်ထူးရဲ့ လုပ်ဇာတ်..မမမေ..။
“အဲဒီသတ္တဝါကို ကျွန်တော့်ကိုယ်ထဲကို ဖိတ်ခေါ်လိုက်ပြီးတော့မှ မမမေရဲ့ သတ္တိကို ပိုလို့တောင် လေးစားသွားတယ်။ ကျွန်တော် အဲဒီတုန်းက ခံစားလိုက်ရတဲ့ ဝေဒနာက ဘာနဲ့မှ နှိုင်းလို့ မရဘူးဗျ။ တစ်ကိုယ်လုံး အကြိမ်ကြိမ်အခါခါ အစိတ်စိတ် အမွှာမွှာ ဖောက်ခွဲခံလိုက်ရတဲ့ ခံစားချက်မျိုး။ ခေါင်းကနေ ခြေဖျားအထိ ရှိသမျှ နေရာအကုန် မီးနဲ့ မြှိုက်လိုက်သလို ပူလာတယ်။ ပါးစပ်ထဲကို တဝေါဝေါတိုးဝင်လာတဲ့ အရာတွေကြောင့် အသက်လည်း ရှူလို့မရ။ ရင်ဘတ်ထဲမှာလည်း နှလုံးတစ်ခုလုံးကို တစ်ယောက်ယောက်က လက်နဲ့ ဆုပ်ခြေလိုက်သလို ကြပ်ပြီး နာလာတယ်။ နာလွန်းလို့ အော်မယ်ဆိုတော့လည်း ဘာသံမှ ထွက်မလာဘူး။ အစအဆုံး စက္ကန့်ပိုင်းလောက်ပဲ ကြာပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ နာရီပေါင်းများစွာကြာသွားသလိုပဲ”..
“ပြီးတော့ ရှင်လည်း မျက်နှာကြက်ပေါ် တက်ကပ်သွားရောလား”
မင်းခန့်ထူးက ဟက်ဟက်ပက်ပက် ရယ်တယ်။
“ခင်ဗျားပြောလိုက်မှပဲ စကားဝါ မကောင်းဆိုးဝါးလည်း ရယ်စရာကြီး ဖြစ်တော့တယ်။ ဟားဟား.. မကပ်ပါဘူးဗျ။ ကျွန်တော့်ကိုယ်ထဲကို ဝင်လာပြီးတာနဲ့ ကျွန်တော့်ရဲ့ ထိန်းချုပ်နိုင်မှုစွမ်းရည်တွေ အကုန် ပျောက်သွားတာတော့ သေချာတယ်။ အမြင်အာရုံတွေ ပြောင်းသွားတယ်။ ကြားတဲ့ အသံတွေ မတူတော့ဘူး.. တခြား လောကတစ်ခုထဲ ရောက်သွားသလို..”
“ရှင်ပြောတာ ကျွန်မ မျက်စိထဲ မမြင်ဘူး”.. သူဇာလွင် ပြောလိုက်တယ်။
“ကျွန်တော် အတတ်နိုင်ဆုံး ရှင်းပြမယ်”.. မင်းခန့်ထူးက ပြောတယ်။
+++
အခန်း (၂၆)
(က)
“ကိုမင်းခန့် .. ကိုမင်းခန့်..”
ဘေးက ခေါ်နေတဲ့ အသံကြောင့် ကျွန်တော် မျက်လုံးတွေ ပွင့်လာတယ်။
မိုးစင်စင် လင်းနေပြီ။ အိမ်ရဲ့ ပြတင်းတံခါးတွေ အကုန်ဖွင့်ထားတယ်။ အပြင်က ဝင်လာတဲ့လေပြေက နွေလေပူပူ မဟုတ်တော့ဘဲ အေးမြလန်းဆန်းလို့။
“ကိုမင်းခန့်.. ဟာ ဘာတွေ တွေးနေတာလဲ”
ကျွန်တော် လှည့်ကြည့်လိုက်တော့ ကျွန်တော့်ဘေးမှာ ထိုင်နေတဲ့ ယမင်း။ မနက်ခင်း အလင်းရောင်အောက်မှာ သူ့မျက်နှာက သွေးရောင်လဲ့လဲ့သမ်းပြီး လှချင်တိုင်း လှနေတယ်။ ယမင်း ဆံပင်က ရတဲ့ ရှန်ပူနံ့က သင်းသင်းဖျော့ဖျော့။
“ယမင်း..”
“မနက်စာ စားမယ်တဲ့ … ဟိုမှာ ခေါ်နေကြပြီ”.. ယမင်းက မီးဖိုချောင်ဘက်ကို မေးငေါ့ပြရင်း ပြောတယ်။ “လာ.. ကိုကျော်ဇောတို့က ရွာထဲသွားပြီး မုန့်တွေဝယ်လာတယ်တဲ့.. လာ.. သွားမယ်”.. ယမင်းက ပြောရင်း ထထွက်သွားတယ်။
“ဪ.. အေး.. လာခဲ့မယ်လေ”.. ကျွန်တော် ပြန်ဖြေလိုက်တယ်။ ထိုင်ခုံမှာ ထိုင်ရင်း အကြောဆန့်တယ်။ လတ်ဆတ်နေတဲ့ လေကို အားရပါးရ ရှူသွင်းလိုက်တယ်။
မီးဖိုချောင် အခန်းထဲဝင်လိုက်တာနဲ့ မုန့်ဟင်းခါးနံ့ မွှေးမွှေးက နှာခေါင်းထဲကို တိုးဝင်လာတယ်။ ချက်ခြင်း ဗိုက်ဆာသွားတယ်။
“ဟေ့ကောင် မင်းခန့်။ လာလေ။ စားမယ်။ ငါဒီမှာ တစ်ပွဲဖယ်ထားတယ်”.. မျိုးမြတ်အောင်က မုန့်ဟင်းခါး ပန်းကန်ကို လက်မှာကိုင်၊ မတ်တပ်ရပ် စားနေရင်း ကျွန်တော့်ကို လှမ်းပြောတယ်။
“ကိုကျော်ဇော ဘယ်နားက သွားဝယ်လာတာလဲ ကောင်းလိုက်တာ”.. ဖြူမော်က မုန့်ဟင်းခါးကို ကြမ်းပြင်မှာ ထိုင်စားနေရင်း ကျော်ဇောကို လှမ်းမေးတယ်။ နယ်လီကလည်း ထောက်ခံသလို “ကောင်းတယ်..ကောင်းတယ်” ဆိုပြီး ပြောတယ်။ ကျော်ဇောက မီးဖိုချောင် ပြတင်းပေါက်ဘေးနားမှာ မှီပြီးရပ်နေတယ်။ ကျွန်တော့်ကိုတွေ့တော့ လက်ပြတယ်။
“မင်းဖားသားကြီးက နေရာကောင်းကောင်း အိမ်ကောင်းကောင်းပေးခဲ့တာပဲကွ..နော်”
“ဪ..အေး”.. ကျွန်တော် အခန်းပတ်ပတ်လည်ကို ကြည့်ရင်း ခေါင်းညိတ်လိုက်တယ်။ အိမ်က အသစ်စက်စက်။ ဆေးနံ့တောင် မပျောက်သေးဘူးပဲ။ မီးဖိုချောင်တစ်ခုလုံးကလည်း သန့်ရှင်း သပ်ရပ်နေတယ်။
“လာစားလေ ကိုမင်းခန့်”.. ဖြူမော်က ကျွန်တော့်ကို လှမ်းခေါ်တယ်။ ဖြူမော် ထိုင်စားနေတဲ့ ထမင်းစားပွဲကြီးကလည်း ကျွန်း အစစ်နဲ့ လုပ်ထားတာထင်တယ်။ ပြောင်လက်သားနားနေတယ်။ နေပါဦ.. စောစောက ဖြူမော် ကြမ်းပြင်မှာ ထိုင်နေတာ မဟုတ်ဘူးလား..
