အခန်း (၁၆)
(က)
“နင့်ခေါင်းကို မော့ထားလိုက်။ မျက်စိတွေ မှိတ်ထား”.. မမမေက ပြောရင်း ကျွန်တော့်ရှေ့ကို ရောက်လာတယ်။
သူ့လက်ဖျံနှစ်ဖက်မှာ ထိုးထားတဲ့ ဆေးမင်ရုပ်တွေကို ပိုပြီး ပီပီသသ မြင်လာရပြီ။ ညာဘက်လက်ဖျံအစပ်ကနေ လက်မောင်းအောက် အင်္ကျီအခေါက်ထဲကို တိုးဝင်သွားတဲ့ နဂါးစိမ်းတစ်ကောင်။ နဂါးရဲ့ အကြေးခွံတွေက မီးရောင်အောက်မှာ တလက်လက်တောက်နေတဲ့အထိ ဆေးမင်ရုပ်ရဲ့ အရည်အသွေးက ပီပြင်တယ်။ ဘယ်ဘက်လက်မှာတော့ သံလျက်ကိုထမ်း၊ အတောင်တွေဖြန့်ကားထားတဲ့ ဂဠုန်ရုပ်။ အတောင်ပေါ်မှာ စာတမ်းမှုန်မှုန်တွေ ပွစိတက်နေအောင် ရေးထားတယ်။
“ဘာလုပ်မလို့လဲ.. ကျွန်တော် ဘာမှ မဖြစ်ဘူး”..ကျွန်တော် ကြောက်ကြောက်နဲ့ ဗြောင်ညာလိုက်တယ်။ ထိုင်ခုံပေါ်ကနေ ထပြေးမလို့ ပြင်တယ်။
မမမေရဲ့ ခြေဖနောင့်က ကျွန်တော့်ရင်ဘတ်ပေါ်ကို လွှားခနဲ ရောက်လာတယ်။ သူစီးထားတဲ့ ဖိနပ်နဲ့ ကျွန်တော့် ရင်ဘတ်ကို ဆောင့်နင်းလိုက်တဲ့အတွက် ထိုင်ခုံ ကျောမီနဲ့ ကျွန်တော်နဲ့ တသားတည်း ဖြစ်သွားတယ်။ ပါးစပ်က ဟွတ်ဆိုပြီး အသံထွက်သွားတယ်။ မမမေက ကျွန်တော့်ကို အပေါ်ကနေ မိုးလိုက်တယ်။
မမမေရဲ့ လည်ပင်းမှာ ဆွဲထားတဲ့ ဆွဲကြိုးတစ်ခု..။ ဆွဲကြိုးရဲ့ ငွေရောင် လော့ကတ်သီးက ကျွန်တော့် မျက်နှာရှေ့မှာ ဝဲနေတယ်။
“မျက်စိမှိတ်ထား”.. မမမေက ပြောပြီးတာနဲ့ ကျွန်တော့် လည်ပင်းကို တံတောင်ဆစ်နဲ့ ဖိချလိုက်တယ်။ အသက်ရှူကြပ်သွားတဲ့အတွက် ကျွန်တော့်ခေါင်းက အလိုလို မော့သွားတယ်။ မမမေရဲ့ နောက်လက်တစ်ဖက်က ကျွန်တော့် မျက်လုံးပေါ်ကို ရောက်လာတယ်။ မျက်စိတွေကို သူ့လက်ဝါးနဲ့ အုပ်လိုက်တယ်။
“ဘာလုပ်တာလဲ..ဘာ”.. ကျွန်တော့်စကား တစ်ဝက်တစ်ပျက်မှာတင် ရပ်သွားတယ်။ ရင်ဘတ်ထဲမှာ ပူခနဲ ဖြစ်သွားတဲ့ ခံစားချက်။ လည်ချောင်းထဲက တစ်ခုခု တိုးထွက်လာတဲ့ ခံစားချက်။ ပါးစပ်ထဲမှာ ပြည့်တက်လာတဲ့ ခါးသက်သက် အရည်တွေ။ အဲဒီအရည်တွေရဲ့ နောက်မှာ လုံးထွေးပြီးလိုက်လာတဲ့ အရာတွေ..။
မမမေက ပါးစပ်ကနေ တတွတ်တွတ် ရွတ်တယ်။ ကျွန်တော် နားမလည်တဲ့ ဘာသာစကားတစ်ခု။ တစ်ခါမှ မကြားဖူးတဲ့ စကားလုံးတွေ။
ကျွန်တော့် ပါးစပ်ထဲမှာ ပြည့်လျှံလာတဲ့ အရည်ခါးခါးပစ်ပစ်တွေ အပြင်ကို ပန်းထွက်ကုန်တယ်။ ကျွန်တော့် တစ်ကိုယ်လုံး ပူကျစ်လာတယ်။ တဆတ်ဆတ် ခါလာတယ်။ မျက်လုံးပေါ်ကို ဖိထားတဲ့ လက်ဝါးကို ကျွန်တော် ဆွဲဖယ်ဖို့ ကြိုးစားတယ်။ မမမေရဲ့ လက်ဖဝါးက သံမဏိပြုတ်တူတစ်ချောင်းလို မြဲမြံနေတယ်။ လက်ချောင်းတွေကို ဆွဲဖယ်ဖို့ ကျွန်တော် ကြိုးစားတယ်။ အားကုန်သုံးပြီး ဆွဲဖြဲလိုက်တော့ ကျွန်တော့် မျက်လုံးတွေကို ကာထားတဲ့ မမမေရဲ့ လက်ချောင်းတွေ နည်းနည်းလေး ဟ သွားတယ်။ လက်ချောင်းတွေကြားနေ.. သူ့မျက်နှာကို ကျွန်တော် မြင်ရပြီ။
ညဉ့်နက်သန်းခေါင်လို နက်မှောင်နေတဲ့ မမမေရဲ့ မျက်လုံးတွေ။
အဖြူရောင် တစ်စွန်းတစ်စမှ မကျန်တော့ဘဲ မျက်သားရော မျက်ဆံရော.. အကုန်လုံး မည်းနက်ပြောင်လက်နေတယ်။
တတလက်လက်ပြောင်နေတဲ့ မမမေရဲ့ မျက်သားအနက်တွေပေါ်မှာ ကျွန်တော် ကိုယ့်မျက်နှာကိုယ် ပြန်မြင်နေရတယ်။
ကျွန်တော် အကျယ်ကြီး အော်လိုက်မိတယ်။ ပါးစပ်ထဲက အရှိန်နဲ့ ထွက်လာတဲ့ အရည်တွေနဲ့အတူ ကျွန်တော့် အော်သံက ဗလုံးဗထွေးနဲ့ ပျောက်ကွယ်သွားတယ်။ ကျွန်တော် ထပ်အော်မလို့ ကြိုးစားတယ်။ ပါးစပ်ကို ဟတယ်။ မမမေက လည်ပင်းကို ဖိထားတဲ့ တံတောင်ဆစ်အားကို တစ်ဆင့် ထပ်တိုးလိုက်တယ်။ ကျွန်တော် မိုက်ခနဲ မူးသွားတယ်။ ရင်ဘတ်ထဲကနေ စိတ်ဆိုးတကြီးထွက်လာတဲ့ တစ်စုံတစ်ရာ..။
ကျွန်တော့် ပါးစပ်ထဲက တဝူးဝူး တိုးထွက်လာတဲ့ မည်းမည်းအမျှင်တွေ။
(ခ)
ကျွန်တော် ထိုင်ခုံမှာ ပက်လက်လန်ရင်း အသက်ကို မနည်း ၀အောင် ရှူနေရတယ်။ အာခေါင်ထဲမှာ ကျန်နေသေးတဲ့ မည်းမည်း အရည်တွေ၊ အမျှင်တွေကို ကြောက်လန့်တကြား လက်ချောင်းနဲ့ နှိုက်ထုတ်တယ်။
“အကုန်လုံးတော့ ထွက်မှာ မဟုတ်ဘူး။ နင့်ကိုယ်ထဲမှာ ကျန်နေသေးတယ်”.. မမမေက လေသံအေးအေးနဲ့ ပြောတယ်။
ကျွန်တော် မတ်တပ်ထရပ်လိုက်တယ်။ မမမေ ဆီကနေ ဝေးအောင် ခြေလှမ်းကို ဆုတ်လိုက်တယ်။
“ခင်ဗျား.. ခင်ဗျား မျက်လုံးတွေ”..
