အခန်း (၄)
(က)
စောစောက ကျွန်တော် ပြောပြတဲ့ ယမင်းကိစ္စကလွဲရင် ပထမညမှာ ဘာမှ ထူးထူးခြားခြား ဆက်မဖြစ်ဘူးဗျ။
အိမ်ပေါ်ပြန်ရောက်တာနဲ့ ကျွန်တော် ကားပေါ်က သွားယူလာတဲ့ ဘီယာပုလင်းတွေကို ဖောက်တယ်။ ကြမ်းပြင်အလယ်ကောင်မှာ အမြည်းတွေ မုန့်ထုပ်တွေပုံ၊ အကုန်လုံး ဝိုင်းကြီးပတ်ပတ်ထိုင်ပြီး တစွတ်စွတ်သောက်တယ်။ ဘီယာတွေ ကုန်သွားတော့ ကားပေါ်မှာ ကျန်နေသေးတဲ့ အရက်ပုလင်းတွေ ထပ်သွားယူတယ်။ ထပ်သောက်တယ်။ မျိုးမြတ်စီစဉ်ပေးတဲ့ ဆေးပြားတွေကို ခဲပတ်ပေါ်မှာတင်၊ မီးငွေ့ငွေ့နဲ့ မြှိုက်၊ တစ်ယောက်နဲ့ တစ်ယောက် လက်ဆင့်ကမ်းပြီး ရှူကြတယ်။ စကားတွေ အများကြီးပြောကြတယ်။ ရယ်ကြတယ်။ မိန်းကလေးတွေထဲက တစ်ယောက်က မူးမူးနဲ့ အကျယ်ကြီး အော်ငိုတယ်။ ဖြူမော်လား နယ်လီလား သေချာ မမှတ်မိဘူး။ သူ့မျက်နှာကို ကျွန်တော်က လက်ပေကြီးနဲ့ သုတ်တဲ့အကြောင်း ယမင်းက ရယ်ပွဲဖွဲ့ရင်း ဖောက်သည်ချတယ်။ သူပြောတာကို ဘယ်သူမှ စိတ်မဝင်စားကြပါဘူး။ အကုန်လုံးက လူမှန်းမသိအောင် မူးနေကြတာကိုး။ ကျော်ဇောနဲ့ မျိုးမြတ်အောင်က ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း သူတို့နှစ်ဦးပဲသီပြီး ကျွန်တော် မသိတဲ့ အရာတွေကို အလွမ်းသယ်ကြတယ်။ မိနှင်းက ကျော်ဇောပေါင်ကို ခေါင်းအုံးပြီး အိပ်ပျော်သွားတယ်။ ယမင်းက ထိုင်နေရာကနေ ထသွားပြီး အိမ်ထဲက အခန်းတွေကို တစ်ခန်းဝင် တစ်ခန်းထွက် လိုက်ကြည့်တယ်။ သူတွေ့တာတွေကို အဖွဲ့ဆီ လှမ်းအော်ပြောရင်း သတင်းပို့တယ်။ အိမ်သာထဲမှာ ရေမရှိတဲ့အကြောင်း၊ ရေချိုးခန်းပိုက်ခေါင်းတွေ ပြုတ်နေတဲ့အကြောင်း၊ အိပ်ခန်း နှစ်ခန်းစလုံးမှာ ပင့်ကူမျှင်တွေ ပြည့်နေတဲ့အကြောင်း၊ မီးဖိုချောင်ထဲမှာ ဒန်အိုးဒန်ခွက် တစ်ခုမှ မရှိတဲ့အကြောင်း..စသဖြင့် အစုံပဲ။
ကျွန်တော်ကတော့ တရိပ်ရိပ်တက်လာတဲ့ အရက်ရှိန်၊ ခေါင်းထဲမှာ တဒုတ်ဒုတ် ဆောင့်တိုးနေတဲ့ မူးဝေမှု.. ဒါတွေကို အရသာခံရင်း အိမ်ရဲ့ ပေါက်ပြဲကျိုးကြေနေတဲ့ မျက်နှာကြက်နဲ့ နံရံတွေကို ကြည့်နေမိတယ်။ မသိစိတ်ထဲမှာ.. ဒါပြီးရင် ငါ ဘာဆက်လုပ်မှာလဲ ဆိုတဲ့ စိုးရိမ်စိတ်က ခေါင်းထောင်စပြုလာတိုင်း နောက်ထပ် အရက်တစ်ခွက်၊ နောက်ထပ် ဆေးပြားတစ်ပြား ကိုယ်ထဲကို သွန်းထည့်ပြီး စိုးရိမ်စိတ်ကို ပြန်ဖိချတယ်။ ကျွန်တော် ကြမ်းပြင်ပေါ်မှာ အိပ်ပျော်သွားတော့ မိုးလင်းစပြုပြီ။
(ခ)
နောက်တစ်နေ့ မနက်မှာ ပြဿနာတွေ စတက်တော့တာပဲ။ ပြဿနာဆိုလို့.. ကြီးကြီးမားမားတွေတော့ မဟုတ်သေးဘူးဗျ။ ဒီလိုပဲ အခက်အခဲလေးတွေပေါ့။ မစဉ်းစား မစီစဉ်ဘဲ ထွက်လာခဲ့တဲ့ ခရီးတစ်ခုလည်း ဖြစ်တယ်။ ကျွန်တော်တို့ တစ်ဖွဲ့လုံးကလည်း လက်တွေ့ အသုံးချလို့ရတဲ့ ပညာဆိုလို့ တစ်ခုမှ မတတ်ဘူး။ ဒီတော့ မနက်လင်း တာနဲ့ ပျာယာခတ် ကမ္ဘာပျက်တဲ့အသံတွေ စီကနဲ ကြားရတာပေါ့။
ကျွန်တော် အိပ်ပျော်သွားတာ သုံးလေးနာရီလောက်ပဲ ရှိဦးမှာပေါ့။ မိန်းကလေးတွေရဲ့ တကျီကျီ အော်သံတွေကြောင့် ကျွန်တော် အိပ်ရာနိုးလာတယ်။
“မင်းခန့်.. ဟဲ့..လုပ်ပါဦး။ နင့်အိမ်သာက ရေလည်း မလာဘူး”..ဖြူမော့် အသံ။
