(ဃ)
ခင်ဗျားသိလား။ ကျွန်တော်တို့ရဲ့ လူ့ဦးနှောက်ဟာ တစ်ခါတစ်လေကျရင် တော်တော် ဆိုးတယ်။ သတိတရ အမှတ်ရနေသင့်တဲ့ တဒင်္ဂတွေကိုကျတော့ မေ့ဖျောက်ပစ်တယ်။ မမှတ်မိသင့်တာတွေကိုမှ ရွေးပြီး တစ်သက်လုံး စွဲလမ်းနေအောင် ဒုက္ခပေးတယ်။
အနိဌာရုံမြင်ကွင်းတွေဆိုရင် ပိုဆိုး။ ခေါင်းရဲ့ ဟိုးအတွင်းထဲမှာ ကျောက်စာရေးသလို အသေထွင်းပစ်လိုက်တာ။
ယမင်းပါးစပ်ထဲက ပန်းထွက်လာတဲ့ သွေးတွေနဲ့ ဆံပင်အမျှင်တွေကို ကျွန်တော် မှတ်မိနေတယ်။ သူ့ရဲ့ နှုတ်ခမ်း တစ်ဖက်တစ်ချက်ဆီမှာ ဟက်တက်ကြီးကွဲနေတာကို မှတ်မိတယ်။ ဆံပင်တွေနဲ့အတူ လွင့်စင်ထွက်လာတဲ့ ဖြူဖြူ အစအနတွေကိုလည်း မှတ်မိနေတယ်။ စစခြင်းတော့ နေ့ခင်းက စားထားတဲ့ ထမင်းလုံးတွေ ပြန်အန်ထွက်လာတာလို့ ထင်တာ။ ဒါပေမယ့် မဟုတ်ဘူးဗျ။ အဲဒီဖြူဖြူ အစတွေ ကျွန်တော့်ရှေ့ ကြမ်းပြင်မှာ တဖြောင်းဖြောင်းနဲ့ လာကျတော့မှ သေချာကြည့်မိတော့ သူ့ပါးစပ်ထဲက ပြုတ်ထွက်လာတဲ့ သွားတွေ ဖြစ်နေတယ်။
ကျွန်တော့်စိတ်ထဲ ပထမဆုံး ခုန်ဝင်လာတဲ့ အတွေးက တော်တော် အသုံးမကျတဲ့ အတွေးပဲ။ ယမင်းလို အသက်ငယ်ငယ်ရွယ်ရွယ် ကျန်းကျန်းမာမာ မိန်းကလေးတစ်ယောက်ရဲ့ ပါးစပ်ထဲက အဲဒီလို သွားတွေပါ ပြုတ်ထွက်လာလောက်အောင် အန်တယ်ဆိုတာ.. ဘာရောဂါများ ရှိိလို့လဲဆိုပြီး တွေးမိတာပေါ့။ ဘယ်လောက်တောင် သုံးစားမရတဲ့ အတွေးလဲ။ မျက်စိရှေ့မှာ ဒီလောက်ဖြစ်နေတာတောင် ကျွန်တော့်စိတ်က ဒါဟာ..သာမန် အဖြစ်အပျက်တစ်ခုပါပဲ..ဆိုပြီး အတင်း ဆွဲတွေးနေတာလေ။
ပြီးတော့ ခင်ဗျားကို ကျွန်တော် ထပ်ကာထပ်ကာ ပြဖူးတဲ့အတိုင်းပဲ..ကျွန်တော်တို့ထဲမှာ ဒီလို အရေးပေါ် အခြေအနေမျိုးကို ကိုင်တွယ်ဖြေရှင်းဖို့ အရည်အချင်းရှိတဲ့သူ တစ်ယောက်မှ မပါဘူး။ အားလုံးက အရက်ရှိန်တစ်ဝက် မူးယစ်ဆေး တစ်ဝက်နဲ့ ထွေနေကြတာ။
ယမင်း အဲဒီလို ရုတ်တရက်ကြီး ထဖြစ်တော့ ကျွန်တော်တို့ ခေါင်းထဲက ထွေနေ ဝါးနေတာတွေ နည်းနည်းတော့ ပျောက်သွားတယ်။ ဒါပေမယ့် အကုန်လုံးက အိပ်မက်မက်နေရာကနေ ဆောင့်ကန်ပြီး အနှိုးခံရတဲ့သူတွေလို ဇဝေဇဝါနဲ့ နိုးတစ်ဝက် အိပ်တစ်ဝက်တွေ ဖြစ်နေတယ်လေ။
ကျွန်တော်တို့ထဲမှာ အသွက်လက်ဆုံးက ကျော်ဇော ဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ယမင်း ပါးစပ်က အဲဒီလို တဝေါဝေါနဲ့ အန်ချနေတာကို အားလုံးက ကြောင်ကြည့်နေချိန်မှာ ကျော်ဇောက ယမင်းနားကို စွေ့ခနဲ ရောက်သွားတယ်။ အရှေ့ကို ကိုးဆယ်ဒီဂရီ နီးပါး မှောက်ကျနေတဲ့ ယမင်းကို ခါးကနေကိုင်ပြီး ဆွဲလှန်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် ယမင်းက အနောက်ကို ပြန်မတ်မလာဘဲ အရှေ့ကို လေးဘက်ထောက်လျက်သား မှောက်ချလိုက်တယ်။
ယမင်းရဲ့ ပုံစံက အခုမှ ပိုပြီး ပုံဆိုးပန်းဆိုးဖြစ်သွားတယ်။ အားမနာတမ်း တည့်တည့်ပြောရရင် အဆိပ်မိတဲ့ ခွေးတစ်ကောင်လို လေးဘက်ထောက်ကြီး တဂတ်ဂတ်တွေ ဖြစ်နေတာ။ ယမင်း ပါးစပ်ထဲက ပန်းထွက်နေတဲ့ သွေးတွေက အနီရောင်ရဲရဲကနေ အညိုရောင်ပုပ်ပုပ်တွေ ဖြစ်လာတယ်။ လည်ချောင်းထဲက လေတက်တဲ့အသံလိုလို တအေ့အေ့ အသံတွေ ထွက်နေတယ်။ ပါးစပ်ထဲက ထွက်ကျလာတဲ့ အမွေးအမျှင်တွေနဲ့ ယမင်းခေါင်းပေါ်ကနေ ဖားလျားကျနေတဲ့ ဆံပင်တွေ ရောပြီး လုံးထွေးကုန်တယ်။ သူဝတ်ထားတဲ့ တီရှပ်က အရင်က ဘာအရောင်မှန်းမသိတော့အောင်ကို သွေးအလူးလူး ဖြစ်နေပြ။
ယမင်းက အားယူလိုက်သလို ကျောကုန်း တစ်ချက် ကော့ပြီး ခေါင်းကို မော့လိုက်တယ်။ သူ့မျက်လုံး နှစ်လုံးစလုံးက ဟိုတစ်နေ့ညက တွေ့လိုက်ရသလိုပဲ မျက်ဖြူလန်နေတယ်။ မျက်လုံးအောက်က အကြောတွေ နီရဲလို့။ ပြီးလည်းပြီးရော အရှေ့ကို ကုန်းပြီး နောက်တစ်ခါ ဂတ်ဆိုပြီး..ထပ်အန်ချပြန်တယ်။ ဒီတစ်ခါကျတော့ သွေးတွေတင်မကဘူး နီနီမည်းမည်း အခဲအဖတ်တွေပါ ဖုတ်ခနဲ ပြုတ်ကျလာတယ်။