မမမေက သူ့လက်မှာ ပေနေတဲ့ အမျှင်တွေကို ခါချတယ်။ မည်းမည်းအမျှင်တွေက သက်ရှိသတ္တဝါတွေလို တတွန့်တွန့်နဲ့ လူးလိမ့်ပြီး ကြမ်းကြားထဲကို ဝင်သွားကြတယ်။
“မျက်စိမှိတ်ထားလို့ ငါပြောတာ နင် နားမှမထောင်ဘဲ”.. မမမေက သူ့ရဲ့ မျက်လုံးနက်ကြီးတွေနဲ့ ကျွန်တော့်ကို စိုက်ကြည့်ရင်း ပြောတယ်။
“ခင်ဗျား ခင်ဗျားလည်း လူမဟုတ်ဘူး.. ခင်ဗျား ဘာလဲ”.. ကျွန်တော် နောက်ကို တစ်လှမ်းထပ်ဆုတ်ရင်း မေးတယ်။
မမမေက မျက်လုံးတွေကို ဖျတ်ခနဲ မှိတ်လိုက်တယ်။ အင်္ကျီလက်တွေကို ပြန်ဆွဲချတယ်။ မျက်လုံးတွေကို ပြန်ဖွင့်တယ်။ သာမန် လူမျက်လုံးစူးစူးရှရှ တစ်စုံ.. ပြန်ရောက်လာတယ်။
“ထိုင်ခုံမှာ ပြန်ထိုင်လိုက် မင်းခန့်ထူး။ ငါနင့်ကို မေးစရာတွေ ရှိတယ်”..အင်္ကျီအပြင်ဘက်မှာ ထွက်ကျနေတဲ့ ဆွဲကြိုးကို အထဲပြန်ထည့်ရင်း မမမေက ပြောတယ်။
(ဂ)
မမမေ ဘာဆေးတွေ တိုက်ထားသလဲ မသိ.. နယ်လီက အားရပါးရ အိပ်ပျော်နေတာ ဟောက်သံတွေတောင် ထွက်နေတယ်။
ဘယ်နှနာရီ ထိုးပြီလဲ ကျွန်တော် မသိဘူး။ အပြင်က အမှောင်ကို ကြည့်ရတာတော့ မိုးလင်းဖို့ သိပ်မလိုတော့ဘူး။ အိပ်ခန်းထဲက အလောင်းတွေ.. ဘာတွေ ဖြစ်ပျက်နေကြပြီလဲ..။ နောက်ဖေး ရေကန်နားမှာ ရှိနေမယ့် ယမင်းရဲ့ အလောင်းရော.. ရှိသေးသလား။ သွားကြည့်ချင်ပေမယ့် ကျွန်တော့်ရဲ့ မရှိမဲ့ ရှိမဲ့ သတ္တိသွေးက အခွင့်အရေးမပေးဘူး။ ဒီအိမ်ကနေ အဝေးဆုံးကို ထွက်ပြေးသွားချင်နေပြီ..။ ဒါပေမယ့် အဲဒီလို ထွက်ပြေးလိုက်လို့ ပြီးမှာ မဟုတ်ဘူး ဆိုတာကိုလည်း စိတ်ထဲမှာ အလိုလိုသိနေပြန်တယ်။
မမမေက စားပွဲပေါ်မှာ ဘေးတစောင်းထိုင်တယ်။ လက်နှစ်ဖက်ကို အပေါ်ကိုမြှောက်ပြီး လက်ချောင်းခြင်းယှက်၊ တဖြောက်ဖြောက် ချိုးတယ်။ လက်တွေကို ချိုးလို့ အားရသွားတော့ ခေါင်းကို အပေါ်အောက် လက်နှစ်ဖက်နဲ့ စုံကိုင် ဘယ်ဘက်ကို တစ်ချက်၊ ညာဘက်ကို တစ်ချက် ဆတ်ခနဲ ဆတ်ခနဲ ချိုးပြန်တယ်။ သတ္တိခဲ ကျွန်တော်ကတော့ ထိုင်ခုံမှာ ဖင်ထိရုံကလေးထိုင်ပြီး လက်သီးတွေကို ဆုပ်ထားတယ်။ အခန့်မသင့်ရင် ထွက်ပြေးလို့ ရအောင် အသင့်ပြင်ထားတယ် ဆိုပါတော့။
မမမေက ကျွန်တော့်ကို ကြည့်တယ်။ သူ့အကြည့်တွေက ကျွန်တော့် တစ်ကိုယ်လုံးကို သိမ်းကြုံးသယ်သွားပြီး တွင်းနက်တစ်ခုထဲ ပစ်ချတော့မလိုမျိုး.. နက်ရှိုင်းလွန်းနေတယ်။
“ဘာလဲ ခင်ဗျားက ပယောဂဆရာမလား။ အကြားအမြင်ရနေတာလား။ ထွက်ရပ်ပေါက်လား”.. ကျွန်တော် မအောင့်နိုင်တော့ဘဲ မေးလိုက်တယ်။
မမမေက သဘောကျသွားသလို ရယ်တယ်။ မျက်နှာက ရယ်နေပေမယ့် သူ့မျက်လုံးတွေကတော့ စိန်တုံးစိန်ခဲတွေလို မာကျောနေတုန်းပဲ။
“ပယောဂဆရာမတဲ့ ဟားဟား.. မဆိုးဘူး အဲဒီနာမည်”.. မမမေက မျက်နှာကို ပြန်တည်ရင်း ပြောတယ်။
“ဒါဆိုဘာလဲ။ ခင်ဗျားက မကောင်းဆိုးဝါးတွေကို လိုက်သတ်တဲ့သူလား”.. ကျွန်တော် မေးလိုက်တယ်။ ကျွန်တော့် မျက်လုံးတွေက သူ့ဘေးမှာ ချထားတဲ့ ဓားရှည်ဆီမှာ။ လူတစ်ယောက်ကို တစ်ချက်တည်းနဲ့ နှစ်ပိုင်းပြတ်သွားအောင် ခုတ်ဖို့ဆိုတာ ဘယ်လို အင်အားမျိုးလဲ။
“ဟုတ်တယ်”..မမမေက ခပ်ပြတ်ပြတ်ပဲ ပြန်ဖြေတယ်။
“သတ်ပြီး ဘာလုပ်တာလဲ။ ခင်ဗျားကို ဘယ်သူက ပိုက်ဆံပေးပြီး ငှားတာလဲ”.. ကျွန်တော် မေးလိုက်တယ်။
မမမေက နှာခေါင်း ရှုံ့တယ်။
“ပိုက်ဆံ.. ပိုက်ဆံကို ငါက ဘာလုပ်ရမှာလဲ”
“ပိုက်ဆံရှိရင် လုပ်ချင်တာ လုပ်လို့ ရတာပေါ့ဗျ”.. ကျွန်တော် အမြင်ကတ်ကတ်နဲ့ ပြောလိုက်တယ်။