“ဟဲ့ မင်းခန့်။ ပြီးရင် ငါတို့ ရွာထဲလျှောက်လည်ကြမယ်လေ။ ငါဝတ်ထားတာ အဆင်ပြေရဲ့လား။ တော်ကြာ ရွာသားတွေ မူးမေ့လဲကုန်ဦးမယ်”.. အခုမှ အခန်းထဲ ဝင်လာတဲ့ မိနှင်းက ပြောတယ်။
“ဪ.. ပြေမှာပါ”.. မိနှင်းဝတ်ထားတဲ့ စကတ်တိုတိုပြတ်ပြတ်ကို ကျွန်တော် တစ်ချက် ငုံ့ကြည့်ရင်း ပြောလိုက်တယ်။
“အစ်မ ဝတ်ထားတဲ့ စကတ် နယ်လီ့မှာလည်း ရှိတယ်သိလား”.. နယ်လီက မိနှင်းစကတ်ကို ကိုင်ကြည့်ရင်းပြောတယ်။
ကျွန်တော် စားပွဲမှာ ဝင်ထိုင်လိုက်တယ်။ မုန့်ဟင်းခါး ပန်းကန်ကို လှမ်းယူတယ်။ တစ်ဇွန်းစားကြည့်တော့ အရသာ မဆိုးပါဘူး။ ရန်ကုန် မုန့်ဟင်းခါးလိုပဲ စားကောင်းပါတယ်။ နောက်တစ်ဇွန်း ထပ်ခပ်စားကြည့်လိုက်တယ်။
ခဲလုံးလိုလို ဘာလိုလို မာဆတ်ဆတ်အခဲတစ်ခုကို သွားနဲ့ကိုက်မိသွားတယ်။ သွားထဲမှာ ကျင်ခနဲ ဖြစ်သွားတယ်။ ပါးစပ်ထဲကနေ ထွေးထုတ်လိုက်တော့ ဖြူဖြူ အခဲတစ်ခု စားပွဲပေါ်ကို ထွက်ကျသွားတယ်။
“ဟယ်.. လိုက်ရှာနေတာ။ တွေ့ပြီ”.. ယမင်းက ပြေးလာပြီး စားပွဲပေါ်က ဖြူဖြူ အခဲကို ကောက်ယူလိုက်တယ်။ ပါးစပ်ကို ဟ,တယ်။ ဟောင်းလောင်းဖြစ်နေတဲ့ သွားပေါက်တွေထဲက တစ်ပေါက်ထဲကို စွပ်လိုက်တယ်။ “တော်သေးတာပေါ့.. ပြန်တွေ့လို့”.. ယမင်းက ပြောတယ်။ သူ့ပါးစပ်ထဲက စီးကျလာတဲ့ သွေးတွေကို လက်နဲ့ သုတ်တယ်။
“မယမင်း လက်ကိုင်ပုဝါ ယူမလား”.. ဖြူမော်က ပြောရင်းနဲ့ လက်ကိုင်ပုဝါကို အိတ်ထဲမှာ မွှေပြီး ရှာတယ်။ “ဟင်..လက်ကိုင်ပုဝါလည်း မရှိဘူး။ ဒါကြီးက ဘာကြီးလဲ.. ကိုမင်းခန့် ကြည့်ပါဦး”
ဖြူမော်က အိတ်ထဲက ထွက်လာတဲ့ အရာကို ဆံပင်ကနေဆွဲကိုင်ပြီး ကျွန်တော့်ကို ထောင်ပြတယ်။ ဖြူမော့် လက်ထဲမှာ ပါလာတဲ့ မိနှင်းရဲ့ ခေါင်းပြတ်က ကျွန်တော့်ကို လှမ်းပြီး ပြုံးပြတယ်။
မိနှင်းရဲ့ လည်ပင်းဟောက်ပက်နဲ့ ခန္ဓာကိုယ်က ကျွန်တော့်ဘေးက ထိုင်ခုံမှာ ဝင်ထိုင်တယ်။ မုန့်ဟင်းခါးပန်းကန်ကို မမြင်မကန်းနဲ့ လှမ်းယူတယ်။
“မှောင်လာပြီနော်.. ဘာမှ မမြင်ရဘူး။ မီးဖွင့်လိုက်ပါလား.. ကိုကျော်ဇော”.. နယ်လီက ပြောတယ်။
ဟုတ်တယ်.. အပြင်မှာ မှောင်နေတာပဲ။
“မင်းခန့်ကို ဖွင့်ခိုင်းလိုက်လေ။ ငါဒီမှာ မအားဘူး”..ကျော်ဇောက ပြောရင်းနဲ့ သူ့ဗိုက်ထဲက ထွက်နေတဲ့ အူတွေကို သေသေချာချာ ကိုင်ကြည့်နေတယ်။
ဇဝေဇဝါနဲ့.. ကျွန်တော် ထိုင်နေရာက ထပြီး မီးခလုတ်ရှိရာကို လျှောက်သွားလိုက်တယ်။ မီးခလုတ်က ဘယ်မှာလဲ။ ကျွန်တော် မီးဖိုချောင်ထဲကနေ ထွက်ပြီး အိပ်ခန်းတွေရှေ့ကို သွားတယ်။ ဧည့်ခန်းထဲမှာ လူသံလိုလို ကြားရတယ်။ ဘယ်သူလဲ။
ဧည့်ခန်းထဲကို ရောက်တော့ ဧည့်ခန်းမီးက ဝါလဲ့လဲ့ လင်းနေတယ်။ ဧည့်ခန်းအလယ်မှာ ဦးသိန်းက ဆောင့်ကြောင့် ထိုင်နေတယ်။ ဦးသိန်းရဲ့ ဘေးမှာ မလှ။ ကျွန်တော့် သူငယ်ချင်းတွေက သူတို့ရှေ့မှာ တန်းစီပြီး မတ်တပ်ရပ်နေကြတယ်။
“မင်းသူငယ်ချင်းတွေကို ဧည့်ခံမလို့ပါ”.. ဦးသိန်းက ပြောတယ်။
မလှက ဦးသိန်းရဲ့ အသားတွေကို သူ့ဓားနဲ့ တစ်လွှာခြင်းခွာတယ်။ မလှ ပစ်ပေးလိုက်တဲ့ အသားဖတ်တွေကို ကျွန်တော့် သူငယ်ချင်း ၆ ယောက် အငမ်းမရ လှမ်းဖမ်းကြတယ်။ ပါးစပ်ထဲကို ထည့်ကြတယ်။
ကျွန်တော့်ကို နောက်ကနေ တစ်ယောက်ယောက်က ဆောင့်တွန်းလိုက်တယ်။ ကျွန်တော် ရှေ့ကို ယိုင်ကျသွားတယ်။ နောက်ကို လှည့်ကြည့်လိုက်တော့ ပုဆိန်ကြီးကို ထမ်းပြီး မတ်တပ်ရပ်နေတဲ့ ငအောင်။ ငအောင့် မျက်လုံး ဟောက်ပက်တွေထဲကနေ အဖြူရည်တွေ စိမ့်ထွက်နေတယ်။
ကျွန်တော် အပေါ်ကို မော့ကြည့်လိုက်တယ်။ မျက်နှာကြက်မှာ လေးဘက်ထောက်ကပ်နေတဲ့ အရာတစ်ခု။
“မင်းသူငယ်ချင်းတွေအတွက် အဖေ စိတ်မကောင်းပါဘူး”.. အဖေ့မျက်နှာနဲ့ သတ္တဝါက ပြောတယ်။
“ရပါတယ် အန်ကယ်။ မင်းခန့်က အဲဒီလိုပဲ ကျွန်တော်တို့ကို ဒုက္ခပေးနေကျလေ”.. မျိုးမြတ်အောင်က ဦးသိန်းရဲ့ အသားတွေကို တပျပ်ပျပ်ဝါးနေရင်း ပြောတယ်။
“ဟုတ်ပါ့ ကိုမင်းခန့်လုပ်လိုက်ရင် အဲဒီလိုပဲ”.. ယမင်းက ပြောတယ်။ ပြီးတာနဲ့ လေးဘက်ထောက်ပြီး သွေးတွေကို တပွက်ပွက် အန်ချလိုက်တယ်။
“အို နယ်လီတို့ဆို သူနဲ့ အခုမှ သိတာ။ သူ့အကြောင်း ကောင်းကောင်းသိနေပြီ”.. နယ်လီက အပိုင်းပိုင်းပြတ်နေတဲ့ သူ့ကိုယ်ခန္ဓာကို ပြန်ကြည့်ရင်း ပြောတယ်။ “ဟုတ်တယ် မဟုတ်လား ဖြူမော်..”