ကျွန်တော် အဲဒီတော့မှ သတိဝင်သွားပြီး ယမင်းဘေးနားကို အမြန်သွား သူ့ကျောကုန်းကို လက်နဲ့ တဖတ်ဖတ် ရိုက်တယ်။ ပါးစပ်ကလည်း “ယမင်း ဘာဖြစ်တာလဲ.. အန်ချလိုက် အန်ချလိုက်”..ဆိုပြီး အသုံးမကျစွာ ပြောနေမိတယ်။ ဘာလို့ အဲဒီလို လုပ်တာလဲလို့တော့ မမေးနဲ့ဗျ။ ကျွန်တော်တို့ အပေါင်းအသင်းတွေ မူးရူးပြီး အန်တိုင်း အဲဒီလိုပဲ လုပ်ပေးနေကျ မဟုတ်လား။
မိနှင်းက ရေသန့်ဘူးတစ်ဘူးကို အမြန်သွားယူပြီး ယမင်းပါးစပ်နားမှာ တေ့ပေးဖို့ ကြိုးစားတယ်။ အလုပ်မဖြစ်ဘူး။ ပါးစပ်ထဲက ယိုထွက်နေသေးတဲ့ သွေးတွေ၊ ဆံပင်အစအနတွေ ရေဘူးထဲကို ဝင်ကုန်တယ်။ မျိုးမြတ်နဲ့ ကျော်ဇောက ယမင်းရဲ့ ပါးစပ်ကို အတင်းပိတ်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် သွေးတွေနဲ့ ချော်ထွက်နေတယ်။
“ပါးစပ်ကို စေ့လိုက်..စေ့လိုက်..”..ကျော်ဇောက အော်တယ်။
“မဟုတ်ဘူး မဟုတ်ဘူး၊ ခေါင်းကို မော့ခိုင်းထားလိုက်..”..မျိုးမြတ်အောင်က ပြောတယ်။
“အဲဒါ..ဘာအမွေးတွေလဲ…ဆံပင်တွေလား.. ဘာတွေလဲ”..ဖြူမော်က ကြောက်လန့်တကြားနဲ့ အော်တယ်။
“နင့်ပါးစပ်ပိတ်ထားစမ်း။ လက်ကိုင်ပုဝါရှိလား တဘက်ဖြစ်ဖြစ် တစ်ခုခု အမြန်ပေးစမ်း”..ကျော်ဇောက ဖြူမော့်ကို ငေါက်တယ်။
ဘယ်နားမှာ ရှိမှန်း သူကိုယ်တိုင်လည်း မသိတဲ့ လက်ကိုင်ပုဝါ..ဆိုတာကို ဖြူမော်က ပျာယီးပျာယာနဲ့ လိုက်ရှာတယ်။
“သွေးတွေ..သွေးတွေ အများကြီးပဲ”.. နယ်လီက ကြမ်းပြင်မှာ အိုင်ထွန်းနေတဲ့ သွေးပြစ်ပြစ်တွေကို ကြည့်နေရင်း ခွေခွေလေးလဲကျပြီး သတိလစ်သွားတယ်။ ကျော်ဇောက မေ့လဲသွားတဲ့ နယ်လီ့ကို တစ်ချက် လှမ်းဆဲတယ်။ ဖြူမော်က နယ်လီ့ကိုကြည့်လိုက် ယမင်းကိုကြည့်လိုက်နဲ့ ပါးစပ်ကလည်း ဘာတွေမှန်းမသိ တတွတ်တွတ် ရွတ်လို့။ လက်ကိုင်ပုဝါကို ရှာနေတာလည်း မတွေ့သေး။
အဲဒီအချိန်မှာ ယမင်း အန်နေတာ ခဏ ရပ်သွားတယ်။ မျက်လုံးတွေ ပြန်လည်လာတယ်။ မျက်ဖြူသားတွေ အောက်ကို ပြန်ကျသွားပြီး သူ့ မျက်ဆံနှစ်ခုကို ပြန်မြင်ရပြီ။ ယမင်းရဲ့ မျက်နှာတစ်ခုလုံးက မီးရောင်အောက်မှာ သွေးအလူးလူးနဲ့ ပြောင်လက်နေတယ်။ ယမင်း မျက်လုံးတွေက ကျွန်တော့်ဆီကို ရောက်လာတယ်။
“ယမင်း။ ယမင်း နင်ဘာဖြစ်တာလဲ.. ဘာဖြစ်တာလဲ။ သက်သာသွားပြီလား”.. ကျွန်တော် မေးလိုက်တယ်။
ယမင်းက ဘာမှ ပြန်မပြောဘူး။ ကျွန်တော့်ကိုပဲ မျက်လုံးအကြောင်သားနဲ့ စိုက်ကြည့်နေတယ်။
“ယမင်း..ယမင်း”..မိနှင်းက ဘေးကနေ တတွတ်တွတ်ခေါ်နေတယ်။ ယမင်းကတော့ ကြားပုံ မပေါ်ဘူး။ သူ့မျက်လုံးတွေက ကျွန်တော့်ကို ကြည့်နေရာကနေ ကျွန်တော့် နောက်ဘက်မှာရှိတဲ့ အိမ်ရှေ့တံခါး၀ဘက်ဆီကို ရောက်သွားတယ်။
ယမင်းရဲ့ မျက်ဆံတွေ အပေါ်ကို ပြန်တက်သွားတယ်။ လေးဘက်ထောက်နေရာကနေ ကိုယ်ကို မတ်ပြီး ဒူးထောက် ထိုင်ချလိုက်တယ်။ ယမင်းရဲ့ ခေါင်းက နောက်ကို လန်ကျသွားတယ်။ ပါးစပ်ကို ဟပြီး အသက်ရှူဖို့ ကြိုးစားတယ်။ ဒါပေမယ့် လေမရသလို သူ့မျက်နှာတွေ ပြာနှမ်းလာတယ်။
ခဏကြာတော့ ယမင်းပါးစပ်ကနေ လေတွေ တိုးထွက်သွားသလို ဟူး..ခနဲ အသံကြီးထွက်လာပြီး သူ့ပါးစပ်ထဲက သွေးအလုံးအခဲတွေကို နောက်ဆုံးအကြိမ်အဖြစ် ဟက်ခနဲ အန်ထုတ်လိုက်တယ်။ ခေါင်းကို နောက်လှန်ထားတော့ ပါးစပ်ထဲက ခုန်ထွက်လာတဲ့ သွေးခဲတွေက ယမင်းရဲ့ ပါးစပ်ပေါ်ကို ဖတ်ခနဲ ပြန်ကျတယ်။ ယမင်း တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ဘေးတိုက်လဲကျသွားတယ်။ ခြေတွေလက်တွေ တစ်ချက် နှစ်ချက် တုန်ပြီး ငြိမ်ကျသွားတယ်။
++++++++
အခန်း (၆)
(က)
