အခန်း (၁၈)
(က)
မိုးလင်းတော့မယ် ထင်တယ်။ အိမ်နံရံ ပျဉ်ကြားတွေကနေ ဖောက်ဝင်လာချင်နေတဲ့ အလင်းပျပျကို မသဲမကွဲ မြင်ရပြီ။
“ကျွန်တော် ဘာလုပ်ပေးရမှာလဲ”.. ကျွန်တော် မေးလိုက်တယ်။
မမမေက သူ့နှုတ်ခမ်းရှေ့မှာ လက်ညှိုးတစ်ချောင်း ကာတယ်။ ကျွန်တော့်ကို တိတ်တိတ်နေဖို့ အချက်ပြတယ်။ အသံတစ်ခုခုကို ကြားလိုက်ရတဲ့ ပုံစံနဲ့ သူ့မျက်လုံးတွေက သတိအနေအထားနဲ့ တင်းမာသွားတယ်။
“ဘာလဲ..ဘာသံကြားလို့လဲ”.. ကျွန်တော် လေသံ ခပ်အုပ်အုပ်နဲ့ မေးလိုက်တယ်။ ကျွန်တော့် နားထဲမှာတော့ အပြင်ကလေတိုးသံရယ်.. နယ်လီ့ရဲ့ တဟူးဟူးနဲ့ အိပ်မောကျနေတဲ့အသံရယ်.. ဒါပဲ ကြားရတယ်။
မမမေက ကျွန်တော့်အမေးကို ပြန်မဖြေဘူး။ နင်အဲဒီမှာပဲ နေ.. ဆိုတဲ့ သဘောနဲ့ လက်ကာပြတယ်။ စားပွဲပေါ်က ဓားကို လှမ်းယူတယ်။ ဓားအိမ်ကို အလယ်ကနေ ဆုပ်ကိုင်၊ အိပ်ခန်းတွေ ရှိတဲ့ဘက်ကို တစ်လှမ်းခြင်း လျှောက်သွားတယ်။
ကျွန်တော် အိပ်ပျော်နေတဲ့ နယ်လီ့ကို ကြည့်တယ်။ လေတဟူးဟူး တိုးဝင်နေတဲ့ ပျဉ်ပြား အကျိုးအပေါက်တွေကို ကြည့်တယ်။ ပျဉ်ပြားတွေ ကျိုးကွာနေတဲ့ မလုံခြုံတဲ့ အိမ်ရှေ့တံခါးကို ကြည့်တယ်။ အပြင်က ဝင်လာတဲ့ အလင်းပျပျရယ် အခန်းထဲက မီးလုံးဝါဝါရယ်.. ဒီအလင်းနှစ်ခု ပေါင်းလိုက်ရင်တောင် ဒီအိမ်ရဲ့ ကြောက်စရာ အငွေ့အသက်တွေက ပျယ်မသွားချင်သေးဘူး။ ကျွန်တော့် ရင်ထဲမှာ တဒိတ်ဒိတ် ဖြစ်လာတယ်။
“နယ်လီ.. နယ်လီ.. ထတော့..”.. နယ်လီ့ ပခုံးကို လက်သီးနဲ့ ခပ်ဖွဖွ ထုရင်း နှိုးကြည့်တယ်။ နယ်လီက လုံး၀ကို နိုးမလာဘူး။ အိပ်မွေ့ချခံထားရသလို တုပ်တုပ်မျှ မလှုပ်။
ကျွန်တော် စိတ်ကို တင်းပြီး မမမေ နောက်ကို လိုက်သွားလိုက်တယ်။
(ခ)
နေရာအနှံ့အပြားကနေ စီးဝင်လာတဲ့ အလင်းသဲ့သဲ့တွေအောက်မှာ စကားဝါအိမ်ရဲ့ အိုဟောင်းစုတ်ပြတ်နေတဲ့ ကိုယ်ထည်က ပိုပြီး ပီပြင်လာတယ်။ အိပ်ခန်းတွေဘက်ကို သွားတဲ့ လျှောက်လမ်းတစ်လျှောက်၊ ကြမ်းခင်းပြားတွေက နင်းလိုက်တိုင်း တကျီကျီနဲ့ ညည်းတယ်။ ကြမ်းခင်းပြားတွေကို ဖောက်ပြီး ထွက်လာတဲ့ ဖြူမော့်မျက်နှာကို ကျွန်တော် ပြန်သတိရသွားတယ်။ ခေါင်းကို ခါလိုက်တယ်။ မိုးလင်းတော့မယ်.. မကြောက်နဲ့တော့.. ဆိုပြီး ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်တယ်။
စေ့ထားတဲ့ အိပ်ခန်းတံခါး ရှေ့မှာ ကျွန်တော် ရပ်လိုက်တယ်။ တံခါးချက်က မနေ့ညက မမမေ ကန်ပြီး ဖွင့်ထားတဲ့အတွက် သွင်သွင် ကျိုးနေပြီ။ တံခါးဘောင်တစ်ခုလုံးလည်း ပြုတ်ထွက်လုနီးနီး ဖြစ်နေတယ်။
“အစ်မ..မမမေ ခင်ဗျား.. အထဲမှာလား”.. ကျွန်တော် မေးလိုက်တယ်။
ပြန်ဖြေသံမကြားရဘူး။ ကျွန်တော် တံခါးကို အသာတွန်းဖွင့်လိုက်တယ်။
အိပ်ခန်း ပြတင်းပေါက် ပွင့်နေတဲ့အတွက် အပြင်က ထွက်ကာစ နေရောင်မှိန်မှိန် အခန်းထဲကို ပြန့်ဝင်နေတယ်။ အခန်းအလယ်မှာ ပျဉ်ပြားတွေ ကျိုးပဲ့ ပေါက်ပြဲနေတဲ့ ကြမ်းပေါက်ကြီးတစ်ခု။ ပြတင်းပေါက်ဘက်ကို မျက်နှာမူပြီး ရပ်နေတဲ့ မမမေ။
“အလောင်းတွေ ဘယ်ရောက်သွားတာလဲ”.. မမမေက ကျွန်တော့်ဘက်ကို လှည့်ပြီး မေးတယ်။
ကျွန်တော် ကြောင်တောင်တောင်နဲ့ မမမေကို ပြန်ကြည့်နေမိတယ်။
“ငါမေးနေတယ်လေ”..မမမေက ပြောတယ်။ “အလောင်းတွေ ဘယ်ရောက်သွားသလဲ..”
“ဟမ်.. ကျွန်တော် ဘယ်လိုလုပ် သိမှာလဲ။ ဒီကိစ္စမှာ ခင်ဗျားက ဆရာကြီး မဟုတ်လား”.. ကျွန်တော် အခန်းထဲကို ခြေတစ်လှမ်း လှမ်းဝင်ရင်း ပြန်ဖြေလိုက်တယ်။ အခန်းရဲ့ ကြမ်းပြင်တွေ၊ နံရံတွေ.. မျက်နှာကြက်တွေအထိပါ ပေရေနေတဲ့ သွေးကွက်တွေ၊ ဆံပင်အမျှင်တွေ၊ အသားဖတ် အစအနတွေ.. တွေ့ရတယ်။ ကြမ်းပြင်အပေါက်ရဲ့ဘေးနှုတ်ခမ်းနားမှာ အပိုင်းပိုင်းပြတ်နေတဲ့ ကလီစာ အစအနတွေ။ ကျော်ဇော..။
“နင်ငါ့ကို မပြောဘဲ ချန်ထားတာ ဘာရှိသေးသလဲ မင်းခန့်ထူး”.. မမမေက မေးတယ်။ ပြတင်းပေါက်ကို ကျောပေးလိုက်တဲ့အတွက် မမမေရဲ့ မျက်နှာ အမူအရာကို သေချာမမြင်ရဘူး။ စိတ်အနှောင့်အယှက် ဖြစ်နေတာတော့ သိသာတယ်။
“အာ.. ကျွန်တော်လည်း ကျွန်တော် သိသလောက် ခင်ဗျားကို အကုန်ပြောပြပြီးပြီပဲ”
“နေဦး.. ပထမဆုံး သေသွားတယ်ဆိုတဲ့ ကောင်မလေးအကြောင်း ငါ့ကို သေချာပြောပြစမ်း”.. မမမေက မေးတယ်။
ကျွန်တော် ခေါင်းငိုက်စိုက်ကျသွားတယ်။ ဒီအကြောင်းကို ပြန်မပြောချင်လို့ ရှောင်ဖယ်နေခဲ့တာလေ။
“မင်းခန့်ထူး။ ငါ့ကို အကုန် ရှင်းပြ။ ယမင်း ဆိုတဲ့ကောင်မလေး ဘယ်လို သေသွားသလဲ”
(ဂ)
ကျွန်တော့်စကား ဆုံးသွားတော့ မမမေက လက်နှစ်ဘက်ကို ပိုက်ရင်း စဉ်းစားခန်းဖွင့်တယ်။ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ဓားက မမမေရဲ့ ကိုယ်တစ်ဝက်လောက်ကနေ ကြမ်းပြင်ကို ထိတော့မယ့်အထိ ရှည်လျားနေတယ်။
“ငါထင်ထားတာထက် အများကြီး ဆိုးနေတာပဲ။ လူလိမ်တွေ..ဆိုပြီးတော့ အဲဒီ မကောင်းဆိုးဝါးက ပြောတယ်.. ဟုတ်လား”…တော်တော်ကြီးကြာမှ မမမေက သက်ပြင်းချရင်း ပြောတယ်။
“ခင်ဗျားကို ကျွန်တော် ပြောသားပဲ။ ခင်ဗျားပြောတာ ဒီကောင်က ဘာမှ မဟုတ်ဘူးဆို။ ကပ်ပါးကောင်လေးပါဆို။ အခု လူအလောင်း ၅ လောင်းစလုံး ပျောက်နေတယ်။ ဘယ်အချိန်မှာ ဘယ်လို လာခေါ်သွားတာလဲ။ ဒီအလောင်းတွေကို ဘာလုပ်မလို့လဲ”
“ငါမသိဘူး”.. မမမေက ပခုံးတွန့်ရင်း ဖြေတယ်။
“ခင်ဗျား တစ်သက်လုံး ဒီအလုပ် လုပ်လာတာ မဟုတ်ဘူးလား။ ခင်ဗျားကိုယ်တိုင်တောင် မသိရင်တော့ ကျွန်တော်တို့ ဘာဆက်လုပ်လို့ ရမှာလဲ။ ကျွန်တော် ပြောတဲ့အတိုင်း လုပ်ပါဗျာ။ တောင်းပန်ပါတယ်။ ကျွန်တော် နယ်လီ့ကို ခေါ်ပြီး ရန်ကုန်ပြန်..”