ဖြူမော်က ပါးစပ်မအားသေးလို့ စကားမပြောနိုင်သလို ခေါင်းပဲ ညိတ်ပြတယ်။
ကျော်ဇောက ကျွန်တော့်ဆီကို လျှောက်လာတယ်။ သူ့လက်ထဲမှာ ပွေ့ထားတဲ့ အူအထွေးလိုက်ကြီးကို ကျွန်တော့်ကို လှမ်းပေးတယ်။ ကျွန်တော် လှမ်းယူလိုက်တယ်။ အူတွေက ကျွန်တော့်လက်ထဲရောက်တော့ တဆတ်ဆတ် တုန်လာတယ်။ ကျွန်တော် လန့်ပြီး လွှတ်ချလိုက်တယ်။
“မင်းကြောင့်ဖြစ်တာ.. မင်းခန့်.. မင်းလုပ်လို့”.. ကျော်ဇောက ပြောတယ်။
“ဟုတ်တယ်..ဟုတ်တယ်”.. အနောက်က ပြိုင်တူ ထောက်ခံလိုက်တဲ့ အသံတွေ။
“မင်းပါးစပ် ဟစမ်း”.. ကျော်ဇောက ပြောတယ်။
ကျွန်တော် ပါးစပ်ကို ဟ,ပေးလိုက်တယ်။
ကျော်ဇောက ကျွန်တော့် ပါးစပ်ကို ဆွဲဖြဲတယ်။ ကျွန်တော့် အာခေါင်တစ်ခုလုံး စပါးကြီးမြွေပါးစပ်လို အဆမတန် ပြဲကားသွားတယ်။ ကျော်ဇောက ကျွန်တော့် ပါးစပ်ထဲကို လက်ကို ထိုးထည့်တယ်။ နောက်ကို လှည့်ပြီး ပြောတယ်။
“အထဲမှာ အကျယ်ကြီးပဲဟေ့..”
ပြောပြီးတာနဲ့ ကျော်ဇောက ကျွန်တော့် ပါးစပ်ထဲကို ဝင်ဖို့ ကြိုးစားတယ်။ ကျွန်တော့် ကိုယ်လုံးကို ခြေထောက်နဲ့ ကန်ပြီး တွယ်တက်တယ်။ အာခေါင်အတွင်းကို လက်နဲ့ ဆွဲကုပ်တယ်။ သူ့ကိုယ်လုံးတစ်ခုလုံး ကျွန်တော့် လည်ချောင်းထဲကို တအိအိနဲ့ တိုးဝင်နေတယ်။
ကျွန်တော် မျက်လုံးတွေကို မှိတ်ထားလိုက်တယ်။
“ငါတို့လည်း လာမယ်လေ”… မျိုးမြတ်အောင်က ပြောတယ်။ ကျန်တဲ့လူတွေ ကျွန်တော့်ရှေ့ကို တစ်လှမ်းခြင်း လျှောက်လာတယ်။
(ခ)
ကျွန်တော် မျက်လုံးတွေကို ပြန်ဖွင့်လိုက်တော့..စကားဝါအိမ်ရဲ့ ဧည့်ခန်းထဲမှာ။
ရှေ့မှာ လဲကျနေတဲ့ မမမေ။ နိမ့်ချည်မြင့်ချည် ဖြစ်နေတဲ့ မမမေရဲ့ ရင်ဘတ်။
ကျွန်တော် ထိုင်နေရာကနေ ထဖို့ ကြိုးစားတယ်။ ဒါပေမယ့် မအောင်မြင်ဘူး။ တစ်ခုခုနဲ့ ချုပ်ထားသလို ကျွန်တော့် တစ်ကိုယ်လုံး တောင့်တင်းနေတယ်။ လက်တွေကို မြှောက်ဖို့ ကြိုးစားတယ်။ မရဘူး။ ခေါင်းကို ဘယ်ညာ လှည့်ကြည့်ဖို့ ကြိုးစားတယ်။ မရဘူး။ ရင်ထဲမှာ ခြစ်ခြစ်တောက် ပူနေတယ်။ လည်ပင်းတစ်ခုလုံးက ကြပ်သိပ်နေပြီး အသက်ကို မနည်းရှူနေရတယ်။ စကားပြောဖို့ ကြိုးစားကြည့်တော့လည်း ပါးစပ်က အပ်နဲ့ချုပ်ထားသလို တင်းတင်းစေ့နေတယ်။
အဲဒီအချိန်မှာ ဂွီဆိုတဲ့ အသံကြီးကို ကြားလိုက်ရတယ်။
ဒီတစ်ခါ အသံက မျက်နှာကြက်ကလာတာ မဟုတ်ဘူး။ ကြမ်းပြင်အောက်က လာတာလည်း မဟုတ်ဘူး။
ကျွန်တော့် ကိုယ်ထဲက..။
(ဂ)
ခင််ဗျား နားလည်အောင် ဘယ်လို ပြောပြရမလဲ..။
အဲဒီ အချိန်မှာ ကျွန်တော် သိလိုက်ပြီ။ ကျွန်တော့် ကိုယ်ကို ကျွန်တော် မပိုင်တော့ဘူးဆိုတာ။
ဘာလို့လဲဆိုတော့ ကြမ်းပြင်ကနေ ကျွန်တော့် ကိုယ်ခန္ဓာ မတ်တပ်ထရပ်လိုက်တာ.. ကျွန်တော့် ဆန္ဒ မပါဘူး။ အိပ်ခန်းတွေဘက်ကို လျှောက်သွားတော့လည်း ကျွန်တော် လုပ်နေတာမဟုတ်ဘူး။ ရှင်းရှင်းပြောရရင် သူများမောင်းတဲ့ကားကို လိုက်စီးတဲ့ လူလိုပဲဗျာ။
လှမ်းနေတဲ့ ခြေလှမ်းတိုင်းမှာ မကောင်းတဲ့ ရည်ရွယ်ချက် တစ်ခုခု ရှိနေမှန်း ကျွန်တော် သိနေတယ်။ ဒါပေမယ့် ကျွန်တော် ဘာမှ လုပ်လို့ မရဘူး။ ခြေလှမ်းတွေကို ရပ်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် ဒီ သတ္တဝါက ကျွန်တော့် တစ်ကိုယ်လုံးကို သိမ်းပိုက်သွားပြီ။
အဲဒီ မကောင်းဆိုးဝါးက ကျွန်တော့် ကိုယ်ခန္ဓာကို မောင်းနှင်ပြီး အိပ်ခန်းတွေဘက်ကို သွားတယ်။ အိပ်ခန်း တံခါး၀မှာ ကျနေတဲ့ ပုဆိန်ကို ကုန်းကောက်တယ်။ ငအောင့်ရဲ့ ပုဆိန်..။
ဧည့်ခန်းဘက်ကို ပြန်လျှောက်လာတယ်။
ကျွန်တော် အာရုံကို စူးစိုက်ပြီး ကိုယ်လုံးကို ထိန်းဖို့ ကြိုးစားတယ်။ ဦးနှောက်ကို ဝင်ပူးနေတဲ့ ကပ်ပါးကောင်ကို မောင်းထုတ်ဖို့ ကြိုးစားတယ်။
ကျွန်တော့် ခြေလှမ်းတွေက ကြမ်းပြင်မှာ လဲနေတဲ့ မမမေဆီကို ဦးတည်နေတယ်။
ကျွန်တော် စိတ်ထဲကနေ အသံကုန်အော်တယ်။ ဒါပေမယ့် မမမေနဲ့ ကျွန်တော် နီးသထက် နီးလာတယ်။ မမမေရဲ့ နံဘေးမှာ ကျွန်တော် မတ်တပ်ရပ်လိုက်တယ်။
ကျွန်တော် ရှိသမျှ အာရုံအကြွင်းအကျန်တွေကို စုစည်းပြီး အော်လိုက်တယ်။ တင်းတင်းစေ့နေတဲ့ ပါးစပ် အပ်တစ်ပေါက်စာလောက် ပွင့်သွားတယ်။ အိခနဲ အသံ တစ်သံ ထွက်သွားတယ်။