ဇာတ်လမ်းကို အာရုံစိုက် နားထောင်နေပေမယ့် သူဇာလွင့် မျက်လုံးတွေက ပြတင်းပေါက်ဆီမှာ။
အပြင်မှာ နေရောင် လုံး၀ ပျောက်သွားပြီ။ အခန်းထဲမှာတော့ မီးရောင်နဲ့ လင်းနေသေးပေမယ့် အပြင်က အမှောင်ထုက အထဲကို မသိမသာ စိမ့်ဝင်လာနေတယ်။ အဲယားကွန်းက တဝီဝီ ထွက်လာနေတဲ့ လေအေးကြောင့်လား၊ ညနေခင်းမို့လို့ ပိုပြီး ချမ်းလာသလားတော့ မသေချာ.. သူဇာလွင့် တစ်ကိုယ်လုံး ပုံမှန်ထက် ပိုပြီး အေးစိမ့်စိမ့်နေတယ်။
“ကျွန်တော်တို့ သူ့ကို အသက်ကယ်ဖို့ ကြိုးစားသေးတယ်။ ရုပ်ရှင်တွေထဲမှာ တွေ့ဖူးတဲ့ အတိုင်း ရင်ဘတ်ကို လက်နဲ့ ဖိပေးတယ်။ နှုတ်ခမ်းချင်းတေ့ပြီး လေမှုတ်ထည့်ပေးတယ်။ ဒါပေမယ့် ယမင်းရဲ့ နှလုံးက ပြန်ခုန်မလာတော့ဘူး” .. မင်းခန့်ထူးက စကားကို အဆုံးသတ်လိုက်တယ်။
“ဒီတော့ ရှင်ပြောချင်တာက..ယမင်းက အဆိပ်သင့်ပြီး သေသွားတယ်ပေါ့” .. သူဇာလွင် မေးလိုက်တယ်။
မင်းခန့်ထူးက သူဇာလွင့်ကို ခင်ဗျား ရူးနေသလား..ဆိုတဲ့ အမူအရာနဲ့ မျက်လုံးပြူးပြီး ကြည့်တယ်။
“သဘာ၀ကျကျ ကောက်ချက်ချရမယ်ဆိုရင် အဲဒါ တစ်ခုပဲ ရှိတာပဲ မဟုတ်လား။ ရှင် အမှန်အတိုင်းပြောနေတာ ဆိုရင် ပြောတာနော်”
“ခင်ဗျား ကျွန်တော်ပြောတာတွေကို သေချာ နားမထောင်ဘူးလား။ အဆိပ်ခတ်ခံရတာနဲ့ ပါးစပ်ထဲကနေ ဘာမှန်းမသိတဲ့ အမွေးအမျှင်တွေ အထွေးလိုက် ထွက်ကျလာတယ်ဆိုတာ၊ နှုတ်ခမ်းထောင့်စွန်းတွေပါ ဟက်တက်ကွဲကုန်တယ်ဆိုတာ.. ခင်ဗျား ကြားဖူးသလား”
“ဒါတော့ ရှင့်အပြောပဲ ရှိတာပဲလေ။ ဟုတ်မဟုတ် ကျွန်မလည်း သိနိုင်တာမှ မဟုတ်တာ။ ပြီးတော့ ရဲမှတ်တမ်းတွေအရဆိုရင် သေတဲ့လူတွေထဲမှာ ရှင်ပြောသလို အဆိပ်ခတ်ခံရတာ တစ်ယောက်မှ မပါဘူး။ အကုန်လုံးက ဓား ဒါမှမဟုတ် ပုဆိန်လို လက်နက်တစ်ခုခုနဲ့ အပိုင်းပိုင်း ခုတ်ခံထားရတာ”..သူဇာလွင် ပြောနေရင်းနဲ့ လက်ထဲက နာရီကို ကြည့်လိုက်တယ်။
“ကဲ.. ကျွန်မ အချိန်မရှိတော့ဘူး။ မှောင်လည်းမှောင်နေပြီ။ ဆောရီးပါ ကိုမင်းခန့်ထူး။ ရှင့်ဇာတ်လမ်းက အခုထိ ဘာမှ ရေရေရာရာ အကောင်အထည်ပေါ်မလာဘူး။ ရှင်ပြောနေတဲ့ ယုံတမ်းပုံပြင်တွေကို ကျွန်မ သတင်းလုပ်ပြီးတော့လည်း ရေးမပေးနိုင်ဘူး။ ကျွန်မ သွားတော့မယ်”
ပြောပြီးတာနဲ့ သူဇာလွင် ထထွက်လာလိုက်တယ်။ မင်းခန့်ထူး လှမ်းတားတာကိုလည်း မစောင့်တော့ဘူး။ ပြန်လည်း မလှည့်ကြည့်တော့ဘူး။ မာရသွန် အပြေးသမားတစ်ယောက်လို တိုက်လှေကားထစ်တွေကို သုံးလေးငါးထစ် ခုန်ကျော်ပြီး အမြန် ဆင်းလာလိုက်တယ်။
(ခ)
ကားပေါ်ကို ပြန်ရောက်တာနဲ့ သူဇာလွင် သက်ပြင်းကို အရှည်ကြီး ချတယ်။ ဘယ်နဲ့ညာ ကားပြတင်းမှန်တွေကို ခပ်မြန်မြန်ချ၊ အခုမှ အသက်၀အောင်ရှူရသလို လေကို တ၀ကြီး ရှူသွင်းတယ်။
ဒီနေ့တစ်ရက်လုံး ဘာမဟုတ်တဲ့ ကိစ္စနဲ့ အချိန်ကုန်သွားတာပဲ။ မင်းခန့်ထူးဆိုတဲ့လူက ယဉ်ယဉ်လေး ရူးနေတာပဲ ဖြစ်မယ်။ ဒါမှမဟုတ် အခုမှ နာမည်ကြီးချင်လို့ ထပြီး ဇာတ်လမ်းဆင်တာလည်း ဖြစ်နိုင်တယ်။ ကိုးလောင်းပြိုင် လူသတ်မှုရဲ့ တရားခံ သူဖြစ်နိုင် မဖြစ်နိုင်ကို သူဇာလွင် သေချာ မသိတော့ဘူး။ မင်းခန့်ထူးသာ တကယ့် လူသတ်သမားသာဆိုရင် အခုလို ပေါက်တတ်ကရ ဇာတ်လမ်းတွေကို ဆင်ပြီး ပြောပါ့မလား။ သူဇာလွင် ခေါင်းခါလိုက်တယ်။ အခုမှတော့ အဲဒါတွေ အရေးမကြီးတော့ပါဘူး။ သုံးလို့ရမယ့် သတင်းတစ်ပုဒ်လည်း မရနိုင်တော့ဘူး။ မင်းခန့်ထူးဆီက အီးမေးလ်လက်ခံရတဲ့ အကြောင်းကို ဘယ်သူ့ကိုမှ ပြန်ပြောမပြတော့ဘူးလို့ သူဇာလွင် ဆုံးဖြတ်လိုက်တယ်။ ဟုတ်တယ်လေ။ ပြန်ပြောပြရင်လည်း သူဇာလွင်ပဲ အလှောင်ခံရမှာ။ သရဲလိုလို တစ္ဆေလိုလို လုပ်ကြံဇာတ်လမ်းတွေကိုမှ အရေးတယူလုပ်ပြီး နားထောင်ပေးမိတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ..