မမမေရဲ့ ရုတ်တရက် ပြူးကျယ်သွားတဲ့ မျက်လုံးတွေကြောင့် ကျွန်တော် စကား တစ်ဝက်တစ်ပျက်နဲ့ ရပ်သွားတယ်။ မမမေက ကျွန်တော့်ကို ကျော်ပြီး ကျွန်တော့် နောက်ကျောဘက်.. အဝင်တံခါး၀ဘက်ကို ကြည့်နေတယ်။ ဓားအိမ်ကို ဘယ်လက်နဲ့ကိုင်တယ်။ ဓားကို ညာလက်နဲ့ ရွှပ်ခနဲ ဆွဲထုတ်လိုက်တယ်။
ကျွန်တော့် ကျောဘက်ကနေ ထွက်လာတဲ့.. ကျွန်တော် မကြားချင်ဆုံး.. အသံတစ်သံ။ ဂွီ..ဆိုတဲ့ အသံ..။
ကျွန်တော် လည်ပြန် လှည့်ကြည့်လိုက်တယ်။
(ဃ)
တံခါး၀မှာ မတ်တပ်ရပ်နေတဲ့ နယ်လီ..။
မျက်လုံးတွေက မှိတ်ထားတုန်းပဲ။ ဒါပေမယ့် ပါးစပ်ကတော့ ဟောင်းလောင်း ပွင့်နေတယ်။ သူ့အာခေါင်ထဲမှာ လုံးထွေး လှုပ်ရွနေတဲ့ အမျှင်အထွေးတွေ။ အမျှင်တွေက အထဲကနေ တလွန့်လွန့်နဲ့ တိုးထွက်လာတယ်။ မေးစေ့ကို ဖြတ်ဆင်းပြီး အင်္ကျီလည်ပင်းပေါက်ထဲကိုဝင်တယ်။ အပေါ်နှုတ်ခမ်းကို ဖြတ်တက်ပြီး နှာခေါင်းပေါက်တွေထဲကို တိုးဝင်တယ်။ ပါးတစ်ဘက်တစ်ချက်ဆီကနေ ဖြတ်ပြီး မျက်လုံးထဲကို ဖောက်ဝင်တယ်။
ခပ်ပြပြ လင်းနေပြီ ဖြစ်တဲ့ နေရောင်အောက်မှာ.. နယ်လီ့မျက်နှာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာကို ပိုပြီး ပီပီပြင်ပြင် မြင်နေရတယ်။
“နယ်လီ..”.. ကျွန်တော် ပါးစပ်ကနေ တိုးတိုး ခေါ်လိုက်မိတယ်။ နောက်ဆုံးတစ်ယောက်.. နောက်ဆုံးအသက်ရှင်ကျန်ခဲ့တဲ့ သူငယ်ချင်း..။
“နယ်လီ”.. ကျွန်တော် အာခေါင်ကို ခြစ်ပြီး အော်လိုက်တယ်။ ရုတ်တရက် ကျွန်တော့်လည်ပင်းက ဒဏ်ရာ ဟက်ခနဲ ကွဲသွားတာကို သိလိုက်တယ်။ သွေးတွေ စိမ့်ထွက်လာတယ်။ လည်ပင်းကို လက်နဲ့ ပိတ်ရင်း ကျွန်တော် အသက်ရှူကြပ်လာတယ်။ လည်ပင်းထဲကနေ ထိုးထွက်ဖို့ ကြိုးစားနေတဲ့ အရာတစ်ခု..။
မမမေက ကျွန်တော့်ကို နောက်ကနေ ဆောင့်ဆွဲလိုက်တယ်။
ကျွန်တော် ပက်လက်လန် လဲကျသွားတယ်။ ကုန်းရုန်းထဖို့ ကြိုးစားတယ်။
မမမေက ကျွန်တော့်ကို ကျော်ခွပြီး နယ်လီ့ မျက်နှာနဲ့ သတ္တဝါကို မျက်နှာခြင်းဆိုင်တယ်။
“မင်း အခုချက်ခြင်း ထွက်သွားစမ်း”.. မမမေက လက်ထဲကဓားကို လေပေါ်မှာ မြှောက်ရင်း လေသံမာမာနဲ့ ပြောတယ်။ “ငါဘာလဲ ဆိုတာ မင်းသိတယ်မဟုတ်လား။ ဒီမိန်းကလေးရဲ့ ကိုယ်ထဲကနေ အခုချက်ခြင်း ထွက်”
နယ်လီ့ မျက်လုံးတွေ ပွင့်လာတယ်။ မျက်ဆံ မပါတဲ့ မျက်သား အဖြူတွေ။
“ထွက်လို့ ပြောနေတယ်နော်”.. မမမေရဲ့ လေသံ ပိုမာလာသလို ဓားကိုင်ထားတဲ့ သူ့လက်တွေက တင်းသထက်တင်းလာတယ်။
နယ်လီက မျက်သားအဖြူတွေနဲ့ မမမေကို တွေတွေကြီး ကြည့်နေတယ်။ ဟပြဲကြီး ဖြစ်နေတဲ့ သူ့ပါးစပ်ထဲကနေ တဟားဟား..အော်ရယ်တဲ့အသံ.. ထွက်လာတယ်။ နယ်လီ့ လက်နှစ်ဖက်က ဆတ်ခနဲ မြောက်တက်လာတယ်။ လက်တစ်ဖက်နဲ့ သူ့မေးစေ့သူ ကိုင်တယ်။ တစ်ဖက်က ငယ်ထိပ်ကို အုပ်ချလိုက်တယ်။
“မလုပ်နဲ့”.. မမမေရဲ့ အော်သံ။
နယ်လီ့ လက်နှစ်ချောင်းစလုံး တစ်ပြိုင်တည်း လှုပ်ရှားလိုက်တယ်။ လက်နှစ်ဖက်ကြားမှာ နယ်လီ့ခေါင်းက ကိုးဆယ် ဒီဂရီလောက် စောင်းသွားတယ်။ သစ်ကိုင်းခြောက်တစ်ခု ကျိုးသွားတဲ့ အသံလို ဂျွတ် ဆိုတဲ့ အသံကြီး ထွက်လာတယ်။
“ဟီးဟီး..ဟီး…”..နယ်လီ့ရဲ့ သွင်သွင်ကျိုးသွားတဲ့ လည်ပင်းထဲကနေ ခွဲထွက်လာတဲ့ ရယ်သံတွေ။ အသံတွေက သွေးတစ်ဝက်ရောနေသလို ဗလုံးဗထွေးနဲ့ စိုစွတ်နေတယ်။
မမမေ လက်ထဲက ဓားနဲ့ နယ်လီ့ ကိုယ်လုံးကို ထောင့်ဖြတ် ပိုင်းချလိုက်တယ်။
နယ်လီက ဓားကို လက်ပြန် လှမ်းဖမ်းလိုက်တယ်။ ဓားသွားက နယ်လီ့ လက်ဖဝါးထဲကို နစ်ဝင်သွားတယ်။ လက်ချောင်းတချို့ ပြတ်ထွက်ပြီး ကြမ်းပေါ်ကို ပြုတ်ကျတယ်။ နယ်လီ့ပုံစံက နံရံမှာ ချိတ်ထားတဲ့ ရုပ်သေးရုပ်လို ပုံပျက်ပန်းပျက်။ ခေါင်းက အောက်ကို ပြုတ်ကျလုနီးနီး တွဲလဲကြီးဖြစ်နေတယ်။
မမမေက ဓားကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး ပြန်ဆွဲတယ်။ နယ်လီ့ကိုယ်အလယ်ပိုင်းကို ချိန်ပြီး ဆောင့်ကန်လိုက်တယ်။
နယ်လီ့တစ်ကိုယ်လုံး နောက်ကို လွင့်ထွက်သွားတယ်။ ဟိုဘက် နံရံနဲ့ ဆောင့်ပြီး အောက်ကို ပြုတ်ကျတယ်။
“နယ်လီ”.. ကျွန်တော် အခန်းပြင်ကို ထလိုက်မလို့ ပြင်တယ်။
မမမေက ကျွန်တော့်ရင်ဘတ်ကို ဆောင့်တွန်းတယ်။
“နင် ဒီမှာပဲနေ”.. ပြောပြီး မမမေကို အပြင်ကို ထွက်လိုက်သွားတယ်။
(င)
ကျွန်တော် အခန်းထဲမှာ မတ်တပ်ရပ်ရင်း အပြင်က ထွက်လာတဲ့အသံတွေကို နားစွင့်နေတယ်။ ကြမ်းပြင်မှာ တဒုန်းဒုန်း ပြေးနေတဲ့ အသံတွေ။ မျက်နှာကြက်က ထွက်လာတဲ့ အသံတွေ။ နံရံ ပျဉ်ပြားတွေကို တစ်ခုခုနဲ့ ရိုက်မိတဲ့ အသံတွေ။ တဂွီဂွီ အသံတွေလည်း ဆက်တိုက်ကြားရတယ်။ နယ်လီ့ လည်ပင်းထဲက ထွက်လာတဲ့ တဟီးဟီး အသံတွေကိုလည်း ကြားရတယ်။ မမမေဆီကတော့ ဘာသံမှ မကြားရဘူး။