မမမေရဲ့ မျက်လုံးတွေ ပွင့်လာတယ်။
ကျွန်တော့် လက်ထဲက ပုဆိန် အပေါ်ကို မြောက်တက်သွားတယ်။
မမမေ ဘေးကို လှိမ့်ထွက်လိုက်တယ်။
ပုဆိန်သွားက ကြမ်းပြင်ထဲကို အဆုံးထိနီးနီး စိုက်ဝင်သွားတယ်။
ကျွန်တော် ပုဆိန်ကို ပြန်နှုတ်တယ်။ မမမေ နောက်ကို လိုက်တယ်။
မမမေက ကြမ်းပြင်မှာ ကျနေတဲ့ ဓားကို ပြေးကောက်တယ်။ ကျွန်တော့် လက်ထဲက ပုဆိန် လေထဲကို နောက်တစ်ခါ မြောက်အတက်မှာ မမကေ ကျွန်တော့်ရင်၀ကို ဆောင့်ကန်လိုက်တယ်။
ကျွန်တော် ပက်လက်လန် လဲကျသွားတယ်။
မမမေက ကျွန်တော့် ကိုယ်ပေါ်ကို တက်ခွတယ်။ ကျွန်တော့် ဘယ်ဖက် ပခုံးရင်းကို ဓားသွားနဲ့ စိုက်ချလိုက်တယ်။
ဓားသွားက ပခုံးနဲ့ ကြမ်းခင်းပြားတွေကိုဖောက်ပြီး အရိုးအထိ စိုက်ဝင်သွားတယ်။
ကျွန်တော် ပြန်ထဖို့ ကြိုးစားတယ်။ မမမေက သူ့လည်ပင်းက ငွေဆွဲကြိုးကို ဆွဲဖြုတ်တယ်။ ဆွဲကြိုးကို ကျွန်တော့် ခေါင်းကနေ စွပ်ချလိုက်တယ်။
ကျွန်တော့် ဦးနှောက် နောက်ဖက် တစ်နေရာမှာ ဒေါသတကြီးနဲ့ အော်လိုက်တဲ့ အသံတစ်သံ..။ ကျွန်တော့် တစ်ကိုယ်လုံး ရုန်းရင်းဆန်ခတ်တွေဖြစ်၊ ခြေတွေလက်တွေနဲ့ ကြမ်းပြင်ကို တဘိုင်းဘိုင်း ရိုက်တယ်။ ခေါင်းထဲက မကောင်းဆိုးဝါးသံက တိုးသထက် တိုးလာတယ်။ ကျွန်တော့် ရဲ့ စိတ်အတွင်းပိုင်းတစ်နေရာက တွင်းနက်တစ်ခုထဲကို ပြုတ်ကျသွားသလို ဝေးသထက် ဝေးသွားတယ်။
စကားဝါကိုရောက်ပြီး တတိယအကြိမ်အဖြစ် ကျွန်တော် သတိလစ်သွားတယ်။
(ဃ)
ကျွန်တော့် မျက်လုံးတွေ ပြန်ပွင့်လာတော့ အခန်းထဲမှာ အလင်းရောင် တော်တော် ရနေပြီ။ အပြင်ကဝင်လာတဲ့ ထွက်ကာစ နေရောင်ခြည်တန်း အသစ်စက်စက်တွေ အခန်းထဲမှာ ပြန့်ကျဲနေတယ်။ အခန်းထဲက မြင်ကွင်းကတော့ မလှပဘူး။ နေရာတကာမှာ ပြန့်ကျဲနေတဲ့ လူ့ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ၊ သွေးအိုင်တွေ၊ ပျဉ်ပြားစတွေ..။ ဦးသိန်းနဲ့ နယ်လီ ပေါင်းစပ်ထားတဲ့ အသားစိုင်ကြီးက အခု ပြိုလဲပြီး တစ်စစီ ဖြစ်နေတယ်။ ပြီးတော့ နံရမှာကပ်ပြီး ထောင်ထားတဲ့ ငအောင့်ရဲ့ ပုဆိန်။
ကျွန်တော့်ကိုယ်ပေါ်မှာ မမမေရဲ့ ဂျက်ကတ် အင်္ကျီ..။
ကျွန်တော် လျှာကို သွားနဲ့ အားရပါးရ ဖိကိုက်လိုက်တယ်။ ကျင်ခနဲ နာသွားတဲ့ ဝေဒနာနဲ့အတူ လျှာဖျားကနေ သွေးတွေ စိမ့်ထွက်လာတယ်။
ကျွန်တော် မယုံသေးဘူး။ မကောင်းဆိုးဝါးရဲ့ နောက်ထပ် လှည့်ဖြားမှု တစ်ခုလား။ ဒါ တကယ်လား.. ။ ကျွန်တော် နံရံကို မှီနေရာကနေ ထရပ်လိုက်တယ်။
ခေါင်းထဲမှာ မိုက်ခနဲ ဖြစ်သွားတယ်။ လည်ပင်းရော ပခုံးရော တဆစ်ဆစ် နာနေတယ်။ ထူပူနေတဲ့ ကိုယ်အပူရှိန်က သွေးတွေတောင် ပွက်ပွက် ဆူတော့မယ်ထင်တယ်။
“မင်းခန့်ထူး”
ခေါ်သံလာရာဆီကို ကျွန်တော် လှည့်ကြည့်လိုက်တော့ အခန်းရဲ့ ဟိုးဘက်ထောင့်စွန်းမှာ ထိုင်နေတဲ့ မမမေ..။
မမကေ ထပြီး ကျွန်တော့်အနားကို လျှောက်လာတယ်။ သူ့လည်ပင်းက ဒဏ်ရာက သွေးနည်းနည်း စိမ့်ထွက်နေတုန်းပဲ။ လက်မောင်းကဒဏ်ရာကို အဝတ်နဲ့ စည်းထားတယ်။
“ဘာတွေ ဖြစ်သွားတာလဲ.. ကျွန်တော် ခင်ဗျားကို ပုဆိန်နဲ့ ခုတ်သတ်မိတော့မလို့..”.. ကျွန်တော့် လေသံက တောင်းပန်သံအပြည့် ပါနေတယ်။
“နင် ငါ့အသက်ကို ကယ်လိုက်တာပဲ မင်းခန့်ထူး”.. မမမေကပြောရင်း ကျွန်တော့် ကိုယ်မှာ ခြုံထားတဲ့ သူ့ဂျက်ကတ်ကို ဆွဲလှန်တယ်။ ကျွန်တော့် ပခုံးက ဒဏ်ရာကိုကြည့်တယ်။ “နင် ဆေးရုံသွားမှ ဖြစ်မယ်။ ဒဏ်ရာတွေထဲ ပိုးဝင်သွားရင် မလွယ်ဘူး”
“အာ.. ခင်ဗျားမှာလည်း ဒဏ်ရာတွေနဲ့ပဲ။ ခင်ဗျားလည်း ဆေးရုံသွားရမှာပေါ့”.. ကျွန်တော် ပြောလိုက်တယ်။ ဆေးရုံ..တဲ့..။ ဆေးရုံဆိုတဲ့စကားလုံးက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ယှဉ်လိုက်ရင် ဘာမှ မဆိုင်သလို.. တခြားကမ္ဘာက စကားလုံးတစ်ခုလို ဖြစ်နေတယ်။
“နင်ဘာလို့ ဒီအကောင်ကို အဝင်ခံလိုက်တာလဲ မင်းခန့်ထူး”.. မမမေက ကျွန်တော်ပြောတဲ့ ဆေးရုံကိစ္စကို ကြားတောင် မကြားလိုက်သလို သူမေးချင်တာကိုပဲ ဆက်မေးတယ်။ “ငါနင့်ကို အတန်တန် ရှင်းပြတယ်။ သာမန်လူတစ်ယောက်အနေနဲ့ ဒီသတ္တဝါကို ထိန်းထားဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့..”