“ကိုမင်းခန့်.. ယမင်းတို့ ရေဘယ်မှာ ချိုးရမှာလဲ”.. ဒါက ယမင်းအသံ။
“နင့်အိမ်ကလည်း ကုတင်တောင် မရှိဘူးဟယ်။ ငါတို့ ဒီမှာ ကျောတွေတောင် အောင့်နေပြီ”..ဒါက မိနှင်းရဲ့ အသံ။
ကျွန်တော် အိပ်မှုန်စုံမွှားနဲ့ မျက်လုံးကို ပွတ်ပြီး ဧည့်ခန်းပတ်ပတ်လည်ကို ကြည့်လိုက်တယ်။ ကျော်ဇောနဲ့ မျိုးမြတ်က ကျွန်တော်နဲ့ မလှမ်းမကမ်းမှာ မှောက်လျက်သားတွေ အိပ်ပျော်နေကြတယ်။ မိနှင်းက နံရံကို မှီရင်း အားရပါးရ သမ်းနေတယ်။ ဧည့်ခန်းက မနက်အလင်းရောင်အောက်မှာ ပိုလို့တောင် စုတ်ပြတ်ဟောင်းနွမ်းနေတယ်။ လေးဘက်လေးတန် သစ်သားနံရံတွေက ဆေးဖြူတွေ အဖတ်လိုက်ကွာလို့.. အထဲက သစ်ရောင်တွေ ဟောင်းလောင်း ပေါ်နေတယ်။ မျက်နှာကြက်ထောင့်တွေမှာ ကပ်နေတဲ့ ပင့်ကူအိမ်တွေ၊ ငှက်သိုက်လိုလို ကြွက်သိုက်လိုလို အထွေးအမြှင်တွေကို အခုမှ သေချာ မြင်ရတယ်။ ကျွန်တော် နားထဲကို ပြုံတိုးဝင်လာတဲ့ ပြဿနာသံတွေကို မကြားချင်ယောင်ဆောင်တယ်။ ကြမ်းပြင်မှာ လှဲနေရာကနေ မတ်တပ်ထရပ်လိုက်တယ်။ ခေါင်းထဲမှာ ရိပ်ခနဲ ဖြစ်ပြီး ယိုင်သွားတယ်။
“ကိုမင်းခန့်.. ဟဲလို.. ပြောနေတာရော ကြားရဲ့လား”..ယမင်းက သူ့လက်မောင်းသူမြှောက်ပြီး ရှူကြည့်ရင်း ကျွန်တော့်ကို လှမ်းမေးတယ်။
ကျွန်တော် ဘာမှ ပြန်မပြောသေးဘဲ အိမ်နောက်ဘက် မီးဖိုချောင်ဆီကို လျှောက်သွားတယ်။ နောက်ဖေး တံခါးကို ဖွင့်တယ်။ အပြင်ကနေ စူးခနဲ လှိမ့်ဝင်လာတဲ့ နေရောင်ကြောင့် မျက်လုံးတွေ ပျာတာတာ ဖြစ်ချင်သွားတယ်။ တံခါး၀မှာ မတ်တပ်ရပ်ရင်း ကျွန်တော် ဘောင်းဘီဇစ်ကို ဖြုတ်တယ်။ ဆီးအိမ်ထဲမှာ တင်းပြီးပြည့်နေတဲ့ ဘီယာနဲ့ အရက်တွေ အပြင်ကို အရှိန်နဲ့ ပန်းထွက်လာတယ်။
“ရေမရှိလည်း အပြင်မှာ ထွက်ပေါက်လိုက်လေ”.. ကျွန်တော် နောက်ကိုလှည့်ပြီး လှမ်းပြောလိုက်တယ်။
ဖြူမော်နဲ့ နယ်လီဆီကနေ အော့နှလုံးနာတဲ့ စကားသံ ခပ်တိုးတိုးတွေ ထွက်လာတယ်။ ကျွန်တော် ဘောင်းဘီဇစ်ကို ပြန်တပ်တယ်။ ဧည့်ခန်းဘက်ကို ပြန်လျှောက်လာလိုက်တယ်။
“မင်းခန့်ထူး။ နင်အဲဒီလိုတော့ လက်လွတ်စပယ်မပြောနဲ့လေဟာ။ ငါတို့ မိန်းကလေးတွေ အတွက်လည်း နည်းနည်းပါးပါး စီစဉ်ပေးဦး”.. ဖြူမော်က ပြောတယ်။ နယ်လီက ဘေးကနေ ခေါင်းတညိတ်ညိတ် လုပ်တယ်။
“အေးလေ။ ကိုမင်းခန့်ခေါ်လို့ ယမင်းတို့ လိုက်လာတာနော်”..ယမင်းက ဝင်ပြောတယ်။
“အာ..ဘာတွေ လာပွားနေတာလဲ။ အိမ်သာထဲမှာ မပေါက်ချင်ရင် နောက်ဖေးမှာ သွားပေါက်ကြ။ ငါလည်း ဒီအိမ်ကို ရောက်ဖူးတာ မဟုတ်ဘူး။ ရေမီးအပြည့်အစုံ ရပါ့မယ်လို့ နင်တို့ကို ပြောပြီးခေါ်လာတာ မဟုတ်ဘူး”..ကျွန်တော် လှည့်မကြည့်ဘဲ ပြောလိုက်တယ်။ ဧည့်ခန်း ကြမ်းပြင်မှာ ပြန်ထိုင်ပြီး ဆေးခြောက်တစ်လိပ် ထိုင်လိပ်နေလိုက်တယ်။ မိန်းကလေးသုံးယောက်က ပွစိပွစိတွေ ပြောပြီး အိမ်နောက်ဖေးကို ထွက်သွားကြတယ်။ သူတို့ပြဿနာသူတို့ ဘယ်လို ရှင်းလိုက်သလဲ ကျွန်တော်လည်း မသိ။