၅ မိနစ်လောက် ကြာသွားတော့ အသံတွေ တိတ်သွားတယ်။
ကျွန်တော် အပြင်ကို ထွက်လိုက်သွားမလို့ အလုပ်မှာ.. တံခါး၀မှာ မမမေ ပေါ်လာတယ်။
မမမေရဲ့ ဂျင်းဂျက်ကတ်တစ်ခုလုံး ရစရာ မရှိအောင် စုတ်ပြတ်နေတယ်။ လက်မောင်းအထိ ပင့်တင်ထားတဲ့ အင်္ကျီလက်နေရာက ဖွာလန်ကြဲနေတယ်။ စည်းထားတဲ့ ဆံပင်တွေ ပြေကျပြီး ပခုံးပေါ်မှာ ဝဲနေတယ်။ သူ့လက်ထဲက ဓားသွားမှာ သွေးတွေ ရဲနေတယ်။
“နယ်လီ.. ဘယ်မှာလဲ။ သေပြီလား”.. ကျွန်တော် မေးလိုက်တယ်။
မမမေက ဘာမှ ပြန်မပြောဘူး။ ဓားပေါ်က သွေးတွေကို ဂျင်းဘောင်းဘီနဲ့ သုတ်တယ်။ တောက် တစ်ချက်ခေါက်တယ်။
“နယ်လီ သေပြီလား”.. ကျွန်တော် ထပ်မေးလိုက်တယ်။ “အကုန်သေပြီ။ အကုန်သေကုန်ပြီပေါ့။ တစ်ယောက်တောင် မကျန်တော့ဘူး.. ကျွန်တော့် သူငယ်ချင်းတွေ အကုန်သေကုန်ပြီ”.. ကျွန်တော် ပြောရင်းနဲ့ နံရံကို မှီပြီး ထိုင်ချလိုက်တယ်။ ကိုယ်ထဲက အားအင်တွေ အပြင်ကို အကုန်စိမ့်ထွက်သွားသလို ပျော့ခွေသွားတယ်။ မောပန်းနွမ်းနယ်ခြင်းက ကျွန်တော့် တစ်ကိုယ်လုံးကို အင်နဲ့အားနဲ့ ဖိထားတယ်။
“အကုန်သေကုန်ပြီ.. ကျွန်တော့်ကြောင့်.. ကျွန်တော့်ကြောင့်”.. ပြောရင်းနဲ့ ကျွန်တော် ငိုချလိုက်တယ်။ ခြောက်ကပ်နေတဲ့ လည်ပင်းကို ခွဲထွက်လာတဲ့ ငိုသံတွေက အက်ကွဲနေတယ်။
“မင်းခန့်ထူး။ စိတ်ကိုထိန်းစမ်း”.. မမမေက ပြောရင်းနဲ့ ကျွန်တော့်ရှေ့မှာ ဒူးတစ်ဖက်ထောက်ထိုင်တယ်။ ကျွန်တော့် ပါးကို သူ့လက်ကြမ်းကြမ်းတွေနဲ့ တစ်ချက် ပုတ်တယ်။
“နယ်လီ့ အလောင်းရော.. ပျောက်သွားပြီလား”.. ကျွန်တော် ငိုသံတွေကြားက မေးလိုက်တယ်။
မမမေက ခေါင်းညိတ်တယ်။
“ဧည့်ခန်းပြတင်းပေါက်ကနေ ခုန်ထွက်သွားတယ်။ ငါ အပြင်ကို ထွက်လိုက်သွားမလို့ပဲ.. ဒါပေမယ့် နင် ရှိနေသေးတာ သတိရသွားလို့ ပြန်လှည့်လာတာ။ မင်းခန့် သေချာနားထောင်စမ်း။ ငါတို့ ထင်ထားတာတွေ နည်းနည်းလွဲနေတယ်။ ဒီမကောင်းဆိုးဝါးက သာမန် ကပ်ပါးကောင် အဆင့် မဟုတ်တော့ဘူး”.. မမမေက ကျွန်တော့် မျက်လုံးတစ်လုံးခြင်းစီကို လက်နဲ့ ဖြဲကြည့်ရင်း ပြောတယ်။ ကျွန်တော့် လည်ပင်းက ပြန်ပွင့်သွားတဲ့ ဒဏ်ရာကို သေချာကိုင်ကြည့်တယ်။ ကျွန်တော် သူ့လက်တွေကို ဖယ်ထုတ်လိုက်တယ်။
“ကျွန်တော့်ကြောင့် အကုန်သေကုန်ပြီ။ ကျွန်တော့်ကြောင့်..။ အခု.. သင်္ဂြိုဟ်စရာ အလောင်းတောင် မရှိတော့ဘူး။ တစ်ယောက်မှ မရှိတော့ဘူး”.. ကျွန်တော် ငိုကြီးချက်မနဲ့ ပြောလိုက်တယ်။
“နင့်ကြောင့် မဟုတ်ဘူး။ နင့်ကြောင့်လို့ မပြောနဲ့လေ။ ဒါ နင့်အဖေလုပ်ခဲ့တဲ့ လုပ်ရပ်တွေ။ ဦးသိန်းတို့ လင်မယားရဲ့ လက်ချက်တွေ”
“ဒါပေမယ့်.. ကျွန်တော် ကျွန်တော် ခေါ်လာလို့ သူတို့ ပါလာတာ.. ကျွန်တော် လုပ်လို့”
“ကြိုမသိနိုင်တဲ့အရာတွေကို ကိုယ့်အပြစ်ဆိုပြီး ယူဆနေရင် နင်ဘယ်လို အသက်ဆက်ရှင်မလဲ မင်းခန့်ထူး။ ငါလည်း ဘယ်လို အသက်ဆက်ရှင်မလဲ..”
“ကျွန်တော် အသက်ဆက်မရှင်ချင်တော့ဘူး။ သေချင်ပြီ။ သေချင်တယ်”
“မင်းခန့်ထူး”.. မမမေက လေသံအေးအေးနဲ့ ပြောတယ်။ “နင် သေသွားရင် ဒီကောင် နိုင်သွားမှာပေါ့..။ ဦးသိန်းတို့ နိုင်သွားမှာပေါ့.. သူတို့လို လူတွေကို ကျောင်းမှန်းကန်မှန်းသိအောင် လုပ်မပြချင်ဘူးလား။ နင် အရှုံးပေးတော့မလို့လား”
“ဒါပေမယ့် ကျွန်တော် ဘာမှမှ မလုပ်တတ်တာ။ ကျွန်တော့်မှာ သတ္တိလည်း မရှိဘူး။ ခင်ဗျားလိုလည်း မကောင်းဆိုးဝါးတွေကို မနှိမ်နင်းနိုင်ဘူး။ ဘာမှ သုံးစားမရတဲ့ကောင်”
မမမေက ခေါင်းခါတယ်။
“မင်းခန့်ထူး။။ နင်က ဒီစကားဝါအိမ်ရဲ့ ပိုင်ရှင်။ စကားဝါမြေရဲ့ ပိုင်ရှင်”
“အဲဒါ ဘာလုပ်ရမှာလဲ။ ဒီစောက်သုံးမကျတဲ့ နေရာကို ပိုင်လည်း မပိုင်ချင်ဘူး။ လိုလည်း မလိုချင်ဘူး။ မီးလောင်တိုက် သွင်းပစ်မယ်။ အကုန်မီးရှို့ပစ်မယ်”
“အဲဒီလို ဖျက်ဆီးလိုက်ရုံနဲ့ ဒီမကောင်းဆိုးဝါးက ပျောက်သွားမှာ မဟုတ်ဘူး။ တခြားတစ်နေရာကို ရောက်သွားမှာ။ နင့်အဖေ ဆုံးဖြတ်ချက်တွေထဲမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဆိုလို့.. နင့်ကို ဒီနေရာကို အမွေပေးခဲ့တဲ့ ဆုံးဖြတ်ချက်ပဲ ရှိတယ်။ ပြီးတော့ ဒီမကောင်းဆိုးဝါးက လူလိမ်တွေ.. လူလိမ်တွေ..ဆိုပြီး တစ်ချိန်လုံး အော်နေတယ်..မဟုတ်လား။ ဒါဆိုရင်..”