“မတတ်နိုင်ဘူးလေ။ ခင်ဗျားက သတိလစ်နေတာကိုး။ ကျွန်တော် အဲဒီလို မလုပ်ရင် အကုန်သေကုန်မှာပေါ့”.. ကျွန်တော် ပြောလိုက်တယ်။
မမမေက သက်ပြင်းချတယ်။ တစိမ့်စိမ့်လင်းလာတဲ့ မနက်ခင်း အလင်းရောင်အောက်မှာမှ မမမေရဲ့ မျက်နှာကို ကျွန်တော် သေချာကြည့်ဖြစ်တယ်။ တိုက်ပွဲပေါင်းများစွာ ဖြတ်သန်းလာရတဲ့ စစ်သားတစ်ယောက်လို.. မမမေရဲ့ မျက်နှာက နွမ်းနယ်နေတယ်။ လည်ပင်းဒဏ်ရာက သွေးတွေ တော်တော်ထွက်သွားလို့ထင်တယ်.. သူ့အသားအရေက မနေ့ကထက် ပိုပြီး ဖြူဖျော့နေတယ်။
“အင်းလေ။ ငါကိုက သေချာ မပြင်ဆင်လိုက်မိတာ။ နည်းနည်းလိုသွားတယ်”
“အခု ကျွန်တော် ဘာဆက်လုပ်ရမှာလဲ။ ဟို မကောင်းဆိုးဝါးက ထွက်သွားပြီလား”.. ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရင်း မေးလိုက်တယ်။
မမမေက ခေါင်းခါတယ်။
“ဒါဆို.. ဘာလုပ်မလဲ။ ကျွန်တော့်ကို သတ်မှာလား။ ကျွန်တော် ဘာဆက်လုပ်ရမှာလဲ”
မမမေက ကျွန်တော့်နားကို ခြေတစ်လှမ်း ထပ်တိုးလာတယ်။ ကျွန်တော့် လည်ပင်းမှာ ဆွဲထားတဲ့ ဆွဲကြိုးကို ကိုင်ကြည့်တယ်။ ဆွဲကြိုးရဲ့ လော့ကတ်သီးကို ဖြုတ်ယူတယ်။
“ဒါလေးတော့ ငါပြန်ယူသွားမယ်”.. မမမေက လော့ကတ်သီးကို ဖွင့်ကြည့်ရင်း ပြောတယ်။ အထဲမှာ ဘာပါသလဲ ကျွန်တော် မမြင်ရဘူး။ မမမေက လော့ကတ်သီးကိုပြန်ပိတ်ပြီး သူ့ဂျင်းဘောင်းဘီအိတ်ထဲကို ထည့်တယ်။ “အဲဒီ ဆွဲကြိုးကို ဆွဲထားသရွေ့ နင် အဆင်ပြေမှာပါ။ အခုလောလောဆယ်တော့ ဒီထက်ပိုပြီး ထပ်လုပ်စရာ မရှိတော့ဘူး”
လည်ပင်းက ဆွဲကြိုးကို ကျွန်တော် ကိုင်ကြည့်လိုက်တယ်။ ဆွဲကြိုးက ခပ်သေးသေးမျှင်မျှင်၊ ငွေရောင် တဖိတ်ဖိတ်တောက်နေတယ်။
“ဒီဆွဲကြိုးကဘာလဲ”.. ကျွန်တော် မေးလိုက်တယ်။
“အခု နင့်စိတ်ထဲမှာ ဘယ်လိုနေလဲ။ နင့်ကိုယ်နင် အပြည့်အ၀ ထိန်းလို့ရပြီလို့ ထင်လား”.. မမမေက ပြန်မေးတယ်။
“ဟာ ကျွန်တော် ဘယ်သိမှာလဲဗျ”.. ကျွန်တော် ပြန်ဖြေလိုက်တယ်။ စိတ်တွင်းနက်ထဲကို ပြုတ်ကျ သွားတဲ့ မကောင်းဆိုးဝါးကို လိုက်ရှာကြည့်တယ်။ ဘာမှ မတွေ့ဘူး။ ခေါင်းထဲမှာ အူနေ ထူနေတာပဲ သိတယ်။ နားထင်မှာ သွေးတွေ တဒုတ်ဒုတ် တိုးနေတာပဲ သိတယ်။
“မရလို့ တစ်ခုခု ဖြစ်ရင်လည်း ငါပြန်ရောက်လာမှာပါ.. စိတ်မပူနဲ့”.. မမမေက ပခုံးတွန့်ရင်း ပြောတယ်။
“ခင်ဗျား အဲဒီလိုတော့ မလုပ်နဲ့လေ။ ကျွန်တော် ချိန်ကိုက်ဗုံးကို မျိုထားသလို ဖြစ်နေပြီဗျ။ တကယ်လို့ ဒီကောင် လွတ်ထွက်သွားရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော့် ကိုယ်ကို ဖောက်ထွက်လာရင် ဘယ်လိုလုပ်မလဲ”
“အဲဒီ ဆွဲကြိုးကိုသာ မချွတ်နဲ့ မဖြစ်စေရဘူး။ နင်မသေသရွေ့ပေါ့လေ။ နင်တစ်ခုခု ဖြစ်ပြီး သေသွားရင်တော့လည်း ဘယ်တတ်နိုင်မလဲ။ အဲဒီအခါကျမှ ငါ ဒီပြဿနာကို ဆက်ရှင်းမယ်”.. မမမေက ပြောတယ်။
“မဟုတ်သေးဘူးဗျာ။ ခင်ဗျား ကျွန်တော့်ကို အခု သတ်ရင်လည်း သတ်လိုက်။ ဒီကောင့်ကို ခင်ဗျားကိုယ်ထဲ ပြန်ထည့်ရင်လည်း ထည့်ဗျာ။ တစ်ခုခုတော့ လုပ်။ ဒီအတိုင်းတော့ မထားခဲ့နဲ့”.. ကျွန်တော် သွေးရူးသွေးတန်းနဲ့ ပြောလိုက်တယ်။ မမမေ မရှိဘဲ ဒီသတ္တဝါနဲ့ နှစ်ယောက်တည်း စခန်းသွားရမယ်.. ဘယ်လို ဖြစ်နိုင်မလဲ။ ဒီမကောင်းဆိုးဝါးကို ကိုယ်ထဲမှာ သယ်ပြီး ဆက်အသက်ရှင်ရမယ်.. မဖြစ်နိုင်တာ။
“ငါ့ကိုယ်ထဲကို ဘယ်လိုပြန်ထည့်ရမှာလဲ”.. မမမေက စိတ်တိုသွားသလို လေသံမာမာနဲ့ ပြောတယ်။ “ငါ့မှာ ရှိသမျှ ပစ္စည်းတွေအကုန် မနေ့က နင်လုပ်လိုက်တာ ကုန်သွားပြီ။ အဲဒီပစ္စည်းတွေ ရဖို့ ဘယ်လောက် ရှာရသလဲ နင်သိလို့လား”
“မသိဘူးဗျာ။ ကျွန်တော် ဒီအတိုင်းတော့ ဆက်မနေနိုင်ဘူး”.. ကျွန်တော်ပြောရင်းနဲဲ့ လည်ပင်းက ဆွဲကြိုးကို ဆွဲဖြုတ်မလို့ ပြင်တယ်။
မမမေရဲ့ လက်က ကျွန်တော့် လက်ကောက်ဝတ်ကို ဖတ်ခနဲ လှမ်းချုပ်လိုက်တယ်။
“မင်းခန့်ထူး”
ကျားဟိန်းသံလို ဟိန်းထွက်လာတဲ့ သူ့အသံကြောင့် ကျွန်တော် တုန်ခနဲဖြစ်သွားတယ်။
“ငါ့အသက်ကို ကယ်ထားတဲ့သူကို ငါ ပြန်မသတ်ချင်ဘူး။ မသတ်နိုင်ဘူး။ နင် ဘာလို့ ဒီလောက် ပျော့ညံ့နေတာလဲ။ ယောကျ်ားမဟုတ်ဘူးလား။ နင့်ကြောင့် လူတွေ အများကြီး သေကုန်ပြီ။ နင် ဒီတာဝန်လေးတောင် မယူနိုင်ဘူးလား”
မမမေရဲ့ စကားလုံးတွေက ကျွန်တော့် ရင်ထဲကို တစ်လုံးခြင်းစီ နစ်ခနဲ နစ်ခနဲ ဆောင့်ဝင်သွားတယ်။ ကျွန်တော့် မျက်လုံးတွေ ပူစပ်လာတယ်။ အခန်းပတ်ပတ်လည်မှာ ပြန့်ကျဲနေတဲ့ ကျွန်တော့် သူငယ်ချင်းတွေရဲ့ အပိုင်းအစတွေ..။ စောစောက အိပ်မက်ဆိုးထဲမှာ.. ကျွန်တော့်ကို ဝိုင်းအပြစ်တင်နေကြတဲ့.. စကားသံတွေ။