ကျော်ဇောနဲ့ မျိုးမြတ်အောင် နိုးလာတော့ မနက် ဆယ်နာရီကျော်ကျော်လောက် ရှိသွားပြီထင်တယ်။ ဖြူမော်နဲ့ နယ်လီက ကားပေါ်ကသယ်လာတဲ့ ကျွတ်ကျွတ်အိတ်တွေကို မွှေပြီး အထဲက ထွက်လာတဲ့ မုန့်ထုပ်တွေ၊ ရေသန့်ဘူးတွေကို ခွဲတမ်းချနေကြတယ်။ ယမင်းက ဆက်တီစားပွဲပေါ်မှာ ဘေးတစ်စောင်းထိုင်ရင်း ပဲပေါင်မုန့်တစ်လုံးကို ရေနဲ့ မျှောချနေတယ်။ ကျွန်တော်ကတော့ ဆေးအရှိန်နဲ့ ပြန်ပြီး ခွေချင်နေပြီ။
“မင်းခန့်ထူး ရှိလား”.. အိမ်ရှေ့တံခါး၀ကနေ ထွက်လာတဲ့ အသံကြောင့် ကျွန်တော်တို့ မျက်လုံးတွေ တံခါးဆီကို ပြိုင်တူရောက်သွားကြတယ်။
ဟောင်းလောင်း ပွင့်နေတဲ့ တံခါး၀မှာ လူတစ်ယောက် ရပ်နေတယ်။ အသက် ခပ်ကြီးကြီးပဲ။ ၅၀ လောက်ရှိမှာပေါ့။ ပုဆိုး ခပ်နွမ်းနွမ်းနဲ့၊ စွပ်ကျယ်နဲ့။ နေလောင်ထားလို့ သူ့အသားတွေက မည်းနက်နေတယ်။ ဆံပင်မှာလည်း ဖုန်တွေ တင်ပြီး ဖြူညစ်ညစ်ဖြစ်နေတယ်။
ကျွန်တော် ကြမ်းပြင်မှာ ခွေနေရာကနေ လက်ထောင်ပြလိုက်တယ်။
တံခါး၀ကလူက ဖိနပ်ကို အပြင်မှာ ချွတ်ပြီး အထဲဝင်လာတယ်။ အခန်းထဲမှာ ပွစာတက်နေတဲ့ အစားအသောက်တွေ၊ ပုလင်းခွံတွေကို ရှောင်ရှားပြီး ကျွန်တော့်ဘေးနားကို လျှောက်လာတယ်။ ယမင်းက စားပွဲခုံပေါ်မှာ ထိုင်နေရာကနေ ထပြီး ထိုင်ခုံပေါ်ကို ပြောင်းထိုင်တယ်။ ကျော်ဇောနဲ့ မျိုးမြတ်အောင်က တစ်ယောက်နဲ့ တစ်ယောက် မျက်စပစ်တယ်။ မျိုးမြတ်အောင်က ကြမ်းပြင်မှာ ပွသယောင်းနေတဲ့ သူ့ရဲ့ ရေသန့်ဘူးခွံတွေ၊ စက္ကူထုပ်တွေ၊ မီးခြစ်တွေ၊ ခဲပတ်တွေကို မသိမသာ ကောက်သိမ်းတယ်။ နှစ်ယောက်သား နောက်ဖေးကို ထွက်သွားကြတယ်။ ဟိုလူက အဲဒါတွေ အကုန်လုံးကို မမြင်ချင်ယောင်ဆောင်ပြီး ကျွန်တော့်ဘေးနားမှာ လက်ကိုနောက်ပစ်ပြီး မတ်တပ်ရပ်နေတယ်။
“ဦးလေးက ဘယ်သူလဲ”.. လေးလံပြီး ပြန်ပိတ်ချင်နေတဲ့ မျက်ခွံတွေကို အတင်းဖွင့်ရင်း ကျွန်တော် မေးလိုက်တယ်။
“ဦးနာမည်က မြသိန်းပါ။ ဦးသိန်းလို့ပဲခေါ်လို့ရတယ်။ ဦးက ဒီခြံစောင့်လေ”
ကျွန်တော် ထိုင်နေရာကနေ ထပြီး ဒယိမ်းဒယိုင်နဲ့ ယမင်းဘေးမှာ ဝင်ထိုင်လိုက်တယ်။
“ဪ.. ဟိုမှာ ထိုင်ခုံမှာ ထိုင်လေ”.. ကျွန်တော်ပြောလိုက်တယ်။
ဦးသိန်းက ကျွန်တော်နဲ့ မျက်နှာခြင်းဆိုင် ထိုင်ခုံမှာ ဝင်ထိုင်တယ်။ သူ့လက်ထဲမှာ ကိုင်ထားတဲ့ စာအိတ်ကို လက်ဝါးပေါ်မှာ တဖတ်ဖတ် ရိုက်နေတယ်။
“ဦးလေးက ခြံစောင့်ဆိုပြီးတော့ ခြံထဲမှာလည်း မနေဘူးရော”..ယမင်းက ဝင်ပြောတယ်။
“အင်းလေ။ အိမ်တစ်ခုလုံးလည်း စုတ်ပြတ်နေတာပဲ။ အိမ်သာထဲမှာ ရေတောင် မရှိဘူး”.. ဖြူမော်က ယမင်းဘေးမှာ လာရပ်ရင်း ပြောတယ်။
ကျွန်တော် သူတို့တွေကို လက်ကာပြလိုက်တယ်။ ခေါင်းထဲမှာ တဒုတ်ဒုတ်တိုးနေတဲ့ အသံက တစ်မျိုး၊ ဒီမိန်းမတွေရဲ့ အိမ်သာပြဿနာက တစ်မျိုး။
“အင်း ။ သူတို့ပြောတာလည်း ဟုတ်တာပဲ။ ဦးလေးက ခြံစောင့်ဆိုတော့ ဘာလဲ.. ကျွန်တော့်အဖေ ခန့်ထားတာလား။ လခပေးပြီး ခန့်ထားတာပေါ့”..ကျွန်တော် မေးလိုက်တယ်။
“အင်းဟုတ်တယ်လေ”.. ဦးသိန်းက ပြန်ဖြေတယ်။ “တူလေးအဖေက ဦးလေးကို ခန့်ထားတာ ကြာလှပြီပဲ။ နှစ် ၂၀ လောက်တောင် ရှိပြီ”
“ဒါဆို ဒီခြံဝင်းနဲ့ အိမ်ရဲ့ အခြေအနေက ဘယ်လိုဖြစ်လို့ ဒီလောက်ဆိုးနေရတာလဲ”.. ကျွန်တော်မေးလိုက်တယ်။ “ဒီအိမ်မှာရော ဘယ်သူမှ မနေကြဘူးလား။ အိမ်ငှားတွေဘာတွေ မရှိခဲ့ဖူးဘူးလား”
ဦးသိန်းက ခေါင်းခါတယ်။
