အခန်း (၂၁)
နာရီကို ငုံ့ကြည့်လိုက်တော့ မနက် ၃ နာရီ။
ဒီလို ညကြီး သန်းခေါင် အထိ အင်တာဗျူးရတာ အခုမှ ပထမဆုံးအကြိမ်တော့ မဟုတ်။ သူဇာလွင်ဟာ မှုခင်းသတင်းထောက် တစ်ယောက်ဖြစ်တဲ့အတွက် နေရာစုံမှာ.. လူပေါင်းစုံကို နေ့ညသန်းခေါင်မရွေး အင်တာဗျူးခဲ့ဖူးပါတယ်။ ဆိုးလှ မိုက်လှ ချည်ရဲ့ ဆိုတဲ့ လူဆိုးတွေနဲ့လည်း သူဇာလွင် နှစ်ယောက်တည်း ထိုင်ပြီး စကားတွေ ပြောခဲ့ဖူးတယ်။ ဒါပေမယ့် အခု အင်တာဗျူးလို စီကာပတ်ကုံးနဲ့ ဇာတ်လမ်းပမာ နားဆင်စရာ လုပ်ပြောတာမျိုးကိုတော့ တစ်ခါမှ မကြုံဖူးဘူး။ သူဇာလွင် စကားပြောခဲ့ဖူးတဲ့ လူသတ်သမားတွေ တော်တော်များများက ကိုယ့်အပြစ်ကိုယ် နောင်တရနေတာက တစ်မျိုး၊ ရူးကြောင်ကြောင် ဖြစ်နေတာက တစ်ဖုံ..နဲ့ ဇာတ်လမ်းကို စလယ်ဆုံးတောင် ရှင်းအောင် မပြောတတ်ကြဘူးလေ။ မင်းခန့်ထူးကို လူသတ်သမား..လို့ တပ်အပ်ကြီး မစွပ်စွဲချင်တော့ပေမယ့်.. သူ့ဇာတ်လမ်းကို ယုံဖို့ ဆိုတာကလည်း ခဲယဉ်းလွန်းတယ်။ သဘာ၀လွန် ဖြစ်ရပ်တွေကို သူဇာလွင် မယုံဘူး။ မယုံချင်တာ..။ ဒီကမ္ဘာဟာ.. ကြမ်းကြုတ်ရက်စက်တဲ့ လူသားတွေ ရှိနေရုံနဲ့ ကြောက်စရာ ကောင်းနေပါပြီ။ ဒီထက်ဆိုးတဲ့ မကောင်းဆိုးဝါးတွေ မလိုအပ်တော့ဘူး။ မရှိသင့်တော့ဘူး.. မဟုတ်လား။
“ဦးသိန်းတို့က ဘာလို့ ညမှ ရောက်လာရတာလဲ။ မနက်စောစော ပြန်လာပြီး.. ရှင့်ကို အရေခွံနွှာမယ်လို့ ပြောသွားတာ မဟုတ်ဘူးလား”..သူဇာလွင်မေးလိုက်တယ်။
မင်းခန့်ထူးက သူဇာလွင် ထပ်ဖျော်ပေးထားတဲ့ ကော်ဖီမစ်ကို အရသာခံပြီးသောက်နေရင်းနဲ့ ပြုံးတယ်။
“ဟားဟား..ကျွန်တော့်ကို အရေခွံနွှာမယ်လို့ ပြောသွားတာကို ခင်ဗျား သေချာ မှတ်ထားတာပဲ”
“မဆိုင်ပါဘူး။ ကျွန်မက မှုခင်း သတင်းထောက်။ ဇာတ်လမ်းထဲမှာ ဟာကွက်တွေပါနေရင် အလိုလို မြင်နေတတ်တာ ကျွန်မ အကျင့်ပဲ။ ရှင့် ဇာတ်လမ်းမှာ ဟာကွက်တွေ ပါနေသေးတယ်နော်”… သူဇာလွင်ပြောလိုက်တယ်။
“ဘယ်လို ဟာကွက်တွေလဲ ပြောပါဦး”
“ဦးသိန်းတင်မကဘူး မမမေကရော တစ်ရက်လုံး ဘယ်ပျောက်သွားသလဲ။ ပြီးတော့ အဲဒီ မကောင်းဆိုးဝါး ဆိုတဲ့အကောင်က ဘာလို့ ရှင့်စကားကို ချက်ခြင်း နားထောင်သွားရတာလဲ။ ရှင့်အဖေ လက်ထက်တုန်းကတောင် ရှင့်အဖေကို သူက မရွေးခဲ့ဘူးဆို။ ဘာလို့ ရှင့်ကိုကျမှ ရွေးရတာလဲ”.. သူဇာလွင် ဆက်တိုက် မေးချလိုက်တယ်။
“ဦးသိန်းတို့ ကိစ္စကိုတော့ ကျွန်တော် သေချာမသိဘူး။ ထင်တာတစ်ခုတော့ ရှိတယ်။ နောက်ပိုင်းမှနော်..။ ရဲတွေဘာတွေ ရောက်လာ၊ အမှုတွေဘာတွေ ဖြစ်ပြီးတော့မှ သိရတာ.. တတိယညတုန်းက.. စကားဝါအိမ်ထဲကနေ အော်သံတွေ ကြားရလို့ ဖြတ်သွားဖြတ်လာ လူတွေက ရဲတိုင်လိုက်တယ်ထင်တယ်။ အဲဒီမှာ ရဲတွေက စကားဝါ ရွာအိမ်မှူးလို့ ပြောလို့ရတဲ့ ဦးသိန်းကို လာတွေ့လိမ့်မယ်။ အဲဒါကြောင့် အဲဒီ မနက်ပိုင်းက ဦးသိန်းတို့ ပျောက်နေတာဖြစ်မယ်။ ညနေကျမှ ကျွန်တော့်ဆီ ပြန်ရောက်လာတာ။ ရဲတွေကို ဘယ်လို လှိမ့်လိုက်လဲတော့ ကျွန်တော် မသိဘူး”
“ထားပါတော့။ ဒါဆို ကျန်တဲ့ မေးခွန်းတွေ အတွက်ရော ရှင့်အဖြေက ဘယ်လိုလဲ”
“ခင်ဗျားအခုတွေးသလို မလှတို့ ဦးသိန်းတို့လည်း တွေးခဲ့ပါလိမ့်မယ်။ ဒီမကောင်းဆိုးဝါးက သူ နှစ်သက်တဲ့သူကို ရွေးချယ်တယ်။ စကားဝါမြေပိုင်ရှင်စကားကို နားထောင်တယ်ပေါ့။ တကယ်က ရှင်းရှင်းလေးပါ.. ဒီမကောင်းဆိုးဝါးဟာ မမမေ ပြောသလို ကပ်ပါးကောင်ပဲ။ ကပ်ပါးဆိုတဲ့အတိုင်း ကြာကြာ မှီခိုလို့ရတဲ့ လူကို လိုက်ရှာမယ်။ ကျွန်တော်က ငယ်လည်းငယ်သေးတယ်၊ ကြောက်ကလည်း ကြောက်တတ်တယ်၊ ပြီးတော့ စကားဝါခြံရဲ့ ပိုင်ရှင်လည်း ဖြစ်တယ်။ ဒီတော့ ကျွန်တော့် စကားကို နားထောင်သွားတာ အထူးအဆန်းတော့ မဟုတ်ဘူး။ ဒါပေမယ့်.. သူ့ကို ထိန်းချုပ်လို့ ရသွားတာမျိုးတော့ မဟုတ်ဘူး။ အရာရာတိုင်းက အပေးအယူ ရှိတယ်”
“ဦးသိန်းတို့ စကားအရဆိုရင် အဲဒီမကောင်းဆိုးဝါးက ရှင့်အဖေကိုကျတော့ မရွေးခဲ့ဘူးဆို.. အဲဒါ ဘာဖြစ်လို့လဲ”
“မသိဘူးဗျ”.. မင်းခန့်ထူးက ပခုံးတွန့်တယ်။ “မရွေးခဲ့တာပဲ ကောင်းပါတယ်။ အဖေ စောစောသေသွားတာ ကံကောင်းသွားတယ်လို့ ပြောရမလားပဲ”
“ဒုတိယည၊ တတိယညနဲ့ စတုတ္ထနေ့ မနက်.. အဲဒီ သုံးကြိမ်စလုံးမှာ မကောင်းဆိုးဝါးက လူတစ်ယောက်ခြင်းစီကိုပဲ ထိန်းချုပ်သွားခဲ့တာနော်။ ဟုတ်တယ် မဟုတ်လား။ စတုတ္ထနေ့ညကျတော့မှ ဘယ်ကဘယ်လို ၅ ယောက် ၆ ယောက် တပြိုင်တည်း ဝင်ပူးသွားတာလဲ။ ဒါလည်း ဟာကွက်တစ်ခုပဲ”.. သူဇာလွင် ပြောလိုက်တယ်။
“ဒါလည်း..ဇာတ်လမ်းကို ဆက်နားထောင်ရင် သိမှာပေါ့ဗျာ။ စိတ်ရှည်ပါ”
“စိတ်ရှည်ပါတယ်။ သိချင်တာလေးတွေကို မှတ်ထားမလို့ပါ”.. သူဇာလွင် နှာခေါင်းရှုံ့ရင်း ပြောလိုက်တယ်။ “ဪ.. ပြီးတော့ ဒီမကောင်းဆိုးဝါးက ဘာကို လိုချင်တာလဲ.. ကျွန်မ သေချာ နားမလည်ဘူး။ စကားဝါရွာဆိုပြီး ဖြစ်မလာခင်တုန်းက အဲဒီ မကောင်းဆိုးဝါးက ဘယ်ရောက်နေသလဲ.. ဘာလုပ်နေသလဲ”
“အဲဒါတော့ ကျွန်တော် မသိဘူး။ ကျွန်တော် သေချာသိတာ တစ်ခုပဲ ရှိတယ်။ လူတွေလုပ်လို့ ဒီသတ္တဝါက ပိုပိုဆိုးလာတာ”.. မင်းခန့်ထူးက ပြောပြီး ငြိမ်ကျသွားတယ်။ တစ်ခုခုကို စဉ်းစားနေသလို သူ့မျက်လုံးတွေက အဝေးတစ်နေရာဆီ ပျံ့လွင့်သွားပြန်တယ်။
သူဇာလွင်လည်း ဘာဆက်ပြောရမှန်း မသိတာနဲ့ ငြိမ်နေမိတယ်။ ဇာတ်လမ်းကို ဆက်ပြောလေ..လို့ တိုက်တွန်းချင်ပေမယ့် ဒီဇာတ်လမ်းရဲ့ အဆုံးကို..သူဇာလွင့် မသိစိတ်က ကြောက်နေတယ်။ ဇာတ်လမ်းအဆုံးမှာ..ဘာဆက်ဖြစ်သလဲ..ဆိုတာကို မသိချင်တော့တာ သူဇာလွင့် ဘ၀မှာ ဒါ ပထမဆုံးပဲ။
အခန်းပြင်မှာ ထိုင်နေတဲ့ ညစောင့် ဦးလေးကြီးက ဂျာနယ်ကို မျက်နှာပေါ်တင်၊ ခေါင်းမော့ပြီး အိပ်ပျော်နေပြီ။ အခန်းထဲမှာ သူဇာလွင်နဲ့ မင်းခန့်ထူးရဲ့ အသက်ရှူသံ ဖြေးဖြေးမှန်မှန်..။ အသံသွင်းတိတ်ခွေလည်သံ..။ အခန်းထောင့်မှာ ချထားတဲ့ ပန်ကာလေသံ ခပ်တိုးတိုး။ မျက်နှာကြက် မီးချောင်းကထွက်နေတဲ့ တဒီဒီသံက သေးသေးမျှင်မျှင်..။ ရုံးခန်းထဲမှာ ပြတင်းပေါက်မရှိ။ ဒါပေမယ့်..အပြင်မှာ ညဉ့်ငှက်တွေ အော်နေသလားမသိ.. ညဉ့်သန်းခေါင်ရဲ့ အမျိုးအမည်မသိတဲ့ အသံတချို့.. အခန်းထဲကို စိမ့်ဝင်နေတယ်။
ချမ်းစိမ့်စိမ့် ဖြစ်ချင်လာတာနဲ့ သူဇာလွင် ဝတ်ထားတဲ့ ကုတ်အင်္ကျီကို ခပ်တင်းတင်း ဆွဲစေ့လိုက်တယ်။ ချောင်းတစ်ချက် ဟန့်တယ်။
“ဒီတော့.. အခု သေတဲ့သူ ၉ ယောက်ပြည့်သွားပြီ။ ရှင့်ဇာတ်လမ်း ပြီးတော့မှာလား။ ဘာဆက်ဖြစ်သေးသလဲ..”