မမမေက ကျွန်တော့်လက်ကောက်ဝတ်ကို ပြန်လွှတ်ပေးလိုက်တယ်။ ကျွန်တော် လက်နှစ်ဖက်ကို ဘေးမှာချရင်း တစ်ကိုယ်လုံး တုန်လာတယ်။ ပျော့ညံ့တဲ့ စိတ်ဓာတ်က လွှမ်းခြုံသွားပြီး ကျွန်တော် ရှိုက်ကြီး တငင် ငိုချလိုက်တယ်။
မမမေက အော်ကြီး ဟစ်ကျယ် ငိုယိုနေတဲ့ ကျွန်တော့်ကို လက်ပိုက်ပြီး ကြည့်နေတယ်။ တော်တော်လေးကြာမှ-
“ငါလည်း.. တစ်ချိန်တုန်းက နင့်လိုပါပဲ”.. မမမေက ပြောတယ်။
ကျွန်တော် သူ့ကို ကြည့်လိုက်တယ်။ လက်ပိုက်ထားတဲ့အတွက် မမမေရဲ့ လက်မောင်း ကြွက်သားတွေက တင်းရင်းပြီး ပြောင်လက်နေတယ်။ ကြောက်စိတ် တစ်စက်မှ မရှိတဲ့ သူ့ရဲ့ ခန္ဓာကိုယ်က ကျောက်ရုပ်တစ်ခုလို တည်ကြည်နေတယ်။ သူ့မျက်လုံးထဲကနေ ဖြာထွက်နေတဲ့ ရဲရင့်ခြင်းက တဖျပ်ဖျပ် လက်နေတယ်။ ဒီအမျိုးသမီးက တစ်ချိန်တုန်းက ကျွန်တော့်လိုပဲ..တဲ့။ ကျွန်တော် ငိုနေရာကနေ.. ရယ်တောင် ရယ်ချင်သွားတယ်။
“ငါသတ္တိမရှိခဲ့လို့ သူရဲဘောကြောင်ခဲ့လို့ အသက်ပေးလိုက်ရတဲ့ သူတွေ၊ ဘ၀တစ်ခုလုံး ပေးလိုက်ရတဲ့သူတွေ.. အဲဒီလူတွေကို ငါ အမြဲ မှတ်မိနေတယ်။ အမြဲ သတိရနေတယ်။ ငါအခု ဒီအလုပ်ကို ဆက်လုပ်နေတာ သူတို့အတွက်။ သူတို့တွေ မရှိတော့ပေမယ့် ငါ့စိတ်ထဲမှာ သူတို့ကို ရှင်သန်စေချင်တယ်။ ဒါပေမယ့် ငါ့ရဲ့ ကြောက်စိတ်တွေနဲ့တော့ သတိမရချင်ဘူး။ သတ္တိရှိရှိနဲ့ပဲ အမှတ်ရချင်တယ်။ နင်လည်း နင့်သူငယ်ချင်းတွေကို အမြဲ သတိရနေမှာပဲ ဟုတ်တယ်မဟုတ်လား”
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။
“ဒီတော့ နင်ဘာဆက်လုပ်မှာလဲ။ အရှုံးပေးမှာလား”.. မမမေက မေးတယ်။
ကျွန်တော် ခေါင်းခါလိုက်တယ်။ ရှိုက်သံတွေကို မျိုချလိုက်တယ်။
“ဒါဆိုရင် ငါ သွားမယ်”.. မမမေက ပြောပြီး သူ့ကျောပိုးအိတ်ကို ပြန်လွယ်တယ်။ ဓားအိမ်ကို အလယ်ကနေ ကိုင်တယ်။
“ဒါပေမယ့်..ဒီ အလောင်းတွေ.. ကျွန်တော် ဘယ်လို ရှင်းပြရမလဲ”.. အခန်း ပတ်ပတ်လည်ကို ကြည့်ပြီး ကျွန်တော် မေးလိုက်တယ်။ နေရောင်အောက်မှာ စကားဝါအိမ် ဧည့်ခန်းရဲ့ မြင်ကွင်းက ပိုလို့တောင် အရုပ်ဆိုးလာတယ်။
မမမေက အခန်းပတ်ပတ်လည်ကို ကြည့်တယ်။ ကျွန်တော့်ကို ပြန်ကြည့်တယ်။
“အမှန်အတိုင်း ပြောပြလိုက်”
“ဘယ်လိုလုပ် အမှန်အတိုင်း ပြောမှာလဲ။ ကျွန်တော့်ကို စောက်ရူးလို့ ထင်သွားမှာပေါ့ဗျ”
“သာမန်လူတွေ လိုချင်တဲ့ အမှန်တရားကို ပြောတာ”
“ဘာကိုပြောတာလဲဗျ”
“ဘယ်ကမှန်းမသိတဲ့ လူတစ်ယောက် ရောက်လာပြီး နင့်သူငယ်ချင်းတွေကို သတ်သွားတယ်။ ဦးသိန်းတို့လည်း အဲဒီအချိန်မှာ အော်သံတွေကြားလို့ ရောက်လာတယ်။ အဲဒီလူက ဦးသိန်းတို့ကိုပါ သတ်သွားတယ်။ နင့်ကိုလည်း ဓားနဲ့ထိုးတယ်။ အဲဒီလို ပြော။ ပြီးရင် နင့်ပခုံးက ဒဏ်ရာကို ပြလိုက်”
“ဘယ်လိုလုပ် ယုံမှာလဲ။ လူတစ်ယောက်တည်းက သတ်သွားတယ်ဆိုတာ မဖြစ်နိုင်တာ”.. ကျွန်တော် ခေါင်းကုတ်ရင်း ပြန်ပြောလိုက်တယ်။
“မယုံလည်း မယုံနဲ့ပေါ့။ ဘာဖြစ်သလဲ”..မမမေက ပြောတယ်။ “မယုံလို့ နင့်ကို ထောင်ချမယ်ဆိုရင်လည်း ထောင်ထဲဝင်လိုက်။ ဘာကြောက်စရာရှိသလဲ။ နင့်မှာ.. ဒီထက်ထူးပြီး ကြောက်စရာ ရှိသေးလို့လား”
ကျွန်တော် စဉ်းစားလိုက်တယ်။ ဟုတ်တယ်။ စကားဝါအိမ်ထဲက အဖြစ်အပျက်တွေ ပြီးတဲ့နောက်မှာတော့ ကျွန်တော့်မှာ ဒီ့ထက်ဆိုးစရာ ဘာမှမရှိတော့ဘူး။ ကြိုးစင်တက်ရမယ်ဆိုရင်တောင် ကြောက်တော့မယ် မထင်ဘူး။ ကျွန်တော့်ကိုယ်ထဲက မကောင်းဆိုးဝါးလောက် ဘယ်အရာမှ ကြောက်ဖို့မကောင်းတော့ဘူး။
“ခင်ဗျားကို ကျွန်တော် ဘယ်လို ဆက်သွယ်ရမလဲ”.. ကျွန်တော် မေးလိုက်တယ်။
“လိုအပ်လာရင် ငါနင့်ကို ဆက်သွယ်ပါ့မယ် မင်းခန့်ထူး”.. မမမေက ပြောပြီး ကျောပိုးအိတ်ကို ကောက်လွယ်တယ်။ ဓားကို ကောက်ကိုင်တယ်။ အိမ်ရှေ့ကို လျှောက်သွားတယ်။
ကျွန်တော် နောက်ကနေ ထော့နဲ့ ထော့နဲ့ ပြေးလိုက်သွားလိုက်တယ်။
“မမမေ”
အိမ်ရှေ့တံခါး၀ကို ရောက်နေပြီဖြစ်တဲ့ မမမေ.. ကျွန်တော့်ကို ပြန်လှည့်ကြည့်တယ်။
“ကျွန်တော် ကျေးဇူးတင်ပါတယ်”.. ကျွန်တော် ပြောလိုက်တယ်။
မမမေက ခေါင်းတစ်ချက် ညိတ်တယ်။ ပြီးတော့ ကျွန်တော့်ကို ကျောခိုင်း၊ အိမ်အပြင် မနက်ခင်း အလင်းရောင်ထဲကို တိုးဝင်သွားတယ်။
+++
အခန်း (၂၈)
အသံသွင်း တိတ်ခွေက အချိန်ကိုက်ထားသလို ချောက်ခနဲ ရပ်သွားတယ်။ သူဇာလွင် သက်ပြင်း အရှည်ကြီး ချလိုက်တယ်။