“အိမ်က ဆောက်ပြီးကတည်းက ဘယ်သူမှ မနေရသေးဘူး။ ခြံဝင်းထဲမှာလည်း ဘယ်သူမှ မနေကြဘူး”
“ဟမ်.. ဒါဆို တစ်အိမ်လုံး စုတ်ပြတ်နေတာက ဘယ်လိုဖြစ်တာလဲ”
ဦးသိန်းက ပခုံးတွန့်တယ်။ လက်ဝါးနှစ်ဘက်ကို ဖြန့်ပြရင်း သူ့အပြစ်မဟုတ်ဘူး ဆိုတဲ့ ပုံစံလုပ်ပြတယ်။
“ရွာထဲက လူငယ်တွေ ဒီအိမ်ထဲကို ခိုးဝင်ကြတယ်။ အရက်သောက်ကြတယ်။ ကြက်သတ်ပြီး ဒီမှာ လာချက်စားကြတယ်။ တချို့အတွဲတွေက ဒီထဲမှာ လာချိန်းတွေ့ကြတယ်။ ဒီလိုပဲ နှစ်ကြာသွားတော့ ပျက်စီးသွားတာပေါ့”
“’ဒါပေမယ့် ဦးလေးက ခြံစောင့်ဆို။ အဲဒါတွေမဖြစ်အောင် မထိန်းဘူးလား”
“မဟုတ်ဘူး မဟုတ်ဘူး။ ငါ့တူ နားလည်မှု လွဲနေပြီ”..ဦးသိန်းက ခေါင်းကို ခပ်သွက်သွက်ခါရင်း ပြောတယ်။ “ငါ့တူရဲ့ အဖေက ဦးကို ဒီခြံကို စောင့်ကြည့်ဖို့ပဲ မှာသွားတာ။ ဦးလေးကို ခြံထဲကိုတောင် မဝင်ခိုင်းဘူး”
“အာ..ဘာတွေလဲ”
“ဦးလေးတို့က ဟိုဘက် နှစ်ခြံကျော်မှာနေတယ်လေ။ ဦးနဲ့ ဦးမိန်းမနဲ့ နှစ်ယောက်တည်းနေတာပါ။ သားသမီးလည်း မရှိတော့ လင်မယားနှစ်ယောက်တည်း အေးအေးဆေးဆေးပါပဲ။ ဒီရွာကလူတွေ တော်တော်များများက ဟိုဘက်မြို့ကို သွားအလုပ်လုပ်ကြပေမယ့် ဦးလေးကတော့ မလုပ်ဘူး။ လုပ်စရာလည်း မလိုဘူးလေ။ တူလေးရဲ့ အဖေက ဦးကို လခကောင်းကောင်းပေးထားတာကိုး”
“လခပေးပြီး ဘာလုပ်ခိုင်းထားတာလဲဗျ။ ခြံထဲမှာလည်း အပင်တွေပွထပြီး နွယ်တောင် တက်ချင်နေပြီ။ တစ်အိမ်လုံးလည်း ချုံးချုံးကျနေပြီ။ ဦးလေး အလုပ်က ဘာလဲ”..ကျွန်တော် စိတ်တိုတိုနဲ့ မေးလိုက်တယ်။ ခေါင်းကလည်း မူးနေတယ်။ အစာမရှိတော့ ရင်ထဲမှာလည်း တလှပ်လှပ်ဖြစ်နေတယ်။ အခု ဦးသိန်း..ဆိုတဲ့ လူကြီး ပြောနေတာတွေကိုလည်း တစ်ခုမှ နားမလည်ဘူး။
“တူလေးရဲ့ အဖေက ဦးကို စခန့်ကတည်းက သေချာမှာသွားတာ။ ခြံထဲကို ဝင်စရာမလိုဘူး။ မဝင်နဲ့တဲ့။ သန့်ရှင်းရေးလည်း လုပ်စရာမလိုဘူး။ ဒီအတိုင်းပဲ စောင့်ကြည့်နေတဲ့။ တစ်ခုခုထူးခြားတာ တွေ့ရင် သူ့ကို သတင်းပို့တဲ့.. အဲဒါပဲလေ”
“ဒါဆို အနှစ် ၂၀ လုံးလုံး ဦးလေးကို အဖေက အလကား လခပေးထားတာပေါ့။ ကံကောင်းလိုက်တာဗျာ”.. ကျွန်တော် ရွဲ့ပြောလိုက်တယ်။ “အင်းလေ.. ဘာအလုပ်မှ မလုပ်ဘဲ ပိုက်ဆံရနေတာနော်” ဆိုပြီး ယမင်းက ဝင်ထောက်ခံတယ်။
ဦးသိန်းက မလုံမလဲဖြစ်သွားသလို ရှိုးတိုးရှန့်တန့်နဲ့ ထိုင်ခုံမှာ နေရာပြင်ထိုင်တယ်။
“ဒါနဲ့ အဲဒီလို စောင့်ကြည့်တော့ ဘာတွေ့လဲ”.. ကျွန်တော် မေးလိုက်တယ်။
“ဘာမှ မတွေ့ပါဘူး။ ခြံထဲကို ဝင်ပြီး သောက်စားကြတဲ့ လူငယ်တွေတော့ ရှိတာပေါ့။ စုံတွဲတွေ ချိန်းတွေ့ကြတာလည်း ခဏခဏပဲလေ။ ဒါတွေကို ဦးလေးက ငါ့တူ အဖေဆီကို သတင်းပို့ပါတယ်။ သူက အဲဒါတွေကို စိတ်မဝင်စားဘူး။ ဒီထက် ထူးခြားတာ တစ်ခုခု တွေ့မှ သူ့ကို ပြောတဲ့.. အဲဒီလိုပဲ ပြောတယ်”
ကျွန်တော် ခေါင်းတွေ မူးလာတယ်။ အဖေ့အကြောင်း ကျွန်တော်ကိုယ်တိုင်လည်း ကောင်းကောင်း မသိဘူးလေ။ တစ်သက်လုံးမှာ စကားတောင် တစ်နာရီပြည့်အောင် မပြောဖြစ်ဘူး။ သူလည်း သူ့အလုပ်နဲ့ သူရှုပ်နေတယ်။ ကျွန်တော်ကလည်း သူရှာတဲ့ ပိုက်ဆံတွေကို ထိုင်ဖြုန်းနေရတာနဲ့ မအားဘူး။ အခုလို လူသူမနီးတဲ့ နေရာမှာ ခြံစုတ်တစ်ခုကို နှစ် ၂၀ လုံး စောင့်ကြည့်ခိုင်းထားတယ်ဆိုတော့ အဖေ့ အကြံအစည်က ဘာလဲ။