“ဒါလေးတော့ ပြန်ယူသွားဦးလေဗျ”
သူဇာလွင် လန့်ပြီး ပက်ပက်စက်စက် ဆဲလိုက်မိတယ်။ ရင်ဘတ်ထဲက နှလုံး လည်ချောင်းအ၀ထိ ခုန်တက်လာပြီး နင်ခနဲ ဖြစ်သွားတယ်။
“ရှင် ဘာလိုက်လုပ်တာလဲ။ ဒါဘာသဘောလဲ”.. ကားဘေးမှာရပ်ရင်း သူ့ကို ပြုံးပြီး ကြည်နေတဲ့ မင်းခန့်ထူးကို သူဇာလွင် ပိတ်အော်လိုက်တယ်။
မင်းခန့်ထူးက သူ့လက်ထဲက အသံဖမ်းစက်ကို ထောင်ပြတယ်။
“ကျွန်တော်ပြောတာတွေကို သတင်းလုပ်ပြီး မရေးဘူးဆိုရင်တောင် အသံသွင်းထားတဲ့ အခွေကိုတော့ အမှတ်တရ ယူသွားပါဗျ။ ဘာလို့ ထားခဲ့တာလဲ”..မင်းခန့်ထူးက ပြောတယ်။ လရောင်အောက်မှာ သူ့မျက်နှာက ပိုလို့တောင် ဖြူဖျော့နေတယ်။
“ထားခဲ့တာမဟုတ်ဘူး။ မေ့ခဲ့တာ။ ပေး”.. မင်းခန့်ထူးလက်ထဲမှာ ကိုင်ထားတဲ့ အသံဖမ်းစက်ကို သူဇာလွင် ကားပြတင်းပေါက်ကနေ လှမ်းယူလိုက်တယ်။ မင်းခန့်ထူးက လက်ကို ဖတ်ခနဲ ရုတ်သွားတယ်။
“ရှင်ဘာလုပ်တာလဲ။ ကျွန်မ ရီကော်ဒါကို ပြန်ပေးနော်။ ဟိုမှာ လူတွေ ကြည့်နေတယ်”..သူဇာလွင် အံကိုကြိတ်ပြီး ပြောလိုက်တယ်။
တိုက်တန်းဝင်းရဲ့ အဝင်၀မှာ ဂစ်တာတီးနေတဲ့ လူငယ်တစ်ဖွဲ့ ၊ သူဇာလွင့် ကားဘက်ကို မသိမသာ လှမ်းကြည့်နေကြတယ်။ မင်းခန့်ထူးက သူတို့ဘက်ကို တစ်ချက်လှည့်ကြည့်တယ်။ သူဇာလွင့်ဘက်ကို ပြန်လှည့်တယ်။ ကားတံခါးနားကို ထပ်ကပ်လာပြီး တံခါးဘောင်ပေါ်မှာ တံတောင်ဆစ်တစ်ဖက်ကို တင်တယ်။ သူ့မျက်နှာနဲ့ သူဇာလွင့်ကြားမှာ နှစ်ပေလောက်ပဲ ကွာတော့တယ်။ သူ့ခေါင်းလိမ်းဆီ အနံ့က သူဇာလွင့် မျက်နှာရှေ့ကို ဝေ့ဝဲလာတယ်။ သူဇာလွင့်လက်က ကားမှန်တင်တဲ့ လက်ကိုင်ဆီကို အလိုလို ရောက်သွားတယ်။
“မသူဇာ.. ကျွန်တော် တောင်းပန်ပါတယ်”
ရုတ်တရက်ကြီး ပြောင်းသွားတဲ့ သူ့လေသံနဲ့ ချက်ခြင်း သိမ်မွေ့သွားတဲ့ မျက်နှာထားကြောင့် သူဇာလွင် ဘာပြန်ပြောရမှန်းမသိဖြစ်သွားတယ်။
“ဘာကို တောင်းပန်တာလဲ”
“ကျွန်တော် ခင်ဗျားကို ဒီဇာတ်လမ်း အဆုံးအထိ ပြောပြမှ ဖြစ်မယ် မသူဇာ။ ပြောပြခွင့် ပြုပါ”
“အို ရှင်ဘယ်လို ဖြစ်နေတာလဲ။ အသည်းအသန်တွေ”
“ကျွန်တော် ကားထဲ ခဏဝင်ထိုင်မယ်နော်”..မင်းခန့်ထူးက ပြောပြီးတာနဲ့ ကားရှေ့ကနေ ပတ်ပြီး ဟိုဘက်တံခါးဆီကို လျှောက်သွားတယ်။ သူဇာလွင် ကားတံခါးချက်ကို ချဖို့ လက်လှမ်းလိုက်ချင်ပေမယ့် ဘာကြောင့်မှန်းမသိ လက်တွေကို လှုပ်ဖို့ သတိမရဘူး။
မင်းခန့်ထူးက သူဇာလွင့် ဘေးခုံမှာ ဝင်ထိုင်တယ်။ အသံဖမ်းစက်ကို သူဇာလွင့်လက်ထဲ ထည့်ပေးတယ်။ စိတ်ရှုပ်သလို ပုံစံနဲ့ သူ့ဆံပင်တွေကို လက်နဲ့ ထိုးဖွတယ်။
“ကိုမင်းခန့်ထူး”..သူဇာလွင် လေသံကို အတတ်နိုင်ဆုံးထိန်းပြီး ပြောလိုက်တယ်။ “ရှင်ဘာဖြစ်ချင်တာလဲဟင်။ ကျွန်မ ဘာလုပ်ပေးရမှာလဲ။ ရှင်နားထောင်ဆိုလို့လည်း နားထောင်ပေးပြီးပြီ။ အခု မိုးလည်း ချုပ်နေပြီ။ ကျွန်မ အိမ်ပြန်ချင်ပြီ။ နောက်ရက်မှ ပြောမယ်ဆိုရင်လည်း ကျွန်မ ပြန်လာခဲ့မယ်။ ဟုတ်ပြီလား။ ကျွန်မကို ပေးပြန်ပါတော့”
“နောက်ရက်မှ… နောက်နေ့မှ.. အင်း မဖြစ်ဘူးဗျ။ အခု အပြီးပြောမှ ရမယ်”
“ဘာလို့လဲ။ ရှင်က နောက်နေ့တွေ ဘယ်သွားစရာ ရှိလို့လဲ”
“ကျွန်တော် ခင်ဗျားကို ဘာကြောင့် ရွေးခဲ့သလဲ ခင်ဗျား မသိချင်ဘူးလား”..မင်းခန့်ထူးက ကားအပြင်ဘက်ကို လှမ်းငေးရင်း မေးတယ်။
“ကျွန်မတို့ သတင်းစာက အခု နာမည်အကြီးဆုံးတွေထဲမှာ ပါတယ်လေ။ ပြီးတော့ မှုခင်းသတင်းတွေနဲ့ ပတ်သက်ရင် Ruby Herald က စိတ်ချရလွန်းလို့ တခြားမီဒီယာတွေကတောင် ရည်ညွှန်းအဖြစ်ပြန်သုံးရတယ်လေ။ အဲဒါကြောင့် မဟုတ်ဘူးလား”..သူဇာလွင် ပြန်မေးလိုက်တယ်။
မျက်လုံးကတော့ ဂစ်တာတီးနေတဲ့ လူငယ်အဖွဲ့ကို မျက်ခြေမပြတ် စိုက်ကြည့်နေမိတယ်။ သူတို့တွေ ထပြန်မသွားကြပါစေနဲ့။
မင်းခန့်ထူးက ခေါင်းခါတယ်။
“မဟုတ်ဘူး။ ခင်ဗျား မှတ်မိသလား။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းက Ruby Herald မှာ ခင်ဗျား ဆောင်းပါးတစ်ပုဒ်ရေးခဲ့တယ်။ ဆောင်းပါးနာမည်က “အမှန်တရားရဲ့ သားကောင်များ”..တဲ့”
သူဇာလွင် အတော်ကြာကြာ တိတ်ဆိတ်သွားတယ်။ အဲဒီဆောင်းပါးကို မင်းခန့်ထူးက သိနေတယ်..။ ဘယ်လိုလုပ်ပြီး သိနေတာလဲ။ သူဇာလွင်ရဲ့ ကိုယ်ပိုင်ထင်မြင်ချက်ဆောင်းပါး တစ်ပုဒ်ပါ။ သူဇာလွင် ကိုယ်တိုင်တောင် မေ့ချင်ချင်ဖြစ်နေပြီ။
“အဲဒီဆောင်းပါးထဲမှာ ခင်ဗျား ရေးခဲ့တာတွေ.. မှတ်မိသေးလား။ မှုခင်းသတင်းတွေ ၊ အင်တာဗျူးတွေ၊ အမေးအဖြေတွေကြောင့် လူထုမြင်ကွင်းကို ရောက်လာကြတဲ့ တရားခံတွေ၊ တရားလိုတွေရဲ့ အကြောင်းလေ။ အမှန်တရားကို လူတွေသိသွားတာ ကောင်းပေမယ့် လူတွေ သိသွားတဲ့အတွက် ကာယကံရှင်တွေရဲ့ ဘ၀တွေ ဘယ်လို ပြောင်းလဲသွားကြသလဲဆိုတာ သုံးသပ်ထားတာလေ”
“အင်း”..
“တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီတုန်းက ကျွန်တော်ကလည်း အသက် ၄၅ နှစ်ပြည့်ကာစ၊ အဖေ ပေးခဲ့တဲ့ ပိုက်ဆံတွေ လက်ထဲကို စပြီး ရောက်လာကာစ အချိန်။ ကုမ္ပဏီတွေဘာတွေ ထောင်၊ အလုပ်လုပ်ဖို့ ပြင်နေတဲ့အချိန်ပေါ့။ အတိတ်ကဟာတွေကို ပြည်ဖုံးကားချ ဘ၀အသစ် စတော့မယ်ပေါ့။ အဲဒီအချိန်မှာ ခင်ဗျားရဲ့ ဆောင်းပါးကို ဖတ်မိသွားတယ်။ အဲဒီမှာ ကျွန်တော် တစ်ခု စဉ်းစားမိတယ်။ အမှန်တရားကို ချပြလိုက်လို့ လူ့ဘ၀တွေ ပြောင်းလဲသွားတာမှန်တယ်။ ဒါပေမယ့် မချပြဘဲ ဖုံးထားတဲ့ အရာတွေကရော လူတွေကို မထိခိုက်တော့ဘူးလား..”
“ရှင်ဘာကို ပြောချင်တာလဲ”..သူဇာလွင် ပြန်မေးရင်း ခေါင်းထဲမှာ အဲဒီဆောင်းပါးထဲက အချက်အလက်တွေကို ပြန်စဉ်းစားကြည့်တယ်။ သုံးလေးနှစ် ကြာသွားပြီဆိုတော့ ဝေဝေဝါးဝါးတွေ ဖြစ်နေပြီ။
မင်းခန့်ထူးက ဆက်ပြောတယ်။
“ခင်ဗျား သုံးထားတဲ့ စကားစုလေး သိပ်လှတယ်။ ဘာတဲ့… အမှန်တရားဟာ အမြဲ..တရားပါတယ်..တဲ့”..မင်းခန့်ထူးက ပြောရင်းနဲ့ သဘောကျသွားသလို ရယ်တယ်။ “အမှန်တရားကြောင့် ဘယ်သူတွေ ဘယ်လို ထိခိုက်သွားသည်ဖြစ်စေ. နောက်ဆုံးမှာ လူတွေဟာ အမှန်ကိုသာ သိသင့်တယ်၊ လက်ခံရမယ်တဲ့.. ခင်ဗျား ပြောခဲ့တယ်။ အဲဒီကတည်းက ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ ငါသာ..တစ်နေ့နေ့ တစ်ချိန်ချိန်မှာ စကားဝါအကြောင်း ပြန်ပြောပြဖြစ်မယ်ဆိုရင် ဒီဆောင်းပါးပိုင်ရှင်ကို ရွေးမယ်လို့”
“ဒါဆို အဲဒီကတည်းက ကျွန်မကို ခေါ်မတွေ့ဘဲ ဘာလို့ နှစ်နှစ်တောင် ထိုင်စောင့်နေတာလဲ”..သူဇာလွင် မေးလိုက်တယ်။
“အဲဒီတုန်းက မမမေ..အသက်ရှင်နေသေးတယ်လေ”..မင်းခန့်ထူးက ခပ်ရိုးရိုးအဖြေတစ်ခုကို ပြောလိုက်သလို အေးအေးဆေးဆေးပဲ ဖြေတယ်။
“ဘာဆိုင်လို့လဲ”
“ဇာတ်လမ်း ပြီးသွားရင် ခင်ဗျား နားလည်လာမှာပေါ့”..မင်းခန့်ထူးက သူဇာလွင့်ကို စိန်ခေါ်သလို အကြည့်နဲ့ကြည့်ရင်း ပြောတယ်။ နှုတ်ခမ်းထောင့်က ပြုံးချင်သလိုလို မဲ့ချင်သလိုလို။ အဲဒီ မျက်နှာကို တစ်ခုခုနဲ့ ကောက်ထုလိုက်ရရင် ကောင်းမှာပဲ..ဆိုပြီး သူဇာလွင် တွေးမိးတယ်။
“ရှင် ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ပြောပြချင်နေတာလဲဟင်။ ကျွန်မ နားမလည်တော့ဘူး။ မပြောချင်တုန်းကလည်း ဘယ်သူလာမေးမေး၊ ဘယ်မီဒီယာက လာတွေ့တွေ့ လက်မခံဘူး။ အခု ပြောချင်ပြီဆိုတော့လည်း ကျွန်မကို ပြန်ပေးမဆွဲရုံတမည် အတင်းကြီးတွေ”
မင်းခန့်ထူးက သူဇာလွင်မေးတာကို ပြန်မဖြေသေးဘဲ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ပစ္စည်းတစ်ခုကို သူဇာလွင့်ကို ထောင်ပြတယ်။ စောစောက သူ့စားပွဲပေါ်မှာ တင်ထားတဲ့ မှတ်စုစာအုပ်..။
“ရော့.. ဒီစာအုပ်ကို ခင်ဗျား ယူထားလိုက်။ အဲဒီထဲမှာ စကားဝါ အမှုနဲ့ ပတ်သက်ပြီး ဘယ်သူမှ မသိသေးတဲ့ အချက်အလက်တွေ အကုန်ပါတယ်။ နေ့တွေ ရက်စွဲတွေနဲ့ အတိအကျ ရေးထားတယ်။ တကယ်လို့ ကျွန်တော် ပြောတဲ့ ဇာတ်လမ်းကို ခင်ဗျား မယုံခဲ့ဘူးဆိုရင်တောင်မှ.. လက်မခံနိုင်ဘူး ဆိုရင်တောင်မှ အနည်းဆုံးတော့ ခင်ဗျားဆီမှာ ကျွန်တော်နဲ့ တွေ့ခဲ့တဲ့ သက်သေ လက်ဆုပ်လက်ကိုင် ရှိတာပေါ့။ မဟုတ်ဘူးလား။ မတော်တဆ ဇာတ်လမ်းမဆုံးခင် ကျွန်တော် တစ်ခုခုဖြစ်သွားခဲ့ရင်လည်း ခင်ဗျားအနေနဲ့ ကျွန်တော့်ဇာတ်လမ်းကို လူတွေသိအောင် ချပြလို့ ရတာပေါ့”
“ဘယ်လို တစ်ခုခု ဖြစ်သွားရမှာလဲ။ ဘာလဲ.. ရှင့်မှာရော ရှင့်အဖေလိုပဲ နှလုံးရောဂါရှိလို့လား”..မှတ်စု စာအုပ်ကို ဒက်ရှ်ဘုတ်ထဲ ပစ်ထည့်ရင်း သူဇာလွင် စိတ်တိုတိုနဲ့ မေးလိုက်တယ်။