မင်းခန့်ထူးက အခုမှ သတိဝင်လာသလို.. သူ့မျက်လုံးတွေ သူဇာလွင့် ဆီကို ပြန်ရောက်လာတယ်။
“ခင်ဗျားမှာ ချစ်ရတဲ့သူ ဘယ်သူရှိသလဲဗျ”.. မင်းခန့်ထူးက မေးတယ်။
“အာ..ဘာတွေမေးနေတာလဲ”.. သူဇာလွင် ဘာပြန်ဖြေရမှန်းမသိ ဖြစ်သွားတယ်။
“မေးခွန်းကရိုးရိုးလေးပါဗျ ခင်ဗျား ချစ်တဲ့သူ ဒီကမ္ဘာမှာ ဘယ်နှယောက်ရှိသလဲ”
“အဲဒါ ရှင်နဲ့ ဘာဆိုင်သလဲ”.. သူဇာလွင်ပြန်ပြောလိုက်တယ်။ မင်းခန့်ထူး မေးခွန်းက ထင်မှတ်မထားဘဲ သူဇာလွင့် ရင်ထဲကို တော်တော်လေး နက်နက်ရှိုင်းရှိုင်း ဝင်သွားတယ်။ ပါးစပ်ကို တင်းတင်းစေ့ထားပေမယ့် အရာရာကို ကျိုးကြောင်းဆင်ခြင် တွက်ချက်တတ်တဲ့ သူဇာလွင့် ဦးနှောက်က မေးခွန်းကိုဖြေဖို့ အလိုအလျှောက် အလုပ်လုပ်နေပြီ။ ချစ်ရတဲ့သူ.. ဘယ်သူရှိသလဲ..။ အဖေ.. မရှိဘူး။ အမေ.. မရှိဘူး။ သူငယ်ချင်း.. မရှိဘူး။ လုပ်ဖော်ကိုင်ဘက်တွေတော့ ရှိတာပေါ့။ ခင်တဲ့သူတွေ ရှိပါတယ်။ ကြည့်မရတဲ့ သူတွေလည်း ရှိတယ်။ ချစ်သူရည်းစားတွေလည်း အနည်းအကျဉ်း ရှိခဲ့ဖူးတယ်။ ဒါပေမယ့် သူဇာလွင့်မှာ ချစ်ရတဲ့သူ ရှိသလား.. လို့ မေးလာတဲ့အခါ ပြန်ဖြေစရာနာမည် တစ်ခုတောင် မရှိပါလား။
“ခင်ဗျားလည်း ကျွန်တော့်လိုပဲနော်”.. မင်းခန့်ထူးက မျက်မှောင်ကြီးကြုတ်ပြီး တိတ်တိတ်ကြိတ်တွေးနေတဲ့ သူဇာလွင့်ကို ကြည့်ရင်း ပြောတယ်။ “ကျွန်တော့်မှာလည်း ချစ်ရတဲ့သူ တစ်ယောက်မှ မရှိဘူးဗျ။ ဒီလောက တစ်ခုလုံးမှာ ကျွန်တော် တွယ်တာစရာ ဘာမှ မရှိဘူး။ စကားဝါ ကိစ္စပြီးသွားတော့ သူငယ်ချင်းဆိုတာတောင် အသစ် ထပ်မတွေ့တော့ဘူး။ အခု.. မမမေလည်း မရှိတော့ဘူးဆိုတော့ ကျွန်တော့် ဘ၀ သံလိုက်အိမ်မြောင်က ဘယ်အရပ်ကို ဦးတည်ရမှန်းမသိ လမ်းပျောက်နေပြီ”
“ရှင် ကျွန်မအကြောင်း ဘာမှ မသိဘဲနဲ့ သိသလိုလိုလေသံနဲ့ မပြောပါနဲ့”.. သူဇာလွင် ပြောလိုက်တယ်။ သူဇာလွင့် သံလိုက်အိမ်မြောင်ကရော အလုပ်လုပ်သေးသလား..။ သူဇာလွင် ချစ်တာ တစ်ခုတော့ ရှိတယ်။ ဒီအလုပ်ကို ချစ်တယ်။ သတင်းထောက်ဘ၀မှာ ပျော်တယ်။ မှုခင်းတွေကို စိတ်ဝင်စားတယ်။ သူများတွေ မကြည့်ရဲတဲ့ သွေးထွက်သံယိုမြင်ကွင်းတွေကို သူဇာလွင် တောင့်တတယ်။
“ကျွန်တော် ပြောချင်တာက ကျွန်တော်တို့ ခင်ဗျားတို့လို လူတွေအဖို့.. အသက်ပေးပြီး ချစ်စရာ လူတစ်ယောက်တောင် မရှိဘဲ ဘယ်လို အသက်ဆက်ရှင်နေကြသလဲ..။ ခင်ဗျားကတော့ အလုပ်ကို တော်တော်ချစ်တဲ့ပုံပဲ.. ဒါလည်း မဆိုးပါဘူး။ ကျွန်တော့်မျာ အဲဒီလိုမျိုးတောင် မရှိဘူးဗျ..ဟားဟား”.. မင်းခန့်ထူးက ရယ်တယ်။ ဒီတစ်ခါ သူ့ရယ်သံက ရယ်သံလွင်လွင် မဟုတ်တော့ဘဲ ခြောက်ကပ်နေတယ်။
“အလုပ်ကို ချစ်တာလည်း ချစ်ခြင်းတစ်မျိုးပဲ မဟုတ်ဘူးလား”.. သူဇာလွင်ပြောလိုက်တယ်။ “ရှင့်ဇာတ်လမ်းထဲက မမမေကိုကြည့်လေ.. သူဆိုရင် ချစ်စရာလူ မရှိဘဲနဲ့ အလုပ်ကိုပဲ တန်ဖိုးထားပြီး လူ့အသက်တွေကို လိုက်ကယ်နေတာ.. ဘယ်လောက် အားကျဖို့ ကောင်းသလဲ”
မင်းခန့်ထူးက သူဇာလွင့်ကို စေ့စေ့ကြည့်နေတယ်။
“မမမေမှာ ချစ်ရတဲ့သူ မရှိဘူးလို့ ခင်ဗျားက ဘယ်လို တပ်အပ်ပြောနိုင်တာလဲ”.. မင်းခန့်ထူးက မေးတယ်။
“အို.. ဒီလို အလုပ်မျိုးလုပ်နေတဲ့သူမှာ ဘယ်သူ့ကို ချစ်ဖို့ အချိန်ရှိမှာလဲ။ မဖြစ်နိုင်တာ။ ကျွန်မတောင် သတင်းထောက် အလုပ်လေးတစ်ခုနဲ့ မအားရ မနားရဘူး။ မမမေလို လူမျိုးဆို ပိုလို့တောင် မဖြစ်နိုင်သေးတယ်။ ဟုတ်တယ် မဟုတ်လား”..သူဇာလွင် ပြောလိုက်တယ်။ ဒီအကြောင်းကို စိတ်ပါလက်ပါ ဆွေးနွေးမိသွားတဲ့ သူ့ကိုယ်သူလည်း နည်းနည်း အံ့ဩသွားတယ်။
“ဪ..”.. မင်းခန့်ထူးက ဪ တစ်ခွန်းပဲ ပြောပြီး မျက်လုံးတွေက အဝေးကိုရောက်သွားပြန်တယ်။
“ကဲ.. ရှင့်ဇာတ်လမ်းကို ပြန်ဆက်တော့လေ”.. သူဇာလွင် သတိပေးလိုက်တယ်။
+++
အခန်း (၂၂)
(က)
မလှရဲ့ ကိုယ်ခန္ဓာကို မကောင်းဆိုးဝါးတွေ ဘယ်လို ဝါးမြိုစားသောက်သွားသလဲ.. ကျွန်တော် မသိလိုက်ဘူး။ ဘာလို့လဲဆိုတော့ အဲဒီအချိန်မှာ ကျွန်တော့်မျက်လုံးတွေ အလိုလို စုံမှိတ်ကျသွားပြီ။ အနိဌာရုံမြင်ကွင်းတွေကို ဆက်မကြည့်နိုင်တော့ဘူး။ ဘာမှ စားမထားပေမယ့် အစာအိမ်ထဲက လေနဲ့ အချဉ်ရည်တွေ တဝေါ့ဝေါ့ တက်လာတယ်။ ကြမ်းပြင်မှာ ဒူးထောက်ပြီး ကျွန်တော် အန်ချဖို့ ကြိုးစားတယ်။ အန်ဖတ်တွေ ထွက်မလာဘဲ ငိုသံတွေပဲ ထွက်လာတယ်။ ကျွန်တော့် တစ်သက်မှာ အဲဒီညကလောက် ရှိုက်ကြီးတငင် မဖြစ်ခဲ့ဖူးဘူး။ နောင်လည်း ဖြစ်တော့မယ် မထင်ဘူး။ ကလီစာတွေပါ ပြုတ်ထွက်သွားတော့မတတ် အော်ငိုမိတယ်။
ဘယ်လောက်ကြာကြာ အဲဒီလို ငိုနေမိသလဲ.. မသေချာဘူး။ ပခုံးပေါ်ကို လက်တစ်ဖက် ကျလာတဲ့ အချိန်ကျတော့မှ ကျွန်တော် ခေါင်းမော့ နိုင်တယ်။ ကျွန်တော့်ကို မတ်တပ်ရပ်ပြီး စိုက်ကြည့်နေတဲ့ မမမေ။
အခန်းထဲမှာ ကျွန်တော်နဲ့ မမမေကလွဲရင် ဘယ်သူမှ မရှိတော့ဘူး။ အလောင်းတွေလည်း မရှိ။ ကျွန်တော့် သူငယ်ချင်းမျက်နှာတွေနဲ့.. မကောင်းဆိုးဝါးတွေလည်း မရှိတော့..။
(ခ)
ညအမှောင်က သည်းသထက် သည်းလာတယ်။ အပြင်ကို လှမ်းကြည့်ရင်တောင် အရိပ်တစ်စက်၊ ကြယ်တပွင့် မတွေ့ရတဲ့ အမှောင်မျိုး။ အဆိုးဆုံးကတော့ အပူရှိန်ပဲ။ အညာနွေရဲ့ မေလ အပူက ကျွန်တော့်ရဲ့ ညက်ညက်ကြေနေတဲ့ စိတ်နှလုံးကို ပိုမွမ်းကြပ်အောင် လုပ်နေသလို။