“ထားပါတော့..အခု ဦးလေး လာတာ ဘာကိစ္စလဲ”..ကျွန်တော် မေးလိုက်တယ်။
“လွန်ခဲ့တဲ့ သုံးလလောက်တုန်းက ငါ့တူရဲ့ အဖေ စကားဝါရွာကို ရောက်လာတယ်”..ဦးသိန်းက အရေးကြီးတဲ့ လျှို့ဝှက်ချက်တစ်ခုကို ပြောလိုက်ရသလို စကားလုံးတွေကို တစ်လုံးခြင်း ခြားပြီး ပြောတယ်။
ကျွန်တော် မျက်မှောင်ကြုတ်လိုက်တယ်။ အဖေ စကားဝါရွာကို လာတာ ဘာလုပ်ရမှာလဲလေ။ ဟုတ်တယ်မဟုတ်လား။ သူ့တစ်သက်လုံး တစ်မြို့ပြီးတစ်မြို့လျှောက်သွားနေတာပဲ။ မြို့တိုင်းမှာလည်း ခြံဝယ်လိုက်၊ အိမ်ဝယ်လိုက်နဲ့။ မယားတွေလည်း ဘယ်နှယောက်ယူထားသလဲ။ တစ်မြို့မှာ မိသားစု တစ်စု ထားထားသလား။ ဘာဖြစ်ဖြစ် ကျွန်တော့်အလုပ် မဟုတ်ဘူး။
“အင်းလေ အဲဒါ ဘာဖြစ်လဲ”.. ကျွန်တော် မေးလိုက်တယ်။
“ဟာ..ငါ့တူ သဘောမပေါက်ဘူး။ မင်းအဖေက ဒီရွာကို တည်ထောင်ခဲ့တဲ့သူလေ။ တစ်ရွာလုံး ရေမီး အစုံအလင်ရအောင် သူပဲ လုပ်ပေးခဲ့တာလေ။ ဒီတော့ ဒီလောက် နှစ်တွေကြာမှ စကားဝါကို သူ တစ်ခေါက် ပြန်ရောက်လာတော့ တစ်ရွာလုံးက ဝမ်းသာကြတာပေါ့”
“အရင်ကရော မလာဘူးလား”
“ဟိုးအရင်တုန်းကတော့ မကြာခဏ လာပါတယ်။ လာရင်လည်း ခဏပဲ။ နေ့ခြင်းပြန်ပဲ။ နောက်ပိုင်းမှာ သူပေါ်မလာတော့တာ ကြာပြီ။ ဇန်နဝါရီလလောက်မှာ နောက်ဆုံးတစ်ခေါက် လာသွားတာပဲ။ အဲဒီမှာ”
“ထားပါတော့။ အဲဒါဘာဖြစ်လဲ။ မြန်မြန်ပြောဗျာ။ ကျွန်တော် အိပ်ချင်နေပြီ”..ကျွန်တော် စိတ်မရှည်တော့ဘဲ ဖြတ်ပြောလိုက်တယ်။
ဦးသိန်းက သူ့လက်ထဲက စာအိတ်ကို ကျွန်တော့်ဆီ လှမ်းပေးတယ်။ ကျွန်တော် စာအိတ်ကိုလှမ်းယူလိုက်တယ်။ စာအိတ်က အညိုရောင်။ အထဲမှာ စာတစ်ရွက်လောက်ပဲ ပါမယ်ထင်တယ်။ ခပ်ပါးပါးပဲ။ အိတ်ပေါ်မှာ စာရေးထားတယ်။ “သားအတွက်”..တဲ့။
ကျွန်တော် နှာခေါင်းရှုံ့လိုက်တယ်။ အဖေက ကျွန်တော့်ကို သားလို့ တစ်ခါမှ မခေါ်ခဲ့ဖူးဘူး။ မင်းခန့် လို့ပဲ ခေါ်တယ်။ စိတ်တိုလာရင် မင်းခန့်ထူးလို့ အပြည့်အစုံခေါ်တယ်။ သား..ဆိုပါလား။ သေပြီးမှ ဘာတွေ အလွမ်းသယ်ချင်နေတာလဲ။ အခုလို ရွာစုတ် ဇနပုဒ်မှာ အိမ်ကျိုးအိမ်ပဲ့တစ်လုံးနဲ့ ထားခဲ့ပြီး အခုမှ.. သားအတွက်တွေ ဘာတွေနဲ့.. ဘာလုပ်ရမှာလဲ။
“အဲဒီတစ်ခေါက် တူလေး အဖေ ရောက်လာတော့ ဦးကို အဲဒီစာ ပေးခဲ့တာပဲ။ နောက်သုံးလေးလ ကြာရင် သူ့သား ဒီရွာကို ရောက်လာလိမ့်မယ်တဲ့။ အဲဒီအခါကျရင် ဒီစာကို ပေးပေးပါတဲ့။ အဲဒီလိုမှာသွားတယ်” ..ဦးသိန်းက ပြောတယ်။
ဒီရွာကို ကျွန်တော်ရောက်လာမယ်ဆိုတာ အဖေက ကြိုသိနေခဲ့တာပေါ့။ ဟားဟား.. မင်းခန့်ထူးဆိုတဲ့ကောင် နေစရာမရှိတော့ရင် ဒီနေရာမှာ လာပြီးသောင်တင်နေမှာပဲ ဆိုပြီး ကြိုတွက်ထားခဲ့တာပေါ့။ ဒီအိမ်ကို မီးတင်ရှို့ပစ်မယ့် ကျွန်တော့်အစီအစဉ်ကိုတော့ အဖေ ကြိုသိမနေဘူးထင်တယ်။ ကောင်းတယ်။ အစာအိမ်ထဲက တက်လာတဲ့ အချဉ်ရည်ကြောင့် ကျွန်တော့်အာခေါင်နောက်မှာ ပူခနဲ ဖြစ်သွားတယ်။
“ကျွန်တော့် အဖေသေသွားတာ ဦးလေးတို့ သိတယ်မဟုတ်လား”
ဦးသိန်းက ခေါင်းညိတ်တယ်။