“အဲဒီ ပိုက်ဆံတွေက ဒီခြံထဲက မကောင်းဆိုးဝါးကို နှင်ထုတ်လို့ ရသလား”.. မမမေက ပြန်မေးတယ်။..”ငါ ဒီအလုပ်ကို လုပ်နေတာ ဘာကိုမှ လိုချင်လို့ လုပ်နေတာမဟုတ်ဘူး။ မဖြစ်မနေ လုပ်ဖို့ လိုလို့”
“စောစောက ခင်ဗျား မျက်လုံးတွေက ဘာဖြစ်သွားတာလဲ။ ပြီးတော့ ကျွန်တော့် ကိုယ်ထဲက အမျှင်တွေကို ဘယ်လို ဆွဲထုတ်လိုက်တာလဲ။ ဘာလဲ ခင်ဗျားမှာ တန်ခိုးရှိတာလား”.. ကျွန်တော် မေးလိုက်တယ်။ ကျွန်တော့်စိတ်က ဘယ်အရာကိုမဆို ယုံကြည်လက်ခံဖို့ အသင့်ဖြစ်နေပြီလေ။ အခုနေ မမမေ လေထဲမှာ ထပြီး ပျံပြမယ်ဆိုရင်တောင် ကျွန်တော် မအံ့ဩနိုင်တော့ဘူး။
“မကောင်းဆိုးဝါး..ဆိုတာ တကယ်ရှိတယ်.. အဲဒါကို နင်ယုံပြီမဟုတ်လား”.. မမမေက မေးတယ်။
“မေးနေစရာ လိုသေးလားဗျ”.. ကျွန်တော် ပြန်ပြောလိုက်တယ်။
“ဒါဆိုရင် ဒီဘက်မှာ မကောင်းဆိုးဝါးတွေ ရှိသလို.. ဟိုဘက်ခြမ်းမှာလည်း သူတို့နဲ့ ဆန့်ကျင်ဘက် တစ်စုံတစ်ရာတော့ ရှိရမယ် မဟုတ်လား။ ငါက အဲဒီဘက်ခြမ်းကလူ.. အဲဒီလိုပဲ မှတ်ထားလိုက်”
“ဟိုဘက်ခြမ်းဆိုတာက ဘာလဲ။ နတ်သားတွေ နတ်သမီးတွေလား”.. ကျွန်တော် မေးလိုက်တယ်။
“ဟားဟား.. မဟုတ်ပါဘူး”..မမမေက ပခုံးတွန့်ရင်းပြန်ဖြေတယ်။ “မကောင်းဆိုးဝါးတွေရဲ့ ဆန့်ကျင်ဘက်ဆိုတော့ ကောင်းတဲ့ အရာတစ်ခုခုပေါ့..”
“ခင်ဗျားက ဘာလဲ.. အဲဒီဘက်ခြမ်းက ဆိုတော့ လူမဟုတ်ဘူးလား။ ကောင်းကင်ဘုံက ဆင်းလာတာလား။ နတ်ပြည်ကလား။ ဘာတွေလဲ။ခင်ဗျားလို လူ ဘယ်နှယောက်လောက် ရှိသလဲ။ ခင်ဗျား တစ်ယောက်တည်းလား။ ခင်ဗျား မျက်လုံးတွေ ဂေါ်လီလုံးလို မည်းကုန်တာကရော ဘာကြီးလဲ။ အဲဒီ မျက်လုံးမည်းမည်းကြီးနဲ့.. နတ်သမီးတော့ မဖြစ်နိုင်ဘူး။ ခင်ဗျားကိုလည်း သရဲပူးသွားတာလား”
“မင်းခန့်ထူး နင် ပေါ့ပျက်ပျက်တွေ လျှောက်ပြောမနေနဲ့စမ်း”.. မမမေက ကျွန်တော့်ကို ငေါက်တယ်။
“မသိဘူးဗျာ။ ပြောမှာပဲ”.. ကျွန်တော် စိတ်တိုတိုနဲ့ ပြန်အော်လိုက်တယ်။ “ဒီ နှစ်ရက် သုံးရက်အတွင်းမှာ ကျွန်တော် ကြုံခဲ့ရတာတွေကို ခင်ဗျားသိသလား။ ဘယ်လောက်ဆိုးသလဲ နားလည်သလား။ ရူးမသွားအောင် မနည်း ထိန်းထားရတာဗျ။ အခု ခင်ဗျားပါ ရောက်လာတော့ ကျွန်တော့်ခေါင်းထဲမှာ ဦးနှောက်က ကြက်ဥကြော်သလို ပွက်ပွက်ဆူနေပြီ”
“ထပ်သောက်မလား”.. မမမေက သူ့အိတ်ကပ်ထဲက ပုလင်းသေးသေးလေးကို ထုတ်ပြတယ်။
“အာ..တော်ပြီ မသောက်ဘူး။ ဘာအရည်တွေမှန်းမသိတာ မသောက်ရဲဘူး။ ရတယ် ကျွန်တော့်ဘာသာကျွန်တော် ထိန်းမယ်”..ကျွန်တော် ပြောလိုက်တယ်။
“ဒီမှာ။ ငါလည်း နင့်လိုပဲ ထမင်းစားပြီး ကြီးလာတဲ့ လူတစ်ယောက်ပဲ။ ငါ့ကိုယ်ထဲမှာ စီးနေတဲ့ သွေးကလည်း လူသားစင်စစ်တစ်ယောက်ရဲ့ သွေးတွေပဲ။ ဒါပေမယ့် ငါ့ပခုံးပေါ်မှာ ထမ်းထားရတဲ့ တာဝန်တစ်ခုရှိနေတယ်။ အဲဒီ တာဝန်ကြောင့် ငါ ဒီနေရာကို ရောက်လာတာ။ ဒီလောက်သိရရင် လုံလောက်ပြီလား”..မမမေက ပြောတယ်။
“ဘယ်သူက ခင်ဗျားကို တာဝန်ပေးလိုက်တာလဲ”
မမမေက ကျွန်တော့် အမေးကို မဖြေဘဲ ခေါင်းကို နောက်လှန်ချရင်း အတော်ကြာကြာ တွေဝေသွားတယ်။ သူ့မျက်လုံးတွေက မျက်နှာကြက်ကို ဖောက်ထွင်းပြီး ဟိုးအပေါ်ကို မော့ကြည့်တယ်။
“တာဝန်လို့ပြောရမှာထက်.. ကျိန်စာတစ်ခုလို့ ပြောရင် ပိုမှန်မယ်။ ထားပါတော့။ ငါ့အကြောင်းတွေ နင့်ကို ပြောပြလို့ ဘာမှ မထူးဘူး မင်းခန့်ထူး။ နင့်အကြောင်းတွေ ငါသိရဖို့က ပိုအရေးကြီးတယ်။ နင့်အဖေနဲ့ နင်နဲ့ ဘာတွေ ပြောခဲ့သလဲ။ သူမသေခင်မှာ နင့်ကို ဘာမှာခဲ့သလဲ။ အဲဒါကို ငါသိချင်တယ်”.. မမမေက မေးတယ်။