“ရော့”.. မမမေက ရေဘူးကို ကျွန်တော့်လက်ထဲ ထိုးပေးတယ်။ “သောက်လိုက်။ ဖြည်းဖြည်းသောက်ဦး.. သီးမယ်”
နံရံကို မှီပြီး ထိုင်နေရင်း ရေဘူးကို ကျွန်တော် လှမ်းယူတယ်။ ခြောက်ကပ်အက်ကွဲနေတဲ့ လည်ပင်းထဲကို ရေသုံးလေးစက်ဝင်သွားတာနဲ့ ကျွန်တော် တဟွတ်ဟွတ် ချောင်းတွေ ဆိုးလာတယ်။ မမမေက ရေဘူးကို လက်နဲ့ ကိုင်ပြီး ကျွန်တော့် ပါးစပ်မှာ တေ့ပေးတယ်။
“ဖြည်းဖြည်း.. ဖြည်းဖြည်း”
ရေ တစ်ငုံနှစ်ငုံလောက် ဝင်သွားတော့မှ ကျွန်တော့် လည်ပင်းက နေသာထိုင်သာ ရှိသွားတယ်။ ခြစ်ခြစ်တောက်ပူနေတဲ့ ကိုယ်အပူရှိန်ကတော့ ကျမသွားသေးဘူး။ ခေါင်းထဲမှာ ပုရွက်ဆိတ်အုံတစ်ခု ကပ်ခဲနေသလို တဆစ်ဆစ်ကိုက်နေတယ်။ တဝီဝီ မြည်နေတယ်။
“ငါနောက်ကျသွားတာ.. ငါလည်း ဒီလောက်ကြာသွားမယ်လို့ ထင်မထားဘူး”.. မမမေက ကျွန်တော့် လက်ဖျံက ပြဲနေတဲ့ ဒဏ်ရာကို ကိုင်ကြည့်ရင်း ပြောတယ်။ “တော်သေးတာပေါ့ ငါထင်ထားတာ မှန်သွားလို့။ နင် ငါပြောခဲ့တဲ့တိုင်း လုပ်လိုက်တာ အဆင်ပြေသွားတယ်.. တော်သေးတယ်”
“အဆင်ပြေသွားတယ်လို့ မပြောပါနဲ့ဗျာ”.. ကျွန်တော် ပြောလိုက်တယ်။ ဒေါသထွက်ချင်နေပေမယ့် ကျွန်တော့်မှာ အော်ပြောစရာ အင်အား မရှိတော့ဘူး။ “ကျွန်တော့် လက်ချက်နဲ့.. လူ ၃ ယောက် ထပ်သေသွားပြန်ပြီ.. ကျွန်တော့်ကြောင့်..”
“ဒါပေမယ့် ဒီလူတွေက ဆက်အသက်ရှင်မနေသင့်တဲ့ လူတွေလေ။ မကောင်းဆိုးဝါး ထက်ကို အဆပေါင်းများစွာ ပိုဆိုးတဲ့ လူတွေလေ။ သူတို့ အကြံသာ အောင်မြင်သွားရင် လူတွေ ဘယ်လောက် ထပ်သေမလဲ.. မင်းခန့်ထူး နင်ဘာမှ နောင်တ မရနဲ့”.. မမကေ ပြောတယ်။
“ခင်ဗျား ဘယ်ရောက်သွားတာလဲ။ ဘာလို့ အဲဒီလောက် ကြာနေတာလဲ”
“လိုအပ်တဲ့ ပစ္စည်းတွေ သွားယူနေတာ။ ဆိုင်ကယ်နဲ့ဆိုတော့ မြန်မယ်ထင်ပြီး သွားလိုက်တာပဲ.. ဒါပေမယ့် လမ်းမှာ ထင်တာထက် ပိုကြာသွားတယ်”.. မမမေက ပြောရင်းနဲ့ သူလွယ်ထားတဲ့ စစ်ရောင် ကျောပိုးအိတ်ကို ကြမ်းပြင်ပေါ် ပစ်ချတယ်။ “ဒါပေမယ့် ငါပြောတဲ့အတိုင်း နင်လုပ်နိုင်မယ်ဆိုတာ ငါ ယုံပြီးသားပါ..”
ကျွန်တော် ရယ်လိုက်တယ်။ ကျွန်တော် သေသွားလည်း ဘာအရေးလဲ.. ဟုတ်တယ်မဟုတ်လား။ ဒီမိန်းမက ဘာ အရေးစိုက်မှာလဲ။ သူ့ရဲ့ အဓိက ပစ်မှတ်က ကျွန်တော်မှ မဟုတ်ပဲ..။
မမမေက လှောင်ရယ်ရယ်နေတဲ့ ကျွန်တော့်ကို မျက်မှောင်ကုပ်ပြီး ကြည့်တယ်။
“ဒီတော့.. ငါပြောတဲ့အတိုင်း ဖြစ်သွားသလား”.. မမမေက မေးတယ်။
“အင်း”.. ကျွန်တော် ခေါင်းညိတ်လိုက်တယ်။ “ကျွန်တော့် သူငယ်ချင်း ၆ ယောက်စလုံး ပြန်ပေါ်လာတယ်။ ခေါင်းပြတ်တဲ့သူက ပြတ်လို့။ တစ်ကောင်က ဗိုက်ပွင့်နေတယ်။ ကြည့်ပျော်ရှုပျော် တစ်ယောက်မှ မပါဘူး။ သူတို့ ရောက်လာပြီး ဦးသိန်းတို့ကို တစ်စစီ ဆုတ်ဖြဲသွားတာပဲ။ စုတ်ပြတ်သတ်သွားတာပဲ.. ဟားဟား”.. ကျွန်တော် ပြောရင်းနဲ့ ထပ်ရယ်မိပြန်တယ်။ မျက်လုံးတွေပါ ပြာလာပြီ။ ကျွန်တော် ရူးသွားတော့မယ် ထင်တယ်။ ယဉ်ယဉ်လေး ရူးသွားတယ်ဆိုတာ ဒါမျိုးကို ပြောတာလား။ ရူးသွားရင် ဒီအဖြစ်အပျက်တွေကို မေ့သွားမလား။
မမမေက ကျွန်တော့် အောက်မျက်ခွံနှစ်ခုကို လက်နဲ့ ဆွဲချပြီး မျက်လုံးတွေကို သေချာကြည့်တယ်။ လည်ပင်းက ဒဏ်ရာကို စစ်တယ်။
“ခင်ဗျား ကျွန်တော့်ကို မသတ်သေးဘူးလားဟင်”.. ကျွန်တော် မေးလိုက်တယ်။
မမမေ မျက်နှာက ကွက်ခနဲ ပျက်သွားတယ်။ ဒေါသလို့ ထင်ရတဲ့ အရိပ်တစ်ခု သူ့မျက်လုံးတွေထဲမှာ ဖြတ်ပြေးသွားတယ်။
“ငါ လူသတ်သမား မဟုတ်ဘူး မင်းခန့်ထူး”.. မမမေက လေသံမာမာနဲ့ ပြောရင်း သူ့ကျောပိုးအိတ်ကို ဖွင့်တယ်။ အထဲက ပစ္စည်းတွေကို မွှေနှိုက်ပြီး ရှာနေတယ်။
“ဒါပေမယ့်.. ကျွန်တော်က လူမှ မဟုတ်တော့ပဲ.. ကျွန်တော်နဲ့ ဒီမကောင်းဆိုးဝါးနဲဲ့.. အတူတူ ဖြစ်သွားပြီ မဟုတ်ဘူးလား။ အခု သူက ကျွန်တော့် သခင်လား.. ကျွန်တော်က သူ့သခင်လား.. ဘယ်သူက ဘယ်သူလဲ။ ဘာဆက်လုပ်ရမှာလဲ..။ ဘယ်သူတွေ ထပ်သေဦးမှာလဲ..။ လုပ်ပါဗျာ.. ကျွန်တော့်ကို သတ်လိုက်ပါတော့.. ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် ဒီသတ္တဝါနဲ့ ထပ်ပြီး မတွေ့ပါရစေနဲ့တော့”
“မင်းခန့်ထူး။ နင့်ပါးစပ်ကို ခဏပိတ်ထားစမ်း”.. မမမေက ပြောတယ်။ ကျောပိုးအိတ်ထဲကနေ သားရေဖုံး မှတ်စုစာအုပ်တစ်အုပ်ကို ဆွဲထုတ်တယ်။ စာရွက်တွေကို တဖျပ်ဖျပ် လှန်တယ်။ ပါးစပ်ကလည်း တလှုပ်လှုပ်နဲ့.. ဘာတွေ ဖတ်နေသလဲ မသိ။
“ငါပြောမယ်။ သေချာနားထောင်”.. မမမေက ပြောရင်း ကျောရိုးမဲ့ သတ္တဝါတစ်ကောင်လို ပျော့ခွေနေတဲ့ ကျွန်တော့်ရဲ့ ကိုယ်လုံးကို ဆွဲမတယ်။ ကျွန်တော့် လက်တစ်ဘက်ကို သူ့ပခုံးကို ဖက်ခိုင်းတယ်။ ကျွန်တော့်ကို တွဲပြီး ထိုင်ခုံနားကို ခေါ်သွားတယ်။ ထိုင်ခုံမှာ ထိုင်ခိုင်းတယ်။
ကျွန်တော့် မျက်လုံးတွေက ရာသက်ပန် အိပ်ပျော်ချင်နေတဲ့ ဆန္ဒတွေ လွှမ်းမိုးနေသလို.. တဖြည်းဖြည်း လေးလာနေပြီ။ အိပ်ပျော်သွားရင် ကောင်းမယ်။ အိပ်မက်တစ်ခုအဖြစ်နဲ့.. အကုန်လုံး ပျောက်ကွယ်သွားရင်ကောင်းမယ်။ ယမင်း.. ဖြူမော်.. နယ်လီ.. မျိုးမြတ်..