“ဒါဆို.. ဒီဇာတ်လမ်း ဒီမှာ ပြီးပြီပေါ့”.. သူဇာလွင် ပြောလိုက်တယ်။ စိတ်ထဲမှာ နည်းနည်းတော့ ပေါ့သွားတယ်။ ဘယ်လိုပဲ အဓိပ္ပာယ် မရှိသည် ဖြစ်စေ မင်းခန့်ထူးရဲ့ ဇာတ်လမ်းက အစ၊ အလယ်၊ အဆုံး သူ့ဟာနဲ့သူတော့ ပြည့်စုံသွားပြီ။ သူပြောချင်တာ ပြောလိုက်ရလို့ မင်းခန့်ထူးတစ်ယောက်လည်း ကျေနပ်လောက်ပြီ။ သူဇာလွင်လည်း မိုးမလင်းခင် အိမ်ပြန်လို့ ရပြီ။
“နောက်ဆုံး တစ်ခန်း ကျန်သေးတယ်ဗျ”.. မင်းခန့်ထူးက ပြောတယ်။
“ဘာလဲ၊ ရှင့်ကို ရဲတွေ လာဖမ်းတဲ့ အခန်းလား။ အဲဒါက ကျွန်မ သိပြီးသားလေ။ နောက်ဆုံးမှာ သက်သေမလုံလောက်လို့ ရှင့်ကို လွှတ်ပေးလိုက်ရတယ်ဆိုတဲ့အထိ သိပြီးသား။ ဘာထပ်ဖြည့်ပြောချင်သေးလို့လဲ”
“မဟုတ်သေးဘူးဗျ။ စိတ်လေး နည်းနည်း ထပ်ရှည်ပေးပါ မသူဇာ။ အရေးအကြီးဆုံး အရာက အခုမှ ပြောပြရမှာ”.. မင်းခန့်ထူးက ပြောရင်းနဲ့ သူ့ရှပ်အင်္ကျီရဲ့ အပေါ်ဆုံး ကြယ်သီးတစ်လုံးကို ဖြုတ်လိုက်တယ်။ လည်ပင်းမှာ ဆွဲထားတဲ့ ငွေဆွဲကြိုးမျှင်မျှင်လေးကို သူဇာလွင် အခုမှ တွေ့လိုက်ရတယ်။
“ဘာလဲ၊ ရှင့်ကိုယ်ထဲမှာ အဲဒီမကောင်းဆိုးဝါးကို အခုထိ လှောင်ထားတုန်းပဲလို့ ပြောချင်တာလား”.. သူဇာလွင် ပြောရင်းနဲ့ မအောင့်နိုင်ဘဲ တစ်ချက် ရယ်မိသွားတယ်။ အဓိပ္ပာယ်မရှိလိုက်တာ။
“ကိုမင်းခန့်ထူး။ ကျွန်မ စိတ်မကောင်းပါဘူး။ ရှင့်ကို ကျွန်မ မကူညီနိုင်ဘူး။ ရှင်ပြောတဲ့ ဇာတ်လမ်းကို ကျွန်မက သတင်းလုပ်ပြီး ရေးပေးရင်တောင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။ ပြီးတော့ ကျွန်မ ကိုယ်တိုင်လည်း မဟုတ်တဲ့ ဇာတ်ကြောင်းတစ်ခုကို ရှင် အကြပ်ကိုင်တာတစ်ခုတည်းနဲ့တော့ လိမ်ဆင်တွေ လုပ်မရေးပေးနိုင်ဘူး။ ကျွန်မရဲ့ မိဘမဲ့ ပြဿနာကို ရှင်လူများတွေကို ပြောပြချင်ရင်လည်း ပြောပြလိုက်။ အဲဒီလို ပြောလိုက်လို့ ဖြစ်လာမယ့် ပြဿနာတွေထက် သတင်းလိမ်ရေးလို့ ဖြစ်လာမယ့် ဆိုးကျိုးတွေက ကျွန်မအတွက် ပိုများနေတယ်”
မင်းခန့်ထူးက ဘာမှ ပြန်မပြောဘဲ သူဇာလွင့်ကို စိုက်ကြည့်နေတယ်။
“ကျွန်မကို ဘာလုပ်စေချင်တာလဲဟင်။ ကျွန်မ တကယ် နားမလည်ဘူး။ ရှင်ပြောတဲ့.. ကျွန်မ ဆောင်းပါးကို တွေ့လိုက်လို့ ကျွန်မကို ခေါ်တွေ့တာပါ..ဆိုတဲ့ စကားကိုလည်း ကျွန်မ မယုံတော့ဘူး။ ရှင့်မှာ အကြံတစ်ခုခု ရှိကို ရှိရမယ်။ ဘာလဲ”
မင်းခန့်ထူးက မျက်နှာကြက်ကို မော့ကြည့်တယ်။ သက်ပြင်း အရှည်ကြီး ချတယ်။
“စကားဝါ ပြဿနာပြီးသွားတော့ ကျွန်တော် ရဲမှုတွေ၊ တရားရုံးတွေနဲ့ သုံးလေးနှစ်လောက်အချိန်ကုန်သွားတယ်”
သူဇာလွင် စိတ်ထဲမှာ ခပ်တိုးတိုးဆဲလိုက်တယ်။ အတင်းကို ဆက်ပြောနေတော့တာပါလား။ စားပွဲအံဆွဲကို ဖွင့်တယ်။ နောက်ထပ် တိတ်ခွေတစ်ခွေ ထပ်လဲတယ်။ လက်နှစ်ဖက်ကို စိတ်ပျက်လက်ပျက်နဲ့ ပိုက်တယ်။
“ခင်ဗျား အိပ်မက်ဆိုးတွေဘာတွေ မက်ဖူးသလားဗျ”.. မင်းခန့်ထူးက မေးတယ်။
“အိပ်မက်မက်တာ လူတိုင်းမက်ဖူးတာပဲ။ ဆိုးတာရော ကောင်းတာရော မက်နေကြတာပဲ။ အဲဒါဘာဖြစ်သလဲ”.. သူဇာလွင့် လေသံထဲမှာ စိတ်မရှည်တဲ့ အငွေ့အသက်တွေ တော်တော်များနေပြီ။ ဒီတစ်ခန်းပြီးလို့မှ ဇာတ်လမ်း မပြီးရင်တော့ဖြစ်ချင်ရာဖြစ် ထပြန်တော့မယ်။ သူ့ဘာသာသူ ဟို ညစောင့်ဦးလေးကြီးကို ဆက်ပြောပစေ။
“ကျွန်တော်လေ.. ညဘက် ညဘက်တွေ အိပ်ရာဝင်ရမှာကို စိုးရိမ်နေပြီ။ အိပ်ပျော်သွားတိုင်း ခေါင်းထဲမှာ ပေါ်ပေါ်လာတဲ့ အရာတွေ.. လာလာပြောတဲ့ စကားတွေ.. မြင်နေရတဲ့ မျက်နှာတွေ.. မျက်လုံးတွေ..”
“ဘာလဲ.. ဟိုမကောင်းဆိုးဝါးကို အိပ်မက်မက်နေလို့လား”.. သူဇာလွင် မေးလိုက်တယ်။
“ကျော်ဇော၊ မျိုးမြတ်အောင်၊ ယမင်း၊ ခင်နှင်းဝေ၊ ဖြူမော်၊ နယ်လီ .. ကျော်ဇော၊ မျိုးမြတ်အောင်၊ ယမင်း၊ ခင်နှင်းဝေ၊ ဖြူမော်၊ နယ်လီ ..”.. မင်းခန့်ထူးကို နာမည်တွေကို ဘုရားစာရွတ်သလို တတွတ်တွတ်ရွတ်နေတယ်။
“ရှင်ဘာဖြစ်နေတာလဲ။ ပြောစရာရှိတာ မြန်မြန်ပြော”.. သူဇာလွင် ဝင်ထောက်ပေးလိုက်တယ်။
“ညတိုင်း.. ညတိုင်း.. မျက်လုံးမှိတ်လိုက်ပြီ ဆိုတာနဲ့..။ ကျွန်တော့် အသိစိတ်တွေ ပျောက်ပြီး အိပ်ပျော်သွားပြီ ဆိုတာနဲ့.. အဲဒီ မကောင်းဆိုးဝါးက ကျွန်တော့် သူငယ်ချင်းတွေကို တစ်ယောက်စီ တစ်ယောက်စီ ခေါ်လာပြတယ်။ သူ့ဆီမှာ သိမ်းပိုက်ထားတဲ့ ကျွန်တော့် သူငယ်ချင်းတွေ..။ သူတို့ရဲ့ အော်ဟစ်နေတဲ့ အသံတွေ။ နာကျင်နေတဲ့ မျက်နှာတွေ။ ကျွန်တော့်နာမည်ကို အော်ပြီး အပြစ်တင်နေကြတာတွေ..။ ညတိုင်း.. ညတိုင်း.. နှစ်ပေါင်းများစွာ..”