မင်းခန့်ထူးက ဒီတစ်ခါတော့ မပြုံးဘဲ ဟက်ဟက်ပက်ပက် ရယ်တယ်။
“ကဲ .. ခင်ဗျား ဆက်နားထောင်မှာလား”
သူဇာလွင် ဟူးခနဲ သက်ပြင်းချလိုက်တယ်။ ကားစက်ကို နှိုးတယ်။
“ကောင်းပြီလေ။ ဒါပေမယ့် ရှင့်အခန်းထဲကိုတော့ ပြန်မလိုက်နိုင်တော့ဘူး။ ဆောရီးပါ။ ရှင့်ဘာသာရှင် လူသတ်သမား ဟုတ်ဟုတ် မဟုတ်ဟုတ်၊ ဒီအချိန်ကြီး ရှင်နဲ့ နှစ်ယောက်တည်း အဲဒီရုံးခန်းထဲမှာ အဆင်မပြေဘူး။ ရှင်နဲ့ ကျွန်မ စိတ်ချလက်ချ စကားပြောလို့ရမယ့် နေရာရှိတယ်။ ကျွန်မအတွက် စိတ်ချလို့ရတဲ့နေရာကို ပြောတာ။ အဲဒီကို သွားမယ်”
“ဘယ်ကိုလဲ”
“ရှင့်ရုံးခန်းထဲမှာ ကျွန်မ တစ်နေကုန် အချိန်ကုန်ပြီးပြီ။ ဒီတစ်ခါတော့ ကျွန်မ ရုံးခန်းဆီကို ရှင်လိုက်ခဲ့တော့”..သူဇာလွင် ကားကို မောင်းထွက်လိုက်တယ်။ စိတ်ထဲမှာတော့ ကိုယ့်ကိုယ်ကိုယ် အခါ တစ်သိန်းလောက်ဆဲပြီးနေပြီ။ ခေါင်းမာချင်ဦး။ သတင်းတစ်ပုဒ်ကို ရေအဆုံး မြေအဆုံး လိုက်ချင်ဦး။
“ခင်ဗျားရုံးက အခုအချိန်ထိ အလုပ်လုပ်နေတုန်းပဲလားဗျ”..မင်းခန့်ထူးက မေးတယ်။
“သတင်းစာတိုက်ပါ ဆိုနေမှ ညဘက် အလုပ်လုပ်သလားဆိုတော့ ကျွန်မ ဘာပြန်ပြောရမလဲ။ စိတ်မပူနဲ့ ။ တစ်ညလုံး အလုပ်ဆင်းတဲ့သူ အယောက် ၂၀ လောက် ရှိတယ်”..သူဇာလွင် စိတ်တိုတိုနဲ့ ပြန်ဖြေလိုက်တယ်။
လမ်းမပေါ်ကို တက်လိုက်တော့ အပြင်လေ တဖြူးဖြူး ကားထဲကို တိုးဝင်လာတယ်။ မင်းခန့်ထူးက သူ့ဘက်က မှန်ကို တင်တယ်။
“ခင်ဗျားဘက်ခြမ်းက မှန်လည်း တင်လိုက်လေ။ လမ်းမှာ ဆက်ပြောသွားတာပေါ့။ ဪ.. ရီကော်ဒါလည်း ပြန်ဖွင့်လိုက်ဦးနော်။ မေ့နေဦးမယ်”
++++++
အခန်း (၇)
(က)
“ပြဿနာပဲ.. ငါတို့ ဘာလုပ်ကြမလဲ ဟေ့ကောင်”..ကျော်ဇောက ပျော့ခွေငြိမ်သက်နေတဲ့ ယမင်းရဲ့ ကိုယ်ခန္ဓာကို ကြည့်ရင်း ကျွန်တော့်ကို လှမ်းမေးတယ်။
အခန်းတစ်ခန်းလုံးက ငြီးစီစီ ပုပ်အဲ့အဲ့ အနံ့တွေနဲ့ ထိုင်းမှိုင်းနေတယ်။ ကြမ်းပြင်မှာ အိုင်ထွန်းနေတဲ့ သွေးတွေက နီရာကနေ ညို၊ ညိုရာကနေ မည်း.. ပျစ်ခဲစပြုနေပြီ။ ဖြူမော်နဲ့ နယ်လီက နောက်ဖေးမှာ ဘယ်နှကြိမ်မြောက်မှန်းမသိ သွားအန်နေတယ်။ မိနှင်းက စီးကရက်တစ်လိပ်ကို လက်ညှိုး လက်မကြားမှာညှပ်၊ အငမ်းမရဖွာရှိုက်ရင်း .. တအိအိနဲ့ ငိုနေတယ်။
“ငါဘယ်လိုလုပ် သိမှာလဲ”.. ကျွန်တော် ကျော်ဇောကို မကြည့်ဘဲ ပြန်ဖြေလိုက်တယ်။ ယမင်းရဲ့ မျက်နှာပေါ်ကနေ ကျွန်တော့်မျက်လုံးတွေ ခွာလို့ မရဘူး ဖြစ်နေတယ်။ သူ့မျက်နှာပေါ်က သွေးတွေကို ကျွန်တော်တို့ တတ်နိုင်သလောက် သုတ်ပေးထားပေမယ့် နှုတ်ခမ်းဘေးအကွဲကြားကနေ သွေးတွေ နည်းနည်းစီ စိမ့်ထွက်နေတုန်းပဲ။ ကျွန်တော့် ဦးနှောက်က အလုပ်မလုပ်တော့ဘဲ မေးခွန်းပေါင်းများစွာနဲ့ ၀င်္ကပါထဲမှာ ပိတ်မိနေတယ်။ အဲဒီတုန်းက ကျွန်တော့်အသက်က ငယ်သေးတယ်မဟုတ်လား..။ လူသေအလောင်းဆိုတာကို သေသေချာချာ မြင်ဖူးခဲ့တာမှ မဟုတ်ပဲ။ အဖေ့အလောင်းကိုတွေ့ရတုန်းကလည်း ပြင်ပြီးဆင်ပြီး မွမ်းမံ ခြယ်သပြီးသား အဖေ့မျက်နှာက အိပ်နေတာနဲ့ ဘာမှ မခြားဘူးလေ။ ငယ်ငယ်တုန်းကတော့ ကားကြိတ်ခံရပြီး အပိုင်းပိုင်းပြတ်၊ ပိပြားနေတဲ့ ခွေးသေကောင်တွေကို တွေ့ဖူးတယ်။ လမ်းမပေါ်မှာ အူအထွေးထွေးထွက်ပြီး ခြောက်ကပ်နေတဲ့ ကြွက်သေကောင်တချို့ တွေ့ဖူးတယ်။ ကျွန်တော်နဲ့ သေခြင်းတရားနဲ့ ရင်းနှီးမှုက အဲဒါအကုန်ပဲ။
အခု ကျွန်တော့် မျက်စိရှေ့မှာ မြင်နေရတဲ့ ယမင်းရဲ့ ကိုယ်ခန္ဓာကို ကျွန်တော့် ဦးနှောက်က ဘယ်လိုမှ လက်ခံ သုံးသပ်ပေးလို့ မရဘူးဖြစ်နေတယ်။ လွန်ခဲ့တဲ့ နာရီဝက်လောက်တုန်းကမှ လူကောင်းပကတိ စကားတွေပြော ရယ်မောနေခဲ့တာ။ လူတစ်ယောက် အသက်ထွက်ဖို့ အဲဒီလောက်ပဲ လွယ်သလား။ ဝင်သက်တစ်ခု ရပ်တန့်သွားဖို့ ဒီလောက်တောင် မြန်သလား။