“မင်းခန့်ထူး”… မမမေက ကျွန်တော့်နာမည်ကို ခေါ်ရင်း ကျွန်တော့်ပါးကို လက်နဲ့ ခပ်နာနာ ရိုက်လိုက်တယ်။ စပ်ဖျင်းဖျင်းဖြစ်သွားတဲ့ ဝေဒနာကြောင့် ကျွန်တော့် မျက်လုံးတွေ ပြန်ပွင့်သွားတယ်။
“ဘာလဲ.. ဘာလဲ.. ရောက်လာပြီလား.. ရောက်လာပြန်ပြီလား”.. ကျွန်တော် ကယောင်ကတန်းနဲ့ အော်မိသွားတယ်။
“ငါပြောတာကို နားထောင်.. ငါ့ကိုကြည့်စမ်း”.. မမမေက ပြောတယ်။
ကျွန်တော် သူ့မျက်လုံးတွေကို စိုက်ကြည့်လိုက်တယ်။ အလင်းရောင် မှိန်မှိန်အောက်မှာတောင် မီးတောက်လို တလက်လက် လင်းနေတဲ့ မမမေရဲ့ မျက်လုံးတွေ။
“ငါ့ကို ကြည့်..”
သူ့မျက်လုံးတွေထဲမှာ ကျွန်တော့် စိတ်တွေ နစ်ဝင်သွားတယ်။ ကြောက်စိတ်တွေ.. ကနာမငြိမ်ခြင်းတွေ.. ယူကြုံးမရခြင်းတွေ.. ဝမ်းနည်းမှုတွေ.. အကုန်လုံးက မမမေရဲ့ မျက်ဆံတွင်းနက်တွေထဲကို ပြုတ်ကျ ပျောက်ကွယ်သွားတယ်။ စိတ်ညှို့ခံရတဲ့ လူတစ်ယောက်လို ကျွန်တော့်စိတ်တွေ ငြိမ်ကျသွားတယ်။
“မမမေ”.. ကျွန်တော် သူ့နာမည်ကို တိုးတိုးခေါ်လိုက်တယ်။
“ဟုတ်ပြီ။ ငါပြောတာကို ကြားပြီလား။ စိတ်တွေ ငြိမ်သွားပြီလား”
“အင်း”
“ဟုတ်ပြီ..။ ငါပြောမယ်။ သေချာနားထောင်။ ဒီသတ္တဝါကို ဒီအတိုင်း သတ်လို့ မဖြစ်နိုင်ဘူး။ သူဝင်ပူးထားတဲ့ သူတွေကို သတ်လိုက်ရင်လည်း ဒီအကောင်က မြေကြီးထဲ ပြန်ဝင်သွားမယ်။ နင့်ကို သတ်လိုက်ရင်လည်း ဒီမကောင်းဆိုးဝါးက နောက်ထပ် မှီခိုစရာ တစ်ခုကို ထပ်ရှာတော့မယ်။ နောက်တစ်နေရာကို ပြောင်းသွားလိမ့်မယ်။ ပြီးတော့ ငါထင်တဲ့အတိုင်းဆိုရင် သူ့ရဲ့ ကိုယ်ခန္ဓာက တစ်ချိန်တည်းမှာ အစိတ်စိတ် အမွှာမွှာ ကွဲပြီး နေရာပေါင်းစုံကို တစ်ပြိုင်တည်း ဝင်နိုင်တဲ့ သဘောမှာ ရှိနေတယ်။ အခု.. လူတစ်ယောက်တည်းတင်မကဘူး ၆ ယောက်စလုံးကိုပါ တပြိုင်တည်း ထိန်းချုပ်နိုင်နေပြီဆိုတော့ သူ့ခွန်အားက ကြီးသထက် ကြီးလာပြီ။ ဦးသိန်းတို့ ၃ ယောက်ပါ အပါဆိုရင် လူ ၉ ယောက်တိတိကို ဝါးမြိုပြီးသွားပြီ”
“အင်း”.. ကျွန်တော့်မှာ ဘာစကားမှ ပြောစရာ မရှိသလို ဒီစကားတစ်လုံးတည်းကိုပဲ ပြောနေမိတယ်။ မမမေရဲ့ မျက်လုံးတွေက တွင်းနက်တစ်ခုလို.. နက်သထက် နက်ရှိုင်းလာတယ်။ သူပြောတဲ့ အချက်အလက်တွေက ကျွန်တော့်ဦးနှောက်ထဲကို အပ်နဲ့ စိုက်ချလိုက်သလို တစ်လုံးခြင်း ရှင်းရှင်းကြီးတွေ နစ်ဝင်နေတယ်။
“ဒီတော့.. သူ့ကို အနိုင်သတ်ဖို့ နည်းလမ်း တစ်နည်းပဲ ရှိတယ်။ သူ ဝင်ပူးထားသမျှ လူတွေအကုန်လုံးကို နင် ပြန်ခေါ်ရမယ်”
“အင်း..” .. မဟူရာ ကျောက်တုံးတွေလို မည်းနက်လာတဲ့ မျက်ဝန်းတွေ..။
“ပြီးရင် အဲဒီ ၉ ယောက် စလုံးကို ငါ သတ်မယ်”
“အင်း”
“ပြီးရင်..လွတ်ထွက်လာတဲ့ သတ္တဝါကို ငါ့ကိုယ်ထဲကို ထည့်ရမယ်”
(ဂ)
“ဘယ်လို..”.. ကျွန်တော် ချက်ခြင်း သတိပြန်ဝင်လာတယ်။ ချုပ်ထားတဲ့ ကြိုးတွေ ပြည်ထွက်သွားသလို ကျွန်တော့် အသိစိတ်က ဝုန်းခနဲ ပြန်ဆောင့်ဝင်တယ်။ မမမေရဲ့ မျက်လုံးတွေ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။
“ခင်ဗျား ဘာပြောလိုက်တာလဲ”
“သူအခု ခိုကပ်နေတဲ ကိုယ်ခန္ဓာတွေကို ဖျက်ဆီးလိုက်တော့မှ ဒီသတ္တဝါရဲ့ တစ်ကိုယ်လုံး အပြင်ကို ထွက်လာမယ်။ အဲဒီတော့မှ သူ့ကို ငါ့ကိုယ်ခန္ဓာထဲကို ထည့်မယ်”
“ထည့်ပြီး ဘာလုပ်မလို့လဲ။ ခင်ဗျားလည်း ကျွန်တော့်သူငယ်ချင်းတွေလိုပဲ ဖြစ်သွားမှာပေါ့”
မမမေက ခေါင်းခါတယ်။
“ငါနင့်ကို နားလည်အောင် ရှင်းမပြတတ်ဘူး မင်းခန့်ထူး။ နင့်သူငယ်ချင်းတွေတုန်းက ဒီသတ္တဝါက မုဆိုး.. နင့်သူငယ်ချင်းတွေက သားကောင်။ အခု ငါလုပ်သလို လုပ်မယ်ဆိုရင် ငါကိုယ်တိုင်က မုဆိုး ဖြစ်သွားပြီ၊ သူက သားကောင်..။ငါ့ကိုယ်ခန္ဓာက သူ့ကို လှောင်ထားမယ့် လှောင်အိမ်တစ်ခု ဖြစ်သွားလိမ့်မယ်။ နင်နားလည်သလား”
ကျွန်တော် ခေါင်းခါလိုက်တယ်။ ဒီအမျိုးသမီး ဘာတွေ ပြောနေတာလဲ။
“မကောင်းဆိုးဝါးက ခင်ဗျားကိုယ်ထဲကို ဘယ်လိုလုပ် ဝင်မလဲ။ အဲဒီလို ဝင်ခိုင်းလို့ ရလို့လား..”.. ကျွန်တော် မေးလိုက်တယ်။
“ဒီနေ့တစ်ရက်လုံး ငါအလုပ်ရှုပ်နေတာ အဲဒီကိစ္စပဲ”
“ဘာကိစ္စလဲ”
“ဒီအကောင်ကို ဖမ်းချုပ်ဖို့ လိုအပ်တာတွေ သွားယူနေတာ”.. မမမေက ပြောရင်းနဲ့ ခပ်လှမ်းလှမ်းမှာ ချထားတဲ့ကျောပိုးအိတ်ကို သွားယူတယ်။ အထဲက ပစ္စည်းတွေကို တစ်ခုခြင်းထုတ်တယ်။ ဖန်ပုလင်းခပ်သေးသေးလေးတွေ လေးငါးခု။ ပန်းခြောက်လိုလို အရွက်ခြောက်လိုလို အစအနတွေ စည်းထားတဲ့ အစည်းတစ်စည်း။ အရောင်လက်လက် သတ္တုရည်တွေ ထည့်ထားတဲ့ ပုလင်းတစ်လုံး။
“ခင်ဗျား ကိုယ်ထဲမှာ ချုပ်ထာပြီးရင် ဘာဆက်လုပ်မှာလဲ..။ ဒီမကောင်းဆိုးဝါးကို ဘယ်လို အသေသတ်မှာလဲ”.. ကျွန်တော် မေးလိုက်တယ်။
မမမေက ကျွန်တော့်အမေးကို မဖြေအားသေးဘဲ အလုပ်ရှုပ်နေတယ်။ ကြမ်းပြင်မှာ ပစ္စည်းတွေကို အစီအရီ စီတယ်။ ပုလင်းထဲက ငွေရောင် အရည်တွေကို ကြမ်းခင်းပြားပေါ် လောင်းချတယ်။ တလက်လက်တောက်နေတဲ့ သတ္တုရည်တွေကို လက်ညိုးနဲ့ တို့ပြီး အမှတ်အသားတွေ ချရေးတယ်။ အရွက်ခြောက်တွေ စည်းထားတဲ့ အစည်းကို အလယ်ကနေ ဖြောင်းခနဲ ချိုးတယ်။ မွမွကြေနေတဲ့ အစအနတွေကို ကြမ်းပြင်ပေါ်ကို ကြဲချတယ်။
“ခင်ဗျားကိုယ်ထဲ ရောက်ပြီးရင် ဘာဆက်လုပ်မှာလဲ”.. ကျွန်တော် ထပ်မေးလိုက်တယ်။
မမမေက ပုလင်းတွေကို တစ်ခုပြီး တစ်ခုဖွင့်၊ အရောင်ပေါင်းစုံတဲ့ အရည်တွေ အမှုန်တွေကို ကြမ်းပေါ်ကို ဆက်တိုက် သွန်ချနေတယ်။ သူ့ရဲ့ ခြေထောက် ပတ်ပတ်လည်မှာ ခဏလေးနဲ့ ရှုပ်ပွသွားတယ်။ ဆာလ်ဖာ အနံ့လိုလို အမိုးနီးယားလိုလို.. ခပ်ဟောင်ဟောင် အနံ့တွေ အခန်းထဲမှာ ပြည့်လာတယ်။ ဘာတွေလဲ..။