“ကျွန်တော်နဲ့ ကျွန်တော့်အဖေနဲ့ စကားတောင် သေချာ မပြောဖြစ်ဘူး။ တစ်သက်လုံးပဲ။ သူလည်း သူ့အလုပ်နဲ့ သူရှုပ်နေတယ်။ ကျွန်တော်ကလည်း သူ့ပိုက်ဆံတွေကို သုံးဖြုန်းပေးနေရတာနဲ့ မအားဘူး”.. ကျွန်တော် ပြောရင်းနဲ့ ဘောင်းဘီအိတ်ထဲက စာကို သတိရသွားတယ်။ “နေဦး။ ဒီမှာ စာတစ်စောင်တော့ ပေးခဲ့တယ်။ ခင်ဗျားဖတ်ကြည့်လိုက်”.. စာရွက်ခေါက်ကို ဆွဲထုတ်ပြီး မမမေ လက်ထဲကို ထည့်ပေးလိုက်တယ်။
(ဃ)
မမမေက စာကို သေသေချာချာ အချိန်ယူပြီး ဖတ်နေတယ်။ ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိတာနဲ့ သူ့ကိုကြည့်လိုက် သူ့ဘေးမျာ ချထားတဲ့ ဓားကိုကြည့်လိုက် လုပ်နေမိတယ်။ ဂျင်းဘောင်းဘီ၊ ဂျင်းဂျက်ကတ် ဝတ်ထားပေမယ့် မမမေရဲ့ ကျစ်လစ်တဲ့ ကိုယ်ခန္ဓာကောက်ကြောင်းက မီးရောင်အောက်မှာ သိသိသာသာ ထင်ပေါ်နေတယ်။ စာကို ငုံ့ပြီးဖတ်နေတဲ့အတွက် သူ့ခေါင်းက ဆံပင် တစ်ချောင်းနှစ်ချောင်း နှဖူးပေါ်ကို ဝဲကျနေတယ်။ နှာတံ ပေါ်ပေါ်။ မေးရိုးပြတ်ပြတ်။ ဘာမှ ဆိုးမထားတဲ့ နှုတ်ခမ်း တစ်စုံ။ ယမင်းတို့ နယ်လီတို့လို ရုပ်ချောတဲ့ မျက်နှာမျိုးတော့ မဟုတ်။ ဒါပေမယ့် ကြည့်ရင်း ကြည့်ရင်း အပြစ်ရှာ မရတော့တဲ့ မျက်နှာမျိုး..။
မမမေက ခေါင်းမော့လာတယ်။ စာရွက်ကို ကျွန်တော့်ဆီ ပြန်ပေးတယ်။
“ဒီမြေရဲ့ သတ္တဝါက ဒီလောက်ကြီး ဆိုးလှတဲ့ အထဲမှာ မပါဘူး”..မမမေက ပြောတယ်။
“ဘယ်လိုဗျ။ ဘယ်လို.. ဒီလောက်ကြီး မဆိုးဘူး ဟုတ်လား။ ကျွန်တော့် သူငယ်ချင်း ၆ ယောက်မှာ ၅ ယောက် သေပြီ။ ဒါမတိုင်ခင်ကလည်း ဘယ်နှယောက် သေပြီးပြီလဲ မသိဘူး”..ကျွန်တော် စားပွဲကို လက်နဲ့ ဒုန်းခနဲ ရိုက်ရင်း ပြောလိုက်တယ်။
“နင် သေချာ ခေါင်းအေးအေးထားပြီး စဉ်းစားကြည့်စမ်း။ ဒီမကောင်းဆိုးဝါးက နင်ထင်သလောက် မဟုတ်ဘူး”.. မမမေက ပြောတယ်။
“မျက်နှာကြက်မှာလေးဘက်ထောက်ကြီး ကပ်နေနိုင်တာ၊ ပါးစပ်ကို တစ်ပေလောက်ကျယ်အောင် ဟ နိုင်တာ၊ လူတစ်ယောက်ပြီး တစ်ယောက်ကို ဝင်ပူးနိုင်တာ.. ဒါကလွဲရင် သိပ်မဆိုးပါဘူးလို့ ပြောချင်တာလား။ ခင်ဗျား ရူးနေသလား”
“လူဆိုတဲ့ အမျိုးကိုက သဘာ၀လွန် ဖြစ်ရပ်တစ်ခုခု တွေ့ပြီဆိုတာနဲ့ သေးထွက်အောင် ကြောက်ချင်နေကြတာ။ ဘာရယ်ညာရယ် မစဉ်းစား ချင်တော့ဘူးလေ။ ဟုတ်တယ် မဟုတ်လား။ မျက်နှာကြက်မှာ လေးဘက်ထောက်နေတော့ ဘာဖြစ်သလဲ.. ကြမ်းပြင်မှာ လေးဘက်သွားနေသလဲ ဘာဖြစ်သလဲ.. ဓားနဲ့ခုတ်လို့ သေရင်.. ပြီးတာပဲ။ ပြီးတော့ ဒီသတ္တဝါက ကပ်ပါးကောင် အဆင့်ပဲ ရှိတယ်။ ဘာမှ မဟုတ်ဘူး”..မမမေက ပြောတယ်။ “ပြီးတော့ ဟိုလူတွေက နင်တို့ကို ကြိုးတုပ်ပြီး ထားခဲ့တာ ဘာဖြစ်လို့လဲ။ နင်စဉ်းစားကြည့်စမ်း။ ဘာလို့ နင်တို့ကို ကြိုးတုပ်သလဲ။ ရှင်းနေတာပဲ.. ကြိုးတုပ်မထားရင် အဲဒီ အကောင်ကို ပြန်တိုက်ခိုက်လို့ ရနေလို့ပေါ့”
ဒုတိယညတုန်းက ယမင်းမျက်နှာနဲ့ သတ္တဝါကို ကျွန်တော် ပြန်မြင်ယောင်မိသွားတယ်။ ကျွန်တော့်လက်ချက်နဲ့ ခေါင်းပြတ်သွားတဲ့ ယမင်း..။ မဟုတ်ဘူး.. ယမင်း မဟုတ်ပါဘူး.. ယမင်းမျက်နှာနဲ့ မကောင်းဆိိုးဝါးပါ။
“ကပ်ပါးကောင်ဆိုတာ ဘာလဲ”
“သူများရဲ့ ကိုယ်ခန္ဓာထဲမှာ ဝင်နေ၊ အဲဒီ ကိုယ်ခန္ဓာထဲမှာ ရှိတာတွေကို စုပ်ယူ စားသောက်၊ ပြီးရင် နောက်တစ်နေရာ ထပ်ရှာ..။ ဒါပါပဲ။ ငါ့သက်တမ်း တလျှောက်မှာ ဒီ့ထက် ဆိုးတဲ့ မကောင်းဆိုးဝါးတွေ အများကြီး ကြုံပြီးပြီ။ ဒီစကားဝါကောင်က ဘာမှကို မဟုတ်ဘူး။ ဒါပေမယ့်.. ဘာမှ မဟုတ်ခဲ့ဘူး..လို့ ပြောရင် ပိုမှန်မယ်။ နင့်အဖေလို လူတွေကြောင့် ဒီအကောင်က ဆိုးသထက် ဆိုးလာတာ”
“ဘယ်လို..”