“သိတာပေါ့။ တစ်ရွာလုံးကလည်း စိတ်မကောင်းဖြစ်နေကြတာ”
“ဦးလေးကတော့ ပိုပြီး စိတ်မကောင်းဖြစ်မှာပေါ့။ ပိုက်ဆံ အလကားရနေတာ အခု မရတော့ဘူးလေ.. ဟင်းဟင်း”..ယမင်းက ပြောရင်းနဲ့ ရယ်တယ်။
ဦးသိန်းရဲ့ မျက်နှာ ကွက်ခနဲ ပျက်သွားတယ်။ သူ့မျက်နှာပေါ်ကို ဖြတ်ပြေးသွားတဲ့ ခက်ထန်မှုက စက္ကန့်ပိုင်းလေးပဲ.. ကြာမယ်.. ပြန်ပျောက်သွားတယ်။ သူ့မျက်လုံးတွေနဲ့ ယမင်းကို တစ်ချက် စိုက်ကြည့်တယ်။ ပြီးမှ ကျွန်တော့်ဘက်ကို ပြန်ကြည့်တယ်။
“ငါ့တူရဲ့ အဖေက ဦးလေးကို တစ်နှစ်စာ လခ ပေးသွားတယ်”..ဦးသိန်းက ပြောတယ်။
“ဪ..အဆင်ပြေတာပေါ့”..ကျွန်တော် စိတ်မပါ လက်မပါ ပြန်ပြောရင်း လက်ထဲက စာအိတ်ကို လုံးခြေလိုက်တယ်။ အခန်းထောင့်ကို လွှင့်ပစ်လိုက်တယ်။
ဦးသိန်းက ဘာမှမပြောဘဲ ကြည့်နေတယ်။ ယမင်းက ကျွန်တော့်ရဲ့ လုပ်ရပ်ကို သဘောကျသလို တခစ်ခစ်ရယ်တယ်။ ဖြူမော်နဲ့ နယ်လီက ကျွန်တော်တို့ရဲ့ စကားဝိုင်းကို ပျင်းရိစွာနဲ့ ကြည့်ရင်း တဝါးဝါး သမ်းနေကြတယ်။
“ဒါဆို ဦးပြန်တော့မယ်။ ငါ့တူတို့ ဘာလိုသေးလဲ”..ဦးသိန်းက ထိုင်ရာကနေ ထပြီး ပြောတယ်။
“အို..လိုတာတွေမှ အများကြီးပဲ”..ဖြူမော်က အခန်းထောင့်မှာ ထိုင်နေရာကနေ လှစ်ခနဲ ဦးသိန်းအနားကို ရောက်လာတယ်။ ရေမလာတာ ဘယ်လိုလုပ်ရမလဲ၊ ရေသွယ်ပေးလို့ ရမလား၊ .ပြီးတော့ ဒီနားမှာ ထမင်းဆိုင်ကောင်းကောင်း ရှိသလား..မေးခွန်းတွေ ကျွတ်ကျွတ်ညံသွားတယ်။
ဦးသိန်းနဲ့ ဖြူမော်တို့ စကားပြောနေကြတဲ့ အချိန်မှာ ကျွန်တော့်အာရုံတွေက ထွေသထက်ထွေလာတယ်။ အဖေ ဘာဖြစ်ချင်တာလဲ။ ဘာလိုချင်တာလဲ။ ဘာလို့ ကျွန်တော့်ကို ဒီလို ဒုက္ခပေးချင်တာလဲ။
အခန်းထောင့်ကြမ်းပြင်ပေါ်က လုံးကြေနေတဲ့ စာအိတ်ကို ကျွန်တော့်မျက်လုံး ရောက်သွားတယ်။
အဲဒီထဲက စာကို ကျွန်တော် လုံး၀ ဖောက်မဖတ်ဘူး။ အဖေ့ကို အနိုင်ပိုင်းချင်တယ်။ တစ်သက်လုံး စောက်ဖက်မလုပ်ခဲ့ဘဲနဲ့ သေသွားတော့မှ သားအတွက်…စာတစ်စောင် ထားခဲ့တယ်ဆိုပဲ။ သားအတွက်..တဲ့..။ ဘာလဲ.. သားအတွက် ဘာတွေထားခဲ့ချင်တာလဲ။ ဒီအိမ်စုတ်တစ်လုံးနဲ့ သူ့ကို ကျွန်တော်က ကျေးဇူးတင်နေရမှာလား။ ဝေးသေးတယ်။ အသက် ၄၅ နှစ်ရောက်မှ ပိုက်ဆံတွေ ရမယ်တဲ့။ ၄၅ နှစ်အထိ ကျွန်တော် တစ်ယောက်တည်း ဒီဘ၀မှာ ဘယ်လို အသက်ရှင်ရမလဲ။ ဘယ်မှာလဲ မိသားစု၊ ဘယ်မှာလဲ အသိမိတ်ဆွေ၊ ဘယ်မှာလဲ အတတ်ပညာ..။ ကျွန်တော့်မှာ ဘာမှ မရှိဘူး။
တမလွန်ဘ၀ဆိုတာရှိခဲ့ရင် အဖေ ကျွန်တော့်ကို မြင်ပါစေလို့ ဆုတောင်းတယ်။ သူ့ရဲ့ နောက်ဆုံး အမွေဖြစ်တဲ့ ဒီအိမ်ကို မီးလောင်တိုက်သွင်းပစ်မယ့် မြင်ကွင်းကို မြင်စေချင်တယ်။
+++++++
အခန်း (၅)
“ဒုတိယည”
(က)
ဦးသိန်းကို ကျွန်တော် အလိုလိုနေရင်းကြည့်မရ ဖြစ်နေပေမယ့် သူက ကျွန်တော်တို့ကို ကူညီရှာပါတယ်။ နေ့လယ်လောက်မှာ ရေစည်လှည်းသမားနဲ့ ဦးသိန်းနဲ့ ပြန်ရောက်လာတယ်။ နောက်ဖေးခြံထဲက ခြောက်သယောင်းနေတဲ့ အုတ်ကန်တွေကို ရေဖြည့်သွားပေးတယ်။ ရယ်တော့ရယ်ရတယ်ဗျ။ ဆိုးတယ်မိုက်တယ်၊ အပျံစား မြို့ဆန်လှပါချည်ရဲ့ ဆိုတဲ့ မိန်းကလေးတွေကို စုပြီး ရေတစ်ရက်လောက် ဖြတ်ထားကြည့်လိုက်။ ကမ္ဘာပျက်သလို ဖြစ်သွားတာပဲ။ ရေစည်လှည်းရောက်လာတော့ မိနှင်းကအစ ပျော်ပြီး ဝိုင်းအော်ကြတယ်။ နောက်ဖေးမှာ ထမီရင်ရှားနဲ့ ရေတဗွမ်းဗွမ်းချိုးကြရင်း သူတို့ကိုယ်သူတို့ တောသူမလေးတွေလိုလို ဘာလိုလို ပုံစံဖမ်းလိုက်ကြသေးတယ်။