“အဲဒါကို ငါ ပြီးမှ စဉ်းစားမယ်။ တစ်နည်း မဟုတ် တစ်နည်းနဲ့တော့ အပြတ်ရှင်းလို့ ရမှာပါ”.. မမမေက ပြောတယ်။ ဒါပေမယ့် သူ့လေသံက ဇဝေဇဝါ..။ သူပြောခဲ့သမျှ စကားတွေထဲမှာ ဒီစကားတစ်ခွန်းကတော့ မပြတ်မသား မရေမရာ ဖြစ်နေတယ်။
“ဒါတွေဖြစ်တာ ကျွန်တော့်ကြောင့်”.. ကျွန်တော် စိတ်ဒုန်းဒုန်း ချပြီး ပြောလိုက်တယ်။ “ကျွန်တော် တာဝန်ယူမယ်။ ကျွန်တော့်ကိုယ်ထဲကို ထည့်လိုက်ပါ”
မမမေက ကျွန်တော့်ကို မော့ကြည့်တယ်။ ဟက်ခနဲ ရယ်တယ်။
“ဘာရယ်တာလဲဗျ”.. ကျွန်တော် စိတ်ထဲမှာ အောင့်သက်သက်ဖြစ်သွားတယ်။ “ကျွန်တော့် သူငယ်ချင်းတွေ သေရတာ ကျွန်တော့်ကြောင့်။ ဦးသိန်းတို့ ၃ ယောက်သေတာလည်း ကျွန်တော့်လက်ချက်ပဲ။ ဒီအိမ်ထဲမှာ သေသွားသမျှ လူတွေ အားလုံး ကျွန်တော့် စနက်နဲ့မကင်းဘူး။ ကျွန်တော် ဘယ်လို ဆက်အသက်ရှင်ရမှာလဲ။ ကျွန်တော့်ကို တာဝန်ယူခွင့်ပေးပါ”
“မင်းခန့်ထူး။ ငါက.. နင်မဟုတ်ဘူး။ နင့်ခေါင်းသေးသေးလေးနဲ့ မဟုတ်တာတွေ စဉ်းစားမနေနဲ့။ ငါ့ကိုယ်ခန္ဓာတစ်ခုလုံး.. ငါ့စိတ်ဓာတ်တွေ အားလုံးက ဒီလို မကောင်းဆိုးဝါးတွေကို အသေသတ်ဖို့ တည်ဆောက်ထားတာ။ ငါ့ တစ်မျိုးလုံး တစ်ဆွေလုံးရဲ့ ကိုယ်ထဲမှာ စီးနေတဲ့ သွေးတွေက ဒီ မသန့်ရှင်းတဲ့ သတ္တဝါတွေကို သန့်စင်ပစ်ဖို့ စီးဆင်းနေတာ။ ငါ အသက်ရှူနေတာကိုက နင့်လို နလပိန်းတုန်းတွေ စလိုက်တဲ့ ပြဿနာတွေကို လိုက်ရှင်းဖို့။ ဟုတ်ပြီလား။ နင့်ကိုယ်ထဲကို ထည့်ရအောင် နင့်လို ပျော့အိအိ ပုံစံနဲ့ တစ်ရက်တောင် ခံမှာမဟုတ်ဘူး။ အဲဒီကောင်က နင့် တစ်ကိုယ်လုံးကို ဆွဲဖြဲပြီး ပြန်ထွက်လာလိမ့်မယ်”
“သေချင်လည်း သေပစေဗျာ။ ကျွန်တော်မကြောက်ဘူး”.. ကျွန်တော် အသံကို ထိန်းပြီး ပြောလိုက်တယ်။
“အေး။ နင့်ဘာသာနင် သေသွားတာက ပြဿနာမရှိဘူး။ ပြီးမှ အဲဒီကောင်ကို ငါ လိုက်မရှာနိုင်ဘူး။ နောက်ထပ်လူတွေ ထပ်သေရင်ရော.. အဲဒီအခါကျမှ နင့်အပြစ် ဖြစ်မှာ။ နားလည်လား။ ငါလည်း အားနေတာမဟုတ်ဘူး။ နင့် ပြဿနာတစ်ခုတည်း ရှိတာ မဟုတ်ဘူး။ ဒီရွာတစ်ရွာတည်း၊ ဒီအိမ်တစ်အိမ်တည်း ရှိတယ်ထင်နေတာလား။ ငါ့မှာ တခြား လုပ်စရာတွေ အများကြီး ရှိသေးတယ်”
+++
အခန်း (၂၃)
(က)
“အဓိပ္ပာယ်မရှိတာ”.. သူဇာလွင် ပြောလိုက်တယ်။
“ဪ..ဇာတ်လမ်းတစ်ခုလုံးက မကောင်းဆိုးဝါးတွေ၊ ခေါင်းပြတ်တွေ၊ ကိုယ်တစ်ပိုင်းပြတ်တွေ၊ မျက်နှာကြက်မှာ တက်ကပ်နေတဲ့ သတ္တဝါတွေနဲ့ ပြည့်နေတော့ ခင်ဗျားပြောတာ မလွန်ပါဘူး”.. မင်းခန့်ထူးက ပြန်ဖြေတယ်။ သူ့မျက်လုံးတွေက ညဉ့်နက်လာတာနဲ့အမျှ ပိုပြီး အိုစာလာသလိုပဲ.. သူဇာလွင့် စိတ်ထဲမှာတွေးနေမိတယ်။ စိတ်ထင်တာ ဖြစ်မှာပါ..။
“မဟုတ်ဘူး ကျွန်မပြောတာ အဲဒါကို ပြောတာမဟုတ်ဘူး။ ရှင့်ရဲ့ မမမေ ဆိုတဲ့ အမျိုးသမီး စဉ်းစားပုံကို ပြောနေတာပါ။ သူ့ကိုယ်ထဲကို ထည့်မယ်ဆိုတာက ဘာကြီးလဲ။ သူ့ကိုယ်ခန္ဓာက မီးခံသေတ္တာမှ မဟုတ်ပဲ။ အဲဒီတော့ မမမေက သူ့ကိုယ်ထဲကို ထည့်ဖို့ အစီအမံတွေလုပ်တယ်။ ဘာလဲ ပြဒါးတွေ အင်းကွက်တွေလား.. အဲဒါတွေ ရေးတယ်။ ပြီးတော့ ဘာဆက်ဖြစ်သလဲ”
“မမမေရဲ့ အကြံကို ကျွန်တော် သဘောတူလိုက်သလား မတူဘူးလား ခင်ဗျားက ဘယ်လိုလုပ်သိသလဲ”
“ရှင်းနေတာပဲ.. ရှင့်ဇာတ်လမ်းအရဆိုရင် မမမေ ဆိုတဲ့ စူပါဟီးရီုးမ ကယ်မှပဲ ဒီဇာတ်လမ်းက ပြီးတော့မှာလေ။ ရှင့်ဘာသာရှင် တစ်ယောက်တည်းဆို ဘယ်လိုမှ ဒီနေ့ ဒီနေရာကို ရှင်ရောက်လာစရာ မရှိဘူး။ အဲဒီလို တည့်တည့်ကြီး ပြောလိုက်တာ ဆောရီးပါ”
“ဟားဟား.. စူပါဟီးရိုးမ..ဆိုပဲ။ ခင်ဗျား ပြောတာ မှန်ပါတယ်။ ကျွန်တော် သူ့အကြံအတိုင်း လိုက်လုပ်ဖို့ သဘောတူလိုက်တယ်”
“မမမေက သူပြောသလို လူကောင်းမဟုတ်ဘဲ လူဆိုးဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ ရှင့်ဆီကနေ အဲဒီအိမ်ကို လိမ်ဆင်လုပ်ပြီးတောင်းဖို့ ရောက်လာတာဆိုရင်ရော”
“ခင်ဗျား..မမမေကို မတွေ့ဖူးသေးလို့ ဒီစကားပြောတာ”.. မင်းခန့်ထူးက ပြောရင်းနဲ့ အတိတ်က ပုံရိပ်တစ်ခုကို ပြန်ရှာသလို သူ့အကြည့်တွေ ဝေဝါးသွားတယ်။ “ခင်ဗျား ပြောသလို..စူပါဟီးရိုး..ဆိုတော့ မဟာ သူရဲကောင်းပေါ့.. ဟုတ်တယ်။ သူ့လောက်ရဲရင့်တဲ့သူ ကျွန်တော် တစ်ခါမှ မတွေ့ဖူးဘူး”.. မင်းခန့်ထူး အကြည့်တွေက သူဇာလွင့်ဆီ ပြန်ရောက်လာတယ်။
“အမလေး.. အမွှန်းတင်နေလိုက်တာ။ ဟုတ်ပါပြီ”.. သူဇာလွင် အမြင်ကတ်ကတ်နဲ့ ပြန်ပက်လိုက်တယ်။
“အမွှန်းတင်တာ မဟုတ်ဘူးဗျ။ တကယ်ပြောတာ။ ခင်ဗျား ဆက်နားထောင်ရင် သဘောပေါက်သွားလိမ့်မယ်”
+++
အခန်း (၂၄)
(က)
“နင် ဒီနေရာမှာ ထိုင်”.. မမမေက ကျွန်တော့်ကို အခန်းရဲ့ ထောင့်စွန်း ကြမ်းပြင်မှာ နေရာချတယ်။ “ဘာပဲဖြစ်ဖြစ်.. နင် ဒီနေရာကနေ ထမလာနဲ့။ ရှင်းတယ်နော်”
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။ ခေါင်းညိတ်ရုံမှတစ်ပါး အခြား လုပ်စရာလည်း မရှိတော့ဘူးလေ။ မနက်ခင်း.. မြန်မြန်ရောက်လာရင် ကောင်းမှာပဲလို့ ကျွန်တော့် စိတ်ထဲက ဆုတောင်းမိပေမယ့်.. မနက်ဖြန်ည..ဆိုတာကိုလည်း ထပ်မကြုံချင်တော့ဘူး။ ဒီတစ်ညတည်းနဲ့ အရာအားလုံး အဆုံးသတ်ပါစေတော့။ ကျွန်တော် အသက်ရှင်လျက် မနက်ခင်းကို မြင်ရသည်ဖြစ်စေ.. ညအမှောင်ထုထဲမှာပဲ သေဆုံးသွားသည် ဖြစ်စေ.. ဒီအိပ်မက်ဆိုး ဒီနေရာမှာ ရပ်ပါစေတော့။