“ဒီစကားဝါမြေကို ငါတို့ စောင့်ကြည့်နေတာ ကြာပြီ။ အမြန်လမ်း ဆက်မဖောက်ဘဲ ဟိုဘက်ကို ချိုးသွားကတည်းက ငါတို့ စိတ်ထဲ မသင်္ကာဖြစ်နေတာ။ ငါ့အထင်ပြောရရင်တော့ အဲဒီတုန်းက နင့်အဖေနဲ့ ဒီမကောင်းဆိုးဝါးနဲ့ ထိပ်တိုက် တိုးတယ်။ ဒီကောင်က နင့်အဖေကို တစ်ခုခု ပေးပြီး ဖြားယောင်းလိုက်လိမ့်မယ်။ ဒီလိုနဲ့ နင့်အဖေနဲ့ ဦးသိန်းနဲ့ ပေါင်းပြီး ဒီစကားဝါမြေက ဒီမကောင်းဆိုးဝါးကို အစာတွေကျွေး.. စင်ပေါ်တင် ကိုးကွယ်ထားပါလိမ့်မယ်။ ဒီမကောင်းဆိုးဝါးက သူ့အတွက် ခိုင်းစရာ ရအောင် ဆိုပြီး လူတစ်ယောက် နှစ်ယောက်ကို အသက်ရှည်အောင် လုပ်ပေးမယ်။ အဲဒါကို မက်ပြီး လူတွေက ဒီအကောင်ကို ပူဇော် ပသကြ။ ဒီလိုနဲ့ ဒီကောင်က ဆိုးသထက် ဆိုးလာတာ။ ငါတို့ သိထားသလောက်တော့ ဒီသတ္တဝါက သုံးလေးနှစ်နေမှ လူတစ်ယောက်လောက် စားတာ.. အခု နှစ်ရက်အတွင်းမှာ လူ ၅ ယောက် စားပြီးပြီဆိုတော့ ထိန်းမနိုင် သိမ်းမရတွေ ဖြစ်နေလောက်ပြီ”
“ငါတို့..ဆိုတော့ ခင်ဗျားတစ်ယောက်တည်း မဟုတ်ဘူးပေါ့။ ပြီးတော့ အမြန်လမ်းဖောက်တုန်းကဆိုရင် ၁၉၇၀ ဝန်းကျင် မဟုတ်လား။ ဒါဆို ခင်ဗျား ငယ်ငယ်လေးပဲ ရှိဦးမှာ ကျွန်တော်ဆို မွေးတောင် မမွေးသေးဘူး။ ဘယ်လို စောင့်ကြည့်မှာလဲ”.. ကျွန်တော် နှစ်တွေလတွေကို စိတ်တွက်တွက်ကြည့်ရင်း မေးလိုက်တယ်။
“အဲဒီတုန်းက ငါ့မိဘတွေ ရှိသေးတယ်လေ။ သူတို့က စောင့်ကြည့်နေခဲ့တာပေါ့။ အခုတော့ ငါတစ်ယောက်တည်း”..မမမေက ပြန်ဖြေတယ်။
“ဘာကြီးလဲ။ ခင်ဗျားတို့ အလုပ်က မျိုးရိုးစဉ်ဆက် အလုပ်လား”
“ဆိုပါတော့”… မမမေက ပြောရင်းနဲ့ ရင်ဘတ်ထဲက လော့ကတ်သီးကို ပြန်ထုတ်ကြည့်တယ်။ ငွေရောင်လော့ကတ်သီးကို လက်နဲ့ ခပ်ဖွဖွ ပွတ်တယ်။
“ဘာလို့ ခင်ဗျားက အခုမှ ရောက်လာတာလဲ”..ကျွန်တော် အပြစ်တင်ချင်တဲ့ လေသံနဲ့ မေးလိုက်တယ်။
“ငါရောက်နေတာ နှစ်ရက်ရှိပြီ””
“ဟာ..ဒါဆို ခင်ဗျား ဟိုတစ်နေ့ညက ဘာလို့ ကျွန်တော်တို့ကို လာမကယ်တာလဲ”.. ကျွန်တော် ဒေါသစိတ်နဲ့ အော်မိသွားတယ်။
“ဘာကို လာကယ်ရမှာလဲ”..မမမေက နားမလည်သလို မေးတယ်။
“ဒီအိမ်ကို ရောက်ပြီး နောက်တစ်နေ့ ညကတည်းက ကျွန်တော့် သူငယ်ချင်း ယမင်းကို ဝင်ပူးပြီး.. ယမင်း သေသွားတယ်”.. ကျွန်တော် ပြောလိုက်တယ်။ တကယ်က ယမင်းကို ကျွန်တော် သတ်လိုက်တယ်လို့ ပြောရမှာ..။ ဒါပေမယ့် ပြောမထွက်ဘူး။
“တစ်ခုခုတော့ မှားနေပြီ”.. မမမေက ပြောတယ်။ “ဒီညမှ ဒီမကောင်းဆိုးဝါးနဲ့ နင်နဲ့ စတွေ့တာ မဟုတ်ဘူးလား။ သူ့တပည့်တပန်းတွေ ပင့်ခေါ်လိုက်လို့ ဟိုကောင်က ရောက်ချလာတာလေ။ ငါက ဦးသိန်းတို့အိမ်ကို စောင့်ကြည့်နေတာ။ သူနဲ့ သူ့မိန်းမနဲ့ ဟိုဗလကောင်းကောင်း တစ်ကောင်နဲ့.. ထွက်သွားတာ တွေ့လိုက်တာနဲ့ ငါ နောက်ကနေ လိုက်လာတာပဲ”
“မဟုတ်ဘူး”.. ကျွန်တော် ဖြေလိုက်တယ်။
“တစ်ခုခုတော့ မှားနေပြီ”.. မမမေက မျက်မှောင်ကြုတ်ရင်း ပြောတယ်။..”နင်ဘာလုပ်လိုက်သလဲ။ နင်တစ်ခုခု လုပ်လိုက်လို့ ဒီကောင် သူ့ဘာသာသူ ရောက်လာတာ”
“ဘာလုပ်ရမှာလဲ။ ဘာမှမလုပ်ဘူး။ ရောက်ကတည်းက သောက်စားပြီး မူးနေတာပဲ ရှိတယ်”
“နေဦး.. ငါမေးစရာ တစ်ခုကျန်သေးတယ်။ နင်ဘာလို့ ဒီကို ရောက်လာတာလဲ”.. မမမေက မေးတယ်။ “ဒီလိုနေရာကို နင်ဘယ်လို ရောက်လာတာလဲ။ အဲဒါကို ငါ အရင်မေးဖို့ မေ့နေတယ်”
“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အဖေ့ကို အရွဲ့တိုက်ချင်လို့ ရောက်လာတာ”.. ကျွန်တော် နောင်တသံနဲ့ ဖြေလိုက်တယ်။ “ဒီအိမ်ကို မီးရှို့ပစ်မလို့ ရောက်လာတာ”
“အင်း.. ရှင်းသွားပြီ”.. မမမေက ခေါင်းတညိတ်ညိတ်လုပ်ရင်း ပြောတယ်။ “နင့်စိတ်ထဲမှာကိုက ဒီနေရာကို ဖျက်ဆီးပစ်ဖို့ စိတ်ရှိနေတာကိုး။ ဒါကြောင့် ဒီကောင်က စိတ်ဆိုးပြီး သူ့ဘာသာသူ ထွက်လာတာ”
ကျွန်တော် ကြောင်အအ ဖြစ်သွားတယ်။ ဒါဆို ကျွန်တော့် အပြစ်ပေါ့..။ ကျွန်တော့်ကြောင့် ယမင်း သေသွားတာပေါ့။
“နင့်ကိုယ်နင် အပြစ်မတင်ပါနဲ့။ ဒါမျိုးက ကြိုသိနိုင်တဲ့ ကိစ္စမှ မဟုတ်တာ”..မမမေက လေသံအေးအေးနဲ့ ပြောတယ်။
“ကျွန်တော့်ကြောင့်..ဖြစ်တာ။ ကျွန်တော့်ကြောင့်..”