မင်းခန့်ထူးက ပြောနေရင်း မျက်လုံးထောင့်စွန်းတွေကို ပွတ်တယ်။ မျက်ရည်ဝဲလာသလို မျက်တောင်ကို ပုတ်ခတ် ပုတ်ခတ် လုပ်တယ်။
“ဟိုမကောင်းဆိုးဝါး ဆိုတာကရော ပြန်ထွက်လာသေးလား”
“ဟင့်အင်း”.. မင်းခန့်ထူးက ခေါင်းခါတယ်။ “ဒါပေမယ့် ဒီကောင်က ကျွန်တော့်ကို ကိုယ်ထဲကနေ လှိုက်စားနေတာ။ ကျွန်တော့်ရဲ့ သိစိတ်တွေကို တဖြည်းဖြည်း ညှင်းသတ်နေတာ။ ကျွန်တော့်ကို ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ် ပေါက်လာအောင် ဆွပေးနေတာ”
တကယ်ကို သွက်သွက်ခါ ရူးနေပြီပဲ..။ သူဇာလွင်တွေးလိုက်တယ်။ စကားဝါ လူသတ်မှုကြောင့် သွေးပျက်သွားခဲ့တာ ဖြစ်မယ်။ အိပ်မက်ဆိုးတွေ မက်တယ်ဆိုတာလည်း ဖြစ်နိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်နေတာလည်း ဘာမှ မထူးဆန်းဘူးပဲ။ သူဇာလွင် နည်းနည်းတောင် စိတ်မကောင်းဖြစ်ချင်သလို ဖြစ်သွားတယ်။ ဒါပေမယ့် သူဇာလွင့် နောက်ကြောင်းကို လိုက်တူးဖော်ထားတာကို သတိရသွားတော့ စိတ်ထဲမှာ ပြန်တင်းသွားတယ်။
“ဒီတော့ ရှင် ဘာဆက်လုပ်သလဲ။ ဆရာဝန်တွေ ဘာတွေ ပြကြည့်သေးလား”.. သူဇာလွင် မေးလိုက်တယ်။
မင်းခန့်ထူးက ဟက်ခနဲ တစ်ချက်ရယ်တယ်။ ပါးပေါ်ကို စီးကျလာတဲ့ မျက်ရည်တွေကို သုတ်တယ်။
“ကျွန်တော့် ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့သူက မမမေ တစ်ယောက်ပဲ ရှိတယ်။ ဒါပေမယ့် သူက ကျွန်တော့်ကို ထားခဲ့ပြီး နှစ်ပေါင်းများစွာ ပျောက်ကွယ်သွားတယ်လေ။ ကျွန်တော့်ကို တာဝန်တစ်ခု ပေးပြီး ဒီအတိုင်း စိတ်ချလက်ချ ထားခဲ့တာ..”
“ရှင်သူ့ကို လိုက်ရှာသေးလား”
“ရှာတာပေါ့။ အမှုအခင်းတွေပြီးသွားလို့ ကွင်းလုံးကျွတ်လွတ်ပြီ ဆိုတာနဲ့ ကျွန်တော် ပထမဆုံးလုပ်တဲ့အလုပ်က မမမေကို ခြေရာခံလိုက်တာပဲ။ ဒါပေမယ့် ဘယ်လို ဖြစ်နိုင်မလဲ.. ရဲတပ်ဖွဲ့ တစ်ခုလုံးကတောင် လိုက်ရှာလို့ မတွေ့တဲ့ သူတစ်ယောက်ကို ကျွန်တော့်လိုကောင်က ဘယ်လို ရှာမလဲ။ ကျွန်တော်လေ.. ရှိစုမဲ့စု ပိုက်ဆံတွေ အကုန်သုံးတယ်။ သရဲလိုလို တစ္ဆေလိုလို တွေ့ပြီ ဆိုတဲ့ သတင်း ကြားတာနဲ့ အဲဒီနေရာကို ချက်ခြင်းသွားတယ်။ မမမေ များ ရောက်လာမလား သွားစောင့်တယ်။ မအောင်မြင်ပါဘူး။ ရယ်တော့ ရယ်ရတယ်ဗျ ကိုယ် တကယ်လိုက်ရှာပြီဆိုတော့ မကောင်းဆိုးဝါးဆိုတာမျိုးက တော်တော် ရှားတာလား”
“ဒီတော့..”
“ဆယ်နှစ်လောက်နီးနီး ကြိုးစားပြီးတော့ ကျွန်တော် လက်လျှော့လိုက်တယ်။ အိပ်မက်ဆိုးတွေနဲ့ပဲ ဆက်အသက်ရှင်ရတော့မှာပဲ ဆိုပြီး စိတ်ကို ဒုံးဒုံးချလိုက်တယ်။ တတ်နိုင်သလောက် မအိပ်ဘဲနေတယ်။ အိပ်ရင်လည်း ၂ နာရီ ၃ နာရီထက် ပိုမအိပ်မိအောင် ကြိုးစားတယ်။ အိပ်ပျော်သွားတိုင်း မြင်မြင်နေရတဲ့ မျက်နှာတွေ မျက်လုံးတွေကို မခံနိုင်တော့ဘူး ကြာတော့ လူက ရူးကြောင်ကြောင်ဖြစ်ချင်လာတယ်”
မှန်လိုက်တာ.. ဆိုပြီး သူဇာလွင် မှတ်ချက်ချလိုက်တယ်။ သူ့တစ်ကိုယ်လုံး ဖြူဖျော့ နေတာလည်း အဲဒါကြောင့်ပဲ နေမှာ။ သူ့ဘာသာသူ အိပ်အိပ် မအိပ်အိပ် အရေးမကြီးဘူး။ သူဇာလွင်ကတော့ အလုပ်ကိစ္စကလွဲရင် ပုံမှန်အိပ် ပုံမှန်ထဖို့ အမြဲကြိုးစားနေတဲ့လူမျိုး။ အခုတော့ အိပ်ရေးပျက်ရပြီ။ ဒါလည်း အလုပ်ကိစ္စပါပဲ..လို့တော့ မပြောနဲ့..။ အလကား ယုံတမ်းပုံပြင်တွေ..။
“ဒါပေမယ့် ရှင်နောက်ဆုံးမှာ မမမေကို ရှာတွေ့သွားတယ်”.. သူဇာလွင် ဇာတ်လမ်းကို မြန်မြန် ရှေ့ဆက်ပေးလိုက်တယ်။
“အင်း”.. မင်းခန့်ထူးက ခေါင်းညိတ်တယ်။ “ဟုတ်တယ်.. နောက်ဆုံးမှာ မမမေကို ကျွန်တော် ရှာတွေ့သွားတယ်။ အသက် ၄၅ နှစ်ပြည့်တော့ ကျွန်တော့်လက်ထဲကို အဖေထားခဲ့တဲ့ ပိုက်ဆံတွေ ရောက်လာတယ်။ အဲဒီ ပိုက်ဆံတွေကို ထပ်သုံးပြီး ကျွန်တော် မမမေကို လိုက်ရှာတယ်။ နောက်ဆုံးမှာ သူ့ကို တွေ့သွားတယ်”
“ဒါပေမယ့်..”.. သူပြောလာမယ့် စကားကို သူဇာလွင် ကြိုသိနေသလို ထောက်ပေးလိုက်တယ်။
“ဒါပေမယ့် ကျွန်တော် မမမေကို ရှာတွေ့တဲ့နေ့က သူ့ဘ၀ရဲ့ နောက်ဆုံးနေ့ ဖြစ်နေတယ်”
++++
(ဆက်ရန်)
ချမ်းမြေ့ဝင်း
၁၈-မေလ-၂၀၂၁၀