“တကယ်လို့.. ခင်ဗျား တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”.. ကျွန်တော် မမမေကို မော့ကြည့်ရင်း မေးလိုက်တယ်။
“မဖြစ်သေးတဲ့အရာကို ငါတွေးပြီး မပူနိုင်ဘူး”.. မမမေက ပြောတယ်။..”နင်တို့ သာမန်လူတွေလို.. ပူပင်နေဖို့အတွက် ငါ့အလုပ်က အခွင့်အရေး မပေးဘူး မင်းခန့်ထူး”
ကျွန်တော် ဘာမှ ပြန်မပြောတော့ဘဲ အခန်းထောင့်နံရံကို ကျောမှီပြီး ထိုင်ချလိုက်တယ်။ ဧည့်ခန်းထဲမှာ ဝေ့ဝဲနေတဲ့ ညလေပူပူကြောင့် မျက်နှာကြက်မီးသီးက ပတ်လည် ရမ်းနေတယ်။ အရိပ်တွေက ရှည်လာလိုက်..တိုသွားလိုက်။ ကြမ်းပြင်က သွေးကွက်တွေ အလင်းရောင်အောက်မှာ နီရဲလာလိုက်.. မည်းနက်သွားလိုက်..။ ဒီသွေးတွေကို ဘယ်လိုများ ပြောင်အောင် တိုက်ချွတ်ကြမလဲ။ ကျွန်တော်တို့ရဲ့ အလောင်းတွေကို ကြည့်ပြီး ဘယ်လိုတွေ မေးခွန်း ထုတ်ကြမလဲ။ သာမန်ဘ၀တွေမှာနေထိုင်ရင်း သာမန် အခက်အခဲတွေကိုသာ ကြုံတွေ့ဖူးကြတဲ့ သာမန်လူတွေ… စကားဝါ ပြဿနာကို ဘယ်လို အဖြေရှာကြမလဲ..။
မမမေက ဝတ်ထားတဲ့ ဂျင်းဂျတ်ကတ်ကို ချွတ်လိုက်တယ်။ အောက်ခံ တီရှပ် အနက်က ဘာအဆင် ဒီဇိုင်းမှ မပါ.. အမည်းရောင်သက်သက်။ လက်မောင်းနှစ်ဖက် အပြည့်ထိုးထားတဲ့ နဂါးနဲ့ ဂဠုန် စုံတွဲက မမမေရဲ့ ခပ်တင်းတင်း အသားအရေပေါ်မှာ ထင်းထင်းကြီး ဖြစ်နေတယ်။
ဧည့်ခန်းရဲ့ အလယ်မှာ စားပွဲတွေ၊ ထိုင်ခုံတွေ ဘာမှ မရှိ။ ကျွန်တော်တို့ နှစ်ယောက် ရှင်းလင်းထားတဲ့အတွက် ပြောင်သလင်းခါနေတယ်။
မမမေက ကြမ်းပြင်မှာ ပွထနေအောင် သတ္တုရည်နဲ့ ရေးထားတဲ့ အမှတ်အသားတွေရဲ့ အလယ်ကောင်တည့်တည့်မှာ နေရာယူတယ်။ လက်ထဲက ဓားရှည်ကို ကြမ်းပြင်ပေါ်ကို ပစ်ချတယ်။ အနွယ်အခက်အပြည့် ထွင်းထုထားတဲ့ ဓားအိမ်က သူသုံးနေတဲ့ ဓားလို့ မထင်ရဘဲ ရှေးဟောင်းသမိုင်းပြတိုက်ထဲက ပစ္စည်းတစ်ခုနဲ့ ပိုတူနေတယ်။
မမမေ..ကြမ်းပြင်မှာ တင်ပလ္လင်ခွေ ထိုင်လိုက်တယ်။ လက်နှစ်ဖက်ကို ဒူးတစ်ဖက်စီပေါ်မှာ အသာတင်တယ်။ မျက်လုံးတွေကို မှိတ်တယ်။
“ရပြီ”
မမမေက ပြောတယ်။
(ခ)
ကျွန်တော် ပါးစပ်ကနေ ခပ်တိုးတိုး ရွတ်ရင်း.. မျက်လုံးတွေကို မှိတ်ထားလိုက်တယ်။ ဒီမျက်နှာတွေကို မမြင်ချင်တော့ဘူး။ မျက်ဆံဗလာနဲ့ အကြည့်ဆိုးတွေကို မတွေ့ချင်တော့ဘူး။ ပုပ်သိုးနေတဲ့ အနံဆိုးတွေကို မရချင်တော့ဘူး။ ဟို အသံကြီးကိုလည်း မကြားချင်တော့ဘူး။ ခေါ်သာခေါ်ရတယ်.. တကယ်တမ်းကတော့ မလာစေချင်ဘူး။
ကျွန်တော့် ဆုတောင်း မပြည့်ဘူး။
ကျွန်တော့် စကားဆုံးသွားပြီး စက္ကန့်ပိုင်း အတွင်းမှာ အခန်းရဲ့ လေထုက ပလက်စတစ်နဲ့ အလုံပိတ်လိုက်သလို အုပ်အုပ်ကြီး ဖြစ်သွားတယ်။ အပူရှိန်က ချက်ခြင်း တစ်ဆလောက် ထပ်တိုးလာတယ်။ ကျွန်တော့် နားထင်ကနေ ချွေးတွေ တပေါက်ပေါက် စီးကျလာတယ်။ အသားပုပ်နံ့တွေ နှာခေါင်းထဲကို တိုးဝင်လာတယ်။ တဂွီဂွီ အသံတွေ.. သဲ့သဲ့ ကြားရပြီ။
ကျွန်တော် မနေနိုင်ဘဲ မျက်လုံးတွေကို မရဲတရဲ ဖွင့်၊ မျက်နှာကြက်ကို မော့ကြည့်လိုက်တယ်။
မျက်နှာကြက်ကနေ သုံးလေးပေးလောက် တွဲလောင်းကျနေတဲ့ မီးလုံးက အစွပ်တပ်ထားတယ်။ ဒါကြောင့်.. အပေါ်ကို သေချာ မမြင်ရဘူး။ ကြမ်းပြင်ကနေ ပြန်ကန်တဲ့ အလင်းရောင်ကြောင့် ခပ်ဝါးဝါး ပုံရိပ်တွေကိုပဲ မြင်ရတယ်။
မျက်နှာကြက်ထောင့် အမှောင်ထဲကနေ ထွက်လာတဲ့ သူတွေ..။ ထောင့်တစ်ထောင့်စီကနေ.. တစ်ယောက်စီ။
ပိတ်မရတဲ့.. အိမ်ရှေ့တံခါး ကျွီခနဲ ပွင့်သွားပြန်တယ်။
အူတွေကို တရွတ်တိုက် ဆွဲလာတဲ့ ကျော်ဇော။ သေတာ မကြာသေးပေမယ့် သူ့မျက်နှာတစ်ခုလုံးက မမှတ်မိချင်စရာ ပျက်ယွင်းနေပြီ။ သူနဲ့ ဘေးချင်းယှဉ်ပါလာတဲ့ ဖြူမော်.. ။ ဖြူမော့်ရဲ့ ဖြူဖြူ ပြည့်ပြည့် ကိုယ်ခန္ဓာက ရက်ပေါင်းများစွာ စွန့်ပစ်ထားခံရတဲ့ အသေကောင်လို အပိန့်အချိုင့်တွေများစွာ။ ဗလာသက်သက် မျက်လုံးတွေတောင် ရိရွဲပြီး အထဲကို ပျော်ကျချင်နေပြီ..။
ကျွန်တော့် ဘေးက ပြတင်းပေါက် ဝုန်းခနဲ ပွင့်သွားတယ်။
ပြတင်းပေါက်ကနေ ကျော်တက်လာတဲ့ လက်မောင်းကြီး နှစ်ဖက်။ မျက်နှာမမြင်ရခင်ကတည်းက ဘယ်သူလဲဆိုတာ ကျွန်တော် သိလိုက်တာ်။
ငအောင်က ပြတင်းပေါက်ဘောင်ကနေ မဆန့်မပြဲ တိုးဝင်ရင်း ကြမ်းပြင်ပေါ်ကို အရှိန်နဲ့ ဒုန်းခနဲ ပြုတ်ကျတယ်။ ကြမ်းပြင်မှာ လေးဘက်ထောက်ကြီး ဖြစ်နေရာကနေ ကျွန်တော့်ဘက်ကို လှည့်ကြည့်တယ်။
ဟောက်ပက်ဖြစ်နေတဲ့ ငအောင့် မျက်လုံးတွေ။ အထဲမှာ မည်းမည်း အမျှင်တွေက နွယ်ရှင်တွေလို တလှုပ်လှုပ်နဲ့..။
အိပ်ခန်းတွေဘက်ကနေ ကြားရတဲ့ အသံတစ်ခု..။
ခြေသံ မဟုတ်ဘူး။ တစ်ခုခု ရွေ့လာနေတဲ့အသံ.. ကြမ်းပြင်ကို ပွတ်တိုက်ပြီး ဆွဲလာတဲ့ အသံ..။
လျှောက်လမ်းအမှောင်ထဲကနေ ဧည့်ခန်း အလင်းရောင်ထဲကို ဖြည်းဖြည်းခြင်း တွားသွားလာနေတဲ့ အရာ..။
ဘာသတ္တဝါလို့ အမည်တပ်ရမလဲ ကျွန်တော်မသိဘူး။ အနီးစပ်ဆုံးပြောရမယ်ဆိုရင်တောင် ပြောစရာ၊ နှိုင်းစရာ စကားလုံးမရှိဘူး။ အသားတွေ စုပြီး လုံးထားသလို အထွေးလိုက် အထပ်လိုက်ဖြစ်နေတဲ့ ခြေတွေ..လက်တွေ..။ အထဲကနေ ပြူထွက်နေတဲ့ ဦးသိန်းရဲ့ မျက်နှာ တစ်စွန်းတစ်စကိုတွေ့ရတယ်။ အောက်ဖက်နားမှာ ကပ်ပြီး ကြမ်းပြင်ကို မျက်နှာမူထားတာက နယ်လီ့ရဲ့ ခေါင်း..ဖြစ်မယ်။ အဲဒီ.. အသားဆိုင်..အထုအခဲကြီးက သက်ရှိသတ္တဝါတစ်ကောင်လို တတွန့်တွန့်နဲ့ မမမေ ဆီကို ဦးတည် သွားနေတယ်။
မမမေ.. တုပ်တုပ်မျှ မလှုပ်သေးဘူး။ မျက်လုံးတွေ မှိတ်ထားတုန်းပဲ။