“ဒီလို ကိစ္စမျိုးမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ အပြစ်မတင်နဲ့ မင်းခန့်ထူး။ ငါလည်း အချိန်မီရောက်လာတာတောင် နင့်သူငယ်ချင်းတွေကို မကယ်လိုက်နိုင်ဘူး မဟုတ်လား။ နင်နဲ့ ဒီကောင်မလေး နှစ်ယောက်ကိုပဲ ကယ်လိုက်နိုင်တယ်။ ဘယ်တတ်နိုင်မလဲ။ လုပ်စရာရှိတာ ဆက်လုပ်ရုံပဲ ရှိတယ်”
“ဘာဆက်လုပ်ရမှာလဲ”.. ကျွန်တော် ခေါင်းငိုက်စိုက်ကျနေရင်း မေးလိုက်တယ်။
“ဒီသတ္တဝါကို အပြတ်ရှင်းဖို့ လိုတယ်”
“ခင်ဗျား ဓားနဲ့ ခုတ်လိုက်လို့ သေသွားပြီ မဟုတ်လား”.. ကျွန်တော် မေးလိုက်တယ်။
“အဲဒီလောက် ဘယ်လွယ်ပါ့မလဲ။ ကြောက်ပြီး ခဏပုန်းသွားတာ.. ညဉ့်နက်ရင် ပြန်ရောက်လာဦးမှာ။ ဒီတစ်ခါ ပြန်လာရင် အရင်ထက်တောင် ပိုဆိုးလိမ့်မယ်။ အစာလည်း ၀နေပြီ။ စိတ်တွေလည်း အရမ်းဆိုးနေပြီ။ ပြီးတော့ ငါရောက်နေတာကိုလည်း သိသွားပြီ။ ဒီည အသေ သောင်းကျန်းတော့မှာ”
“ဟာ.. ဒါဆို ကျွန်တော်တို့..”
“‘ဒီတော့ နင်..အခု ဘာလုပ်ရမလဲဆိုတာ ငါပြောမယ်။ ပြီးတော့မှ ညကျရင်..ဘာဆက်လုပ်မလဲဆိုတာ..”
“ဘာဗျ”.. ကျွန်တော် ထိုင်ခုံကနေ ခုန်ထလိုက်တယ်။..”ညကျရင်.. ဟုတ်လား။ ခင်ဗျားဘာသာခင်ဗျား တစ်ယောက်တည်း ဆက်နေ။ ကျွန်တော်ကတော့ ပြန်ပြီ။ ကားထဲမှာ ဓာတ်ဆီမရှိရင်လည်း ရန်ကုန်အထိ ခြေလျှင်လျှောက်ပြန်မယ်။ နယ်လီနဲ့ ကျွန်တော်နဲ့ မိုးလင်းတာနဲ့ ပြန်ပြီ။ ခင်ဗျား ရူးနေလား။ ညအထိ ဘာလို့ ကျွန်တော်က စောင့်နေရမှာလဲ”
“နင်မရှိလို့ မဖြစ်ဘူး”..မမမေက ကျွန်တော့်ကို မော့ကြည့်ရင်း လေသံအေးအေးနဲ့ ဖြေတယ်။
“ဘာကိစ္စမဖြစ်ရမှာလဲ။ ကျွန်တော်က ဘာလုပ်ပေးရမှာလဲ။ ခင်ဗျားလို သူရဲကောင်းမကြီးလည်း မဟုတ်ဘူး။ ဓားသိုင်းလည်း မတတ်ဘူး။ ပယောဂဆရာလည်း မဟုတ်ဘူး။ ပြီးတော့ မကောင်းဆိုးဝါး ကိုက်လို့ မသေရင်တောင် လူသတ်ခံရပြီး သေမှာ။ ဦးသိန်းဆိုတဲ့လူက မနက်ကျရင် ပြန်လာပြီး ကျွန်တော့်ကို အရေခွံနွာမယ်တဲ့ ကြိမ်းသွားတယ်။ ခင်ဗျား သိသလား”
“ဘာလို့ အရေခွံနွှာမှာလဲ”..မမမေက ကျွန်တော့်ကို မေးတယ်။ လူတစ်ယောက်လုံး အသတ်ခံရမှာကို စိတ်မဝင်စားသလို.. လေသံနဲ့ မေးနေတာ။
“ဒီအိမ်ကို ကျွန်တော့်အဖေက သူ့ကို မပေးဘဲ ကျွန်တော့်ကို ပေးခဲ့လို့ .. အဲဒါ မကျေနပ်လို့တဲ့။ ပြီးတော့ ဦးသိန်းရဲ့ မိန်းမ မလှ ဆိုတာ ခင်ဗျားသိသလား။ အဲဒီမိန်းမက မကောင်းဆိုးဝါး ကိုက်လိုက်တာ အသက်မကြီးတော့ဘဲ ဦးသိန်းထက် အသက်ငယ်သွားတယ်ဆိုလား ဘာတွေမှန်းမသိဘူး”
“အင်း.. သူတို့လင်မယားက ဒီသတ္တဝါရဲ့ တပည့်ဖြစ်နေတာ တော်တော်ကြာပြီ။ ထားပါတော့။ သူတို့ကို စိတ်မပူပါနဲ့။ ငါရှိပါတယ်”.. မမမေက ခေါင်းတညိတ်ညိတ် လုပ်ရင်း ပြောတယ်။
“မသိဘူး ကျွန်တော်ကတော့ နေထွက်တာနဲ့ ပြန်မှာပဲ။ နယ်လီ.. နယ်လီ.. ဟေ့.. မနိုးသေးဘူးလား”.. တခေါခေါ အိပ်ပျော်နေတဲ့ နယ်လီ့ဘက်ကို ကျွန်တော် လှမ်းအော်လိုက်တယ်။ နယ်လီက တုပ်တုပ်မျှမလှုပ်ဘူး။ ဘေးတစောင်းကြီး အိပ်နေတာ သွားရေတွေတောင် ထွက်လို့။
“သူက ငါကိုယ်တိုင် နှိုးမှ နိုးမှာ”..မမမေက နယ်လီ့ဘက်ကို တစ်ချက်လှည့်ကြည့်ရင်း ပြောတယ်။
“ဟာ..ခင်ဗျား ဘာလုပ်တာလဲဗျာ.. ဘာလို့လဲ.. ကျွန်တော်တို့ကို ပေးပြန်ပါတော့။ အကုန်လုံးလည်း သေကုန်ပြီ.. ကျွန်တော် ဒီမှာ ဆက်မနေရဲတော့ဘူး”
မမမေက စားပွဲပေါ်မှာ ထိုင်နေရာကနေ မတ်တပ်ထရပ်လိုက်တယ်။ သူ့အရပ်က ကျွန်တော့်ထက်တောင် ၂ လက်မလောက် မြင့်နေမလားပဲ။
“မင်းခန့်ထူး နင် ယောကျ်ားမဟုတ်ဘူးလား။ ဘာတွေ သွေးကြောင်နေတာလဲ”.. မမမေက မေးတယ်။
“ဘာဆိုင်လဲ.. ဘာဆိုင်လို့လဲ.. ဒီမကောင်းဆိုးဝါးက လူမှ မဟုတ်ဘဲ..ကျွန်တော် ကျွန်တော်..”