“ခင်ဗျား ဘာတွေပြောနေတာလဲ ရှင်းရှင်းပြောဗျာ”
“မင်းခန့်ထူး။ ငါပြောတာကို သေသေချာချာ နားထောင်”.. မမမေက ပြောရင်းနဲ့ အခန်းထောင့်မှာ ပုံထားတဲ့ အုန်းဆံကြိုးခွေကို သွားယူတယ်။
“ဘာလုပ်မလို့လဲ.. ကျွန်တော် ဆွဲကြိုးချသေလို့ရအောင် စီစဉ်ပေးမလို့လား”.. ကျွန်တော် စိတ်ပျက်လက်ပျက်နဲ့ မေးလိုက်တယ်။
မမမေက ကျွန်တော့်ကို ဆွဲထူတယ်။ ကျွန်တော့် လက်ကို နောက်ပြန် ကြိုးတုပ်တယ်။ ကျွန်တော့်မှာ မေးခွန်းထုတ်ဖို့ အင်အားလည်း မရှိတော့ဘူး။ ရုန်းလည်း မရုန်းချင်တော့ဘူး။ ဒီအတိုင်းပဲ ငြိမ်ခံနေလိုက်တယ်။
မမမေက ကျန်တဲ့ ကြိုးစနဲ့ ကျွန်တော့် ပါးစပ်ကို ပိတ်ပြီး စည်းတယ်။
“ငါပြောတဲ့အတိုင်း လုပ်။ နင့်သူငယ်ချင်းတွေကို ကယ်လို့ မရတော့ပေမယ့် နင့်သူငယ်ချင်းတွေအတွက် လက်စားချေလို့ ရစေရမယ်”.. မမမေက ပြောတယ်။
+++
အခန်း (၁၉)
(က)
“အဲဒီ မကောင်းဆိုးဝါးက အလောင်းတွေကို ယူသွားပြီး ဘာလုပ်မလို့လဲ”.. သူဇာလွင် မေးလိုက်တယ်။ မကောင်းဆိုးဝါး ဆိုတဲ့ စကားလုံးကို သက်သောင့်သက်သာနဲ့ ပြောထွက်လာတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း နည်းနည်းအံ့ဩသွားတယ်။ ဇာတ်လမ်းထဲ စီးမျောပါဝင်ရင်း သူဇာလွင့် ယုံကြည်ချက်တွေများ နည်းနည်း ပြောင်းလားပြီလား။ အို.. မဖြစ်နိုင်တာ။ သရဲကားတစ်ကားကို ဘေးက ထိုင်ကြည့်နေတဲ့ လူလိုပဲပေါ့.. ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ.. ဇာတ်လမ်းအဆုံးကိုတော့ ခန့်မှန်းကြည့်ချင်တတ်ကြတာပဲလေ။
“ခင်ဗျားရဲ့ ငယ်ဘ၀အကြောင်း နည်းနည်း ဆက်ပြောပါဦးဗျ”.. မင်းခန့်ထူးက ပြောတယ်။ “မိဘမဲ့ ဂေဟာမှာ နေတော့ ခင်ဗျားကို မွေးစားချင်တဲ့သူတွေဘာတွေ ပေါ်မလာဘူးလား”
သူဇာလွင် အံကို ကြိတ်လိုက်တယ်။ ဒီအကြောင်း စကားစလာပြီ ဆိုတာနဲ့ သူဇာလွင့် တစ်ကိုယ်လုံးက ခံစစ်အသွင် ပြောင်းသွားပြန်တယ်။ မေးလာမယ့်မေးခွန်းတွေကို ဒိုင်းတစ်ခုနဲ့ ပက်ထုတ်ဖို့ အလိုလို အသင့်ဖြစ်နေမိတယ်။
“ကျွန်မက ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက် မဟုတ်ခဲ့လို့ နေမှာပေါ့”.. သူဇာလွင် ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်တယ်။
“ကျွန်တော့် မျက်လုံးထဲမှာတော့ ခင်ဗျားက ချစ်ဖို့ကောင်းပါတယ်”.. မင်းခန့်ထူးက ရယ်ကျဲကျဲ လုပ်ရင်းပြောတယ်။ သူဇာလွင် အောင့်သက်သက် ဖြစ်သွားတယ်။ စောစောက ကျွေးထားမိတဲ့ ခေါက်ဆွဲပြုတ်နဲ့ ကော်ဖီမစ်ဖိုးတောင် ပြန်တောင်းချင်စိတ်ပေါက်သွားတယ်။
“ကျွန်မ မဖြေတတ်တဲ့ မေးခွန်းတွေ ဘာလို့ ဆက်တိုက်မေးနေတာလဲ”.. သူဇာလွင် ပြောလိုက်တယ်။ ငယ်ငယ်တုန်းက သူဇာလွင့်မှာ အပေါင်းအသင်း တချို့ရှိခဲ့ပါတယ်။ ဘ၀တူ မိဘမဲ့လေးတွေပေါ့။ ဒါပေမယ့် သူတို့တတွေ ကိုယ်စီ ကိုယ်စီ မိဘအသစ်တွေ ရှာတွေ့သွားချိန်မှာ သူဇာလွင် တစ်ယောက်တည်း ကျန်ခဲ့ရတာ..။ မိဘမဲ့ ဂေဟာမှာ ကလေးလာရှာကြတဲ့ စုံတွဲတော်တော်များများက သူဇာလွင့်ကို တွေ့ရင် ဟယ်..ကလေးလေးက ချစ်စရာလေးနော် ဆိုပြီး ချီးကျူးကြတယ်။ ဒါပေမယ့် သူဇာလွင်နဲ့ ဒုတိယအကြိမ်.. တတိယအကြိမ် တွေ့ပြီးသွားတဲ့အခါကျရင်တော့ သူဇာလွင့် ကိုယ်ထဲကနေ မကောင်းတဲ့ အဆိပ်ငွေ့တစ်ခုခု ထွက်နေသလိုလို ခပ်ဖယ်ဖယ် ဖြစ်သွားကြတယ်။ ဘာကြောင့်လဲ သူဇာလွင် မသိဘူး။ အခုမှတော့. သိလည်း ဘာမှ မထူးတော့ဘူး။ တစ်ယောက်တည်း ရုန်းကန် ရှင်သန်လာခဲ့တာ နှစ်ပေါင်း ဘယ်လောက်ကြာပြီလဲ..။
“ညစောင့်ဦးလေးကြီးဆိုလား.. ရောက်နေပြီနော်”.. မင်းခန့်ထူးက နောက်ကို လှည့်ကြည့်ရင်းပြောတယ်။
သူဇာလွင် ခေါင်းညိတ်လိုက်တယ်။ ညစောင့် ဦးလေးကြီးက သူဇာလွင့် အခန်းအပြင်ဘက်မှာ ထိုင်ခုံတစ်ခုံနဲ့ ထိုင်ပြီး ရေနွေးကြမ်းသောက်နေတယ်။ သူဇာလွင် လက်ပြလိုက်တော့ ဦးလေးကြီးက ပြုံးပြတယ်။ သူဇာလွင် နည်းနည်း စိတ်အေးသွားတယ်။
“ရှင့်ဇာတ်လမ်းကို ဆက်ပြောလေ။ မမမေက ရှင့်ကို ဘာလို့ ကြိုးတုပ်တာလဲ”.. သူဇာလွင် မေးလိုက်တယ်။
“နယ်လီ့ ကိစ္စဖြစ်ပြီးသွားတော့ သူတစ်ခုခုကို နားလည်သွားတယ် ထင်တယ်။ ကျွန်တော့်ကိုတော့ မပြောပြဘူး။ ကျွန်တော် ဘာဆက်လုပ်ရမလဲ ဆိုတာကိုပဲ သေသေချာချာ ရှင်းပြတယ်”
“ဘယ်လို ရှင်းပြတာလဲ”
“အာ..ခင်ဗျားကလဲ အဲဒီလို ကြိုပြောလိုက်ရင် ဇာတ်လမ်း အရသာ ပျက်သွားမှာပေါ့ဗျ”.. မင်းခန့်ထူးက သူ့လည်ပင်းက အမာရွတ်ကို လက်နဲ့ ပွတ်ရင်း ပြောတယ်။