ဦးသိန်းက ထမင်းနဲ့ ဟင်းတွေလည်း ယူလာပေးသေးတယ်။ ကျွန်တော်တို့ယောကျ်ားလေးတွေက ဟိုတစ်တို့ ဒီတစ်တို့နဲ့ ပြီးသွားပေမယ့် မိန်းကလေးတွေကတော့ အားရပါးရစားလိုက်ကြပြီး တစ်ရေးတောင် အိပ်လိုက်ကြသေးတယ်။
ကျွန်တော်၊ ကျော်ဇောနဲ့ မျိုးမြတ်ကတော့ လူမိုက်ပုံစံဖမ်းနေကြတဲ့ လူငယ်တွေရဲ့ ထုံးစံအတိုင်းပေါ့လေ။ တစ်ရက်တစ်ခါ ရေချိုးရတာ၊ အချိန်မှန် ထမင်းစားရတာ ငပိန်းအလုပ်တွေပါ…ဆိုတဲ့ နလပိန်းတုံးခံယူချက်နဲ့ ရေလည်း ထမချိုး၊ နေ့လယ်စာကိုလည်း မထိတထိ စားချင်သလိုလို မစားချင်သလိုလို ပဲများရင်း ဧည့်ခန်းထဲမှာ အရက်ဆက်သောက်နေကြတယ်။ ရွာထဲမှာ ဟိုဟိုဒီဒီ လျှောက်ကြည့်ဖို့ စဉ်းစားသေးပေမယ့် နောက်ဆုံးမှာ ဘယ်မှ မသွားဖြစ်ကြဘဲ ညနေစောင်းတဲ့အထိ ဧည့်ခန်းထဲမှာ ဝိုင်းဖွဲ့ပြီး အချိန်ကုန်သွားတာပဲ။
ဘယ်လိုပဲပြောပြော အဲဒီနေ့တစ်နေ့တော့ အပေါင်းအသင်းနဲ့ ခရီးထွက်လာရတဲ့ အရသာကို အနည်းအကျဉ်းတော့ ခံစားလိုက်ရတာပေါ့လေ။ ဦးသိန်းရဲ့ ကျေးဇူးပေါ့။ မဟုတ်ရင် ကျွန်တော်နဲ့ ကျော်ဇောတို့ သုံးစားမရပုံနဲ့ ထမင်းလည်း ငတ်မယ်။ အီးကုန်းဖို့တောင် ရေရှိမှာ မဟုတ်ဘူး။
(ခ)
ဒီလိုနဲ့ ညကိုးနာရီ ထိုးသွားတယ်။ အပြင်မှာ အမှောင်ထုက တော်တော့်ကို သိပ်သည်းနေပြီ။
ဧည့်ခန်းရဲ့ မီးရောင် ပြပြအောက်မှာ ကျွန်တော်တို့ ၇ ယောက်သား ဝိုင်းဖွဲ့ စကားပြောနေကြတယ်။ ပါလာတဲ့ အရက်နဲ့ ဘီယာတွေ၊ ဆေးခြောက်နဲ့ ဆေးပြားတွေ ကုန်လုနီးနီးဖြစ်နေပြီ။ အကုန်လုံးက နေရထိုင်ရတာ သက်သောင့်သက်သာနဲ့ပေါ့။ ရေမိုးချိုး၊ ထမင်းစားသောက်ထားတော့ မိန်းကလေးတွေကလည်း လန်းလန်းလန်းလန်းတွေ ဖြစ်နေကြတယ်။
“မင်းခန့်။ နင် အိမ်မီးလောင်တာ မြင်ဖူးလား”..နယ်လီက မျိုးမြတ် လိပ်ပေးထားတဲ့ ဆေးခြောက်လိပ်ကို လက်ထဲမှာ အသာလှိမ့်နေရင်း ကျွန်တော့်ကို လှမ်းမေးတယ်။
“ဟင့်အင်း။ မမြင်ဖူးဘူး”..ဆက်တီစားပွဲပေါ်မှာ ပက်လက်လှန် လှဲချရင်း ကျွန်တော် ပြန်ဖြေလိုက်တယ်။ မျက်နှာကြက်မှာ တွဲလောင်းကျနေတဲ့ ပန်ကာကြိုးအပြတ်ကို ကြည့်နေမိတယ်။ ပန်ကာကိုတောင် ဖြုတ်ယူသွားကြတာပဲ။ ခုံတွေကိုတော့ ဘာလို့ ထားခဲ့ကြသလဲ မသိ..။
“ငါ ငယ်ငယ်တုန်းက ငါ့အိမ် မီးလောင်တာလေ။ ကံကောင်းလို့ အကုန်မသေတာ”..နယ်လီက လေသံကျယ်ကျယ်နဲ့ ပြောတယ်။
“ဟုတ်လား.. ဘယ်လိုဖြစ်တာလဲဟင်”.. မိနှင်းက လက်ထဲက စီးကရက်ပြာကို တောက်ချရင်း မေးတယ်။ စီးကရက်ပြာတွေက မိနှင်းရှေ့က ကြမ်းပြင်မှာ ပြန့်ကျဲပွထနေတယ်။ ပြာပုံဘေးမှာက နေကြာစေ့ခွံတွေ၊ ပီကေအခွံတွေ၊ စီးကရက်တိုတွေ..။
“မသိပါဘူး အစ်မရယ်။ နယ်လီ့ အစ်ကို နေမှာပေါ့။ အိပ်ရာထဲ ဆေးလိပ်ခိုးသောက်ရင်း မီးပွားကျတာဖြစ်မယ်။ အိမ်ကလည်း သစ်သားနဲ့ ဝါးချည်းပဲဆိုတော့ ခဏလေးနဲ့ အကုန်ပြောင်တာပဲ။ လူတွေတောင် အမြန်ထပြေးလာလို့ လွတ်တာ”.. နယ်လီက ပြောပြီးတာနဲ့ ဆေးခြောက်လိပ်ကို မီးညှိရင်း တစ်ဖွာဖွာတယ်။