“ဒီအိမ်ရဲ့ ပိုင်ရှင်က နင်။ ဒီမြေရဲ့ မကောင်းဆိုးဝါးကလည်း နင့်ကိုပဲ ပစ်မှတ် ထားနေတာ။ နင့်ကို အသုံးချချင်နေတာ”.. မမမေက ကျွန်တော့်ရင်ဘတ်ကို လက်ညှိုးနဲ့ ထောက်ရင်း ပြောတယ်။ သူ့ရဲ့ တဖျတ်ဖျတ်တောက်နေတဲ့ မျက်လုံးတွေအောက်မှာ ကျွန်တော့် တစ်ကိုယ်လုံး ကျုံ့ဝင်ပျောက်ကွယ်သွားတော့မယ်။
“နင့်အဖေက ဦးသိန်းလက်ထဲကို ဒီအိမ်ကို မထည့်ခဲ့တာ သူ သေကာနီးမှာမှ အမြင်မှန် ရသွားလို့ ဖြစ်လိမ့်မယ်။ နောင်တရသွားတာနေမှာပေါ့။ နှလုံးဖောက်ပြီး အချိန်မရွေးသေနိုင်တယ်ဆိုတော့ အသက်ရှည်ဆေး ရလည်း ဘာထူးမလဲ ဟုတ်တယ်မဟုတ်လား။ ဒါကြောင့် နင့်လက်ထဲကို လွှဲခဲ့တာ။ စကားဝါ ပြဿနာကို နင့်ဘာသာနင် ကောင်းသလို ကြည့်ရှင်းဖို့ စိတ်ချလက်ချ အပ်ခဲ့တာ။ နင် ထွက်ပြေးလို့ ဘယ်ရမလဲ”
“ဘာဆိုင်လဲဗျ ကျွန်တော်နဲ့ ဘာဆိုင်လဲ။ သူတို့ဘာသာသူတို့ ဇာတ်ရှုပ်ထားတာ ကျွန်တော့်ပေါ်ကို လာပုံချလို့ ရမလား”.. ကျွန်တော် ပိတ်အော်လိုက်တယ်။
“သွေး..ဆိုတဲ့ ပြဿနာပေါ့။ ငါလည်း ငါ့မိဘတွေ လွှဲခဲ့တဲ့ တာဝန်တွေကို မလိုချင်ဘဲ ယူထားရတာပဲ။ နင်လည်း နင့်အဖေသွေး နင့်ကိုယ်ထဲမှာ စီးနေသရွေ့ ဒီပြဿနာဟာ နင့်ပြဿနာပဲ”.. မမမေက ပြောတယ်။ သူ့မျက်နှာနဲ့ ကျွန်တော့်မျက်နှာနဲ့ အရမ်းကို နီးကပ်နေပြီ။ မျက်လုံးတွေ ပြန်မည်းသွားပြီး ကျွန်တော့်ကို ကိုက်များ စားတော့မလား..။
“ခင်ဗျားက ကျွန်တော့်ကို ဘာလုပ်မလို့လဲ။ ကျွန်တော် ဘာလုပ်ပေးရမှာလဲ”.. ကျွန်တော် မေးလိုက်တယ်။
++++++++
အခန်း (၁၇)
(က)
“အစ်မ ကျွန်တော်တို့ ပြန်တော့မယ်ခင်ဗျ”
သူဇာလွင့် ရုံးခန်းတံခါး၀မှာ လွင်သူဟိန်းနဲ့ တခြား ဝန်ထမ်း ကောင်လေး နှစ်ယောက်။ လွင်သူဟိန်းက သူဇာလွင့်ကို အားနာတဲ့ မျက်နှာနဲ့ ကြည့်နေတယ်။ မင်းခန့်ထူးကိုလည်း မသိမသာ ခိုးကြည့်လိုက်သေးတယ်။ မင်းခန့်ထူးက သူတို့ကို လက်ပြ နှုတ်ဆက်တယ်။ လွင်သူဟိန်းနဲ့ အပေါင်းအပါတွေ ကြောင်တောင်တောင်နဲ့ လက်ပြန်ပြကြတယ်။
“ဟဲ့.. နေပါဦး”.. သူဇာလွင် ပြောရင်းနဲ့ တံခါး၀နားကို ထသွားလိုက်တယ်။
“အစ်မ ညတစ်နာရီ ထိုးတော့မယ်နော်”.. လွင်သူဟိန်းက သူဇာလွင် အနားရောက်လာတော့ လေသံတိုးတိုးနဲ့ ပြောတယ်။ “ဟိုလူကြီးက မပြန်သေးဘူးလား။ ဘယ်အချိန်အထိ ပြောမလို့လဲ”
“ပြီးတော့မယ် ထင်ပါတယ်။ နင်တို့ကလည်းဟာ ခဏစောင့်ပါဆို”
“မရတော့ဘူးအစ်မ။ ဒီည အိမ်မှာ လူစောင့်မရှိဘူး။ ဆောရီးပါ။ အစ်မ လိုက်ခဲ့မှာလား”
“ဒါဆိုလည်း သွားဟာ။ တခြား ဘယ်သူရှိသေးလဲ ရုံးထဲမှာ”
“ညစောင့် ဦးလေးကြီးတော့ ရှိတယ်လေ။ သူ့ကို တက်လာခိုင်းလိုက်မယ်”.. လွင်သူဟိန်းက ပြောတယ်။
“အေးအေး ကောင်းတယ်။ ငါ့ ရုံးခန်းအပြင်မှာ စောင့်နေပေးပါလို့ ပြောပေးဟာ။ နင်တို့ကလည်း ဒီနေ့မှ စောစောစီးစီးပြန်ရတယ်လို့”
“ဆောရီးပါ အစ်မရယ်။ မပြန်လို့ မရလို့ပါ”.. လွင်သူဟိန်းက တောင်းပန်ပြီး သူဇာလွင့်ကို နှုတ်ဆက်၊ ပြန်ထွက်သွားတယ်။
(ခ)