“ဇာတ်လမ်းကဖြင့် နကိုကတည်းက ဘာအရသာမှ မရှိဘဲနဲ့”.. သူဇာလွင် မကြားတကြား ပြောလိုက်တယ်။ လက်နှစ်ဖက်ကို တင်းတင်းပိုက်ရင်း ဆရာမအဆူခံရလို့ စိတ်ဆိုးနေတဲ့ ကျောင်းသူတစ်ယောက်လို မျက်နှာကို မှုန်ကုပ်ကုပ် လုပ်ထားလိုက်တယ်။
မင်းခန့်ထူးက သူဇာလွင် လုပ်ပြနေတာတွေကို မမြင်ချင်ယောင်ဆောင်ပြီး မျက်နှာကြက်ကို မော့ကြည့်ရင်း ဇာတ်လမ်းကို ဆက်တယ်။
++++
အခန်း (၂၀)
(က)
မနက်ကျရင် ပြန်လာခဲ့မယ် ဆိုပြီး ပြောသွားတဲ့ ဦးသိန်းတို့ နေဝင်ကာနီး အချိန်အထိ ပြန်ရောက်မလာဘူး။ မမမေကလည်း မနက်ကတည်းက အစအန ပျောက်သွားတာ ပြန်ပေါ်မလာ။
ကျွန်တော်တစ်ယောက်တည်း အိပ်ခန်းထဲမှာ ကြိုးတုပ်လျက်သား။ နံရံကို မှီရင်း ငိုလိုက်၊ မောလာရင် နားလိုက်၊ အိပ်ပျော်သွားလိုက်၊ ပြန်နိုးလာလိုက်နဲ့ သံသရာ လည်နေတယ်။ မမမေ မှာခဲ့တာတွေကို တစ်ချက်ခြင်း ပြန်စဉ်းစားရင်း မေ့မသွားအောင် သတိထားနေရတယ်။
ကျော်ဇော၊ မျိုးမြတ်အောင်၊ ယမင်း၊ မိနှင်း၊ ဖြူမော်၊ နယ်လီ.. တို့ရဲ့ မျက်နှာတွေ အာရုံထဲမှာ တဖျပ်ဖျပ် ပေါ်တယ်။ ပြန်ပျောက်သွားတယ်။ အော်သံတွေ နားထဲမှာ ပြန်ကြားတယ်။ ပဲ့တင်သံတွေလို အကြိမ်ကြိမ် ရိုက်ခတ်၊ မှေးမှိန်သွားကြတယ်။
နေရောင်ခြည်က တဖြည်းဖြည်း မှေးမှိန်လာနေပြီ။ ဗိုက်ထဲက ဆာလို့ ထွက်လာတဲ့ တဂွီဂွီ အသံတွေကြားလိုက်တိုင်း ကျွန်တော့်မှာ မျက်နှာကြက်ကို မော့ကြည့်မိသေးတယ်။ နောက်တစ်ခါ ပြန်အိပ်ပျော်သွားတော့မလို့ မျက်လုံးတွေ မှေးစပြုလာတဲ့ အချိန်မှာ.. အိမ်ရှေ့ခန်းကနေ လျှောက်လာတဲ့ ခြေသံတွေ ကြားရတယ်။
ကျွန်တော် ကိုယ်ကို ပြန်မတ်လိုက်တယ်။ မူးဝေနေတဲ့ ခေါင်းကို ဘယ်ညာရမ်းခါပြီး ရှင်းထုတ်လိုက်တယ်။ မမမေရဲ့ အမှာစကားတွေကို ခေါင်းထဲမှာ သေချာ ပြန်စီတယ်။
အခန်းထဲကို အရင်ဆုံးဝင်လာတာက ငအောင်ဆိုတဲ့ လူကြီး။
သူ့လက်ထဲမှာ လေးပေလောက် ရှည်မယ့် ပုဆိန်ကြီးတစ်ခု ကိုင်ထားတယ်။ ဘယ်လက်မှာက ရေဘူးတစ်ဘူး။ ငအောင်က အခန်းထဲကို ဝင်လာပြီး ကျွန်တော့်ကို တစ်ချက်ကြည့်တယ်။ ပွင့်နေတဲ့တံခါးကို ကြည့်တယ်။ ကြမ်းပြင်က ပေါက်နေတဲ့ အပေါက်ကြီးကို ကြည့်တယ်။
ငအောင့်နောက်ကနေ လိုက်ဝင်လာတာက ဦးသိန်း။
“မလှရေ.. လာကြည့်ဦးဟေ့။ တစ်ယောက်မှကို မကျန်အောင် စားသွားတာဟ။ သခင်ကြီးတော့ တော်တော် ကျေနပ်သွားမှာပဲ”.. ဦးသိန်းက ဝမ်းသာအားရအသံနဲ့ နောက်ကို လှည့်ပြီး လှမ်းအော်တယ်။
“မောင်မင်းခန့်။ စောင့်နေရတာ ကြားသွားသလား။ အေးကွာ.. ငါတို့လည်း ပြဿနာတစ်ခု ပေါ်လာလို့ဟေ့.. ရှင်းနေရတာ”.. ဦးသိန်းက ကျွန်တော့်ရှေ့မှာ ရပ်ရင်း ပြောတယ်။ “ငအောင်ရေ မောင်မင်းခန့်ကို ကြိုးဖြေပေးလိုက်ပါကွာ။ ရေလည်း တိုက်လိုက်။ ရေငတ်နေရောပေါ့”
ငအောင်က ကျွန်တော့်လက်မောင်းသေးသေးတွေကို သူ့လက်ကြမ်းကြီးနဲ့ ကိုင်ပြီး ဆွဲမတယ်။ နောက်မှာ ချည်ထားတဲ့ ကြိုးကို ဖြည်ပေးတယ်။ ပါးစပ်ကကြိုးကို ဆွဲဖြုတ်တယ်။ ပူထူနေတဲ့ လက်ကောက်ဝတ်တွေကို သက်သာသွားအောင် ကျွန်တော် လက်နဲ့ ပွတ်တယ်။ ပါးစပ်ထဲက ထုံနေတဲ့ လျှာကို လှုပ်ကြည့်တယ်။ ငအောင်က သူ့လက်ထဲက ရေဘူးကို ကျွန်တော့်မျက်နှာရှေ့မှာ ထိုးပေးတယ်။ ကျွန်တော် ရေဘူးကို လှမ်းမယူဘဲ လက်နဲ့ ပုတ်ထုတ်လိုက်တယ်။ ငအောင်က ဟွန်းခနဲ အသံတစ်ချက်ထွက်ပြီး ရေဗူးကို ကြမ်းပြင်ပေါ် ပစ်ချတယ်။ ကျွန်တော့်ကို နားရင်းအုပ်မလို့ လက်ရွယ်တယ်။ ကျွန်တော် ကြောက်ပြီး တွန့်ခနဲ ဖြစ်သွားတော့ သဘောကျသလို တဟားဟား အော်ရယ်တယ်။
“မှောင်လာပြီဟေ့။ ဒီထဲမှာ ဘာမှ မြင်ရမှာမဟုတ်ဘူး။ မီးလုံးကလည်း ကွဲနေသေးတယ်။ ဘယ်သူလုပ်လိုက်တာလဲ”.. ဦးသိန်းက မျက်နှာကြက်မှာ တွဲလောင်းခိုနေတဲ့ မီးသီးအကွဲကို မေ့ာကြည့်ရင်း ကျွန်တော့်ကို မေးတယ်။
ကျွန်တော် ဘာမှ ပြန်မဖြေဘဲ နေလိုက်တယ်။
“ငအောင် ဒီကောင့်ကို ဧည့်ခန်းထဲခေါ်ခဲ့”.. ဦးသိန်းက ပြောပြီး အခန်းပြင်ကိုပြန်ထွက်သွားတယ်။
(ခ)
ဧည့်ခန်းထဲက ဆက်တီပေါ်မှာ ထိုင်နေတဲ့ မလှ။
သူ့ရဲ့ လက်စွဲတော် ဓားရှည်က စားပွဲပေါ်မှာ ပက်လက်။ ဦးသိန်းက သူ့မိန်းမဘေးမှာ ဝင်ထိုင်တယ်။
“နင်နဲ့ အတူတူပါလာတာ ၆ ယောက်ပဲဆိုတာ သေချာလား”.. မလှက ငအောင့်လက်ထဲမှာ အရုပ်တစ်ရုပ်လို ပါလာတဲ့ ကျွန်တော့်ကို မေးတယ်။ သူ့မျက်လုံးတွေ့ ကြမ်းပြင်မှာ ရှုပ်ပွနေတဲ့ သွေးကွက်တွေနဲ့ ရှူးဖိနပ်ခြေရာတွေ ဆီမှာ။
ငအောင်က ကျွန်တော့် ကုတ်ပိုးကို လက်နဲ့ ကိုင်ထားရာကနေ ဆောင့်တွန်းလိုက်တယ်။ ကျွန်တော် ရှေ့ကို ခြေသုံးလေးလှမ်းလောက် ယိုင်ထိုးပြီး ရောက်သွားတယ်။
“ခင်ဗျား ဘာတွေ လာမေးနေတာလဲ”.. ကျွန်တော် ပြန်ပြောလိုက်တယ်။