ငအောင့်ကိုယ်လုံးကြီးက အရွယ်နဲ့မလိုက်အောင် မြန်ဆန်စွာနဲ့ မမမေဆီကို ပြေးသွားတယ်။ သူ့ခြေထောက်ကြီးတွေကြောင့် ကြမ်းခင်းပြားတွေ တသိမ့်သိမ့်ခါကုန်တယ်။
ကျွန်တော် မမမေကို သတိပေးမလို့ ပါးစပ်ကို ဟတယ်။
မမမေရဲ့ မျက်လုံးတွေ ဖျတ်ခနဲ ပွင့်လာတယ်။
အဖြူ တစ်စက်မှ မရှိတော့တဲ့ မဟူရာ ကျောက်မျက်လုံးတွေ။
(ဂ)
ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်တွေကို ရုပ်ရှင်ထဲကလို အနှေးပြကွက်တွေနဲ့ တစ်ခုခြင်း ပြန်ကြည့်လို့ရရင် ကောင်းမယ်။ ဘာလို့လဲဆိုတော့ မမမေရဲ့ လက်ထဲကဓား တလက်လက်ဖြစ်သွားတာကို ကျွန်တော့် မျက်လုံးတွေက လိုက်မမီဘူး။
သူခုန်ထလိုက်တာကို ကျွန်တော် တွေ့တယ်။ ဓားအိမ်ထဲကဓား..လက်ထဲကို ရောက်လာတာကိုလည်း မြင်လိုက်တယ်။
ဒါပေမယ့် ငအောင့် ခေါင်းကို တိခနဲ ဖြတ်ချလိုက်တဲ့ လှုပ်ရှားမှုကို မတွေ့လိုက်ဘူး။
ငအောင့်ရဲ့ ခေါင်း အောက်ကိုပြုတ်ကျသွားတဲ့အချိန်မှ သူခေါင်းဖြတ်ခံလိုက်ရတာကို ကျွန်တော် သိတာ။
အဲဒီအချိန်မှာ မျက်နှာကြက်က လေးကောင်စလုံး အောက်ကို ပြုတ်ကျလာတယ်။
တံခါး၀က ဝင်လာတဲ့ ကျော်ဇောနဲ့ ဖြူမော် ဟီးခနဲ အသံတွေ ပေးပြီး ပြေးလာတယ်။
အားလုံး မမမေရဲ့ ဘေးမှာ ဝံပုလွေတွေ အမဲလိုက်သလို ဝိုင်းတယ်။
ဦးသိန်းနဲ့ နယ်လီ.. ပေါင်းစပ်ထားတဲ့ အသားစိုင်ကြီးက အထဲက အမျှင်တွေနဲ့ မမမေကို လှမ်း ပက်တယ်။ အမျှင်မည်းမည်းတွေက ခြုံလွှာတစ်ခုလို မမမေကို လွှမ်းခြုံဖို့ ကြိုးစားတယ်။ မမမေ လှည့်မကြည့်ဘဲ အမျှင်တွေကို ခုတ်ချလိုက်တယ်။ တိခနဲ ပြတ်သွားတဲ့ မဲမဲ အမျှင်တွေ ကြမ်းကြားထဲကို တိုးဝင်ဖို့ ကြိုးစားတယ်။
မမမေက ရင်ခေါင်းသံနဲ့ ဟား..ခနဲ အော်တယ်။ မမြင်ရတဲ့ တွန်းအားတစ်ခုနဲ့ ဖိလိုက်သလို.. အမျှင်တွေ မျက်စိရှေ့မှာတင် ပိပြားသွားတယ်။ ခြေထောက်နဲ့ တက်ဖိခံရတဲ့ တီကောင်တွေလို အမျှင်တွေ ထွန့်ထွန့်လူးပြီး ငြိမ်သွားတယ်။
ပတ်လည်ဝိုင်းထားတဲ့ သတ္တဝါတွေ.. မမမေကို ပြိုင်တူ ခုန်အုပ်လိုက်တယ်။
(ဃ)
စောစောက ဦးသိန်းတစ်ကိုယ်လုံးကို မကောင်းဆိုးဝါးတွေ အမဲဖျက်လိုက်တဲ့ မြင်ကွင်း ကျွန်တော့် အာရုံထဲ ပြန်ဝင်လာတယ်။ ဖွာလန်ကြဲထွက်လာမယ့် မမမေရဲ့ ခြေတွေ လက်တွေကို မြင်ရတော့မလား.. ကျွန်တော် ထိတ်ခနဲ ဖြစ်သွားတယ်။
ဒါပေမယ့် ထင်သလို ဖြစ်မလာဘူး။
မမမေရဲ့ ဓားရောင်က မီးရောင်အောက်မှာ တလက်လက်န့ မီးစုန်းတစ်ခုလို ခုန်ပျံလှုပ်ရှားသွားတယ်။ ဘယ်ကနေ ညာကို.. အပေါ်ကနေ အောက်ကို.. မျက်တောင် တစ်ခတ်အတွင်းမှာ မမမေရဲ့ ကိုယ်ဟန်က သုံးလေးခုလောက် ပြောင်းသွားတယ်။ နှစ်ပေါင်းများစွာ လေ့ကျင့်ထားတဲ့ ကကွက်တစ်ခုကို ပြန်အသုံးချနေတဲ့ ကချေသည်တစ်ယောက်လို လူနဲ့ဓား၊ ဓားနဲ့လူ တစ်သားတည်း တစ်သွေးတည်း။ မမမေရဲ့ ဓားစက်ထဲဝင်သွားပြီး အပြင်ကို လွင့်စင်ထွက်လာတဲ့ ခြေတွေလက်တွေ ခေါင်းတွေ..။ ကိုယ်မပိုင်တဲ့ သူတစ်ပါးကိုယ်ခန္ဓာထဲမှာ ကပ်ပါးအဖြစ် ဝင်နေနေရတဲ့ မကောင်းဆိုးဝါး၊ ဘ၀တစ်ခုလုံးကို ရင်းပြီး လေ့ကျင့်ထားတဲ့ မမမေ၊ ဒီနှစ်ဦး ထိပ်တိုက်တွေ့ရင် ဘယ်လို အဖြေထွက်လာသလဲဆိုတာ ကျွန်တော် မျက်ဝါးထင်ထင် မြင်လိုက်ရတယ်။
ကကွက် အစအဆုံး ဆယ်စက္ကန့်ထက် ပိုမယ်မထင်ဘူး။ မမမေရဲ့ ဓား ဓားအိမ်ထဲကို ပြန်ဝင်သွားတဲ့အချိန်မှာ ကပ်ပါးကောင် မကောင်းဆိုးဝါးတွေ.. အပိုင်းပိုင်း ပြတ်ကုန်ပြီ။
မမမေရဲ့ ပတ်ပတ်လည်မှာ ပြန့်ကျဲနေတဲ့ အစိတ်အပိုင်းတွေ။ လည်ပင်းပေါက်တွေထဲကနေ တဗြစ်ဗြစ် ထိုးထွက်လာတဲ့ အမျှင်မည်းမည်းတွေက နေစရာနေရာ မရှိသလို ပျာယာခတ်နေတယ်။
မမမေက ကျွန်တော့်ဘက်ကို လှည့်ကြည့်တယ်။ သူ့ရဲ့ မည်းနက်ပြောင်လက်နေတဲ့ အကြည့်ကြောင့် ကျွန်တော် ကြက်သီးတွေ ထလာတယ်။
မမမေ လက်ထဲက ဓားကို ပစ်ချလိုက်တယ်။ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်တယ်။ ပါးစပ်ကို ဟ..တယ်။ ခေါင်းကို ငုံ့တယ်။ တစ်ခုခုကို ကြိုဆိုနေတဲ့ပုံစံ။
မမမေ ခြေရင်းမှာရှိတဲ့ အရွက်ခြောက် အစအနတွေ တလှုပ်လှုပ်..ခါလာတယ်။ သတ္တုရည်တွေက မီးဖိုပေါ်တင်လိုက်သလို ပွက်ပွက် ဆူလာတယ်။ ကြမ်းပြင်မှာ လုံးထွေးနေတဲ့ အမျှင်မည်းမည်းတွေ ရောထွေးယှက်တင် ဖြစ်ပြီး နွယ်ပင်တွေလို မမမေရဲ့ ခြေကျင်းဝတ်ကို တွယ်တယ်။ ခြေသလုံး..ပေါင်း..ခါး.. တစ်ဆင့်ခြင်း တက်လာတယ်။ မမမေက ခေါင်းကို ငုံ့ထားတုန်းပဲ။
ကျွန်တော့်မျက်လုံးက မျက်နှာကြက်ထောင့် အမှောင်ထဲကနေ အခုမှ ထွက်လာတဲ့ အရာတစ်ခုဆီကို ရောက်သွားတယ်။
မမမေကို ကျွန်တော် သတိပေးမလို့ ကြိုးစားတယ်။ မမီတော့ဘူး။
မမမေရဲ့ နောက်ကျောဖက်မှာ ဖုတ်ခနဲ ပြုတ်ကျလာတဲ့ အရိပ်တစ်ခု။
ဟက်တက်ကြီး ပွင့်လာတဲ့ ပါးစပ်ထဲက ရာပေါင်းများစွာသော.. သွားအချွန်အတက်တွေ။
မလှ မျက်နှာနဲ့ သတ္တဝါ.. မမမေရဲ့ လည်ပင်းကို လှမ်းဟပ်လိုက်တယ်။
(င)
မမမေ ယိုင်ခနဲ ဖြစ်သွားတယ်။ ပြဲပါသွားတဲ့ လည်ပင်းအသားစတွေနဲ့အတူ သွေးတွေ ပန်းထွက်လာတယ်။
“ဟားဟား..ဟား”.. မလှမျက်နှာနဲ့ သတ္တဝါက အသံနက်ကြီးနဲ့ အော်တယ်။ မလှရဲ့ လည်ပင်းက ဟပြဲကြီးဖြစ်နေတဲ့ ဓားရာထဲကနေ သွေးပုပ်တွေ တစီစီ စီးထွက်နေတယ်။
မမမေ နောက်ကိုလှည့်ပြီး မလှရဲ့ လည်ပင်းကို လက်နှစ်ဖက်နဲ့ လှမ်းချုပ်လိုက်တယ်။ မလှက ပါးစပ်ကို ဟပြီး မမမေရဲ့ လက်တွေကို ကိုက်ဖို့ ကြိုးစားတယ်။ သွားအခြင်းခြင်းရိုက်ပြီး ဂတ်ခနဲ ဂတ်ခနဲ အသံတွေထွက်လာတယ်။ မမမေကိုယ်ပေါ်မှာ တွယ်တက်နေတဲ့ အမျှင်တွေ.. အခုမှ သတိဝင်လာသလို ရှဲခနဲ အောက်ကို ပြန်ပြုတ်ကျသွားတယ်။