“ဦးသိန်းတို့က ဘယ်အချိန်လောက် ပြန်ရောက်လာသလဲ”.. သူဇာလွင် မေးလိုက်တယ်။ မျက်လုံးကတော့ ညစောင့်ဦးလေးကြီး ရောက်လာပြီလား..ဆိုပြီး အပြင်ကို ခဏခဏ လှမ်းကြည့်နေမိတယ်။
“ဘာတွေ ကြည့်နေတာလဲဗျ”.. မင်းခန့်ထူးက နောက်ကိုလှည့်ကြည့်ရင်း မေးတယ်။ “ဘယ်သူမှ မရှိတော့ဘူးလား။ ပြန်ကုန်ကြပြီလား”
“ညစောင့် ဦးလေးကြီး လာလိမ့်မယ်။ ခေါ်ထားတယ်”.. သူဇာလွင် လေသံမာမာနဲ့ သတိပေးသလို ပြောလိုက်တယ်။
မင်းခန့်ထူးက ပြုံးတယ်။ အဲဒီအပြုံးကို သူဇာလွင် တော်တော် မုန်းနေပြီ။
“ခင်ဗျားကလည်း ကြောက်တတ်ရန်ကော”
“ကြောက်တယ်။ ရှင် ဘယ်လိုလူလဲဆိုတာ သိလိုက်ရလို့ ပိုကြောက်သွားတာ။ ရှင်းလား။ မိန်းကလေးတစ်ယောက်ရဲ့ နောက်ကြောင်းကို အသုံးချပြီး အကြပ်ကိုင်ချင်တဲ့လူမျိုး”..သူဇာလွင် တည့်တည့်ကြီးပဲ ပြောချလိုက်တယ်။ စိတ်ဆိုးသွားလဲ အေးတာပဲ။ စိတ်ဆိုးပြီး ထပြန်သွား ပိုတောင်ကောင်းသေး။
“ဆောရီးဗျာ”.. မင်းခန့်ထူးက စိတ်မကောင်းသလို လေသံနဲ့ ပြောတယ်။ “အကြပ်ကိုင်ဖို့ မရည်ရွယ်ပါဘူး။ ဒါနဲ့ ခင်ဗျား မိဘတွေ ဘယ်သူတွေလဲဆိုတာ စုံစမ်းဖြစ်သေးလားဗျ”
“ဘာလို့ စုံစမ်းရမှာလဲ။ ကျွန်မကို မလိုချင်လို့ အမှိုက်ပစ်သလို ပစ်သွားတဲ့ လူတွေကို ဘာလို့ လိုက်ရှာရမှာလဲ”
“ဪ..”
“ဘာလဲ။ ကျွန်မ မိဘအရင်းတွေ ဘယ်သူလဲဆိုတာ ရှင်သိပါတယ် ဆိုပြီး မက်လုံးပေးမလို့လား။ ဒါဆိုရင်တော့ ဆောရီးပဲ။ ကျွန်မ မသိချင်ဘူး။ ကျွန်မ တစ်သက်လုံး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်လာခဲ့ရတာ။ ကိုယ့်ပိုက်ဆံကိုယ် ရှာခဲ့ရတာ။ ကိုယ့်ဘ၀ကိုယ် ကျောင်းခဲ့ရတာ။ အခုမှ မွေးသမိခင်..တွေ ဖခင်တွေ ဆိုပြီး ပေါ်လာလည်း ကျေးဇူးမတင်နိုင်ဘူး”.. သူဇာလွင် ပြောရင်းနဲ့ စိတ်တိုသလိုလို ဝမ်းနည်းသလိုလို ဖြစ်လာတယ်။ နှုတ်ခမ်းကို ကိုက်ထားလိုက်တယ်။
အသံသွင်းစက်က ချောက်ခနဲ မြည်ပြီးရပ်သွားတယ်။
သူဇာလွင် ပါးစပ်က မကြားတကြား ကျိန်ဆဲလိုက်ပြီး စားပွဲ အံဆွဲကို ဖွင့်တယ်။ တိတ်ခွေ အသစ်တစ်ခွေ ထုတ်ပြီး လဲတယ်။ ဒီအင်တာဗျူး ဘယ်နှနာရီ ကြာဦးမှာလဲ။ စိတ်ကုန်နေပြီ။
“မသူဇာ”
သူဇာလွင် မော့ကြည့်လိုက်တယ်။ မင်းခန့်ထူးက သူ့ကို စိုက်ကြည့်နေတယ်။ မျက်လုံးတွေက ရင်းနှီးပြီးသား သူတစ်ယောက်ကို ကြည့်တဲ့ မျက်လုံးတွေ။ ဘာလဲ.. ကြင်နာသနားတတ်ချင်ယောင် ဆောင်မလို့လား။
“ဘာလဲ”
“တကယ်လို့များ ကျွန်တော် တစ်ခုခုဖြစ်သွားခဲ့ရင်.. ဒီအင်တာဗျူးကိုတော့ မေ့မသွားနဲ့ဗျ.. နော်။ ကျွန်တော့်ကိုလည်း မေ့မသွားနဲ့”.. မင်းခန့်ထူးကပြောတယ်။
“အို.. ဘာတွေ ပြောနေပြန်ပြီလဲ။ ဘာကို တစ်ခုခု ဖြစ်ရမှာလဲ။ ကျွန်မ ရုံးခန်းထဲမှာတော့ နှလုံးရောဂါ ထမဖောက်နဲ့နော်။ အမှုပတ်မယ်”
မင်းခန့်ထူးက အသံလွင်လွင်နဲ့ ရယ်ပြန်တယ်။ ရယ်လိုက်.. ပြုံးလိုက်နဲ့ သူတစ်ယောက်တည်း သာယာနေလိုက်တာ။
“စိတ်မပူနဲ့ မမေ့ဘူး။ ဒီလောက် စိတ်ပျက်စရာကောင်းတဲ့ အင်တာဗျူးမျိုး ကျွန်မ တစ်သက်လုံး မမေ့ဘူး ဟုတ်ပြီလား။ ကဲဆက်ပြော။ ဘာဆက်ဖြစ်သလဲ”..သူဇာလွင် စိတ်ပျက်ပျက်နဲ့ ညည်းလိုက်တယ်။
(ဆက်ရန်)
ချမ်းမြေ့ဝင်း
၁၄-၅-၂၀၂၀