“နင့်လည်ပင်းက ဒဏ်ရာကို ပြစမ်း။ ငအောင် ဒီကောင့် ခေါင်းကို မော့ထားပေးစမ်း”.. မလှက ပြောရင်းနဲ့ ဓားကို လှမ်းယူပြီး ထိုင်ရာကနေ ထလာတယ်။
ငအောင်က ကျွန်တော့်ဆံပင်တွေကို နောက်ကနေ ဆောင့်ဆွဲတယ်။ ခေါင်းကို နောက်လှန်ချလိုက်တယ်။
“မြသိန်း ဒီမှာ လာကြည့်စမ်း”.. မလှက သူ့ယောကျ်ားကို လှမ်းခေါ်တယ်။ ကျွန်တော့် လည်ပင်းကို ဓားဦးနဲ့ ခပ်ဆတ်ဆတ် ထိုးတယ်။
ဦးသိန်းက ထိုင်ရာကနေ ထလာပြီး ကျွန်တော့်လည်ပင်းကို မီးရောင်အောက်မှာ သေချာကြည့်တယ်။
“တစ်ခုခုတော့ တစ်ခုခုပဲ။ အနာက ပြန်ပြီး သွေးထွက်ချင်နေပြီ။ မင်း ဘာလုပ်ထားတာလဲ။ မှန်မှန်ပြောစမ်း”.. ဦးသိန်းက ကျွန်တော့် လည်ပင်းက အပြဲနေရာကို သူ့လက်ချောင်းနဲ့ ထိုးဆွပြီးမေးတယ်။ နာလွန်းလို့ ကျွန်တော် မျက်ရည်တွေ ကျလာတယ်။ မအော်မိအောင် အံကို ကြိတ်ထားရတယ်။
“ဘာလုပ်ရမှာလဲဗျ။ ခင်ဗျားတို့ ကျွန်တော့်ကို ကြိုးတုပ်ပြီးထားခဲ့တာ မဟုတ်ဘူးလား။ ဘာတွေ လာမေးနေတာလဲ”.. ကျွန်တော် ပြန်အော်လိုက်တယ်။
“ငါတော့ မသင်္ကာဘူးနော် မြသိန်း။ အခန်းထဲမှာလည်း ခြေရာတွေ ရှုပ်ပွနေတယ်။ မနေ့ညက ဒီရှူးဖိနပ်ရာတွေ ငါ မတွေ့မိဘူး”.. မလှက ကျွန်တော့်လည်ပင်းကို လက်နဲ့ကိုင်ထားရင်း ပြောတယ်။
“ဟေ့ကောင်။ မင်းကို မေးနေတာ မှန်မှန်ဖြေလေ။ မင်း ဘာလုပ်ထားတာလဲ”.. ဦးသိန်းရဲ့ လေသံက မာသထက်မာလာတယ်။
“ကျွန်တော် ဘာမှ မသိဘူး။ ဘာမှ မလုပ်ဘူး”.. ကျွန်တော် ခေါင်းကို သွင်သွင်ခါပြီး ဒီစကားကိုပဲ ထပ်ကာထပ်ကာ ပြောနေလိုက်တယ်။
“ဟာ..ဒီကောင်တော့ သေတော့မယ်”.. ဦးသိန်းက ကြိမ်းတယ်။ “မလှရေ.. နောက်မှပဲ ဆက်မေးတော့။ အခုလောလောဆယ် ဒီထက်အရေးကြီးတာတွေ လုပ်ရဦးမယ်။ ငအောင်.. ဒီကောင့်ကို စားပွဲပေါ်မှာ ပက်လက်လှန်လိုက်စမ်း”
ကျွန်တော် ဘာမှ ပြန်မလုပ်နိုင်ခင်မှာ ငအောင်က ကျွန်တော့် ဒူးခေါက်ကွေးနေရာကို နောက်ကနေ ဆောင့်ကန်လိုက်တယ်။ ကျွန်တော် ဒူးထောက်လျက်သား ခွေကျသွားတော့မှ ငအောင်က ကျွန်တော့်ကို ချိုင်းကြားကနေ ဆွဲမတယ်။ သူ့လက်ထဲမှာ ကျွန်တော် ခြေကားယား လက်ကားယားနဲ့ ပါသွားတယ်။
စားပွဲပေါ်ကို ကျွန်တော့်ကို ပစ်တင်လိုက်တော့ ကျွန်တော် မှောက်လျက်သား ပြုတ်ကျသွားတယ်။ စားပွဲမျက်နှာပြင်နဲ့ နှာခေါင်းနဲ့ ရိုက်မိပြီး ထူပူသွားတယ်။ ကျွန်တော် ပြန်ထဖို့ ကြိုးစားတော့ ငအောင်က ကျွန်တော့ကို အပေါ်ကနေ တက်ခွတယ်။ ကျွန်တော့်ကိုယ်လုံးကို ဆွဲလှည့်တယ်။ ကျွန်တော် လက်သီးဆုပ်ပြီး ဘယ်ပြန်ညာပြန် ထိုးဖို့ ကြိုးစားပေမယ့် ကျွန်တော့် လက်သီးချက်တွေက ငအောင်ဆိုတဲ့ လူကြီးရဲ့ မာကျောနေတဲ့ လက်မောင်းသားတွေကို ဘာမှ မလုပ်နိုင်ဘူး။
“ချုပ်ထား။ အဲဒီကောင်ကို ချုပ်ထား”.. ဦးသိန်းက ဘေးကနေ ပြောနေတယ်။
“လက်ကို ဒူးခေါင်းနဲ့ ဖိထားလိုက်”.. မလှက ဝင်ပြောတယ်။
ကျွန်တော် စိတ်တွေကို လျှော့လိုက်တယ်။ ငအောင့် ကိုယ်လုံးကြီး ကိုယ်ပေါ်မှာ တက်ဖိထားတဲ့ အတွက် အသက်ကို မနည်းရှူနေရတယ်။
ဦးသိန်းက ကျွန်တော့် ဘေးမှာ ဆောင့်ကြောင့်ထိုင်တယ်။ ကျွန်တော့် ခေါင်းကို ဆွဲလှည့်တယ်။
“မောင်မင်းခန့်..။ မင်း.. ငါ့ကို ဒီအိမ်ကို ပေးမှာလား မပေးဘူးလား”.. ဦးသိန်းက မေးတယ်။
ကျွန်တော် ခေါင်းခါလိုက်တယ်။ အာခေါင်ကို ခြစ်ထုတ်လိုက်တယ်။ ရသလောက်..ပါလာတဲ့ တံတွေးတွေနဲ့ ဦးသိန်းရဲ့ မျက်နှာကို ထွေးလိုက်တယ်။
ဦးသိန်းက သူ့မျက်နှာကို လာစင်တဲ့ တံတွေးတွေကို လက်နဲ့ သုတ်တယ်။
“မလှရေ.. မင်းအလှည့်ဟေ့”
“ခင်ဗျားတို့ ဘာလုပ်မလို့လဲ.. ဘာလုပ်မလို့လဲ”.. ကျွန်တော် အော်လိုက်တယ်။
“ငအောင် ဒီကောင့် ပါးစပ်ကို ပိတ်ထားစမ်း”.. မလှက ပြောတယ်။
ငအောင့်ရဲ့ လက်ကြမ်းကြီး ကျွန်တော့် ပါးစပ်ပေါ်ကို ရောက်လာတယ်။ ကျွန်တော် ရုန်းဖို့ ကြိုးစားတယ်။ မရဘူး။
မလှက ကျွန်တော့်ရဲ့ လက်ဖျံကို ဓားနဲ့ ဆတ်ခနဲ လှီးလိုက်တယ်။ စူးပြီးနာသွားတဲ့ ခံစားချက်ကြောင့် ကျွန်တော် အော်ဖို့ ကြိုးစားတယ်။ အသံတွေက အပြင်ကို ထွက်မလာဘဲ ငအောင့်ရဲ့ လက်ဖဝါးထဲမှာတင် ပျောက်သွားတယ်။
“ဒီစကားဝါအိမ်က ဘယ်သူ့အိမ်လဲ.. ဒီစကားဝါခြံက ဘယ်သူ့ခြံလဲ.. မင်းပြောစမ်း.. ပြောလေ”.. ဦးသိန်းက ပြောတယ်။
ကျွန်တော် ခေါင်းကိုပဲ သွင်သွင် ခါနေလိုက်တယ်။ လာပါတော့.. လာပါတော့.. အခု လာပါတော့.. ဆိုပြီး ဆုတောင်းနေမိတယ်။
မလှက လက်ဖျံက ဓားကွဲရာထဲကို လက်နဲ့ နှိုက်ပြီး အသားစကို ဆွဲခွာလိုက်တယ်။