မမမေ လည်ပင်းက သွေးတွေ ဆက်တိုက်ထွက်နေတယ်။ မလှရဲ့ လည်ပင်းကို ညှစ်ထားတဲ့ သူ့လက်တွေ အားလျော့လာနေတာကို ကျွန်တော် တွေ့နေရတယ်။
ကျွန်တော် ဧည့်ခန်းအလယ်ကို အမြန်ပြေးသွားတယ်။ ကိုယ်ခန္ဓာအပိုင်းအစတွေကို တက်နင်းမိပြီး ချော်လဲသွားတယ်။ ကျွန်တော် လဲကျနေရာကနေ ပြန်မထဘဲ မမမေ ပစ်ချထားတဲ့ ဓားကို လှမ်းကောက်တယ်။
“မမမေ”.. ကျွန်တော် အော်ရင်းနဲ့ ဓားကို လှမ်းပစ်ပေးလိုက်တယ်။
မမမေက ဓားကို လေထဲမှာတင် လှမ်းဖမ်းလိုက်တယ်။ လက်တစ်ဖက် လွတ်သွားတဲ့ အတွက် မကောင်းဆိုးဝါးရဲ့ သွားတွေက မမမေရဲ့ လက်ဖျံထဲကို စိုက်ဝင်သွားတယ်။ သွေးတွေ ရဲခနဲ ထွက်လာတယ်။
မမမေက လက်ကို ဆောင့်ရုန်းတယ်။ လက်ကိုကိုက်ထားတဲ့ မလှရဲ့ ခေါင်းက အောက်ကို ငုံ့ကျသွားတယ်။
မမမေရဲ့ ဓားသွား မလှရဲ့ ဇက်ပေါ်ကို ကျလာတယ်။ တစ်ချက်နဲ့ မပြတ်ဘူး။ နှစ်ချက်နဲ့ မပြတ်သေးဘူး။ သုံးချက်မြောက်တော့မှ မလှရဲ့ ခေါင်းနဲ့ကိုယ် အိုးစားကွဲသွားတယ်။ လည်ပင်းဟောက်ပက်နဲ့ ကိုယ်ခန္ဓာ ကြမ်းပြင်ပေါ်ကို ဒူးထောက်ကျတယ်။ ထွေးခနဲ ထွက်လာတဲ့ အမျှင်တွေ အောက်မှာ တလွန့်လွန့်လူးနေတယ်။ မလှရဲ့ ခေါင်းပြတ်ကြီးက ကြမ်းပြင်ပေါ်မှာ လိမ့်နေရာကနေ ကျွန်တော့်ဘက်ကို လှည့်လာတယ်။ မျက်ဆံမပါတဲ့ မျက်သားဖြူဖြူတွေ..။
“လူလိမ်… လူလိမ်..”.. မလှပါးစပ်က ထွက်လာတဲ့ အိပ်မက်ဆိုးထဲကအသံ..။ ကျွန်တော် မလှရဲ့ ခေါင်းကို ခြေထောက်နဲ့ ဆောင့်ကန်လိုက်တယ်။ ခေါင်းပြတ်က နံရံကို သွားမှန်ပြီး ဒုန်းခနဲ မြည်သွားတယ်။
“မင်းခန့်.. ” မမမေက လည်ပင်းက ဒဏ်ရာကို လက်နဲ့ အုပ်ရင်း ကျွန်တော့်ကို လှမ်းခေါ်တယ်။
ကျွန်တော် သူ့ကို ကြည့်လိုက်တယ်။ သွေးအလူးလူးနဲ့.. ယိုင်နဲ့နေတဲ့ မမမေ..။ ဒဏ်ရာမရနိုင်ဘူး..လို့ ကျွန်တော် ထင်ထားခဲ့တဲ့ မမမေ..။ သူ့မျက်လုံးတွေက မဟူရာကျောက်ရောင် မဟုတ်တော့ဘဲ.. သာမန် မျက်လုံးစူးစူးတွေ ပြန်ဖြစ်နေပြီ။
ကျွန်တော် မမမေဆီကို ပြေးသွားလိုက်တယ်။ မမမေက ကျွန်တော် ရောက်လာတာကို စောင့်နေသလို.. ကျွန်တော့် ခြေလှမ်း သူ့ရှေ့ အရောက်မှာ ခွေခနဲ လဲကျသွားတယ်။ လည်ပင်းကို အုပ်ထားတဲ့လက်.. ပြေကျသွားတယ်။ သွေးတွေ တရစပ် ထွက်လာတယ်။
“ဟာ.. ခင်ဗျား.. ခင်ဗျားလည်ပင်း..”
ကျွန်တော် ဝတ်ထားတဲ့ အင်္ကျီကို အမြန်ချွတ်တယ်။ မမမေရဲ့ လည်ပင်းကို စည်းတယ်။ အင်္ကျီစကို တင်းနေအောင် ချည်လိုက်တော့ သွေးနည်းနည်း တိတ်သွားတယ်။ မမမေရဲ့ မျက်လုံးတွေက ကျွန်တော့်ကို ဝေဝေဝါဝါး အကြည့်တွေနဲ့ ကြည့်နေတယ်။
“ခင်ဗျား..ဒီပုံစံနဲ့.. ဘယ်လို..”
မမမေက ခေါင်းခါတယ်။
“ငါ့ကို ခွင့်လွှတ်ပါ.. ငါကြိုးစားတယ်။ ဖြစ်မလာတာ.. ငါ ညံ့သွားတာ.. လူ ၉ ယောက်.. ၉ ယောက်ဆိုတာကို သတိလွတ်သွားတာ”.. မမမေက ပြောပြီးတာနဲ့ မျက်လုံးတွေကိုမှိတ်ချလိုက်တယ်။ ငြိမ်သွားတယ်။
“ဟာ.. မလုပ်နဲ့လေ.. အဲဒီလို မလုပ်နဲ့..”.. ကျွန်တော် မမမေရဲ့ လက်မောင်းတွေကို ကိုင်ပြီး လှုပ်ခါကြည့်တယ်။ သူ့နှာခေါင်းနားကို နားနဲ့တေ့ပြီး နားထောင်ကြည့်တယ်။ အသက်တော့ ရှူနေသေးတယ်။ သတိလစ်သွားတာလား.. အသက်ငင်နေတာလား ကျွန်တော် မသိဘူး။
ကျွန်တော့်ဘေးမှာ တလွန့်လွန့်လူးနေတဲ့ မည်းမည်း အမျှင်တွေ..။ ကြမ်းကြားထဲကို ပြန်ဝင်ဖို့ ပြင်နေတဲ့ မကောင်းဆိုးဝါးရဲဲ့ ဝိဉာဉ်တွေ..။
ဒီသတ္တဝါက မကြာခင် ပြန်ရောက်လာဦးမှာ..။ မမမေကို ပြန်ပြီး ရန်လာရှာဦးမှာ..။ အဲဒီအခါကျရင် ကျွန်တော် တစ်ယောက်တည်း ဘယ်လို ရင်ဆိုင်ရမလဲ..။ ဒီတစ်ခါဆိုရင်တော့.. သတိလစ်နေတဲ့ မမမေကို ဒီမကောင်းဆိုးဝါးက အသေသတ်မှာ သေချာတယ်။ ကျွန်တော့်ရဲ့ လိမ်ဆင်တွေကိုလည်း ဒီမကောင်းဆိုးဝါးက သိသွားပြီ။ ကျွန်တော့်ကိုလည်း အရှင်ထားမှာ မဟုတ်ဘူး။ ကျွန်တော်က အရေးမကြီးတော့ပါဘူး.. သေမထူး နေမထူး ဖြစ်နေပါပြီ။ ဒါပေမယ့်.. မမမေသာ တစ်ခုခုဖြစ်သွားခဲ့ရင်.. သူမရှိတော့ရင်.. ဒီသတ္တဝါကို.. ဘယ်သူက နှိမ်နှင်းမှာလဲ..။ ဒီသတ္တဝါ.. ဒီမြေမှာ..နေပြီး.. လူတွေကို ဘယ်လောက် ဒုက္ခပေးဦးမှာလဲ။
ကျွန်တော့်ကြောင့်ဖြစ်တဲ့ အိပ်မက်ဆိုးတွေ.. ကျွန်တော့်ဆီမှာပဲ အဆုံးသတ်ပါစေတော့..။ ရူးရင်လည်း ရူးပါစေတော့။ သေရင်လည်း သေစေတော့။ တစ်မိနစ်ပဲ ဖြစ်ဖြစ်၊ တစ်နာရီပဲ ဖြစ်ဖြစ်.. တစ်ရက်ပဲဖြစ်ဖြစ်.. ဒီသတ္တဝါကို လွတ်ထွက်မသွားအောင် ထိန်းမယ်..။ မမမေ သတိရလာတဲ့အထိ…။
မမမေရဲ့ ဘေးမှာ ဒူးထောက်ရင်း.. ကြမ်းပြင်က အမျှင်တွေကို ကျွန်တော် လက်နဲ့ ဆွဲကိုင်လိုက်တယ်။ တက်စရာ နံရံတွေ့သွားတဲ့ နွယ်ပင်တွေလို အမျှင်မည်းမည်းတွေက ကျွန်တော့်လက်ကောက်ဝတ်ကို လောဘတကြီး ရစ်ပတ်လာတယ်။
သတိလစ်နေတဲ့ မမမေကို ကျွန်တော် ငုံ့ကြည့်တယ်။ အပိုင်းပိုင်းပြတ်နေတဲ့ သူငယ်ချင်းတွေရဲ့ ကိုယ်ခန္ဓာတွေကို ကျွန်တော် လှမ်းကြည့်တယ်။
“မင်းခန့်ထူး.. မင်းခန့်ထူး.. လုပ်ရဲရင် ခံရဲရတယ်”.. ကျွန်တော့်ကိုယ် ကျွန်တော် အသံထွက်ပြီး အားပေးလိုက်တယ်။ တလွန့်လွန့် တက်လာနေတဲ့ မကောင်းဆိုးဝါးရဲ့ ဝိညာဉ်အမျှင်တန်းတွေ..။ ကျွန်တော့်ရဲ့ ခါး.. ရင်ညွန့်.. လည်ပင်း… တွေဆီကို..။
ကျွန်တော် လက်နှစ်ဖက်ကို ဆန့်တယ်။ ခေါင်းကို ငုံ့တယ်..။
ပါးစပ်ကို ဟ..တယ်။
စကားဝါရဲ့မကောင်းဆိုးဝါးကို ကျွန်တော့်ကိုယ်ထဲကို ဝင်ဖို့ .. ဖိတ်ခေါ်လိုက်တယ်။
++++
(ဆက်ရန်)
ချမ်းမြေ့ဝင်း
၅-၁၇-၂၀၂၀