“ဝက်ရူးပြန်တာလား အစာအဆိပ်သင့်တာလား မသိဘူးနော် ဟေ့ကောင်။ တစ်ခုခုပဲ။ အဆိပ်သင့်တာလို့ ပြောရအောင်လည်း ငါတို့နဲ့သူနဲ့ အတူတူ စားတာပဲ ငါတို့မှ ဘာမှ မဖြစ်တာ”..ကျော်ဇောက သူ့ကိုယ်သူ ပြေနေသလိုလိုနဲ့ တတွတ်တွတ် ရွတ်နေတယ်။
ကျွန်တော် ဘာမှပြန်မပြောဘဲ ခေါင်းကိုပဲ ခါနေမိတယ်။
“ကျော်ဇော.. မင်းခန့်။ ဒီမှာ ကြည့်စမ်း”..မျိုးမြတ်အောင်က ကြမ်းပြင်မှာ လုံးထွေးနေတဲ့ မည်းမည်းအမျှင်တွေကို ကော်ခက်ရင်းနဲ့ ထိုးမွှေကြည့်နေရင်း ကျွန်တော်တို့ကို လှမ်းပြောတယ်။
“ဒါတွေက ဘာတွေလဲ.. ဆံပင်တွေလား။ နေဦး..မဟုတ်ဘူးဟ ဘာအမွေးတွေလဲ မသိဘူး။ ချွဲကျိကျိနဲ့”…မျိုးမြတ်အောင်က ကော်ခက်ရင်းထိပ်မှာ လိမ်ထွေးပြီးပါလာတဲ့၊ သွေးတစက်စက်ကျနေသေးတဲ့ အမျှင်တွေကို မီးရောင်အောက်မှာထောင်ကြည့်တယ်။
“ဟေ့ကောင်။ ဘာတွေ လျှောက်လုပ်နေတာလဲ”..ကျွန်တော် ပြောရင်းနဲ့ အစာအိမ်ထဲကနေ ဟက်ခနဲ ထွက်လာတဲ့ အချဉ်ရည်တွေကို ပြန်မျိုချ၊ လက်ဝါးနဲ့ ပါးစပ်ကို အမြန်အုပ်လိုက်ရတယ်။
“ဘာတွေ လုပ်နေကြတာလဲဟင်.. ယမင်းကို ကြည့်ပါဦး.. လုပ်ပါဦး”.. မိနှင်းက ငိုသံတစ်ဝက်နဲ့ အော်တယ်။
“ဘာလုပ်ရမှာလဲဟ။ အသက်လည်းမရှူတော့ဘူး၊ နှလုံးလည်း မခုန်တော့ဘူး။ သေနေပြီ”..ကျော်ဇောက စိတ်တိုတိုနဲ့ ပြန်အော်တယ်။
“ဆံပင်မွေးတွေတော့မဖြစ်နိုင်ဘူး။ ပျော့အိအိနဲ့”..မျိုးမြတ်အောင်က ပြောတယ်။ “ဒီမှာလည်း သွားအစအနတွေ၊ အံသွားတွေရော ရှေ့သွားတွေရောပဲ..။ ဘယ်လိုဖြစ်တာလဲ မသိဘူးနော် ဟေ့ကောင်။ သွားတွေပါ ပြုတ်ထွက်ကုန်တာ”
“တော်ပါတော့ကွာ..တော်တော့”..ကျွန်တော် ပြောလိုက်တယ်။
“ဆရာဝန်..ဆရာ၀န် သွားခေါ်ပါလား ကိုကျော်ဇော။ ယမင်းက သေသွားပြီဆိုတာ သေချာလို့လား။ ဆရာဝန်မှ သေချာသိမှာပေါ့..”.. မိနှင်းက ပြောတယ်။
“သေသွားပါပြီ။ မျက်လုံးတွေတောင် လန်တက်နေပြီဟာကို”..မျိုးမြတ်အောင်က ပြောတယ်။
“နင်အဲဒီလို ပြီးစလွယ်မပြောနဲ့လေ။ နင့်ညီမသာဆိုရင် အဲဒီလို ထိုင်ကြည့်နေမလား။ နင်က ဆရာဝန်မို့လို့လား။ နင်ဘာသိလို့လဲ”..မိနှင်းက အော်တယ်။ ကျွန်တော် နည်းနည်းတော့ အံ့ဩသွားတယ်။ ပုံမှန်ဆိုရင် မိနှင်းနဲ့ ယမင်းက သိပ်တည့်တာမဟုတ်ဘူး။ အခု ယမင်း ဒီလိုဖြစ်တော့ စိတ်အထိခိုက်ဆုံးက မိနှင်းဖြစ်နေတာ ထူးတော့ထူးဆန်းတယ်။
မျိုးမြတ်အောင်က ကော်ခက်ရင်းကို ကြမ်းပြင်ပေါ် ပြန်ပစ်ချပြီး မိနှင်းကို အရှုံးပေးတဲ့ ပုံစံနဲ့ လက်မြှောက်ပြတယ်။
“ဟ..ဒီအချိန်ကြီး ဘယ်ကို သွားခေါ်ရမှာလဲ။ ငါလည်း ဒီရွာကို ရောက်ဖူးတာမဟုတ်ဘူး။ ဆေးခန်းတောင် ရှိရဲ့လားမသိဘူး။ မင်းခန့် မင်းသိလား။ အလာတုန်းက လမ်းမှာ ဆေးခန်းတွေ ဘာတွေ တွေ့ခဲ့လား”..ကျော်ဇောက ကျွန်တော့်ကို မေးတယ်။
“ဟင့်အင်း”
“ဟို ဦးသိန်းဆိုတဲ့ လူကြီးကို မေးကြည့်ပါလား။ ဘေးခြံမှာ နေတာဆို”..မိနှင်းက အကြံပေးတယ်။
“အေး ငါနဲ့ မျိုးမြတ်နဲ့ သွားမေးလိုက်မယ်။ မင်းဒီမှာစောင့်နေလိုက် မင်းခန့်။ ယမင်းကို ကြည့်ထားလိုက်”..ကျော်ဇောက ပြောရင်း ထိုင်နေရာကနေ ထရပ်တယ်။ လက်မှာ ပေနေတဲ့ သွေးတွေကို အင်္ကျီနဲ့ သုတ်တယ်။ မျိုးမြတ်အောင်က သူ့ရဲ့ ဆေးခြောက်ထုပ်ကို အရင်ကောက်သိမ်းတယ်။ ရေသန့်ဘူးအခွံတွေကို စားပွဲအောက်ကို ထိုးထည့်တယ်။
“မိနှင်း နင်လည်း ထိုင်ပဲ ငိုမနေနဲ့။ ဟိုမှာ ဟိုနှစ်ယောက်ကို သွားကြည့်ဦး။ နောက်ဘက်ထွက်သွားတာ ပြန်ကိုမလာတော့ဘူး။ ပြီးရင် နင်တို့သုံးယောက် ကြမ်းပြင်ကဟာတွေကို နည်းနည်းပါးပါး ရှင်းထားလိုက်ဟာ.. မြင်မကောင်းဘူး”..ကျော်ဇောက ပြောပြီးတာနဲ့ မျိုးမြတ်နဲ့အတူ အိမ်အပြင်ကို ထွက်သွားတယ်။