ကျွန်တော့် တစ်ကိုယ်လုံးတောင့်ခနဲ ဖြစ်သွားတယ်။ တစ်သက်လုံးမှာ မခံစားဖူးနဲ့ နာကျင်မှုမျိုးကြောင့် ကျွန်တော် သတိလစ်ချင်သလိုလို ဖြစ်သွားတယ်။ အော်လို့ မရတဲ့အတွက် နာကျင်မှုက ကိုယ်ထဲမှာတင် ပဲ့တင်ရိုက်သလို အထပ်ထပ် အခါခါ မြည်ဟိန်းနေတယ်။ ဘယ်မှာလဲ.. မလာသေးဘူးလား။ ဘယ်ရောက်နေသလဲ..။
မလှက သူ့လက်ထဲက အသားစကို ကျွန်တော့် မျက်နှာရှေ့မှာ လှုပ်ယမ်းပြတယ်။
“နာသွားသလား.. ဒါ အစပဲ ရှိသေးတယ်”..မလှက ပြောတယ်။
“ငါ့ကို ပေးမှာလား မပေးဘူးလား”.. ဦးသိန်းက ထပ်မေးတယ်။
ငအောင်က ကျွန်တော့် ပါးစပ်ပေါ်မှာ ဖိထားတဲ့ လက်တွေကို ဖယ်လိုက်တယ်။ ကျွန်တော် အခုမှ ပါးစပ်ဟပြီး အသက်ကို ၀အောင် ရှူရတယ်။ ကျွန်တော့်မျက်လုံးတွေက အခုမှ ရောက်လာတဲ့ သူ့ကို တွေ့သွားတယ်။
“ကျွန်တော်..တောင်းပန်ပါတယ်..”.. ကျွန်တော် ပြောလိုက်တယ်။
“မင်းတောင်းပန်တာ မလိုချင်ဘူး။ ဒီအိမ် ငါ့ကို ပေးမှာလား မပေးဘူးလား။ အဲဒါပဲ သိချင်တယ်။ ပြောလေ.. စကားဝါအိမ်က ဦးမြသိန်းရဲ့ အိမ်ပါ၊ စကားဝါခြံက ဦးမြသိန်း ပိုင်တာပါလို့ ပြောလေ”.. ဦးသိန်းက ထပ်ပြောတယ်။ မီးရောင် ဝါဝါအောက်မှာ ဦးသိန်းရဲ့ မျက်နှာက အဆီတွေ ချွေးတွေ ပြန်ပြီး သရဲသဘက်ရုပ်ပေါက်နေတယ်။
“ကျွန်တော် တကယ်တောင်းပန်တယ်”
“ဘာတွေ လာတောင်းပန်နေတာလဲ။ မလှရေ.. ဒီကောင့်ကို ထပြီး နွှာစမ်း။ ဒီတစ်ခါ လက်ကို မလုပ်နဲ့ မျက်ခွက်ကိုလုပ်။ လုပ်စမ်း”
မလှက ဓားကို ပြန်ကိုင်တယ်။ ငအောင်က ကျွန်တော့် ပါးစပ်ကို ပိတ်ဖို့ လက်ပြင်တယ်။
အပြင်မှာ မှောင်စ ပြုပြီ..။ နေရောင်က တဖြည်းဖြည်းနဲ့ လျော့လာနေပြီ။
“ကျွန်တော် ကတိမတည်ခဲ့တာကို တောင်းပန်တယ်”.. ကျွန်တော် ပြောလိုက်တယ်။
“မင်းဘာတွေ ပြောနေတာလဲ။ ဘာလိမ်တာလဲ”.. ဦးသိန်းက မေးတယ်။ ဇဝေဇဝါ အရိပ်အယောင်တစ်ခု သူ့မျက်နှာပေါ် ဖြတ်ပြေးသွားတယ်။
“အဖေပေးခဲ့တဲ့ ကတိကို ကျွန်တော် ဆက်ထိန်းသိမ်းပါ့မယ်။ ဒီအိမ်ကို မီးမရှို့တော့ပါဘူး”..
အိမ်ထဲကို ရင်းနှီးနေတဲ့ အငွေ့အသက် ဆိုးဆိုးတစ်ခု ပြန့်ဝင်လာတယ်။ ဦးသိန်းတို့ကတော့ သတိထားမိပုံ မပေါ်ဘူး။ သုံးယောက်စလုံး ကျွန်တော့်မျက်နှာကိုပဲ လောဘအခိုးတွေနဲ့ ဝိုင်းကြည့်နေကြတယ်။
“အာ.. ဒီကောင် ဘာတွေ သွေးရူးသွေးတမ်းတွေ ဖြစ်နေသလဲ မသိဘူး။ ရူးသွားပြီလားမသိဘူး။ ပြဿနာပဲ”
“ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် ကတိတည်ပါ့မယ်။ ကျွန်တော့်ကို ဒုက္ခပေးနေတဲ့ ဒီလူတွေကို ဆုံးမပေးပါ”..
မျက်နှာကြက်ကို မော့ကြည့်ရင်း ကျွန်တော် ပြောလိုက်တယ်။
(ဂ)
ကျွန်တော့် စကားအဆုံးမှာ ဂွီ..ဆိုတဲ့ အသံကြီး တစ်အိမ်လုံးကို လွှမ်းခြုံသွားတယ်။
ဦးသိန်းမျက်နှာ ပျက်သွားတယ်။ ကျွန်တော့် မျက်လုံးတွေထဲမှာ အဖြေများရှိမလား.. သူ အတင်းလိုက်ရှာတယ်။ ပြီးတော့မှ ကျွန်တော် ကြည့်နေတဲ့ မျက်နှာကြက်ကို သူလည်း မော့ကြည့်လိုက်တယ်။
“မြသိန်း..ဘာဖြစ်တာလဲ .. ဘာလဲ”.. မလှက သူ့ယောကျ်ားမျက်နှာပျက်သွားတာကို တွေ့ပြီး စိုးရိမ်တကြီးနဲ့မေးတယ်။
ဦးသိန်းက မျက်နှာကြက်ကို ကြည့်နေရင်း မျက်နှာတစ်ခုလုံး သွေးဆုတ်ပြီး ဖြူလျော်သွားတယ်။
မလှကလည်း အခုမှ အပေါ်ကို မော့ကြည့်တယ်။
မျက်နှာကြက်မှာ ကပ်နေတဲ့ နယ်လီ..။
(ဃ)
အခြေအနေတွေက တစ်ခဏ အတွင်းမှာ ပြောင်းပြန် လန်သွားတယ်။
ငအောင်က သူ့ကျောကုန်းပေါ်ကို ဝုန်းခနဲကျလာတဲ့ အရာကို ဘာမှန်းမသိဘဲ အလန့်တကြားနဲ့ ဆွဲခွာဖို့ ကြိုးစားတယ်။ နယ်လီ့ လက်သည်းရှည်ရှည်တွေက ငအောင့် မျက်လုံးနှစ်လုံးထဲကို ဖောက်ဝင်သွားတယ်။ ပေါက်ပြဲသွားတဲ့ ငအောင့် မျက်လုံးအိမ်ထဲကနေ ဖြူဖြူအရည်တွေ စိမ့်ထွက်လာတယ်။ အော်သံနက်ကြီးနဲ့အတူ.. ငအောင် ကျွန်တော့်ကို ခွထားနေရာကနေ ခုန်ထတယ်။ စားပွဲပေါ်ကနေ တလိမ့်ကောက်ကွေး ပြုတ်ကျသွားတယ်။
စောစောက ဓားကြိမ်းကြိမ်းနေတဲ့ မလှ..အနောက်ကို ဆုတ်ရင်း ပက်လက်လန်လဲသွားတယ်။
“မင်းဘာလုပ်လိုက်တာလဲ.. ဘာလုပ်လိုက်တာလဲ.. ငအောင်.. ငအောင်..”.. ဦးသိန်းက သွေးရူးသွေးတန်းနဲ့ အော်တယ်။
ကျွန်တော် စားပွဲပေါ်မှာ ပက်လက်လန်လဲနေရာကနေ ထထိုင်လိုက်တယ်။
“ခင်ဗျားတို့ သိပ်ကိုးကွယ်ချင်နေတဲ့ သခင်ကြီး ရောက်လာပြီလေ”.. ကျွန်တော်ပြောလိုက်တယ်။
“ငအောင်.. ငအောင်.. ဟေ့ကောင်..”.. ဦးသိန်းက ငအောင့် မျက်လုံးတွေကို နှိုက်ထုတ်နေတဲ့ နယ်လီ့ကို ဆွဲခွာဖို့ ကြိုးစားတယ်။ ဒါပေမယ့် တောက်တဲ့တစ်ကောင်လို တွယ်ကပ်နေတဲ့ နယ်လီ့ကိုယ်လုံးကို ဘယ်လိုမှ ဆွဲဖယ်လို့ မရဘူး ဖြစ်နေတယ်။ နယ်လီ့ လက်ချောင်းတွေက ငအောင့် မျက်လုံးအိမ်ထဲကို အဆုံးထိ ဝင်နေပြီ။ ငအောင်က အသံနက်ကြီးနဲ့ အော်နေရာကနေ တစ်ကိုယ်လုံး ဆန့်ငင်ဆန့်ငင်ဖြစ်လာတယ်။