နယ်လီဆိုတဲ့နာမည်နဲ့ သစ်သား၊ ဝါးထရံကာအိမ်နဲ့ ဘာမှ မဆိုင်ပါလား။ ကျွန်တော် တွေးမိပြီး ရယ်ချင်သွားတယ်။ လူတိုင်းက ကိုယ်မဖြစ်ချင်တဲ့ အမှန်တရားကို တတ်နိုင်သလောက် ဖုံးဖိဖို့ ကြိုးစားနေကြတာပဲလေ..။
“ငါတို့ ရပ်ကွက်ထဲမှာလည်း မီးလောင်ဖူးတယ်”..မျိုးမြတ်အောင်က လက်ဆစ်တွေကို အရှေ့ကိုဆန့်၊ ချွတ်ခနဲ ချိုးရင်း ပြောတယ်။ “ငါးထပ်တိုက်မှာ လောင်တာ။ အကုန်သေတာပဲ။ အောက်ကို အလောင်းတွေ သယ်လာတော့ အသားကင်နံ့တောင် ထွက်နေပြီ။ အလောင်းတွေက မည်းကြုတ်ပြီး ကိုင်းဥကင်နဲ့ တူတယ်ဟ သိလား။ မီးကျွမ်းသွားတော့ ဘာလို့လဲမသိ အသားထဲကနေ အဖြူရည်တွေလည်း ထွက်တယ်”
“ရွံလိုက်တာ။ ဘာတွေပြောနေကြတာလဲ”..ယမင်းက ထိုင်ခုံမှာ ထိုင်နေရာကနေ မတ်တပ်ထရပ်ပြီး ပြောတယ်။
“ဪ မဟုတ်ပါဘူး.. ဒီလိုပဲ မေးကြည့်တာ။ ကိုမင်းခန့်က မနက်ဖြန်ကျရင် ဒီအိမ်ကို မီးတင်ရှို့မယ်ဆိုလို့.. အဲဒါ အိမ်မီးလောင်တာ မြင်ဖူးသလားလို့ မေးတာ..”
“မြင်ဖူးတာ မမြင်ဖူးတာနဲ့ ဘာဆိုင်လို့လဲဟ”..ကျော်ဇောက မေးရင်း မိနှင်းလက်ထဲက စီးကရက်ကို လှမ်းယူတယ်။ တစ်ဖွာဖွာတယ်။ ကျွန်တော် စားပွဲပေါ်မှာ လှဲအိပ်နေရာကနေ ထလိုက်တယ်။
“အေးလေ ဘာဆိုင်လဲ။ မနက်ကျရင် ရွာထဲသွားပြီး ဓာတ်ဆီသွားဝယ်မယ်။ တစ်အိမ်လုံးကို မီးတင်ရှို့မယ်။ ပြီးရင် ရန်ကုန်ပြန်မယ်။ အိုကေလား”.. ကျွန်တော် ပြောလိုက်တယ်။
နယ်လီက လက်မထောင်ပြတယ်။ ဖြူမော်ကလည်း ခေါင်းကို တဆတ်ဆတ်ညိတ်တယ်။
“ယမင်း ဘာဖြစ်တာလဲ နေကောင်းရဲ့လား”..မိနှင်းက ယမင်းကို မော့ကြည့်ရင်း မေးတယ်။
“အင်း.. ဗိုက်ထဲက..”ယမင်းက ဗိုက်ကို လက်တစ်ဘက်နဲ့ ဖိထားရင်း ပြန်ဖြေတယ်။
“အိမ်သာသွားမလို့လား၊ ငါ လိုက်ခဲ့ပေးမယ်လေ”..အိနှင်းက ထိုင်နေရာကနေ ထပြီး ပြောတယ်။
“မဟုတ်..”..
ယမင်း စကားမဆုံးလိုက်ဘူး။
(ဂ)
ပထမညတုန်းက အဖြစ်အပျက်တွေကို သေချာမမှတ်မိဘူးလို့ ခင်ဗျားကို ကျွန်တော် ပြောခဲ့တယ် မဟုတ်လား။ မူးလည်းမူးနေ၊ ခရီးကလည်း ပန်းနေတာကိုး။ ဒုတိယညကိုတော့ ကောင်းကောင်း မှတ်မိနေတယ်။ အရမ်းလည်း မမူးဘူး။ တစ်ရက်လုံးလည်း အနားယူထားတော့ လူက မသိမသာ လတ်ဆတ်နေတယ်။ ဒီတော့ ကျွန်တော် မြင်လိုက်ရတဲ့ မြင်ကွင်းကို အတိအကျ ပြန်ပြောလို့ရနေတယ်။ ရလိုက်တဲ့ အနံ့ကိုလည်း မမေ့ဘူး။ ကြားလိုက်တဲ့ အသံကိုလည်း အလွတ်ရနေတယ်။
ယမင်းရဲ့ စကား မဆုံးလိုက်ဘူး။ စကားလုံး တစ်ဝက်မှာတင် သူ့ပါးစပ်က ဟက်ခနဲ ပွင့်သွားတယ်။
သာမန် ပါးစပ်ဟလိုက်သလို ပွင့်သွားတာမဟုတ်ဘူး။ တစ်ခုခုနဲ့ ကလန့်ဖွင့်လိုက်သလို ဟက်တက်ကြီး ပြဲသွားတာ။ ပါးဘေးတစ်ဘက်တစ်ချက်ဆီမှာ ပြဲထွက်သွားတဲ့ အသားကွဲကြောင်းကြီးကိုပါ မြင်နေရတယ်။
ပြီးလည်းပြီးရော ယမင်းရဲ့ ကိုယ်တစ်ခုလုံး အရှေ့ကို ဂျွတ်ခနဲ ကိုင်းကျသွားတယ်။ ယမင်းပါးစပ်ထဲကနေ သွေးတွေ မီးသတ်ပိုက် ဖွင့်လိုက်သလို ပန်းထွက်လာတယ်။ သွေးတွေနဲ့ အတူ ထိုးထွက်လာတာက လုံးထွေးပြောင်လက်နေတဲ့ မည်းမည်း အမျှင်တွေ။
ဆံပင်တွေ..။
++++++
(ဆက်ရန်)
ချမ်းမြေ့ဝင်း
၅-၃-၂၀၂၀