မိနှင်းက လက်ထဲက စီးကရက်တိုကို ကြမ်းပြင်မှာ ထိုးခြေလိုက်တယ်။ မျက်ရည်တွေကို သုတ်တယ်။ ကျွန်တော့်ကို တစ်ချက်ကြည့်ပြီး နောက်ဖေးဘက်ကို ထထွက်သွားတယ်။
ကျွန်တော် ယမင်းဘေးမှာ ဒူးထောက်ထိုင်ရင်း ကျန်ခဲ့တယ်။
(ခ)
အချိန်ဘယ်လောက်ကြာသွားသလဲ မသေချာဘူး။ ကျွန်တော့်မှာ နာရီလည်း မရှိ။
ယမင်းရဲ့ ခွေခေါက်နေတဲ့ လက်နှစ်ဘက်ကို ကြည့်ကောင်းအောင် ကျွန်တော် ပြန်ပြင်ပေးတယ်။ ပေါင်ရင်းအထိ လန်တက်နေတဲ့ စကတ်ကို ပြန်ဆွဲချပေးတယ်။ နှုတ်ခမ်းထောင့်စွန်းတွေ ကွဲနေတာကိုတော့ ဘာမှ လုပ်ပေးလို့ မရဘူး။ ဟောင်းလောင်းပွင့်နေတဲ့ မျက်လုံးနှစ်လုံးကို ပိတ်ပေးတယ်။ ဒါတွေအကုန်လုံးက ကျွန်တော့် စိတ်ထဲမှာ ဘာမှ မစဉ်းစားဘဲ အလိုလို လုပ်မိသွားတဲ့ အရာတွေပါ..။ ဒီမိန်းကလေးနဲ့ ကျွန်တော် ငယ်ပေါင်းကြီးဖော်တွေ မဟုတ်ပေမယ့်၊ အချစ်ဆုံးသူငယ်ချင်းတွေ မဟုတ်ပေမယ့်.. သူအခုလို ပိုးစိုးပက်စက် ပုံစံကြီးဖြစ်နေတာကိုတော့ မကြည့်ရက်ဘူး။
“မိနှင်း နင်တို့ ဘာလုပ်နေတာလဲ။ ကြာလိုက်တာ”..နောက်ဘက်ကို လှည့်ပြီး ကျွန်တော် လှမ်းအော်လိုက်တယ်။ ပြန်ထူးသံ မကြားရဘူး။ ဒီမိန်းမသုံးယောက် ဘာလုပ်နေကြတာလဲ။ အန်လို့၊ ငိုလို့ မပြီးသေးဘူးလား။
ဒူးထောက်ထားကြာသွားတော့ ခြေထောက်တွေပါ ကျင်လာတာနဲ့ ကျွန်တော် ထိုင်ခုံပေါ်ကို ပြောင်းထိုင်တယ်။
အိမ်ရှေ့တံခါးရဲ့ ကျိုးပဲ့နေတဲ့ ပျဉ်ပြားတွေကြားကနေ ညလေပူက တဟူးဟူး ဝင်နေတယ်။ ရှေ့လမ်းမက ဖုန်တွေသဲတွေ တံခါး၀ကို တဖြောင်းဖြောင်း လာရိုက်တယ်။
မိနှင်းတို့ နောက်ကို လိုက်သွားရင်ကောင်းမလား စဉ်းစားမိသေးတယ်။ ဒါပေမယ့် ဧည့်ခန်းထဲမှာ ယမင်းကို တစ်ယောက်တည်း မထားခဲ့ရဲဘူး။ မတော်တဆ.. သူ မသေသေးဘဲ သတိရလာရင် ဘယ်လိုလုပ်မလဲ..။ တွေးရင်း ကျွန်တော် တစ်ချက် ရယ်မိသွားတယ်။
ဘယ်လို သတိရလာမှာလဲ.. သူ့ပါးစပ်ထဲက ပန်းထွက်လာတဲ့ သွေးတွေကို မင်းမမြင်လိုက်ဘူးလား၊ အရှိန်နဲ့ လွင့်ထွက်လာတဲ့ သွားတွေကို မင်းမတွေ့လိုက်ဘူးလား၊ ကြမ်းပြင်ပေါ်ကို တဖုတ်ဖုတ် ပြုတ်ကျလာတဲ့ သွေးခဲတွေကို မင်း သတိမထားမိဘူးလား..။
ကျွန်တော် မျက်လုံးတွေ စပ်သလိုလို ဖြစ်လာတယ်။ အခန်းထဲမှာ ပူလိုက်တာ..။ အပြင်ကတိုးဝင်လာတဲ့ လေတွေက မအေးဘဲ နွေးနွေးစိုစိုကြီး ဖြစ်နေတယ်။ နှဖူးမှာ သီးနေတဲ့ ချွေးတွေက မျက်လုံးထောင့်အထိ စီးကျလာတယ်။
ကျွန်တော် ဝတ်ထားတဲ့ တီရှပ်ကို ချွတ်လိုက်တယ်။ နှဖူးက ချွေးတွေကို တီရှပ်နဲ့ သုတ်ရင်း တီရှပ်အသားထဲမှာ မျက်နှာတစ်ခုလုံးကို ခဏ ထိုးထည့်ထားလိုက်တယ်။
ယမင်းရဲ့ မိဘတွေ မေးရင် ဘယ်လို ဖြေရမလဲ။ ဆရာဝန်ရောက်လာရင်ရော ဘယ်လို ရှင်းပြရမလဲ။ ဒီထက်ဆိုးပြီး ရဲတွေပါ ပါလာရင်.. ဘာဆက်လုပ်မလဲ..။
တီရှပ်နဲ့ မျက်နှာကိုအုပ်ထားရင်း.. အဲဒီလိုတွေ တွေးနေတဲ့အချိန်မှာ ကျွန်တော် အသံတစ်သံကို ကြားလိုက်တယ်။ ပထမညက.. ခြံဝင်းထဲမှာ ကြားလိုက်ရတဲ့ အသံ..။ တစ်ယောက်ယောက်ရဲ့ အစာအိမ်ထဲကနေ လေတွေ တိုးထွက်လာတဲ့..အသံ။ လေချဉ်တက်သလို အသံ။ ဂွီ..ဆိုတဲ့ အသံ။
ကျွန်တော် ထိတ်ခနဲ လန့်သွားပြီး လက်ထဲက တီရှပ်ကို ပစ်ချ၊ မတ်တပ်ထရပ်လိုက်တယ်။ အခန်းပတ်ပတ်လည်ကို ကြည့်တယ်။ ဘယ်ကလာတဲ့ အသံလဲ..။ ဘယ်သူလဲ။
ဧည့်ခန်းထဲမှာ ဘယ်သူမှ မရှိဘူး။ လေတိုးနေတဲ့အတွက် မျက်နှာကြက် မီးသီးက ဟိုရမ်းဒီရမ်း ဖြစ်နေတယ်။ အခန်းထောင့်စွန်းတွေက မှောင်သွားလိုက်၊ လင်းလာလိုက်။
ကျွန်တော် ကြမ်းပြင်ကို ပြန်ကြည့်တယ်။
ယမင်း မရှိတော့ဘူး။
++++
(ဆက်ရန်)
ချမ်းမြေ့ဝင်း
၅-၅-၂၀၂၀