မလှက အခုမှ သတိဝင်လာသလို ကြမ်းပြင်မှာ ကျနေတဲ့ ဓားကို ကောက်တယ်။ ငအောင်နဲ့ နယ်လီ လုံးထွေးနေတဲ့နေရာကို ပြေးသွားတယ်။ နယ်လီ့ ကိုယ်လုံးကို ဓားနဲ့ အချက်ပေါင်းများစွာ ခုတ်တယ်။ ပါးစပ်ကလည်း အယုတ္တအနတ္တပေါင်းစုံ အော်ဆဲတယ်။
မလှ ဓားချက် အချက် ၁၀၀ လောက် ခုတ်ပြီီးတော့မှ၊ နယ်လီ့ တစ်ကိုယ်လုံး အပိုင်းပိုင်းပြတ်လုနီးနီး ဖြစ်နေတော့မှ ငအောင့်မျက်လုံးထဲမှာ စိုက်ဝင်နေတဲ့ နယ်လီ့ လက်ချောင်းတွေ ပြေလျော့သွားတယ်။ ငအောင်ကတော့ အသက်မရှိတော့ဘူး။ မျက်လုံးဟောက်ပက်ကြီးနဲ့ ဘေးတစောင်းလဲကျပြီး ငြိမ်နေပြီ။ ဦးသိန်းက ငအောင့် အလောင်းဘေးမှာ မတ်တပ်ရပ်ရင်း ကြက်သေသေနေတယ်။
မလှက မကျေနပ်သေးသလို နယ်လီ့ကိုယ်လုံးကို ဓားနဲ့ သုံးလေးငါးချက် ထပ်ခုတ်တယ်။ ပါးစပ်ကလည်း ဆဲနေတုန်းပဲ။
အပိုင်းပိုင်းပြတ်နေတဲ့ နယ်လီ့ လက်တွေ ခြေတွေထဲကနေ အမျှင်တွေ တဖွားဖွား ထွက်လာပြီး ကြမ်းကြားထဲကို ဝင်သွားတယ်။ အခန်းထဲမှာ အပုပ်နံ့တွေ ပြည့်နှက်လာတယ်။ လေထုက နွေးသထက်နွေးလာတယ်။
“နင့်အကြံ ဒါအကုန်ပဲလား။ ခွေးသူတောင်းစား”.. မလှက ကျွန်တော့်ဘက်ကို လှည့်ပြီး အော်တယ်။ သူ့တစ်ကိုယ်လုံး သွေးတွေရဲရဲ နီနေပြီ။ ဘီလူးမတစ်ကောင်နဲ့ တူနေပြီ။
“မကုန်သေးဘူးဗျ။ ၅ ယောက် ကျန်သေးတယ်”..
အိမ်တံခါး၀ဘက်ကို မေးငေါ့ပြရင်း ကျွန်တော် ပြောလိုက်တယ်။
(င)
တံခါး၀မှာ မတ်တပ်ရပ်နေတဲ့ ကျွန်တော့် သူငယ်ချင်းတွေ..။
ယမင်း.. မျိုးမြတ်အောင်.. မိနှင်း..
ပြီးတော့ ကျော်ဇောနဲ့ ဖြူမော်..။
(စ)
သေရွာကပြန်လာတဲ့ ကျွန်တော့် သူငယ်ချင်း ၅ ယောက်ကို ကြည့်ရင်း ဦးသိန်း ကြမ်းပြင်ပေါ်ကို ဒူးထောက်ကျသွားတယ်။
လက်အုပ်ချီတယ်။
“သခင်ကြီး.. သခင်ကြီး.. ကျွန်တော်တို့ကို ခွင့်လွှတ်ပါ.. ကျွန်တော်တို့ သခင်ကြီးအပေါ်မှာ သစ္စာရှိခဲ့တာကို ငဲ့ညှာပေးပါ.. ကျွန်တော်တို့..”
“တိတ်စမ်း မြသိန်း”.. မလှက အရူးချီးပန်းဖြစ်နေတဲ့ သူ့ယောက်ျားကို ငေါက်တယ်။ လက်ထဲက ဓားကို ဆတ်ခနဲ ခါတယ်။ ဓားမှာကပ်နေတဲ့ သွေးစက်တွေ ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားတယ်။ “နင် အဲဒီလို သတ္တိမရှိလို့ နင့်ကို သခင်ကြီးက မရွေးတာ။ ငါ့နာမည် လှနွယ်။ ဘယ်ကောင်မှ မကြောက်ဘူး။ လာစမ်း။ လာခဲ့”.. မလှက လက်ထဲက ဓားကို အသင့်ရွယ်ရင်း စိန်ခေါ်တယ်။
“မလှ.. မလုပ်နဲ့လေ.. သခင်ကြီး စိတ်ဆိုးသွားမယ်..”.. ဦးသိန်းက သူ့မိန်းမကို တောင်းပန်တယ်။ အိမ်ရှေ့တံခါး၀ဆီကို လေးဘက်ထောက်ပြီး သွားတယ်။ “သခင်ကြီး.. ကျွန်တော့်ကို ခွင့်လွှတ်ပါ.. ကျွန်တော်.. ကျွန်တော် အမိုက်အမဲလေးမို့ပါ”
အဖြူသားသက်သက်နဲ့ မျက်လုံးငါးစုံက ဒူးထောက်တောင်းပန်နေတဲ့ ဦးသိန်းကို တွေတွေကြီး စိုက်ကြည့်နေတယ်။
“မောင်မင်းခန့်ထူးဆီမှာ တပည့်ခံဆိုလည်း ခံပါ့မယ်။ သခင်ကြီးကို ဆက်ပြီး ပြုစုပါ့မယ်.. မလုပ်ပါ..”
ဦးသိန်း စကားမဆုံးခင်မှာ ကျွန်တော့်..သူငယ်ချင်း ၅ ယောက် ဦးသိန်းကိုယ်ပေါ်ကို ဝိုင်းပြုံကျသွားတယ်။
ခင်ဗျား မျက်စိထဲမြင်အောင်.. ဘယ်လိုပြောရမလဲ ယုန်တစ်ကောင်ကို ခြင်္သေ့ ၅ ကောင် ပြိုင်တူ ခုန်အုပ်သလို မြင်ကွင်းမျိုးပဲ။ စက္ကန့်ပိုင်းအတွင်းမှာ ဦးသိန်းရဲ့ တစ်ကိုယ်လုံး တစ်စစီ ဖြစ်သွားတယ်။ လွင့်ထွက်လာတဲ့ ခြေပြတ်လက်ပြတ်တွေ အသားစတွေက မြင်မကောင်းဘူး။ သွေးတွေက ရေပုံးမှောက်ချလိုက်သလို တဝေါဝေါ အိုင်ထွန်းသွားတယ်။
မလှက အဲဒီမြင်ကွင်းကို ကြည့်ရင်း မျက်ရည်တွေ ကျလာတယ်။ ဓားကိုကိုင်ထားတဲ့ သူ့လက်တွေ တဆတ်ဆတ် တုန်လာတယ်။
သတ္တဝါ ၅ ကောင်..ရဲ့ မျက်နှာတွေ မလှဘက်ကို လှည့်လာတယ်။
မျိုးမြတ်နဲ့ ယမင်းက သူတို့ရဲ့ ခေါင်းတွေကို လက်မှာ ပိုက်ရင်း ရှေ့ကို တလှမ်းခြင်း လျှောက်လာတယ်။ မိနှင်းက ကြမ်းပြင်မှာ လိမ့်ကျနေတဲ့ သူ့ခေါင်းသူ ပြန်ကောက်တယ်။ ကျော်ဇောရဲ့ ဗိုက်က တန်းလန်းထွက်ကျနေတဲ့ အူတွေက သူခြေလှမ်းလှမ်းလိုက်တိုင်း ကြမ်းပြင်မှာ တရွတ်တိုက် ပါလာတယ်။ ဖြူမော်က ပါးစပ်ထဲက အသားအစအနတွေကို ထွေးထုတ်တယ်။ ဦးသိန်းရဲ့ ကိုယ်လုံးလို့ ယူဆရတဲ့ နီရဲရဲ အသားတုံးကြီးကို ဘေးကို ကန်ထုတ်လိုက်တယ်။
မလှ .. လက်ထဲက ဓားကို ရွယ်တယ်။
ကျွန်တော့်ဘက်ကို လှည့်ကြည့်တယ်။
“နင့်ကိုငါ ဘယ်ဘ၀ရောက်ရောက် ခွင့်မလွှတ်ဘူး မင်းခန့်ထူး”
ပြောပြီးတာနဲ့.. သိပ်သတ္တိကောင်းတဲ့ မလှ.. သူ့လည်ပင်းသူ ဓားနဲ့ လှီးချလိုက်တယ်။
+++
(ဆက်ရန်)
ချမ်းမြေ့ဝင်း
၅-၁၅-၂၀၂၀